ဘီလျံချီတန်သည့် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်နိုင်ပါ့မလား

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဧရာဝတီမြစ်ဆုံရေကာတာနဲ့ ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းတွေကို ပြန်ကြည့်ပြီး စဉ်းစားသုံးသပ်ဖို့လိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

အားလုံး မှတ်မိကြပါလိမ့်ဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရေးလောကနဲ့ ပြည်သူတွေကြားထဲမှာ အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈၊ ၂၉ တရုတ်သံအမတ်ကြီးရဲ့ မြစ်ကြီးနားခရီးစဉ်အပြီး ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ချက်ပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာ “ မြစ်ဆုံစီမံကိန်း ပြဿနာ မဖြေရှင်းဘဲ အကြာကြီး အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါကြောင်း” ဆိုတာမျိုးလည်း ဖော်ပြထားပါတယ်။ အဲ ဒါပေမဲ့ ကြေညာချက်ထွက်ပြီး သိပ်မကြာခင် ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ အခြေခံအဆောက်အအုံဆိုင်ရာတွေကို အကောင်အထည်ဖော်မယ့် China Communication and Construction Company (CCCC) ရဲ့ ဒေါ်လာ ၁ ဒသမ ၆၈ ဘီလျံတန်ကြေးရှိတဲ့ အဆိုပြုချက်ကြီး တစ်ခု ထွက်ပေါ်လာပါတယ်။

ဒါဟာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက် မမှန်ကန်ဘူးဆိုတာကို ပြလိုက်တဲ့သဘောလည်း ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းအစိုးရက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကြီးဆိုတာ ဘာလဲ၊ အဲဒီမှာ တရုတ် (CCCC) ကုမ္ပဏီက ဘယ်လို အကောင်အထည်ဖော်မှာလဲ၊ စီမံကိန်းအခြေအနေ ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ လေ့လာသုံးသပ်ကြည့်ပါမယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဆိုတာ ရန်ကုန် ကြည့်မြင်တိုင် တဖက်ကမ်းမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းပါ။ ဂျပန်နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ဂျိုက်ကာက သုတေသနလုပ်၊ ရေးဆွဲပေးထားပြီး ရန်ကုန်တိုင်း လွှတ်တော်ကလည်း အတည်ပြုထားတဲ့ စီမံကိန်းကြီးထဲက အစိတ်အပိုင်း တစ်ခုလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ စီမံကိန်း ပထမဆင့်ကို မြေဧက ၂၀,၀၀၀ ကျော်မှာ အကောင်အထည်ဖော်မှာပါ။

စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရဟာ NYDC ခေါ် ရန်ကုန်မြို့သစ် ဖော်ဆောင်ရေးကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းထားပြီး အမှုဆောင်အရာရှိချုပ် CEO အဖြစ် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် မစ္စတာ ဆာ့ချ်ပန်း ခေါ် ဦးသိန်းဝေကို ခန့်အပ်ထားပါတယ်။ အစီအစဉ်အရ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးဆိုင်ရာကိစ္စ ဆာဗေးလုပ်ဖို့ CCCC ကုမ္ပဏီကို ခွင့်ပြုလိုက်ပါတယ်။

CCCC ကုမ္ပဏီဟာ သူ့တွေ့ရှိချက်တွေကို ရန်ကုန်စည်ပင်နဲ့ အများပြည်သူကိုတင်ပြပြီး နောက်တဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာကို ဘယ်ကုမ္ပဏီက လုပ်ခွင့်ရမလဲဆိုတာ NYDC Challenge လုပ်ပြီး ရွေးချယ်ပါမယ်။ အနိုင်ရတဲ့ကုမ္ပဏီဟာ NYDC နဲ့ ပူးပေါင်းအကောင်အထည်ဖော်ခွင့် Joint Venture ရပါမယ်။ အဲဒီပူးပေါင်းကုမ္ပဏီဟာ မြို့သစ်ထဲမှာ စက်ရုံ၊ ဟိုတယ်၊ အိမ်ရာအဆောက်အအုံ အစရှိသဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို မြေကွက်တွေ ပြန်လည်ရောင်းချခြင်းအားဖြင့် အရင်းနဲ့ အကျိုးအမြတ်ရအောင် ဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

CCCC ကုမ္ပဏီက ဆာဗေးလုပ်တဲ့အထဲမှာ ရန်ကုန်မြို့နဲ့ ဆက်သွယ်မယ့်တံတား နှစ်စင်း၊ လမ်း ၂၆ ကီလိုမီတာ၊ ရွာမြို့ ၅ ခု၊ စက်မှုဇုန်တွေ၊ ရေရရှိရေးနဲ့ ရေဆိုးထုတ်စနစ် စတဲ့လုပ်ငန်း ၆ မျိုးရှိတယ်လို့ ဆိုပါတယ်။ CCCC  ကုမ္ပဏီရဲ့ တွက်ချက်မှုအရ အဲဒီလုပ်ငန်း ၆ မျိုးလုပ်ဖို့ ဒေါ်လာ ၁ ဒသမ ၆၈ ဘီလျံ ကုန်ကျမယ်လို့ဆိုပါတယ်။ အဲဒီငွေအားလုံးကိုလည်း သူတို့ စိုက်ထုတ် လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာဘက်က စိုက်ထုတ်နိုင်တာက မြေ ပဲရှိပြီး အဲဒီမြေအားလုံးတန်ဖိုးက ဒေါ်လာ ၁၄၄ သန်းဖိုးပဲရှိတယ်လို့ ဆိုပါတယ်။ မြေတန်ဖိုးကိုတော့ သီလဝါအထူးစက်မှုဇုန်မှာ ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီကို အစိုးရက ရောင်းချပေးတဲ့ တစ်စတုရန်းမီတာကို ၅ ဒေါ်လာနှုန်းနဲ့ တွက်ချက်ထားတယ်လို့ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားကိုကြည့်ရင် တရုတ်ကုမ္ပဏီက ၉၂ ရာခိုင်နှုန်း၊ မြန်မာအစိုးရ NYDC ဘက်က ရှစ်ရာခိုင်နှုန်းရှိမယ့် အနေအထားပါ။ ဒီအခြေအနေအောက်မှာ လုပ်ငန်းစတင်ပြီး ဝင်ငွေ စ ရပြီဆိုတာနဲ့ ဝင်လာတဲ့ငွေကို တရုတ်ကုမ္ပဏီဘက်က ၉၅ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ငါး ရာခိုင်နှုန်းအချိုး ခွဲဝေယူကြမယ်လို့ဆိုပါတယ်။

တရုတ်ကုမ္ပဏီဘက်ကယူမယ့် ၉၅ ရာခိုင်နှုန်းနဲ့ သူတို့ရင်းနှီးငွေ ၁ ဒသမ ၆၈ ဘီလျံနဲ့ ဘဏ်တိုး တစ်နှစ် ၁၃ ရာခိုင်နှုန်းအတွက် ခုနှိမ်သွားမယ်လို့ ဦးသိမ်းဝေက ရှင်းပြပါတယ်။ တရုတ် CCCC ကုမ္ပဏီဘက်က စိုက်ထုတ်ငွေရင်းနဲ့ ဘဏ်တိုးအားလုံးပြန်ရသည်ထိ ဒီလိုအချိုးအစား ရာခိုင်နှုန်းအတိုင်း ခွဲဝေသွားမှာဖြစ်ပြီး ငွေရင်းပြန်ရပြီးနောက်ပိုင်းကျမှ တရုတ်ကုမ္ပဏီ ၇၅ ရာခိုင်နှုန်း၊ မြန်မာ ၂၅ ရာခိုင်နှုန်းအချိုးအစားနဲ့ ခွဲဝေသွားဖို့ သဘောတူထားကြတယ်လို့ဆိုပါတယ်။

တကယ်လို့ နောင်ပြုလုပ်မယ့် NYDC Challenge မှာ CCCC ကုမ္ပဏီပဲ အနိုင်ရသွားရင် ဒီအတိုင်း ဆက်လုပ်သွားဖို့ရှိပြီး တခြားကုမ္ပဏီအုပ်စု တစ်စုဆိုရင်တော့ CCCC ကုမ္ပဏီကို ဆာဗေး လုပ်ထားတဲ့ ကုန်ကျစရိတ် ပေးရမှာဖြစ်ပြီး လုပ်မယ့် ကိုင်မယ့်ပုံစံလည်း နည်းနည်းပါးပါး ပြောင်းလဲနိုင်ခြေရှိပါတယ်။

ဒီလုပ်ငန်းလုပ်ကိုင်ပုံ၊ အကျိုးအမြတ် ခွဲဝေယူပုံနဲ့ပတ်သက်ပြီး မြန်မာဘက်က စိုက်ထုတ်ထည့်ဝင်မယ့် မြေဈေးနှုန်းနည်းတာကို ထောက်ပြသူတွေ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေကြေးနဲ့လုပ်ကိုင်တဲ့ကိစ္စမှာ ရင်းနှီးမြှုပ်နှံငွေရဲ့ဘဏ်တိုးကို တစ်နှစ် ၁၃ ရာခိုင်နှုန်း များလွန်းတယ်ဆိုပြီး ဝေဖန်တာမျိုးလည်းရှိပါတယ်။ တချို့ကတော့ တရုတ်ဘက်က စိုက်ထုတ်မှု အလွန်များတဲ့ပမာဏမို့ ကြွေးမြီ နွံနစ်သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတာလည်းရှိပါတယ်။ တရုတ်ကုမ္ပဏီတွေနဲ့ လုပ်ကိုင်မှုတွေကိုကြည့်ရင် အရင်သဘောတူထားခဲ့ကြတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားဇုန်စီမံကိန်းတွေကိစ္စ ပြန်ကြည့်ဖို့လိုပါတယ်။

အားလုံးသိကြသလို ဧရာဝတီမြစ်ဆုံ စီမံကိန်းဆိုရင် ရပ်နားထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ် တွက်ချက်မှုအရ တရုတ်ကုမ္ပဏီဘက်က ဒေါ်လာသန်း ၈၀၀ ကျော်ကုန်ကျခဲ့ပြီ၊ နောက်ထပ်လည်း တစ်နှစ်ကို ဒေါ်လာသန်း ၅၀ လောက် အတိုးတက်နေတယ်လို့ဆိုနေပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ ဘာမှမယ်မယ်ရရ မရှိသေးဘဲ တရုတ်ဘက်ကပြောတဲ့ အဲဒီပမာဏအတိုင်းသာ မြန်မာအစိုးရဘက်က လျော်ကြေးသဘော ပေးချေရရင် အလွန်နစ်နာမယ့် အနေအထားမျိုးပါ။ ကျောက်ဖြူစီမံကိန်းဆိုရင်လည်း တရုတ်ကြွေး နွံမနစ်ရလေအောင် အကြိမ်ကြိမ် အခါခါ ပြန်ညှှိနှိုင်းပြီး ဒေါ်လာ ၇ ဒသမ ၈ ဘီလျံတန်ကနေ ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံတန် စီမံကိန်းအထိ လျှော့ချခဲ့ရပါတယ်။ နဂိုတရုတ် ၈၅၊ မြန်မာ ၁၅ ရာခိုင်နှုန်း အချိုးကနေ လက်ရှိတရုတ် ၇၀၊ မြန်မာ ၃၀ ရာခိုင်နှုန်းအဖြစ် ညှိနှိုင်းပြောင်းလဲချုပ်ဆိုခဲ့ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဒီအတွက် အခုအကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ မြစ်ဆုံလို၊ ကျောက်ဖြူလို အကြိမ်ကြိမ် ပြန်ညှိ၊ ပြန်စကားပြော၊ လုပ်ငန်းအဆင်မပြေချိန်မှာ မြန်မာဘက်က အကြီးအကျယ်နစ်နာမယ့် စီမံကိန်းမျိုး မဖြစ်အောင်လုပ်ဖို့လိုပါတယ်။ စီမံကိန်းမှာပါတဲ့အပိုင်း တစ်ခုချင်းစီအလိုက် အသေးစိတ်တွက်ချက်ဖို့၊ ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခြင်းမရှိရင် တရုတ်ကုမ္ပဏီဘက်ကို ဘယ်လိုစည်းနှောင်မယ်၊ နောက်ဆုံးကုန် စီမံကိန်းဟာ လမ်းတဝက်တပျက်မှာပဲ ရပ်သွားတယ်ဆိုရင်တောင် ဘယ်လိုနည်းနဲ့ရပ်မယ်၊ ဘယ်သူ ဘာတာဝန်ယူရမယ်စသဖြင့် တိတိကျကျတွက်ချက်၊ စာချုပ်ချုပ်ဆိုထားဖို့လိုပါတယ်။

ဘဏ်တိုးကိစ္စတွေကိုလည်း အသေအချာ ရှင်းလင်းထားဖို့လိုပါတယ်။ ဒီလိုလုပ်ကိုင်နိုင်မှသာ ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြစ်ဆုံလို၊ ကျောက်ဖြူလို ပြဿနာမျိုးမပေါ်ဘဲ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်တဲ့ စီမံကိန်းကြီးအဖြစ် ပေါ်ထွက်လာနိုင်မှာဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း အပေါင်းလက္ခဏာ ဖြစ်ပေါ်စေနိုင်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.