ဘဝတွေကို ပြောင်းလဲပေးနေတဲ့ စားသောက်ကုန်တွေ

စားသောက်ဖွယ်ရာများ ထုတ်လုပ်သည့် လုပ်ငန်းက အခြေအနေမဲ့၊ အိမ်ယာမဲ့ လူတန်းစားများအား အသက်မွေးဝမ်းကျောင်းမှုကို ၎င်းတို့ ကိုယ်တိုင် လုပ်ဆောင်နိုင်စေရန် လိုအပ်သော ကျွမ်းကျင်မှုများကို အဓိက သင်ကြားပေးနေသည်။ 

နာတလီ ဝေါင်း ရေးသားသည်။

အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် အခြေအနေမဲ့ လူတန်းစားများအတွက် အသက်မွေးဝမ်းကျောင်း ပညာများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိုသည့် ဆန္ဒသည် တစ်ကိုယ်ကောင်းမဆန်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ တည်ထောင်ထားသည့် စီးပွားလုပ်ငန်း သုံးခုအကြားတွင် အဓိက ဆက်စပ်မှု ဖြစ်နေသည်။

ထိုလူမှုရေးလုပ်ငန်းသုံးခုတွင် တစ်ခုက ပဲနို့ ထုတ်လုပ်ပြီး တခြားတစ်ခုက ပျားရည်ကို ထုတ်လုပ်နေသည်။ တတိယတစ်ခုသည်မူ အကောင်းစား ပေါင်မုန့်များ ထုတ်လုပ်သလို ရန်ကုန်မြို့တွင် အကောင်းဆုံး Lattes ကော်ဖီကို ထုတ်လုပ်နေသည်။

ရန်ကုန်မြို့တွင် ထုတ်လုပ်သော SoyAi သည် လတ်ဆတ်ပြီး ရာနှုန်းပြည့် သဘာဝပဲနို့ရည် ဖြစ်သည်။ စားသုံးသူများအတွက် ကျန်းမာရေးကောင်းကျိုးများကို ပေးစွမ်းလျှက်ရှိသလို ဝန်ထမ်းများ၏ ဘဝအခြေအနေကို တိုးတက်အောင်လည်း လုပ်ဆောင်ပေးလျှက် ရှိသည်။

SoyAi လုပ်ငန်းကို လည်ပတ်နေသူမှာ မလေးရှားမှ ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် Ms Eileen Lui နှင့် ခင်ပွန်းဖြစ်သူ Mr Richard Lee တို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ရန်ကုန်သို့ မလာရောက်မီက ကမ္ဘောဒီးယားရှိ မိဘမဲ့ဂေဟာတစ်ခုတွင် လုပ်အားပေးများအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ရန်ကုန်သို့ ရောက်ရှိလာပြီး မကြာမီတွင် မိဘမဲ့ဂေဟာသုံးခုဖြစ်သည့် Life Garden၊ Hosana Home နှင့် နန်းဦးဘုန်းတော်ကြီးကျောင်းတို့တွင် လုပ်အားပေးများအဖြစ် စတင်လုပ်ကိုင်ခဲ့ကြသည်။

ထိုမိဘမဲ့ဂေဟာများမှ ကလေးများသည် ရှမ်းပြည်နယ်မှ ၎င်းတို့၏ မိဘများက ဆင်းရဲသဖြင့် သို့မဟုတ် စစ်ပွဲများကြောင့် လာရောက် ပို့ဆောင်ထားကြခြင်း ဖြစ်သည်။

Lui က ထိုကလေးများကို Children of Tomorrow (အနာဂတ်၏ ကလေးငယ်များ) ဟု ညွှန်းဆိုထားသည်။ ထိုအမည်မှာ သူနှင့် ခင်ပွန်းဖြစ်သူတို့က ရန်ကင်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ထားသော မိဘမဲ့ကလေးများ စင်တာတစ်ခုအတွက် ရွေးချယ်ခဲ့သော အမည်ဖြစ်သည်။ ၎င်းစင်တာသည် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကလေးငယ်များအတွက် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

Plan Bee က ထုတ်လုပ်ထားသည့် ပျားရည်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Plan Bee က ထုတ်လုပ်ထားသည့် ပျားရည်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အလှူငွေများဖြင့် ကူညီခြင်းထက် ကလေးများ၏ ဘဝများအတွက် တစ်မူထူးခြားစွာ လုပ်ဆောင်ပေးလိုကြောင်းကို သူတို့ ဇနီးမောင်နှံ လုပ်အားပေးအဖြစ် လုပ်ကိုင်နေစဉ်  သိရှိခဲ့ရသည်ဟု Lui က ပြောကြားသည်။

“ကျွန်မတို့က ငွေကြေးအရ တတ်နိုင်သမျှ ကူညီပေးဖို့ ကြိုးစားနေပါတယ်။ တစ်ခါတစ်ရံ မလေးရှားမှာရှိတဲ့ ကျွန်မတို့ရဲ့ မိသားစုဝင်တွေဆီက အကူအညီ ရယူရပါတယ်” ဟု ၎င်းက ပြောကြားသည်။ လှူဒါန်းမှု အများအပြားကို လုပ်ဆောင်နေရုံဖြင့် အားမရပဲ ကလေးများကို ရေရှည်တွင် ကူညီပေးနိုင်မည့် နည်းလမ်းကို Lui က ရှာဖွေလျှက်ရှိသည်။

“ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်းနေတဲ့ ယောင်္ကျားလေးတွေ အများကြီး ရှိနေပါတယ်။ သူတို့က သူတို့ဘဝအတွက် ဘာမှ မလုပ်နိုင်ကြဘူး။ စားတာနဲ့ အိပ်တာပဲ ရှိတယ်” ဟု ၎င်းကပြောသည်။

ကလေးများအတွက် ရေရှည်ရပ်တည်နိုင်မည့် ပညာရေးနှင့် တစ်ဦးချင်း တိုးတက်မှုများကို စီစဉ်ပေးနိုင်ရန်အတွက် Lui နှင့် Lee တို့သည် သူတို့ စင်တာမှ ကလေးတစ်ချို့နှင့် SoyAi ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

Lui တွင် ဈေးကွက်ရှာဖွေရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများ ရှိသည်။ သို့သော် ပဲနို့ ထုတ်လုပ်ရန် ကြိုးပမ်းရာတွင် မျှော်လင့်ထားသည်ထက် ပိုမိုများပြားသော စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်။ အတူ အလုပ်လုပ်ကြသော ယောင်္ကျားလေးများ အများစုသည် ကျောင်းမှ ထွက်ထားသူများ ဖြစ်ကြပြီး အခြေခံပညာရေးပင် မရှိကြပေ။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ကွန်ပျူတာ မသုံးတတ်ကြပေ။

“အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဒီအစွန့်ပစ်ခံ ကလေးငယ်တွေရဲ့ ဘဝကို ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ အကျင့်တွေနဲ့ စိတ်အနေအထားတွေကို ပြောင်းလဲခြင်းနဲ့ အစပြုရမှာပါ” ဟု Lui က ပြောကြားသည်။

ထိုအစီအစဉ်ကို ယောင်္ကျားလေး ခုနစ်ဦးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ သုံးဦးသည် ယခုထက်တိုင် ထိုလုပ်ငန်းတွင် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ပဲနို့ကို မည်သို့ပြုလုပ်ရမည်ကို လေ့လာရသည့်အပြင် ဈေးကွက်ရှာဖွေရေးအတွက်လည်း လေ့ကျင့်ပျိုးထောင်ပေးမှုများကို ၎င်းတို့ ရရှိခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကိုယ်ပိုင်စီးပွားရေးကို ၎င်းတို့ဘာသာ ထိန်းသိမ်းနိုင်ရန် ကျွမ်းကျင်မှုများကို ရရှိခဲ့ကြသည်။

အဖွဲ့ဝင်သုံးဦးပါဝင်သည့် အဖွဲ့တွင် အသက် ၂၁ နှစ်အရွယ် ကိုထက်ရှိုင်းလည်း ပါဝင်သည်။ သူက ပဲနို့ ထုတ်လုပ်ရေး၊ ရောင်းချရေးနှင့် ဈေးကွက်ရှာဖွေရေးကို တာဝန်ယူရသည်။ ထိုအဖွဲ့သည် ပြီးခဲ့သော နှစ်က မလေးရှားနိုင်ငံ၊ကွာလာလမ်ပူသို့ သွားရောက်ခဲ့ပြီး ASEAN Impact Challenge တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ASEAN Impact Challenge သည် ဒေသတွင်းရှိ လူမှုရေးဆိုင်ရာ တီထွင်ဆန်းသစ်သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ ပြိုင်ပွဲဖြစ်သည်။

ထိုယောင်္ကျားလေးများသည် ယခုအချိန်တွင် SoyAi ကို ၎င်းတို့ကိုယ်တိုင် လည်ပတ်လုပ်ကိုင် နေကြပြီဖြစ်သည်။ ၎င်းတို့သည် တစ်နေ့လျှင် ပဲနို့ ၃၅ လီတာ ထုတ်လုပ်လျှက်ရှိသည်။ အဆိုပါ ပဲနို့များကို ရန်ကုန်မြို့ရှိ ဈေးဆိုင်တစ်ချို့တွင် ရရှိနိုင်သည်။ အထူးသဖြင့် City Express ဆိုင်များနှင့် Yangon Bakehouse တို့တွင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့က ကွတ်ကီးမုန့်များ ထုတ်လုပ်ပြီး လုပ်ငန်းကို တိုးချဲ့ရန် ကြိုးစားလျှက်ရှိကြသည်။

SoyAi က ကျန် မိဘမဲ့ဂေဟာနှစ်ခုအတွက် ၎င်းတို့၏ ပြန်လည်ပြည့်ဖြိုးမြဲ စိုက်ပျိုးရေး အစီအစဉ်များကို စတင်နိုင်ရန် လိုအပ်သော ရံပုံငွေကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ SoyAi ၏ အကျိုးအမြတ်များထဲမှ တစ်ချို့အား လုပ်ငန်းစတင် လုပ်ကိုင်မည့် Children of Tomorrow စင်တာမှ  လူငယ်များထံသို့ ထောက်ပံ့ပေးခဲ့သည်။

“ကျွန်မက ဒီနာမည်ကို ကျွန်မဘာသာ တီထွင်ဖန်တီး ပေးလိုက်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မက သူတို့ရဲ့ အတိတ်တွေ ဘယ်လိုပဲ ရှိနေပါစေ၊ သူတို့ကို မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီးပေးမယ့် လူငယ်တွေ ဖြစ်စေချင်တယ်” ဟု Lui က ပြောကြားသည်။

Yangon Bake House မှ ဝန်ထမ်းများ မုန့်လုပ်နေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Yangon Bake House မှ ဝန်ထမ်းများ မုန့်လုပ်နေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အခြေအနေမဲ့ လူတန်းစားများကို အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းဖြင့် ကူညီပေးသော တခြား အဖွဲ့အစည်းတစ်ခုမှာ Plan Bee ဖြစ်သည်။ ၎င်းတို့က ရှမ်းကုန်းပြင်မြင့်ဒေသမှ ပျားရည်များ ထုတ်လုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ Plan Bee ၏ ပျားများ မွေးမြူသောစင်တာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယတွင် တည်ရှိသည်။ ထိုစင်တာကို ၂၀၁၃ ခုနှစ်တွင် ဗြိတိန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Tag International Development က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းဒေသသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်သော နေရာလည်း ဖြစ်သည်။ ထိုအစီအစဉ်အတွက် လှူဒါန်းထောက်ပံ့မှုများ ပေးအပ်နေသည့် Livelihoods and Food Security Trust Fund (LIFT) ထံမှ အထောက်အပံ့များကို ရယူနေသည်။ Plan Bee သည် အစ္စရေးနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းဖြစ်သော Agency for International Development Cooperation နှင့်လည်း နီးကပ်စွာ ပူးတွဲ လုပ်ဆောင်လျှက် ရှိသည်။

ထိုစီမံကိန်းသည် မြေယာမဲ့ လူတန်းစားများအနေဖြင့် ပျားမွေးမြူနည်းများကို လေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးလျှက်ရှိသည်။

“သူတို့က မြေယာပိုင်ဆိုင်ဖို့ မလိုပါဘူး။ သူတို့က သူတို့ရဲ့ ပျားအုံတွေကို တခြားလယ်သမားတွေရဲ့ မြေယာတွေမှာ ထားနိုင်ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မယ့် အစီအစဉ်ပါ” ဟု Plan Bee ၏ Business Developer ဖြစ်သူ Ms Yalee Azani က ပြောကြားသည်။

ရာပေါင်းများစွာသော လယ်သမားများကိုလည်း ပျားမွေးမြူနည်းများကို သင်ကြားပေးနေသည်။ ထိုစီမံကိန်းဖြင့် ပျားမွေးမြူထားသော အမျိုးသမီးများသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်သော ရာသီများတွင် ပျားရည်မှ ထပ်ဆင့်ထွက်သော ကုန်ပစ္စည်းများကို ရောင်းချခြင်းဖြင့် ဝင်ငွေများ ရရှိလျှက်ရှိသည်။

Plan Bee သည် အရည်အသွေးမြင့် monofloral ပျားရည်များကို ထုတ်လုပ်နေသည်။ ဆိုလိုသည်မှာ ပျားများသည် ပန်းပင်မျိုးစိတ် တစ်မျိုးတည်းမှ ဝတ်ရည်များကိုသာ စားသုံးစေခြင်း ဖြစ်သည်။ ထိုပျားရည်ကို ပင်းတယမြို့တွင် ထုတ်လုပ်ပြီး ထုတ်ကုန်အများစုကို ဟောင်ကောင်အပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချနေသည်။

ပြည်တွင်းဈေးကွက်အတွက် မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ပျားရည်အများစုအား ရိုးရာတိုင်းရင်း ဆေးဝါးများတွင် အသုံးပြုနေကြသည်။

ထိုလုပ်ငန်းသည် ပျားရည်မှတဆင့် ထပ်မံထုတ်လုပ်သော ကုန်ပစ္စည်းများဖြစ်သည့် ပျားဖယောင်းများ၊ ပရုပ်ဆီများနှင့် ဖယောင်းတိုင်များကို ထုတ်လုပ်ရောင်းချခြင်းဖြင့် တိုးချဲ့လာသည်။ Beekeeping Centre သည် ကျောင်းသားကျောင်းသူများအတွက် ပညာရေးအစီအစဉ်များကို ဖန်တီးပေးထားပြီး ထိုစင်တာသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်နိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။ ၎င်းတို့ထံမှ လယ်သမားများကို ဧည့်လမ်းညွှန်များအဖြစ် လေ့ကျင့်ပေးထားသည်။

SoyAi ၏ ပဲနို့များနှင့် Plan Bee ၏ ပျားရည်များကို Yangon Bakehouse တွင် ဝယ်ယူရရှိနိုင်သည်။ Yangon Bakehouse သည် အမျိုးသမီးများကို ဘဏ္ဍာရေးအရ သြဇာလွှမ်းမိုးနိုင်စေရန် ကူညီ ထောက်ပံ့ပေးသော လူမှုရေး လုပ်ငန်းတစ်ခု ဖြစ်သည်။ Yangon Bakehouse ၏ မူရင်းတည်နေရာသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒိုတွင် ဖြစ်သည်။ အင်းယားလမ်းပေါ်တွင် ဆိုင်ခွဲတစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ဝန်ထမ်းအားလုံးနီးပါးသည် အမျိုးသမီးများ ဖြစ်ကြသည်။

“ကျွန်မတို့က အချက်သုံးခုကို အဓိကထား လုပ်ဆောင်ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဘဏ္ဍာရေး သြဇာလွှမ်းမိုးမှု၊ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့တွေရဲ့ စွမ်းအင်နဲ့ ကျွန်မတို့ အစားအစာတွေရဲ့  အရည်အသွေး ကောင်းမွန်မှုတို့ပဲ ဖြစ်ပါတယ်” ဟု Yangon Bakehouse ကို ပူးတွဲ တည်ထောင်သူလည်းဖြစ်၊ ယခုလက်ရှိတွင် ဒါရိုက်တာလည်းဖြစ်သော Ms Heatherly Bucher က ပြောကြားသည်။

၎င်း၏ ကော်ဖီဆိုင် နှစ်ခုတွင် နေ့စဉ်ပြုလုပ်ထားသော ကိတ်များ၊ ကွတ်ကီးများ၊ ဒိုးနပ်များနှင့် ပေါင်မုန့်များ ရောင်းချပေးသည်။ ၎င်းဆိုင်တွင် ရောင်းချသည့် လက်ဖြင့် လုပ်သော ပေါင်မုန့်များသည် ပြုလုပ်ချိန် နာရီ ၃၀ ခန့် ကြာမြင့်သည်။ ထုတ်ကုန်အများစုတွင် ပါဝင်သောအရာများကို ပြည်တွင်းမှ ဝယ်ယူထားသည်။ အများစုသည် အသေးစား စိုက်ပျိုးရေးသမားများနှင့် အမျိုးသမီး စိုက်ပျိုးရေးသမားများထံမှ ဖြစ်သည်။

SoyAi ပဲနို့များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

SoyAi ပဲနို့များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Yangon Bakehouse သည် အမျိုးသမီးများအတွက် သင်တန်းအစီအစဉ်များလည်း ဖွင့်လှစ်ထားသည်။ ၁၀ လကြာသော ထိုအစီအစဉ်တွင် အစားအစာ သန့်ရှင်းရေး၊ မုန့်ဖုတ်ခြင်း ဆိုင်ရာကျွမ်းကျင်မှုများနှင့် ဖောက်သည်များကို ဝန်ဆောင်မှုပေးခြင်းများနှင့် သက်ဆိုင်သော လေ့ကျင် ပျိုးထောင်ပေးမှုနှင့် သီအိုရီဆိုင်ရာများကို သင်ကြားပေးသည်။

လေ့ကျင်သင်တန်းပေးသော အစီအစဉ်များတွင် ပါဝင်သူများအားလုံးသည် အမျိုးသမီးများသာ ဖြစ်ကြသည်။

“သူတို့က ပညာအရည်အချင်းလည်း သိပ်မရှိကြဘူး။ အသက်မွေးဝမ်းကျောင်းနိုင်ရန် လိုအပ်တဲ့ အလုပ်အကိုင် ကျွမ်းကျင်မှုလည်း မရှိကြဘူး” ဟု Bucher က ပြောကြားသည်။

မဆန်းဆန်းရီသည် ပုလဲကွန်ဒိုရှိ Yangon Bakehouse တွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်နှစ်ကြာပြီ ဖြစ်သည်။ ထိုအခွင့်အလမ်းက သူ့ကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရန် စိတ်ကူးရစေခဲ့သည်။

“ကျွန်မက ဖောက်သည်တွေကို ယဉ်ကျေးပြူငှာစွာ ဆက်ဆံနည်းတွေ သင်ယူခဲ့ပြီးပြီ။ အစားအစာ ပြုလုပ်နည်းတွေရောပဲ။ တစ်နေ့မှာ ကျွန်မ စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။

ရည်မှန်းချက် ကြီးကြီးမားမား မရှိသောသူများအတွက်လည်း ထိုသင်တန်းအစီအစဉ်က အလုပ်အကိုင် အခွင့်အလမ်းများစွာကို ရရှိစေခဲ့သည်။

“သူတို့က သူတို့ရဲ့ ရွေးချယ်မှုအလိုက် ဘယ်နေရာမှာမဆို စားသောက်ဖွယ်ရာတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နိုင်ကြပါတယ်။ တစ်ချို့က စီးပွားရေးလုပ်ငန်း အသေးစားတွေ လုပ်ကိုင်ဖို့ ကြိုးစားကြပါတယ်။ တစ်ချို့က သူတို့ရဲ့ ပညာရေးကို ဆက်လက် လုပ်ဆောင်ကြတယ်” ဟု Bucher က ပြောသည်။

Yangon Bakehouse သည် အမျိုးသမီးများကို ဘဏ္ဍာရေးအရ သြဇာလွှမ်းမိုးနိုင်အောင် ထောက်ပံ့ ပေးခြင်းအပြင် ၎င်း၏ ဝန်ထမ်းများကို တခြားနည်းလမ်းများနှင့်လည်း ထောက်ပံ့ပေးပါသည်။ အလုပ်အကိုင်ပေးခြင်းသည် ၎င်းတို့၏ ယုံကြည်မှုကို တိုးမြင့်ပေးသည်။ ထို့ပြင် လုပ်ငန်းအတွင်းတွင် သူတို့၏ အင်္ဂလိပ်စာကို တိုးတက်အောင်လည်း သင်ကြားပေးမှုများ လုပ်ဆောင်ပေးနေသည်ဟု Bucher က ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.