ဘတ်စ်စနစ်သစ်ပြောင်းတာ နိုင်ငံရေးအရ အရေးပါသလား

ရန်ကုန်တိုင်း အစိုးရ၊ တနည်းအားဖြင့် အင်န်အယ်လ်ဒီ အစိုးရရဲ့ ဒီ အပြောင်းအလဲ ဆောင်ရွက်မှုဟာ နိုင်ငံရေးအရလည်း အများကြီး အဓိပ္ပာယ် သက်ရောက်မှု ရှိနေတာ တွေ့နိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ရန်ကုန်မှာ အကောင်အထည်ဖော်နေတဲ့ ဘတ်စ်ကားလိုင်း စနစ်သစ်နဲ့ စတင်ပြေးဆွဲတဲ့ လှုပ်ရှားမှုကြီးထဲမှာ ပြည်သူတွေအားလုံး အုံးအုံးကြွက်ကြွက် ပါဝင်နေကြပါတယ်။

ဖြစ်စဉ်ထဲမှာ ဘတ်စ်ကားစီး ခရီးသည်တွေတင်မက အဲဒီပြည်သူတွေကို ကူညီဖို့ဆိုပြီး ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ လုပ်အားပေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ စသဖြင့် အားလုံးပါဝင်နေကြရုံမက တစ်တိုင်းပြည်လုံးက ပြည်သူတွေရော၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကပါ စိတ်ဝင်စားနေကြတဲ့ အပြောင်းအလဲ ဖြစ်စဉ်ကြီးလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ဒီအပြောင်းအလဲ အောင်မြင်အောင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းအစိုးရက အားကြိုးမာန်တက် အကောင်အထည် ဖော်နေသလို နောက်ကွယ်မှာ အာဏာရ အင်န်အယ်လ်ဒီ ပါတီတာဝန်ရှိသူတွေနဲ့ အင်န်အယ်လ်ဒီ အမတ်တွေကလည်း မားမားမတ်မတ် ရပ်ပြီး အကူအညီပေးနေကြပါတယ်။

တကယ်တော့ ရန်ကုန်တိုင်း အစိုးရ၊ တနည်းအားဖြင့် အင်န်အယ်လ်ဒီ အစိုးရရဲ့ ဒီ အပြောင်းအလဲ ဆောင်ရွက်မှုဟာ နိုင်ငံရေးအရလည်း အများကြီး အဓိပ္ပာယ် သက်ရောက်မှု ရှိနေတာ တွေ့နိုင်ပါတယ်။ ခုတစ်ပတ် ရန်ကုန်ဘတ်စ်ကားတွေ စနစ်သစ်နဲ့ ပြောင်းလဲပြေးဆွဲဖို့ အကောင်အထည်ဖော်တဲ့ကိစ္စ နိုင်ငံရေးနဲ့ ဘယ်လောက် ပတ်သက်ယှက်နွှယ်မှု ရှိသလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခုရန်ကုန်မြို့အတွင်း ဘတ်စ်ကား ပြေးဆွဲမှုစနစ်သစ် အပြောင်းအလဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်း အစိုးရ အဓိက ကိုင်တွယ်ဆောင်ရွက်ခဲ့တဲ့ ကိစ္စကြီး ၄ ရပ် ရှိပါတယ်။ အဲဒါကတော့ ရာစုနှစ် တစ်ဝက်ကျော်လောက် တည်မြဲလာခဲ့တဲ့ မထသဆိုတဲ့ အဖွဲ့ကြီးကို ဖျက်သိမ်းတာ၊ အရင် လိုင်း ၃၀၀ ကျော်ပြေးဆွဲနေတဲ့ စနစ်ကနေ လိုင်း ၇၀ အထိ လျှော့ချ ပြေးဆွဲစေတာ၊ အရင်က ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေကို ပုတ်ပြတ်စနစ်နဲ့ အလုပ်လုပ်ခိုင်းနေရာကနေ လခစားစနစ် ပြောင်းလဲစေဖို့ ဆောင်ရွက်စေတာ၊ ဘတ်စ်ကား ပြေးဆွဲ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းကို တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ကုမ္ပဏီ တစ်ခုချင်း လုပ်ဆောင်နေရာကနေ စုပေါင်းစနစ်၊ အများပိုင်စနစ် ပြောင်းဖို့လုပ်တာ စတာတွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖြိုးမင်းသိန်း အဓိက လုပ်ခဲ့တဲ့ မထသ အဖွဲ့ကြီး တစ်ခုလုံးကို လုံးဝ ဖျက်သိမ်းပစ်လိုက်တာကတော့ အတော်လေးကို အရေးကြီးတဲ့ ကိစ္စပါ။ ဒီအဖွဲ့ကြီး ဘယ်လောက် အရေးကြီးသလဲ၊ သြဇာရှိသလဲဆိုတာ သိရအောင် လက်ရှိ ရန်ကုန်မြို့က ဘတ်စ်ကားပြေးဆွဲမှု စီးပွားရေးလုပ်ငန်း ဘယ်လောက် ပမာဏ ကြီးမားတယ်ဆိုတာ အရင် ကြည့်ဖို့လိုပါတယ်။

နောက်ဆုံး ကောက်ယူထားတဲ့ ဆာဗေး စာရင်းတွေအရ ရန်ကုန်မှာ လူပေါင်း ၂ ဒသမ ၈ သန်းလောက်ဟာ နေ့စဉ် တစ်နေရာကနေ တစ်နေရာ သွားလာနေကြရပြီး လူ ၂ သန်းလောက်ဟာ ဘတ်စ်ကားတွေကို မှီခိုနေကြရတယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ လူတစ်ယောက် တစ်နေ့ ဘတ်စ်ကားခ ကျပ် ၂၀၀ အသုံးပြုတယ်ဆိုပြီး တွက်ချက်ကြည့်ရင် ဘတ်စ်ကားစီးသူအားလုံး အသုံးပြုတဲ့ငွေ တစ်နေ့ကို ကျပ် သန်း ၄၀၀၊ တစ်လကို ကျပ်ငွေ ၁၂ ဘီလျံ၊ တစ်နှစ်ကို ကျပ်ငွေ ၁၄၄ ဘီလျံပမာဏလောက် ရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်။

လူတစ်ယောက် တစ်နေ့ ကျပ် ၃၀၀ -၄၀၀ သုံးတယ်ဆိုပြီး တွက်ချက်ရင် ဒီထက် အများကြီး ပိုများသွားပါလိမ့်မယ်။ နည်းတဲ့ ငွေပမာဏ မဟုတ်ပါဘူး။ မထသ အဖွဲ့ကြီးဆိုတာ အဲလောက် ပမာဏ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးကို ချယ်လှယ်စီမံ အုပ်ချုပ်နေတဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ စစ်အရာရှိဟောင်းတွေ ကြီးစိုးချယ်လှယ်လာတဲ့ အဖွဲ့တစ်ဖွဲ့ကို လုံးဝဖျက်သိမ်း၊ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကို ထိန်းချုပ်ဖို့ လုပ်တာ၊ တစ်ဆက်တည်း အများပြည်သူကို စနစ်သစ်နဲ့ ဝန်ဆောင်မှုပေးတဲ့ဆီမှာ မအောင်မြင်ရင် နိုင်ငံရေးအရ ပုံရိပ်ကိုပါ ထိခိုက်စေပါလိမ့်မယ်။

ဒီအတွက် နောက်ထပ် မေးစရာ ရှိလာတဲ့ မေးခွန်းကတော့ အဲဒီ မထသအဖွဲ့ကြီးကို ဘယ်သူတွေက တာဝန်ယူထားသလဲ ဆိုတာပါ။ ခေတ်အဆက်ဆက် စစ်အရာရှိဟောင်းတွေကပဲ စီမံချယ်လှယ်လာခဲ့တာ အခုနောက်ဆုံး ဖျက်သိမ်းခံလိုက်ရတဲ့ အထိပါပဲ။

ကောင်းပါပြီ။ ဒီလောက် ပမာဏ ကြီးမားတဲ့ လုပ်ငန်းထဲ ဘယ်သူတွေဝင်ပြီး ဘယ်လို လုပ်ကိုင်နေကြတယ် ဆိုတာကလည်း မေးခွန်းထုတ်ချင်စရာပါ။ အဲဒီမှာလည်း သိပ်ပြီး ထွေထွေထူးထူး မရှိပါဘူး။

အရင်ခေတ်ကတည်းက တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီက ထောင်ထားတဲ့ ပါရမီယာဉ်လိုင်းဟာ ယာဉ်အစီးရေ အများဆုံးနဲ့ အင်အား အတောင့်တင်းဆုံးပါ။ ခရိုနီတွေပိုင်တဲ့ ကုမ္ပဏီတွေလည်း ပါပါတယ်။ နောက်ထပ် တစ်စီးပိုင်၊ နှစ်စီးပိုင်၊ လေးငါးဆယ်စီးပိုင် ယာဉ်ပိုင်ရှင်တွေလည်း ရှိကြပါတယ်။ အဲဒီအထဲမှာလည်း စစ်အရာရှိဟောင်းတွေ အများစုကပဲ ဘတ်စ်ကားတွေ ထောင်ထားကြတာ တွေ့နိုင်ပါတယ်။

ဒီ စီမံခန့်ခွဲမှုအဖွဲ့၊ ဒီ ယာဉ်ပိုင်ရှင်တွေကြောင့် မထသဆိုတဲ့အဖွဲ့ အများကြီး နာမည်ပျက်ခဲ့ရပါတယ်။ စီမံခန့်ခွဲသူ၊ ယာဉ်ပိုင်ရှင်တွေဟာ စစ်အရာရှိဟောင်းတွေ ဖြစ်တာကြောင့်မဟုတ်ဘဲ၊ တလွဲစီမံခန့်ခွဲတာ၊ အဂတိ လိုက်စားတာ၊ အကျင့်ပျက် ခြစားတာစတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။

မထသအဖွဲ့ကြီးဟာ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဘယ်လိုင်းမှာ ပြေးဆွဲခွင့် ပေးမလဲဆိုတဲ့ အနေအထားအပေါ်ကနေ အဂတိလိုက်စားပါတယ်။ နိုင်ငံခြားကနေ ဘတ်စ်ကား တင်သွင်းခွင့် အပေါ်ကနေ အဂတိလိုက်စားပါတယ်။ ဘယ်ဘတ်စ်ကားကို စီအင်န်ဂျီ တပ်ဆင်ခွင့်၊ ဝယ်ယူခွင့်ပေးမလဲ၊ ဈေးနှုန်း ဘယ်လောက် ကောက်ခွင့်ပေးမလဲစတဲ့ အခြေအနေ အမျိုးမျိုးပေါ်ကနေ အဂတိလိုက်စားပါတယ်။

သိန်းပေါင်း ရာထောင်ချီတဲ့ အဖွဲ့ပိုင်ငွေတွေနဲ့ အဲဒီမထသကို စီမံခန့်ခွဲခွင့်ရတဲ့ ထိပ်ပိုင်းကလူတွေ ချမ်းသာကုန်ပါတယ်။ ကိုယ်တိုင် ဘတ်စ်ကားထောင်စားတဲ့ စီးပွားရေး လုပ်သူတွေလည်း ရှိပါတယ်။ တစ်ဆက်တည်း ဖြစ်ပေါ်လာတာကတော့ ကုမ္ပဏီတွေရော၊ တစ်ဦးချင်း ဘတ်စ်ကားပိုင်သူတွေကပါ ဒရိုင်ဘာ၊ စပယ်ယာတွေငှားပြီး ပုဒ်ပြတ်စနစ်နဲ့ ပြေးဆွဲစေခိုင်းတာပါ။

ဒီစနစ်ကြောင့် အုံနာခ ဝန်ထုတ်ဝန်ပိုး ဖြစ်လာတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာတွေဟာ ကိုယ့်ဘတ်စ်ကား တစ်စီးချင်းစီကနေ နေ့တွက်ငွေ ရဖို့အတွက် နည်းပေါင်းစုံနဲ့ ငွေပိုရအောင်ကြိုးစား၊ နည်းပေါင်းစုံနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်၊ နည်းပေါင်းစုံနဲ့ ခရီးသွားပြည်သူတွေအပေါ် စော်ကားရိုင်းပျတာတွေ လုပ်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

နောက်ဆုံး ခရီးသွားပြည်သူတွေဟာ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေကို မုန်းတီး၊ စနစ်ကိုမကြိုက်၊ မထသ ဆိုတဲ့အဖွဲ့ကြီးကိုလည်း မလိုလားဆိုတဲ့ ဒီနေ့အခြေအနေ ရောက်လာတာပါ။

ဒါပေမဲ့ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး တပ်မတော် အရာရှိဟောင်းတွေရဲ့ အကျိုးစီးပွား၊ တပ်မတော်ပိုင် ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ အဲဒီ မထသအဖွဲ့ကြီးကို ဖျက်သိမ်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင် အစိုးရလက်ထက်ကလည်း မဖြစ်ခဲ့သလို၊ အင်န်အယ်လ်ဒီ အစိုးရတက်၊ ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူရတော့လည်း ညှိနှိုင်းတာတွေ တောက်လျောက်လုပ်ခဲ့ရပါတယ်။

ဒီလိုနဲ့ အဆင်မပြေတဲ့နောက်ဆုံး အဲဒီ မထသအဖွဲ့ကြီးကို လုံးဝဖျက်သိမ်း၊ ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဆိုတဲ့ အဖွဲ့သစ် တည်ထောင်ရသည်အထိ ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကို ဖျက်သိမ်းခံရတဲ့ မထသအဖွဲ့ကြီးက စစ်အရာရှိဟောင်းတွေ၊ ယာဉ်ပိုင်ရှင် စစ်အရာရှိဟောင်းတွေက စနစ်သစ်ကို မကြိုက်ကြပါဘူး။ ဒီအတွက် စနစ်သစ်နဲ့ ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲတဲ့အခါ ပါဝင်ပူးပေါင်းခြင်း မလုပ်ဘဲ ဆန့်ကျင်ဖို့ လုပ်တာမျိုးတောင် ရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း အစိုးရနဲ့ အင်န်အယ်လ်ဒီအတွက် ဒီအပြောင်းအလဲဟာ နိုင်ငံရေးအရ အလွန်အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ စစ်အရာရှိဟောင်းတွေ ကြီးစိုးချယ်လှယ်လာတဲ့ အဖွဲ့တစ်ဖွဲ့ကို လုံးဝဖျက်သိမ်း၊ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကို ထိန်းချုပ်ဖို့ လုပ်တာ၊ တစ်ဆက်တည်း အများပြည်သူကို စနစ်သစ်နဲ့ ဝန်ဆောင်မှုပေးတဲ့ဆီမှာ မအောင်မြင်ရင် နိုင်ငံရေးအရ ပုံရိပ်ကိုပါ ထိခိုက်စေပါလိမ့်မယ်။ မကြာခင် လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကိုတောင် အကျိုးသက်ရောက်မှု ရှိသွားစေနိုင်ပါတယ်။

ဒီအတွက် ရန်ကုန်က ဘတ်စ်ကားပြေးဆွဲမှုစနစ်သစ် အောင်မြင်ရေးဆိုတာဟာ အင်န်အယ်လ်ဒီ အစိုးရ စီမံခန့်ခွဲမှု အရည်အချင်း ရှိမရှိ စမ်းသပ်ခံရတာအပြင် နိုင်ငံရေးအရလည်း အလွန်အရေးပါတဲ့ လှုပ်ရှားမှု ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.