ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ကြပါဦးမလား

ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ အာဆာအဖွဲ့ ARSA က အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာ ၃ နှစ် ပြည့်ခဲ့ပါပြီ။

အာဆာအဖွဲ့ရဲ့ ၂၀၁၆ အောက်တိုဘာ တိုက်ခိုက်မှု၊ ၂၀၁၇ သြဂုတ်လ တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာ့ တပ်မတော်က တန်ပြန်နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစ ရခိုင်ပြည်နယ် မြောက်ပိုင်းက သိန်းနဲ့ချီတဲ့ မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတာကလည်း ၃ နှစ်နီးပါး ကြာခဲ့ပါပြီ။ အခုလို ၃ နှစ်ဝန်းကျင် ကြာလာတဲ့တိုင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ သူတို့နေရပ် ပြန်မလာနိုင်ကြသေးပါဘူး။

ဒုက္ခသည်တွေ ပြန်မလာနိုင်သေးတာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ အရေးလှုပ်ရှားနေသူတွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အမျိုးမျိုး ပြောဆိုနေကြသလို၊ တစ်ဖက်နဲ့ တစ်ဖက် ပြောဆိုတဲ့ အကြောင်းအရာတွေကလည်း တူညီမှု မရှိကြပါဘူး။ အဲဒီ ပြောဆိုမှုတွေမှာ ဘာတွေ ကွဲလွဲမှု ရှိနေပါသလဲ၊ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး ဘယ်လိုချဉ်းကပ် ဆောင်ရွက်သင့်သလဲဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

ဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေးတာနဲ့ပတ်သက်ပြီး ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေ တောင်းဆိုနေတာက အဲဒီက မူဆလင်တွေကို ဘင်္ဂါလီလို့ ခေါ်တာကို လက်မခံဘူး၊ “ ရိုဟင်ဂျာ” လူမျိုးလို့ အသိအမှတ်ပြုရမယ်။ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပြုရမယ်။

အစိုးရက ထုတ်ပေးမယ့် National Verification Card လို့ခေါ်တဲ့ NVC ကတ်ပြားတွေကို မလိုချင်ဘူး၊ နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးရမယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရောက်သွားချိန် လုံခြုံစိတ်ချရမှု ရှိမရှိ ကုလသမဂ္ဂ အဖွဲ့အစည်းလို၊ ကြားနေနိုင်ငံလို အဖွဲ့အစည်းတွေကို လေ့လာ စောင့်ကြည့်ခွင့်ပေးရမယ် စတာတွေပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ တောင်းဆိုတဲ့ဆီမှာ တခြားအချက်အလက်တွေ ပါဝင်ပေမဲ့ အဲဒီအချက်တွေကတော့ အခြေခံအချက်တွေလို့ နားလည်နိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ ကျင်းပပြီးသွားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အချက် လေးချက် တင်ပြတောင်းဆိုပါတယ်။ ပထမ တစ်ချက်ကတော့ မြန်မာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရေရှည် အတူယှဉ်တွဲ နေထိုင်ဖို့ နိုင်ငံရေးအရ ဆန္ဒရှိကြောင်း မြန်မာအစိုးရဘက်က ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာလုပ်ပြဖို့ လိုတယ်လို့ဆိုပါတယ်။

ဒုတိယအချက်ကတော့ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ၊ ခွဲခြားတဲ့ဥပဒေတွေ ဖျက်သိမ်းဖို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရိုဟင်ဂျာ ကိုယ်စားလှယ်တွေသွားပြီး လေ့လာခွင့်ပေးဖို့ တောင်းဆိုပါတယ်။ တတိယအချက်ကတော့ နေရပ်ပြန်သွားမယ့် ရိုဟင်ဂျာတွေရဲ့ လုံခြုံရေး အာမခံချက်ပေးဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကို စောင့်ကြည့်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးအချက်ကတော့ ရိုဟင်ဂျာ ပြဿနာမှာ ကျူးလွန်သူတွေကို ပြစ်ဒဏ်ခတ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပြီးလုပ်ပေးကြဖို့ ဆိုပြီးဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်တဲ့ မြန်မာအစိုးရအဖွဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ပြောတာကတော့ “ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး အစီအစဉ်ပါ နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ သူတို့ကို ပြန်လည် လွှဲပြောင်းပေးစေလိုပါတယ်။ ပြန်လည် ဝင်ရောက်လာသူတွေကို သက်သေခံကတ်ပြား ထုတ်ပေးဖို့အတွက် သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ National Verification Card လို့ခေါ်တဲ့ NVC ကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကတ်ပြားများဟာ အမေရိကန်နိုင်ငံမှာ အခြေချရန် ဝင်ရောက်လာသူများ လျှောက်ထားတဲ့ green card နဲ့ ဆင်တူပါတယ်” ဆိုပြီး ပြောပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် VOA အသံလွှင့်ဌာနနဲ့ အင်တာဗျူးရာမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေကို “ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အဝေါ်သုံးစွဲဖို့ လက်မခံတဲ့အကြောင်း၊ အနီးဆုံးအနေနဲ့ မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့ အုပ်စိုးခဲ့တဲ့ ကာလ၊ အစိုးရဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ရင်တောင် ရိုဟင်ဂျာဆိုတာ တွေ့ရမှာ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် အဲဒီအခေါ်အဝေါ်ကိုတော့ လက်ခံလို့ မဖြစ်နိုင်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဒုက္ခသည် ကိုယ်စားလှယ်တွေကို လေ့လာခွင့်ပေးဖို့ ဆိုတဲ့ကိစ္စကလည်း မတော်တဆ အဲဒီကိုယ်စားလှယ်တွေကသာ အခြေအနေ မကောင်းဘူးဆိုတဲ့သဘော ပြောဆို ထုတ်ပြန်တာတွေဖြစ်ခဲ့ရင် ဒုက္ခသည် ပြန်လက်ခံရေး လုပ်ငန်းစဉ် ထိခိုက်ကုန်မှာစိုးတဲ့အတွက် အဲဒီအစီအစဉ်ကိုလည်း လက်ခံလို့မဖြစ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီပြဿနာကြီး အမှန်တကယ် ပြေလည်ပြီး ဒုက္ခသည်တွေ သူ့နေရပ်သူ ကောင်းကောင်းမွန် ပြန်လည် နေထိုင်နိုင်ဖို့ဆိုရင် ဘက်နှစ်ဘက်မှာ ရှိနေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြဿနာရဲ့ အရင်းခံ၊ နောက်ခံ သမိုင်းကြောင်းနဲ့တကွ မြန်မာနိုင်ငံ လက်ရှိရောက်နေတဲ့ နိုင်ငံရေးအနေအထား စတာတွေ နားလည်ယူပြီး ချဉ်းကပ်ဖြေရှင်းမှ ကောင်းမွန်တဲ့ရလဒ် ရလာနိုင်မှာပါ။

ဥပမာအားဖြင့် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ဒီကနေ့ ရောက်နေတဲ့ အနေအထားကို နားလည်အောင်ကြိုးစားပြီး ပြဿနာပြေလည်အောင် ချဉ်းကပ်သင့်ပါတယ်။ ဒီရခိုင်ပြည်နယ်ထဲက မူဆလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ပြဿနာဟာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရတက်လာမှ ပေါ်ပေါက်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတွေ သိမ်းပိုက် အုပ်ချုပ်ခဲ့ချိန်ကစ အခြေတည်ဖြစ်ပေါ်လာတဲ့ ပြဿနာ ဖြစ်သလို၊ လွတ်လပ်ရေးရပြီး နောက်တက်လာတဲ့ အစိုးရနဲ့ စစ်အာဏာရှင်အစိုးရတွေ ပြီးပြတ်အောင် ကောင်းကောင်းမွန်မွန် မဖြေရှင်းခဲ့လို့ ကျန်နေခဲ့တဲ့ ပြဿနာလို့ နားလည်နိုင်ပါတယ်။

ဒီရှည်ကြာလှတဲ့ သမိုင်းဆိုင်ရာ ပြဿနာဆိုးကြီးကို အမွေဆက်ခံခဲ့တဲ့ အင်န်အယ်လ်ဒီအစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကြိုးစားဖို့ ကြံရွယ်ကာရှိတုန်း၊ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါပဲ။ ဒီအတွက် ပြဿနာဖြေရှင်းရေးမှာ အင်န်အယ်လ်ဒီအစိုးရ နောက် ရောက်သွားရသလို တပ်မတော်က ပါဝင်ပတ်သက်လာရပြီး နောက်ဆက်တွဲ ပြဿနာကြီးတွေ ဆင့်ကာ ဆင့်ကာ ပေါ်ပေါက်လာရတာမျိုးပါ။

ရခိုင်ပြည်နယ်က မူဆလင်တွေပြဿနာ ဖြေရှင်းရာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက အတော်လေးကို အခရာ ကျပါတယ်။ ဒီဥပဒေကို ပြန်ပြီး သုံးသပ်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီအစိုးရဟာ အဲဒီဥပဒေကို ပြင်ဆင်ဖို့ နေနေသာသာ ပြန်ပြီးသုံးသပ်တယ် ဆိုတဲ့အဆင့်မျိုးကိုတောင် မလုပ်နိုင်သေးပါဘူး။

အကြောင်းကတော့ လက်ရှိ မြန်မာနိုင်ငံမှာ အင်န်အယ်လ်ဒီအစိုးရ အုပ်ချုပ်နေပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ကလည်း သူ့နိုင်ငံရေး ခံယူချက်တွေကို သူ ကိုင်စွဲရင်း တန်ခိုးသြဇာ ကြီးနေဆဲဖြစ်သလို၊ ၁၉၈၂ နိုင်ငံသား ဥပဒေဘက်က တင်းတင်းမာမာ ရပ်ခံနေလို့ပါပဲ။ အင်န်အယ်လ်ဒီအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို သွားပြီးတို့ထိလိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တယ်လို့ အင်န်အယ်လ်ဒီဘက်က စိုးရိမ်စိတ်ရှိနေပါတယ်။

ဒါကြောင့် အင်န်အယ်လ်ဒီအစိုးရဟာ ၁၉၈၂ နိုင်ငံသား ဥပဒေအကြောင်းမပြောဘဲ ဒုက္ခသည် မူဆလင်တွေကိစ္စ ခက်ခက်ခဲခဲ ဖြေရှင်းနေရတာပါ။ အဲလိုအခြေအနေမျိုးကို ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ နားလည်ဖို့လိုပါတယ်။ နုနယ်တဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အင်န်အယ်လ်ဒီ အစိုးရ လုပ်နိုင်စွမ်းထက်ပိုတဲ့ မြန်မာ့နိုင်ငံရေးမှာ အခက်အခဲ အကျပ်အတည်းတွေ တွေ့နိုင်တဲ့ တောင်းဆိုမှုမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။

အလားတူ အင်န်အယ်လ်ဒီ အစိုးရဘက်ကလည်း ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ကြိုးစားတာ လုပ်ရမှာဖြစ်သလို၊ ပြည်တွင်း ကျန်ရစ်နေတဲ့ မူဆလင်တွေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး တိုးတက်ရရှိလာအောင် ဆောင်ကြဉ်းပေးသင့်ပါတယ်။ ဒီလိုဆောင်ရွက်ပေးမှသာ ရခိုင်ပြည်နယ်က မူဆလင်တွေအနေနဲ့ သူတို့သက်မွေးဝမ်းကျောင်းလုပ်ငန်း သူတို့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မှာဖြစ်ပြီး အစိုးရအတွက်လည်း ဝန်ထုပ်ဝန်ပိုး လျော့ကျစေမှာပါ။

အဖက်ဖက်က နိမ့်ကျနေတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုဟာ ရခိုင်ပြည်နယ်အတွက်၊ မြန်မာနိုင်ငံအတွက်၊ အကျိုးမများဘူးဆိုတာ နားလည်ဖို့လိုသလို၊ အချိန်တိုအတွင်း အကြမ်းဖက်သမားတွေရဲ့ စည်းရုံးတာ ခံလိုက်ရတဲ့ ၂၀၁၇ သြဂုတ်လ အာဆာတိုက်ခိုက်မှုဖြစ်စဉ်ကို မမေ့ဖို့လည်းလိုပါတယ်။ လက်ရှိ အခြေအနေ ရခိုင်ပြည်နယ် စစ်တွေ ဒုက္ခသည်စခန်းက မူဆလင်တွေ ထွက်ပြေးဖို့ကြိုးစားလိုက်၊ ပြန်ဖမ်းမိလိုက် ဖြစ်စဉ်တွေ အများကြီး ဖြစ်ပွားနေတာကြည့်ရင် ရခိုင်ပြည်နယ်မှာ မူဆလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပြဿနာ ရှိနေဆဲဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူး။

လက်ရှိ အခြေအနေကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက်နေတဲ့ မူဆလင်တွေ ဒုက္ခရောက်နေကြသလို နိုင်ငံတကာဖိအားနဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှု တချို့ကြောင့် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေအတွက်လည်း မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်နေပါတယ်။ အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင်လည်း ရခိုင်ပြဿနာ ဖြေရှင်းရာမှာ အခက်အခဲ အကျပ်အတည်း ကြုံနေရသလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင်လျင် ရခိုင်ပြည်နယ်က မူဆလင်ဒုက္ခသည် ပြဿနာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြစ်တင်တာ၊ ပေးအပ်ထားတဲ့ဆုတွေ ပြန်ရုပ်သိမ်းတာမျိုး ကြုံနေရပါတယ်။

ပြောရရင် ဒါတွေဟာ ဘယ်သူ့အတွက်မှ ကောင်းတဲ့ရလဒ် ထွက်ပေါ်နေတာ မရှိဘူးဆိုတာ နားလည်နိုင်ပါတယ်။ ဒီအခြေအနေတွေ ကျော်လွှားဖို့အတွက်ဆိုရင် ပြဿနာမှာ ပါဝင် ပတ်သက်တဲ့အဖွဲ့အစည်းတိုင်း လက်တွေ့ကျတဲ့ တောင်းဆိုမှု၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု၊ လက်တွေ့ကျတဲ့ ဖြေရှင်းမှုမျိုး လုပ်ကြဖို့ လိုပါတယ်။

အဲဒီလုပ်ဆောင်မှုအားလုံးဟာ ထွက်ပြေးသွားကြတဲ့ မူဆလင်ဒုက္ခသည်တွေရဲ့ အကျိုးစီးပွားကို ဦးတည်နေဖို့ လိုသလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။ ဒါမှသာ ဒုက္ခသည်တွေ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး အကောင်အထည်ပေါ်လာနိုင်မယ်ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.