ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းမှာ တစ်နေ့တာ

ပဋိပက္ခများကြားမှ ထွက်ပြေးလာခဲ့ကြသည့် ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်များမှာ ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ပြဿနာများအပြင် ပြင်းထန်သည့် မုတ်သုံရာသီ၏ နှိပ်စက်မှုကိုပါ ခံစားနေကြရသည်

မာတင် ဘရောင်း ရေးသားသည်။

ဓာတ်ပုံများ- စတိဗ် တစ်ခ်နာ

ကမ္ဘာပေါ်တွင် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ဘာလုကာလီ-ကူတာပါလောင်သို့ ရောက်ရှိသွားပါက ဒုက္ခသည်အများအပြားကို မြင်တွေ့ရဖြင့် အံ့သြသွားရလိမ့်မည်ဖြစ်သည်။ ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်ကိုးသိန်းကျော်၏ သုံးပုံနှစ်ပုံခန့်မှာ ထိုနေရာတွင် နေထိုင်နေကြသည်။

ဝါးဖြင့် တည်ဆောက်ထားသည့် ခနော်နီခနော်နဲ့ တဲများနှင့် တာပေါ်လင် ရွက်ဖျင်အမိုးများက မျက်စိတစ်ဆုံး ပြန့်ကျဲ တည်ရှိနေသည်။

တဲများကို ကုန်းမြင့်ရှိသော နေရာများတွင် ကပ်ကာ တည်ဆောက်ထားကြပြီး တဲများ၏ ဘေးတွင်မူ ညစ်ပေနေသော ရေဆိုးများက စီးဆင်းနေသည်။

ဝါးမြို့တော်ဟု ခေါ်တွင်ရမည့် အဆိုပါနေရာတွင် လူများကို နေရာအနှံ့တွေ့နေရပြီး တစ်ဦးနှင့်တစ်ဦး ပြွတ်သိပ်ကြပ်ညပ်ကာ မြို့ပြရှိ ဆင်းရဲသော ကျူးကျော်ရပ်ကွက်များကဲ့သို့ပင် ဖြစ်နေသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ထွက်ပြေးလာကြသည့် အရေအတွက် သောင်းနှင့်ချီသော ရိုဟင်ဂျာများ ခိုလှုံနေကြသော ဘင်္ဂလားဒေရ်ှ့နိုင်ငံသို့ Frontier က ပြီးခဲ့သည့် စက်တင်ဘာလတွင် သွားရောက်သတင်းယူခဲ့သေးသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏ စစ်ဆင်ရေးများကြောင့် နေစဉ်နှင့်အမျှ ထွက်ပြေးလာခဲ့ကြရသူများဖြစ်သည်။

ထိုမတိုင်မီ ရက်သတ္တပတ် အနည်းငယ်က အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် (ARSA) က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်က ပြန်လည်နှိမ်နှင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ နှိမ်နှင်းမှုကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ကြသည်။

ရောက်ရှိလာသည့် မိသားစုများသည် တဲထိုးရာတွင် သုံးနိုင်မည်ဟု ယူဆရသည့်အရာများကို ရှာဖွေပြီး အလုပ်ရှုပ်နေကြသည်။ နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးလာသော လူများသည် လက်ချည်းဗလာဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

စားနပ်ရိက္ခာများကို လာရောက်လှူဒါန်းကြရာတွင်လည်း မလောက်ငသဖြင့် ရုတ်ရုတ်သဲသဲ ရန်ဖြစ်ခြင်းများ တွေ့ကြုံနေရသည်။ အလှူရှင် အဖွဲ့အစည်းများကလည်း အဆင်ပြေစေရန် ရုန်းကန် ကြိုးစားနေကြရသည်။

ပြီးခဲ့သည့် ဇွန်လတွင် Frontier က ထိုနေရာသို့ ထပ်မံရောက်ရှိသွားချိန်တွင် မြင်ကွင်းက ပြောင်းလဲသွားသော်လည်း လိုအပ်နေသော အကူအညီများက မပြောင်းလဲသေးပေ။

ထိုအချိန်သည် မုတ်သုံရာသီဝင်လာတော့မည်ဖြစ်သောကြောင့် ရိုဟင်ဂျာတစ်သန်းခန့်မှာ အန္တရာယ်အသစ်အား ရင်ဆိုင်ရန် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။

ဒုက္ခရိုဟင်ဂျာများသည် ယခုအခါ အန္တရာယ်အသစ်နှင့် တွေ့ကြုံရတော့မည် ဖြစ်သည်။ ၎င်းမှာ မုတ်သုံရာသီနှင့် ဆိုင်ကလုန်း မုန်တိုင်းများ ဖြစ်သည်။

ဒုက္ခသည်အများစုမှာ လာရောက်ကူညီပေးသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၎င်းတို့၏ ရွက်ဖျင်တဲအား လုံခြုံအောင် ဖာထေးရင်း အလုပ်ရှုပ်နေကြသည်ကို တွေ့ခဲ့ရသည်။ ဗွက်ထနေသည့် လမ်းများပေါ်တွင် ဝါးလုံးများ ထမ်းယူလာသည့် အမျိုးသားများကို တွေ့ခဲ့ရပြီး လူငယ်များကလည်း ဘီလပ်မြေထုတ်များ သယ်ယူလာကြသလို အချို့ကလည်း မြေကြီးများကို တူးဆွနေကြသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ကလေးများက ပလက်စတစ်များကို လိုက်ကောက်ကာ ဝါးအရုပ်များဖြင့် ကစားနေကြသည်။ တစ်ချို့က ရွှံ့ရေများ စီးဆင်းနေသော မြောင်းထဲတွင် ကစားနေကြသည်။

တဲအများစုတွင် အမျိုးသမီးများဖြင့် ပြည့်နေပြီး ကလေးထိန်းခြင်း၊ မိသားစုအတွက် ရရှိသော ဆန်၊ ဂျုံနှင့် အာလူးများကို ချက်ပြုတ်နေကြသည်။

ရိုဟင်ဂျာနှစ်သိန်းခန့်မှာ ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ထိုအချိန်က သတိပေးခဲ့သည်။ မုန်တိုင်းဝင်ခဲ့ပါက အခြေအနေများ ပိုမိုဆိုးရွားသွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

ဘင်္ဂလားဒေရှ့် နယ်စပ်မြို့ဖြစ်သော ကော့ဘဇာတွင် သုံးနှစ်ဆက်တိုက် ဆိုင်ကလုန်း ကျရောက်ခဲ့ဖူးသည်။

ပြီးခဲ့သည့် မေလက ထိုဒေသသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့် ဆိုင်ကလုံးမုန်တိုင်းတွင် ၎င်းတို့၏ ရွက်ဖျင်တဲ ပျက်စီးသွားခဲ့ရသည်ဟု ကလေး လေးယောက်၏ ဖခင်ဖြစ်သူ အသက် ၃၀ နှစ်အရွယ် ရာဖစ်စီဒက်ခ်က ပြောသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ဒီပထမဆုံး မုန်တိုင်းက ဒီလောက် မပြင်းဘူး။ ဒါပေမယ့် ညလယ်ကြီးမှာ ကျွန်တော်တို့ တဲအမိုးလန်သွားခဲ့တယ်။ မိုးတွေက တဲထဲဝင်လာပြီး စားစရာတွေ၊ ရှိတဲ့ပစ္စည်လေးတွေ အကုန်ပျက်ဆီးသွားတယ်။ ကလေးတွေကလည်း အရမ်းကြောက်နေကြတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက ၎င်းတို့နေသည့် ရသေ့တောင်မြို့နယ်ရှိ ချပ်ပြင်ရွာကို မြန်မာစစ်သားများ ရောက်ရှိလာချိန်တွင် သူ၏ ဖခင် အသတ်ခံလိုက်ရပြီး သုံးနှစ်သားအရွယ် သားဖြစ်သူမှလည်း ခေါင်းတွင် သေနတ်မှန်ခဲ့ရသည်။ သို့သော် ကံကောင်း၍ မသေခဲ့ပုံကို သူက ပြန်ပြောင်း ပြောပြခဲ့သည်။

“အခုလည်း ဘာဖြစ်ဦးမယ် မသိဘူး။ မုတ်သုံရာသီက ဝင်လာပြီ။ ဒီကနေ ထွက်ပြေးလို့လည်း မရဘူး။ တွေးမိရင် အရမ်းကြောက်တယ်” ဟု သူက ဆိုသည်။

ဒုက္ခသည် စခန်းအနီးအနားတွင် တောင်ကုန်းများ အနှံ့ရှိနေပြီး အများစုက မတ်စောက်လှကာ မည်သည့်သီးနှံမှလည်း စိုက်ပျိုး၍ မရပေ။

ဒုက္ခသည်စခန်းအနီးရှိ အမြင့်ဆုံး တောင်ကုန်းပေါ်သို့ တက်ကြည့်လိုက်သောအခါ အသက် ၂၅ နှစ်အရွယ် မကိုရှီဒါနှင့် တွေ့ရှိခဲ့သည်။ သူမက အသက် ၁ နှစ်အရွယ် သားဖြစ်သူ အက်ဘ်ဒူလာကို ပြုစု ကုသပေးနေသည်။ သူမ၏ သားဖြစ်သူမှာ အဆုတ်ပွရောဂါ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

သို့သော် သူမအတွက် ပူပန်စရာက ထိုတစ်ခုတည်း ရှိနေသည်တော့ မဟုတ်ပေ။

“အခု အက်ဘ်ဒူလာအတွက် ဆေးရထားပြီ။ သူအဆင်ပြေသွားလိမ့်မယ်” ဟု သူမက ဆိုသည်။

ဒုက္ခသည်များ ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိလာချိန်တွင် နေထိုင်ရေးအတွက် ပလက်စတစ် အမိုးအကာနှင့် သစ်သား ဝါးစသည့် အရေးပေါ် ဆောက်လုပ်ရေးပစ္စည်းများကိုသာ အသုံးပြု တည်ဆောက်ခွင့် ပြုထားသည်။

ရေပိုက်သွယ်တန်းထားခြင်းမရှိသလို ဒုက္ခသည်များအနေဖြင့် ရေလောင်းအိမ်သာကျင်းကိုသာ အသုံးပြုရသည်။ အိမ်သာကျင်းများက ပေအနည်းငယ်သာ နက်သောကြောင့် ရေလွှမ်းမိုးပါက လျှံထွက်လာပြီး ပြည့်ကျပ်နေသော တဲအိမ်များအနှံ ပျံ့နှံ့သွားနိုင်သည်။ ထိုသို့ဖြစ်လာပါက ဝမ်းပျက်ဝမ်းလျောရောဂါကဲ့သို့ ရောဂါများ ပျံ့နှံ့သွားမည် ဖြစ်သည်။

ထို့အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များစွာလည်း ရှိနေသည်။ အဆိုးရွားဆုံးမှာ ကိုယ်ဝန်ဆောင်များအတွက် ဖြစ်သည်။

ကုလသမဂ္ဂ ကလးများအစီအစဉ် (ယူနီဆက်) ၏ အဆိုအရ ဒုက္ခသည်စခန်းများ၌ တစ်နေ့လျှင် ကလေးအယောက် ၆၀ ခန့် မွေးဖွားလျှက်ရှိသည်။ ပဋိပက္ခများ ဖြစ်ပွားပြီးကတည်းကဆိုလျှင် ကလေး အယောက် ၁၆,၀၀၀ ကျော် မွေးဖွားခဲ့ပြီးဖြစ်သည်ဟုဆိုသည်။ ၎င်းတို့အထဲမှ အယောက် ၃,၀၀၀ ခန့်သာ ဆေးခန်းတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

 class=

class=

ဒုက္ခသည်စခန်းတွင် ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့က ဖွင့်လှစ်ထားသော အရေးပေါ်ဆေးရုံးသို့ Frontier က သွားရောက် လေ့လာခဲ့သည်။

“ကျွန်မတို့မှာ ပြင်ပလူနာဌာန ရှိတယ်။ ပြီးတော့ အရေးပေါ်ဌာနလည်း ရှိတယ်။ ဒီတော့ တခြားဆေးရုံတွေက လူနာတွေကို ကျွန်မတို့ဆီ လွှဲပြောင်းပေးကြတယ်” ဟု ဆေးရုံ၏ အဖွဲ့ခေါင်းဆောင် Ms Raija Andersen က ပြောသည်။

အရှုပ်ထွေးဆုံးသော ကုသပေးရခြင်းများမှာ မီးဖွားခြင်းများဖြစ်သည်ဟု သူမက ပြောကြားသည်။ ဆေးရုံ၌ သားဖွားမည့် လူနာများနှင့် နေ့စဉ် ပြည့်ကျပ်နေသည်ဟု ဆိုသည်။ ဆေးရုံကိုလည်း ၂၄ နာရီ ဖွင့်လှစ်ထားသည်။

“မိခင်အများစုကတော့ အိမ်မှာပဲ မွေးဖွားပါတယ်။ နောက် လိုအပ်တော့မှ ဆေးခန်းသွားကြတယ်။ ဆေးခန်းမှာ ပုံမှန် မွေးလို့ မရဘူးဆိုရင် ဒီရောက်လာတာပဲ။ ဒီနေရာက သူတို့အတွက် နောက်ဆုံးအဆင့် ကူညီပေးတဲ့နေရာပဲ” ဟု သူမက ပြောသည်။

စခန်းအတွင်း လျှောက်ကြည့်လိုက်ပါက နေရာတကာတွင် ကလေးများ၏ အသံများကို ကြားနေရသည်။ ကလေးအများစုမှာ မိဘမဲ့များ ဖြစ်ကြသည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ Shamjida Begum သည် ဘင်္ဂလားဒေရှ့်မှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Health Management BD Foundation ၏ အကူအညီဖြင့် မိဘမဲ့ဂေဟာတစ်ခုကို ဖွင့်လှစ်ထားသည်။

သူ၏ ဂေဟာတွင် ကလေး ၆၀ ခန့်ရှိပြီး အများစုမှာ ဖိနပ်ပင်မရှိကြကြောင်းနှင့် ကလေးများအား ဘီစကွတ်ကဲ့သို့ စားစရာကိုပင် မပေးနိုင်ကြောင်း သူကပြောသည်။

“မိုးရာသီ ရောက်လာပြီဆိုတော့ ခက်ပြီလေ။ ဒီနေရာမှာက ရွှံ့အရမ်းများတယ်။ ကလေးတွေမှာ ဖိနပ်လည်း မရှိကြဘူး။ ထီးလည်း မရှိကြဘူး” ဟု သူကပြောသည်။

“တခြားမိဘမဲ့ဂေဟာတွေမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပေးတဲ့ ဘီစကွတ်တွေ ရကြတယ်။ ဒီမှာတော့ မရသေးဘူး” ဟု သူကပြောသည်။

နေရပ် ပြန်ပို့ရေး ကိစ္စ

ပြဿနာများ ဖြစ်ပွားပြီးကတည်းက အဓိက အရေးထားနေကြသည့် ကိစ္စမှာ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေး ဖြစ်သည်။

မြန်မာနိုင်ငံကမူ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အဆင်သင့် ဖြစ်နေပြီဟု ဆိုသည်။ သို့သော် ဘင်္ဂလားဒေရှ့်နှင့် ကုလသမဂ္ဂတို့ကမူ မြေပြင်အခြေအနေအရ ဒုက္ခသည်များကို ပြန်ပို့ရန် မဖြစ်နိုင်သေးဟု ဆိုကြသည်။

ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၎င်းကို အများပြည်သူထံ ချပြခဲ့ခြင်း မရှိပေ။ ထို့ပြင် လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာအဖွဲ့များကလည်း စာချွန်လွှာ လက်မှတ်ရေးထိုးရာတွင် ရိုဟင်ဂျာ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိဟုဆိုကာ ဝေဖန်ခဲ့ကြသည်။

 class=

class=

ကူတာပါလောင်၏ တောင်ဘက် မိုင်အနည်းငယ်အကွာရှိ နာရပါရာဒုက္ခသည်စခန်းသည် တာနက်ခ်မြို့အနီးတွင် တည်ရှိသည်။ ထိုစခန်းတွင် ဒုက္ခသည် ၄၀,၀၀၀ ခန့် နေထိုင်နေကြသည်။ ထိုနေရာသည် နတ်မြစ်တစ်လျှောက် မြန်မာနယ်စပ်နှင့် အပြိုင်သွယ်တန်း တည်ရှိသော နေရာဖြစ်သည်။

အသက် ၅၂ နှစ်အရွယ် နိုအလမ်သည် ထိုစခန်းကို သူ၏သုံးနှစ်အရွယ် သားဖြစ်သူအတူ လွန်ခဲ့သည့် လေးလခန့်က ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သောနှစ်က မောင်တော၌ စစ်တပ်က နယ်မြေရှင်းလင်းစဉ် ဇနီးဖြစ်သူ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

သူ၏ သားအကြီးနှစ်ဦးလုံး မောင်တောတွင် ရှိနေသော်လည်း ရိုဟင်ဂျာများအားလုံး နိုင်ငံသား အခွင့်အရေး မရမချင်း မြန်မာနိုင်ငံသို့ မပြန်ဟု ဆိုသည်။

“တစ်နေရာက တစ်နေရာ လွတ်လပ်စွာ သွားနိုင်ပြီး တခြားတိုင်းရင်းသားတွေလို ခွဲခြားဆက်ဆံမခံရပဲ နိုင်ငံသားအခွင့်အရေးရမှပဲ မြန်မာနိုင်ငံကို ပြန်မယ်” ဟု သူက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.