ဗုဒ္ဓဘာသာရဲ့ သရုပ်မှန်

မူဆလင်များအပေါ် ဦးတည်သည့်အကြမ်းဖက်မှုများတွင် မူဆလင်များအတွက် အလုံခြုံဆုံးနေရာသည် ဘုန်းတော်ကြီးကျောင်းများပင် ဖြစ်ခဲ့သည်

ထွန်းခိုင် ရေးသားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လူစည်ကားလှတဲ့ လားရှိုးမြို့အတွက်တော့ ပူပြင်းလှတဲ့ ၂၀၁၃ မေလရဲ့ နောက်ဆုံးနေ့များဟာ မီးတောက်မီးလျှံတွေကြောင့် အခြားမြို့တွေထက် ပိုမိုပူပြင်းနေခဲ့ပါတယ်။

မီးတောက်တွေဟာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပဋိပက္ခတွေ ဖြစ်ခဲ့ရာကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြဿနာအားလုံးရဲ့အစဟာ အသက် ၄၈ နှစ်အရွယ် မူဆလင်အမျိုးသားတယောက် မေ ၂၉ ရက်နေ့မှာ လားရှိုးမြို့ပေါ်ကို ရုတ်တရတ် ရောက်လာခဲ့တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမူဆလင်အမျိုးသားက မြို့ခံအမျိုးသမီးတယောက်ကို ဓာတ်ဆီလောင်းပြီး မီးရှိုှု့ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့သူတွေက လာရှိုးမှာရှိတဲ့ အခြားမူဆလင်တွေကိုပါ လက်စားချေဖို့ ကြိုးစားကြပါတော့တယ်။

လက်စားခြေဖို့အတွက် ကြိုးပမ်းသူတွေဟာ ပထမအဆင့်အနေနဲ့ မြို့ထဲက မူဆလင်မိဘမဲ့ဂေဟာ၊ ဗလီဝတ်ကျောင်းတစ်ခုနဲ့ မူဆလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

ဒုတိယအဆင့်အနေနဲ့ ရပ်ကွက်တွေထဲမှာနေထိုင်ကြတဲ့ မူဆလင် ထောင်ပေါင်းများစွာရဲ့အသက်တွေကို နှုတ်ယူဖို့အတွက် အကြမ်းဖက်တိုက်ခိုက်တဲ့သူတွေက ခြေဦးလှည့်လာခဲ့ပါတော့တယ်။

တိုင်းပြည်ထဲမှာ အရင်ကာလတွေက ဖြစ်ပေါ်ခဲ့တဲ့ မူဆလင်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေရဲ့ ထုံးစံအတိုင်း ဒါဇင်နဲ့ချီတဲ့ မူဆလင်တွေ သေကြေဒဏ်ရာရမယ့် အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

“မိထ္တီလာဖြစ်ပြီး တစ်လ၊ နှစ်လပဲကြာသေးတယ်။ ကျွန်တော်တို့လဲ ကြောက်လွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ဘူး”လို့ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံ မူဆလင်တယောက်က ပြောပါတယ်။

dsc_1732.jpg

အကြမ်းဖက်မှုတွေကြောင့် လားရှိုးတက္ကသိုလ်အနီးက ရဲစခန်းမှာ ခိုလှုံနေကြရတဲ့ မူဆလင်မျာအား ၂၀၁၃ ခုနှစ်၊ မေ ၃၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသူတွေကို ကယ်ဆယ်ဖို့ စစ်မှန်တဲ့ ဗုဒ္ဒဘာသာဝင်တွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လားရှိုးမြို့ပေါ်က မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်က အဲဒီအချိန်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဆရာတော်ဟာ ထောင်နဲ့ချီတဲ့ မူဆလင်တွေကို သူ့ကျောင်းမှာ လာရောက်ခိုလှုံနိုင်တယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

“လူသားခြင်းစာနာတဲ့အနေနဲ့ ကိုယ်စားသလိုစား၊ ကိုယ်နေသလိုနေရမယ်ဆိုတဲ့စိတ်နဲ့ အမြဲတမ်း ပျူပျူငှာငှာနဲ့ ကြိုဆိုခဲ့တယ်”လို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။

မိထ္ထီလာမှာ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ သွေးထွက်သံယိုမှုတွေကို သင်ခန်းစာယူပြီး လားရှိုးမှာလည်း ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ထပ်မံမဖြစ်စေဖို့အတွက် ဆရာတော်က အဲဒီဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ချခဲ့တာလို့ ဆိုပါတယ်။

ကယ်သူမဲ့နေတဲ့ မူဆလင်တွေကလည်း နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။

ဆရာတော်ဟာ စစ်ပြေးဒုက္ခသည်တွေ၊ မီးလောင်လို့ အိမ်ခြေယာခြေမဲ့နေသူတွေ၊ သဘာဝဘေးကျရောက်တဲ့ဒေသက လူတွေကို လူမျိုးဘာသာမခွဲခြားဘဲ အမြဲစောင့်ရှောက်နေတဲ့ ရဟန်းတပါးလို့ ရှမ်းပြည်မြောက်ပိုင်းမှာ ထင်ရှားပါတယ်။

အစပိုင်းမှာ လာရောက်ခိုလှှုံကြတဲ့ မူဆလင်တွေအတွက် အစားအသောက်ကို ကျောင်းတိုက်က တာဝန်ယူ ချက်ပြုတ်ကျွေးခဲ့ပေမယ့် နောက်ပိုင်းမှာ မူဆလင်တွေ စိတ်မသန့်မှာ စိုးရိမ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်ပြုတ်ခွင့်ပြုခဲ့တယ်လို့ ဆရာတော်ကမိန့်ပါတယ်။

“လူမျိုးဘာသာ မခွဲခြားဘဲ သားသမီးပမာအကုန်လုံးကို စောင့်ရှောက်တယ်လို့ မှတ်ကျောက်တင်နိုင်ခဲ့တယ်” လို့ ဆရာတော်က မိန့်ပါတယ်။

အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ မူဆလင် ၁,၂၀၀ ကျော်ကို ရက်သတ္တပေါင်းများစွာ သူ့ကျောင်းတော်ထဲမှာ နေရာထိုင်ခင်းပေးပြီး ဆရာတော်က ကယ်တင်ခဲ့ပါတယ်။

ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ပြီးခဲ့တဲ့နှစ်တွေတုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မူဆလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အသက်ဘေးကြုံခဲ့ရတဲ့ မူဆလင်တွေကို မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်လိုဘဲ စစ်မှန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ကယ်တင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ သူတို့ရဲ့ရဲရင့်တဲ့ လုပ်ရပ်တွေကြောင့် မူဆလင်ထောင်ပေါင်းများစွာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတွင်းက မူဆလင်တွေကို မုန်းတီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ မူဆလင်မုန်းတီးရေး ဟောပြောနေတဲ့ ရဟန်းတော်တွေကြောင့် မြန်မာနိုင်ငံတွင်းက ဗုဒ္ဒဘာသာဝင်တွေနဲ့ ရဟန်းတော်တွေကို သွေးဆာနေတဲ့ လူသားတွေအဖြစ် နိုင်ငံတကာက အဖွဲ့အစည်းအများအပြားက ပုံဖော်ခဲ့ကြပါတယ်။

ဒါပေမယ့် မူဆလင်တွေအပေါ် ဦးတည်တဲ့အကြမ်းဖက်မှုတွေမှာ မူဆလင်တွေအတွက် အလုံခြုံဆုံးနေရာဟာ ဗုဒ္ဒရဟန်းတော်တွေရဲ့ ကျောင်းတော်များပဲ ဖြစ်တယ်ဆိုတာ လားရှိုးဖြစ်စဉ်က သက်သေပြနေပါတယ်။ အကြမ်းဖက်မှုတွေကြုံတိုင်း မြန်မာပြည်အနှံ့အပြားက ရဟန်းတော်တွေနဲ့ ဗုဒ္ဒဘာသာဝင်တွေဟာ ဗုဒ္ဒရဲ့ လမ်းစဉ်တွေအတိုင်း ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ခဲ့ကြပါတယ်။

လားရှိုးပဋိပက္ခမဖြစ်ခင် နှစ်လခန့်အလို ၂၀၁၃ ခုနှစ်၊ မတ်လတုန်းကဖြစ်ခဲ့တဲ့ မိထ္ထီလာအကြမ်းဖက်မှုမှာလဲ ဗုဒ္ဒရဟန်းတော်တွေဟာ မူဆလင်အများအပြားကို ကယ်တင်ခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက သက်တော် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဦးဝိသုဒ္ဓဟာ မိထ္ထီလာမြို့၊ ရတနာဦးကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

ဆရာတော်သီတင်းသုံးရာ မိထ္ထီလာမြို့မှာ ဗုဒ္ဒဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား တစ်ဘက်နဲ့တစ်ဘက် အပြင်းအထန် သတ်ဖြတ်တိုက်ခိုက်မှုတွေ ၂၀၁၃ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့ပါတယ်။

ရွှေဆိုင်တစ်ခုမှာ ပိုင်ရှင်နဲ့ ဈေးဝယ်သူတွေအကြား အခြေအတင်ဖြစ်ရာကနေ ရန်ပွဲတစ်ခု စတင်ခဲ့ပြီး နာရီပိုင်းအတွင်း မူဆလင်တွေပိုင်တဲ့ရွှေဆိုင် ဖျက်ဆီးခံခဲ့ရပြီး အခြားမူဆလင်တွေဟာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

ရက်အနည်းအတွင်း နှစ်ဘက်ဘာသာဝင်တွေအကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗုဒ္ဒဘာသာ ရဟန်းတပါး သတ်ဖြတ်ခံရပြီးနောက်မှာတော့ သွေးထွက်သံယိုမှုတွေ ပိုမိုအရှိန်မြင့်လာခဲ့ပါတော့တယ်။

အနည်းဆုံး လူ ၄၀ လောက်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဒီအကြမ်းဖက်မှုရဲ့ နောက်ပိုင်းရက်တွေမှာ ရန်ပွဲမှာ မပါဝင်တဲ့ မူဆလင်တွေပါ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

လမ်းမတွေပေါ်မှာ လူသတ်ပွဲတွေကို ရက်ပေါင်းများစွာ ဆင်နွဲနေခဲ့တာကြောင့် အပြစ်မဲ့ မူဆလင်တွေဟာ အားကိုးရာမဲ့ ဖြစ်လာခဲ့ပါတယ်။

သွေးဆာနေတဲ့ လူတွေလက်ကနေ အသက်လုပြေးကြတဲ့ မူဆလင် ၈၀၀ လောက်ဟာ ဦးဝိသုဒ္ဓဆီကို မတ် ၂၀ ရက်နေ့ ညနေပိုင်းလောက်မှာ အားကိုးတကြီး ရောက်လာခဲ့ကြပါတော့တယ်။

“ဗုဒ္ဒရဲ့ မေတ္တာတရားအတိုင်း ဒုက္ခရောက်နေသူတွေကို ကယ်တင်ရမယ်ဆိုပြီး လက်ခံထားလိုက်တယ်”လို့ ဆရာတော် ဦးဝိသုဒ္ဓက မိန့်ပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဗုဒ္ဒဘာသာဝင်တွေအတွက် လက်စားခြေဖို့ မူဆလင်တွေကို လိုက်ရှာနေတဲ့သူတွေဆီကို ဒီသတင်းက နာရီပိုင်းအတွင်း ရောက်ရှိသွားပါတော့တယ်။

dsc_8892_islamic_man_and_monk_at_a_school_housing_islamic_idps.jpg

၂၀၁၃ ခုနှစ်၊ မတ်လက ဖြစ်ပေါ်ခဲ့တဲ့ မိထ္ထီလာအကြမ်းဖက်မှုတွင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခိုလှုံနေကြရသည့် မူဆလင်များနှင့် သံဃာတော်တစ်ပါး စကားပြောဆိုနေကြစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ကြောက်လန့်နေတဲ့ မူဆလင်ရာပေါင်းများစွာအတွက် ညသန်းခေါင်ကျော်မှာ နောက်ထပ်ထိတ်လန့်စရာ သတင်းဆိုးတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ မူဆလင်တွေကို ထုတ်ပေးဖို့အတွက် တောင်းဆိုမှုပဲ ဖြစ်ပါတယ်။

သွေးဆာနေတဲ့သူတွေဟာ ဆရာတော်ဦးဝိသုဒ္ဓရဲ့ ရတနာဦးကျောင်းတိုက်ကို ဝိုင်းထားလိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ ဘုန်းကြီးကျောင်းထဲက မူဆလင်တွေကို သတ်ဖြတ်ဖို့အတွက် ထုတ်ပေးဖို့ ဆရာတော်ကို တောင်းဆိုကြပါတော့တယ်။

ကျောင်းတိုက်ထဲက မူဆလင်တွေဟာ သူတို့ အသက်ရှင်သန်ရေးအတွက် ဆရာတော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေသလို လက်စားချေမယ့်သူတွေကလည်း သတ်ဖြတ်ဖို့အတွက် စောင့်နေကြပါတယ်။

ဖိအားတွေအကြား ရပ်တည်နေရတဲ့ ဆရာတော်ဦးဝိသုဒ္ဓဟာ ရဲရင့်ပြတ်သားပြီး ဗုဒ္ဒဘာသာတွေရဲ့ မှန်ကန်တဲ့ စိတ်ထားအတိုင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့တယ်။

ဆရာတော်ရဲ့ ထင်ရှားလှတဲ့စကားက“သူတို့ (မူဆလင်တွေ)ကို လိုချင်ရင်တော့ ငါ့သတ်ပြီးမှ ရမယ်” ဆိုပြီး ဖြစ်ပါတယ်။

လူ့အသက်ပေါင်း ၈၀၀ လောက်ကို ကယ်တင်ဖို့အတွက် ဆရာတော်က တွန့်ဆုတ်မနေခဲ့ပါဘူး။

“ဒုက္ခရောက်လို့ ကယ်ထားတဲ့သူတွေကို ထပ်ပြီးဒုက္ခရောက်အောင် ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဆရာတော် ဦးဝိသုဒ္ဓက မိန့်ပါတယ်။

မူဆလင်တွေအသက်ကို ရန်ရှာဖို့ ကျောင်းတိုက်ကို ဝိုင်းထားတဲ့သူတွေအတွက်တော့ သူတို့ ပထမဆုံး သတ်ဖြတ်ရမယ့်သူဟာ ဆရာတော်ဦးဝိသုဒ္ဓ ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ ထင်ထားကြမှာ မဟုတ်ပါဘူး။

နာရီပေါင်းများစွာ ဖိအားတွေ ကြုံခဲ့ရပေမဲ့ ဆရာတော်ကတော့ သူရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။

ဒါဇင်နဲ့ချီတဲ့ သွေးဆာနေသူတွေဟာ ဆရာတော်ဦးဝိသုဒ္ဓရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ပေမဲ့ နောက်ဆုံးမှာတော့ သူ့ကျောင်းတိုက်ထဲက မူဆလင်တွေကို သတ်ဖြတ်ဖို့ကိစ္စကို လက်လျှော့သွားခဲ့ကြပါတော့တယ်။

ဗုဒ္ဓရဟန်းတော်နှစ်ပါးက ကိုယ့်အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ခဲ့တဲ့ လုပ်ရပ်ကို အချိန်တိုင်းအမှတ်ရပြီး အသိအမှတ်ပြုနေတယ်လို့ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဟာဂျီဦးအေးလွင်က ပြောပါတယ်။

တိုင်းပြည်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မူဆလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေမှာ ဒီဆရာတော်နှစ်ပါးလိုဘဲ မူဆလင်တွေကို ကယ်တင်စောင့်ရှောက်ခဲ့တဲ့ ဗုဒ္ဒဘာသာဝင်တွေလည်း အများအပြားရှိတယ်လို့ ဟာဂျီဦးအေးလွင်က ပြောပါတယ်။

“ဇီးကုန်းမှာဆိုရင် ဦးဉာဏ်ဝင်း(ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း)ရဲ့ ဦးလေးဟာ အစ္စလာမ်ဘာသာဝင်တွေကို သူ့ခြံထဲမှာ ကယ်တင် စောင့်ရှောက်ထားဖူးတယ်”လို့ သူက ပြောပါတယ်။

မတူကွဲပြားမှုကို စိတ်ရှည်သည်းခံတာ၊ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဟာတာ မြန်မာလူမျိုးတွေ နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့ စိတ်ဓာတ်ဖြစ်ပြီး ဒီပုဂ္ဂိုလ်တွေက “မြန်မာ့သရုပ်မှန်ကို ဖော်ပြလိုက်တာ” လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ဦးအေးလွင်က ပြောပါတယ်။

မူဆလင်တွေကို အသုံးချပြီး နိုင်ငံရေးမှာ ထင်ပေါ်လိုသူတွေနဲ့ မူဆလင်တွေအပေါ် တိုက်ခိုက်လိုစိတ်ဖြစ်လာအောင် သွေးထိုးပေးတဲ့ အကဲဆတ်တဲ့ဝေဖန်မှုတွေ၊ မူဆလင်လွှမ်းမိုးမှုကို အစိုးရိမ်လွန်ပြီး ပြင်းထန်တဲ့ သဘောထားမှတ်ချက် ပေးမှုတွေကြောင့် မြန်မာနိုင်ငံထဲက ဗုဒ္ဒဘာသာဝင်တွေဟာ နိုင်ငံတကာမှာ ရိုင်းဆိုင်းတဲ့သူတွေအဖြစ် ပုံဖော်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီစွပ်စွဲချက်တွေကို ခြေဖျက်ပြနိုင်တဲ့ စစ်မှန်တဲ့ ဗုဒ္ဒဘာသာဝင် အများအပြားကလည်း ဗုဒ္ဒရဲ့ လမ်းစဉ်တွေအတိုင်း ကျင့်ကြံနေထိုင်နေကြဆဲ ဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.