ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူတို့ရဲ့ ဒီဇိုင်းပိုင်ရှင်

ဗိုလ်ချုပ်အောင်ဆန်းပုံပါဝင်တဲ့ ငွေစက္ကူသစ်တွေကို ဒီဇိုင်းထုတ်ဖို့ ၁၉၇၀ ပြည့်နှစ်က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လွျှို့ဝှက်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ဒီဇိုင်းပညာရှင်တစ်ယောက်ကို တာဝန်ပေး စေခိုင်းလိုက်ပါတယ်။ 

ဉာဏ်လှိုင်လင်း ရေးသားသည်။

 နှာသီးဖျားအထိ လျောကျနေတဲ့ မျက်မှန်တစ်လက်၊ ဝတ်လျှက်သား မှောက်ခုံဖြစ်နေတဲ့ လက်ပတ်နာရီတစ်လုံးတို့ဟာ မျက်နှာနဲ့ လက်ကောက်ဝတ်တို့ရဲ့ ချောင်ကျနေမှုကို သက်သေခံနေပါတယ်။

မျက်လုံးအစုံ မှိတ်လျှက်သားဟန် ပေါ်နေပေမယ့် အကြောတွေ အပြိုင်းပြိုင်းမြင်သာနေတဲ့ ခြေအစုံဟာ ကြမ်းပြင်အထက် စင်တီမီတာ အနည်းငယ်အကွာကနေ ကြွကြွလေး လှမ်းလို့လာနေတာပေ့ါ။

ခပ်ဖျော့ဖျော့နှုတ်ခမ်းတစ်စုံကို တင်းတင်းရင်းရင်း မရှိတော့တဲ့ အရေပြားအောက်က မေးရိုးကားကားနဲ့အတူ ပေါင်းစပ်မြင်ရတဲ့ မျက်နှာပေါ်မှာတော့ ဇရာကတောင် ဖုံးမထားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပုံရိပ်တွေက ထင်းထင်းလင်းလင်း ရှိနေဆဲပါပဲ။

အနက်နည်းနည်း အဖြူများများ ဆံပင်ကြဲကြဲသာ ရှိနေတော့ပေမယ့် ကျယ်ပြန့်တဲ့ နဖူးကိုပိုင်ဆိုင်ထားတဲ့ အဖိုးအိုဟာေ ကာ်လံကတုံး အကျီအဖြူလက်ရှည်ကို လက်ခေါက်ဝတ်ပြီး ပုဆိုးကိုလည်း သပ်သပ်ရပ်ရပ် စီးနှောင်ထားတယ်။ 

၁၀ ပေခန့်သာရှိတဲ့ အကွာအဝေးကို ဘေးကဖေးမတဲ့ အိမ်သားတစ်ဦးအကူအညီနဲ့ ခါးကို တတ်နိုင်သမျှ မတ်မတ်ထားပြီး လှမ်းလျှောက်လာတဲ့ အသက် ၈၆ နှစ်အရွယ် အဲဒီ အမျိုးသားကြီးရဲ့ အင်္ကျီအိပ်ကပ်ထဲမှာတော့ ဘောပင်နှစ်ချောင်း တပ်လျှက်ပေ့ါ။

သူက ပလတ်စတစ် နောက်မှီကုလားထိုင်တစ်လုံးပေါ် ဖြည်းဖြည်းညှင်းညှင်း ထိုင်ချနေရင်း အသံတစ်ခုကို အားယူပြုလိုက်ပါတယ်။ မောပန်းဟန်ကဲနေတဲ့ သူ့ရဲ့ စကားသံက “ကျွန်တော်အေးမြင့်ပါ”တဲ့။

အဲဒီနောက်မှာတော့ မြန်မာမှုဒီဇိုင်းသုတေသီလို့ ကျော်ကြားတဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းဘဝတစ်လျှောက် ဂုဏ်ယူစရာ လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းညှင်းညှင်း ပြောပြပါတယ်။ 

တစ်နေရာအရောက် အသံကိုတတ်နိုင်သမျှ ခပ်မြင့်မြင့်ပြုရင်း “ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူဒီဇိုင်းတွေကို ကျွန်တော်ရေးခဲ့တာ” လို့ အားတက်သရော ပြောချလိုက်ပါတော့တယ်။

ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်၊ ၁၉၇၂ ခုနှစ်နောက်ပိုင်း ထွက်ရှိခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူတွေကို ဒီဇိုင်းရေးဆွဲပေးခဲ့သူဟာ ဦးအေးမြင့်ပါ။

“အဲဒီအရင်တုန်းက ငွေစက္ကူဒီဇိုင်းနဲ့ ပတ်သက်လို့ မသိပါဘူး”လို့ သူကဆိုတယ်။

အမှန်တကယ်မှာလည်း ဒီလိုထူးခြားတဲ့ မှတ်တမ်းရေးထိုးခွင့်ရမယ့် ကံကြမ္မာဟာ ထိုက်တန်သူ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်လာခဲ့တဲ့ အနေအထားမျိုးပါပဲ။

အကြောင်းကတော့ ဦးအေးမြင့်ဟာ အဲဒီအချိန်က မြန်မာ့ထုတ်ကုန် သွင်းကုန် ကော်ပိုရေးရှင်းရဲ့ မြန်မာမှုဒီဇိုင်းလုပ်ငန်းတွေကို တာဝန်ယူနေသူသာဖြစ်ပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်သုံး ငွေစက္ကူ ထုတ်လုပ်ခြင်း လုပ်ငန်းခွင်နဲ့ နည်းနည်းလေးမှ နီးစပ်ဖူးသူမဟုတ်လို့ပါပဲ။

ဦးအေးမြင့်အား အမရပူရရှိ ၎င်း၏ နေအိမ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဦးအေးမြင့်အား အမရပူရရှိ ၎င်း၏ နေအိမ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ကံတရားကဖန်လာတော့ ၁၉၇၀ ခုနှစ်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ပြုလုပ်တဲ့ World Expo 70  မြန်မာပြခန်းအတွက် မြန်မာမှုဒီဇိုင်းဆောင်ရွက်ဖို့ကို တာဝန်ယူထားချိန်မှာ နိုင်ငံတော်အာဏာ ရယူထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းရဲ့ ဆင့်ခေါ်ချက် သူထံ ရုတ်တရက် ရောက်လို့လာပါတယ်။

“ဂျပန်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် သုံးရက်အတွင်း အင်္ဂလန်ရောက်အောင်လွှတ်ဖို့ ဦးနေဝင်းက ညွှန်ကြားတယ်။ ဘယ်သူမှ မပြောနဲ့တဲ့။ သံအမတ်ကြီးတောင် မသိဘူး။ ဘာကိစ္စလဲဆိုတာ” လို့ ဦးအေးမြင့်က ပြောပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ်ဝါဒကို သွတ်သွင်းကာ တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ ဦးနေဝင်းဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေအိမ်တစ်လုံး ဝယ်ယူထားပြီး သွားရောက်အနားယူလေ့ ရှိချိန်ပါ။

“အဲဒီလောက်အဝေးကြီးကို အဖွဲ့လိုက်မဟုတ်ဘဲ တစ်ယောက်တည်းသွားရမှာဆိုတော့ ရင်ခုန်တာပေါ့ဗျာ။ ကျရာတာဝန် လုပ်ရမှာပေ့ါလို့ ဆုံးဖြတ်ပြီး သွားလိုက်တယ်။ ကိုယ်ပိုင်တဲ့ကဏ္ဍတော့ ဖြစ်မယ်ထင်တာပေ့ါလေ” လို့ ဦးအေးမြင့်က ဆိုပါတယ်။

ဦးနေဝင်းက သူ့တစ်ဦး ခေါ်ထားတာတော့ မဟုတ်ပါဘူး။ အနောက်ဂျာမနီက ကူးလာမယ့် ဗိုလ်မှူးကြီးမောင်ချို၊ မြန်မာပြည်က လာရမယ့် ဗိုလ်မှူးကြီးတင်လှနဲ့ ဗိုလ်မှူးအောင်သန်းတို့ ပါဝင်တယ်လို့ ဦးအေးမြင့်က ပြန်ပြောင်းပြောပါတယ်။

“လန်ဒန်မှာ လေးယောက်စုံတော့ ဦးနေဝင်းကို သုံးခါလောက်တွေ့ရတယ်။ အိမ်မှာတော့ မတည်းရဘူး၊ ဟိုတယ်မှာ တည်းခိုင်းတယ်”လို့ ဦးအေးမြင့်က ဆိုပါတယ်။ အဲဒီနောက် ငွေစက္ကူသစ် ထုတ်လုပ်ရေးကိစ္စတွေကို ဗိုလ်မှူးကြီးတွေဖြစ်တဲ့ မောင်ချိုနဲ့ တင်လှတို့က တာဝန်ယူရပြီး ဒီဇိုင်းကိစ္စကိုတော့ ဦးအေးမြင့်နဲ့အတူ တာဝန်ယူဖို့ ဗိုလ်မှူးအောင်သန်းကို တာဝန်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။

“ဗိုလ်မှူးအောင်သန်းက ပန်းချီသင်ဖူးတယ်။ ပန်းချီအမြင်လေး အထိုက်အလျှောက် ရှိတယ်ပေ့ါဗျာ”လို့ ဦးအေးမြင့်ကပြောပါတယ်။ အဲဒီတပ်မတော်အရာရှိတွေဟာ ငွေစက္ကူထုတ်လုပ်ရေး ကိစ္စတွေမှာ အရင်ကတည်းက အတွေ့အကြုံရှိကြပြီး ဂျာမနီဘာသာစကားကိုလည်း တက်ကျွမ်းကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဦးနေဝင်းနဲ့ ငွေစက္ကူပေါ်မှာ မြန်မာမှုပန်းဒီဇိုင်းက ဘယ်အချိုးအစားလောက် ယူမယ်၊ ပုံက ဘယ်လောက်ယူမယ် စသဖြင့် အပေါ်ယံဆွေးနွေးကြပြီးနောက် သူတို့အဖွဲ့ ဂျာမနီဖက်ကူးပြီး တစ်လအတွင်း ဒီဇိုင်းကို အပြီးရေးဆွဲကြရပါတော့တယ်။ 

ငွေစက္ကူဒီဇိုင်းတွေအတွက် အခြေခံသတ်မှတ်ချက်ကတော့ အကြောင်းအရာ၊ သုံးစွဲမယ့်ပုံနဲ့ အတုလုပ်ဖို့ မလွယ်ကူရေးတို့ ဖြစ်တယ်လို့ ဦးအေးမြင့်က ပြောပါတယ်။ “အင်မတန်စိတ်တဲ့ စုတ်ချက်လေးတွေ သုံးတယ်။ လှလည်းလှရမယ် ခဲရာခဲဆစ်လည်း ဖြစ်ရမယ်လို့ ဆုံးဖြတ်တာပေ့ါ” လို့ သူကဆိုပါတယ်။

ဒီလိုနဲ့ ၁၉၇၂ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာ့ငွေစက္ကူနဲ့ လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေ ထုတ်လုပ်တဲ့ ဝါဇီစက်ရုံမှာ ပြောင်းရွှေ့ တာဝန်ထမ်းခဲ့သူ ဦးအေးမြင့်ရဲ့လက်ရာ ငွေစက္ကူတွေဟာ ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာပါတော့တယ်။

ဦးအေးမြင့်ရဲ့ ငွေစက္ကူဒီဇိုင်နာဘဝဟာ ကံကောင်းမှုတွေနဲ့ချည်း ဖြတ်သန်းခဲ့ရတာမျိုးတော့ မဟုတ်ပါဘူး။ ၅ ကျပ်တန်ငွေစက္ကူနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကိုလည်း လက်ခံရရှိလိုက်ပါသေးတယ်။

နာမည်ကျော် စာရေးဆရာ၊ သတင်းစာဆရာကြီး ဇဝနရဲ့ ဝေဖန်ချက်ကတော့ ထင်ရှားပါတယ်။ အဲဒီ ငွေစက္ကူရဲ့ နောက်ကျောက ထန်းပင်ပေါ်တက်နေတဲ့ ထန်းတက်သမား၊ ထန်းအိုးနဲ့ ထန်းသီးပုံတွေပါတဲ့ ဒီဇိုင်းမှာ ဝေဖန်စရာအချို့ ရှိနေတာကြောင့်ပါပဲ။

အချောဆွဲပြီးသား ငွေစက္ကူဒီဇိုင်းကို ဦးနေဝင်း လာကြည့်ပြီးတဲ့နောက် ပြန်ဆင်စရာရှိတာတွေ ပြင်ဆင်ရင်း ထန်းပင်နဲ့ ပတ်သက်တဲ့ အရှိတရားတစ်ခုက ချို့ယွင်းသွားတာမျိုးပါ။

“ထန်းသီးသီးတာက ပြွတ်နေအောင်သီးတာ အားလုံးလဲ သိပါတယ်။ အခိုင်လိုက်ကြီးတွေပေ့ါ။ သူ့ဆီက ပြင်ရမှာ ပြန်ကျလာတဲ့အခါကျတော့ တစ်ချို့နေရာတွေ ပြန်ပြင်ရင်း ထန်းသီးက နည်းပြီးကျဲသွားတယ်” လို့ ဦးအေးမြင့်က ဆိုပါတယ်။

“ဆရာဇဝနဝေဖန်တာ မှန်တယ်ဗျ။ အမှားကိုဝေဖန်ပြတာ လက်ခံပါတယ်” လို့လည်း သူက ဆက်ပြောတယ်။

ဦးအေးမြင့်က ဒီကိစ္စအပေါ် အခုအချိန်အထိ စိတ်မကောင်း ဖြစ်နေသေးတယ်ဆိုတာကိုလည်း သူ့ရဲ့စကားတွေထဲမှာ တွေ့ရပါတယ်။ “ဇီးပြားတို့ ချိုချဉ်တို့ ပုံနှိပ်တာမှမဟုတ်ပဲ။ ပြန်ပြင်ချင်လည်း ပြင်လို့မရဘူး” တဲ့။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့  မှတ်တမ်းတွေအရဆိုရင် ဝါဇီမှာ ဦးအေးမြင့် တာဝန်ထမ်းဆောင်တဲ့ကာလအတွင်း ဗိုလ်ချုပ်ပုံပ ါငွေစက္ကူတွေထဲက ၁ ကျပ်တန်ဟာ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်၊ ၁၀ ကျပ်တန်နဲ့ ၅ ကျပ်တန်တို့ဟာ နောက်တစ်နှစ်ဝ ဇွန်လနဲ့ အောက်တိုဘာလကုန်ရက်တွေမှာ ထွက်ရှိခဲ့ပါတယ်။

၁၅ ကျပ်တန်ကိုလည်း သူရေးဆွဲခဲ့တယ်လို့ ပြောပေမယ့် အဲဒီ ငွေစက္ကူဟာ ဝါဇီမှာ ဦးအေးမြင့် တာဝန်ထမ်းဆောင်တဲ့ ကာလအလွန် ကိုးနှစ်အကြာ၊ ၁၉၈၆ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့ရောက်မှ ထွက်ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ မှတ်တမ်းတွေက ဆိုထားပါတယ်။

“ကျွန်တော်မရှိပေမယ့် နောက်ပိုင်းထွက်တဲ့ဟာတွေ သုံးနိုင်မယ့်ပုံတွေ ထားခဲ့တယ်”လို့တော့ ဦးအေးမြင့်က ပြောပါတယ်။

ဗိုလ်ချုပ်ပုံငွေစက္ကူဒီဇိုင်း ရေးဆွဲမှုကို သူ့ဘဝမှာ ဂုဏ်ယူဖွယ်အကောင်းဆုံး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ထားပေမယ့် ဝါဇီမှာ အချိန်အကြာကြီး တာဝန် မထမ်းခဲ့ရပါဘူး။

ဦးအေးမြင့် ဒီဇိုင်းထုတ်ထားသော ဗိုလ်ချုပ်အောင်ဆန်းပုံ ပါဝင်သည့် ငွေစက္ကူများကို ပုဂံရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဦးအေးမြင့် ဒီဇိုင်းထုတ်ထားသော ဗိုလ်ချုပ်အောင်ဆန်းပုံ ပါဝင်သည့် ငွေစက္ကူများကို ပုဂံရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

လက်ထောက်ဌာနခွဲမှူးရာထူးနဲ့ ကျပ် ၅၀၀ ကနေ စတင်ရရှိတဲ့ နှုန်းထားနဲ့ အလုပ်ဝင်ပြီး နှစ်နှစ်လောက်ကြာတဲ့အချိန်မှာ အထက်အရာရှိထံ သူရေးပို့လိုက်တဲ့ စာတစ်စောင်က ဝါဇီနဲ့ ဦးအေးမြင့်ကို လမ်းခွဲဖို့ ဖြစ်စေခဲ့ပါတယ်။

“ကျွန်တော်က အဲဒီလောက်နဲ့ မစားလောက်တဲ့အကြောင်း မူလမိခင်ဌာနကို ပြောင်းချင်တဲ့အကြောင်း စာရှည်ရှည်ရေးပြီး တင်ပြလိုက်တာ စိတ်ဆိုးသွားပြီးတော့ စက်ရုံမှူးက အပြစ်ရှာတော့တာပေ့ါဗျာ” လို့ သူက ပြန်ပြောပြတယ်။ 

နောက်ဆုံးမှာတော့ ပန်းချီဆရာတစ်ယောက်အဖြစ်နဲ့ ဝါသနာအရ စုဆောင်းထားတဲ့ ဓာတ်ပုံနဲ့ ပန်းချီတွေထဲမှာ ခေတ်ပေါ်ခန္ဓာကိုယ်အသားပေး ပုံအချို့ ရှိနေတာကို အကြောင်းပြပြီး အထက်အရာရှိက သူ့ကို အလုပ်ကနေ ထုတ်ပစ်လိုက်ပါတော့တယ်။

“လုပ်စားလို့မရအောင် လုပ်တာပဲ”လို့ သူကပြောတယ်။ အဲဒီအချိန် မြန်မာပြည်က စက်ရုံအလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးဌာနအားလုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရပိုင်အဖြစ် ရှိနေတာမို့ ဌာနတစ်ခုက အခုလိုအပြစ်ချပြီး အလုပ်ထုတ်လိုက်ပြီဆိုရင် ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ပါဘူး။

“အယူခံတောင်းသေးတယ်။ ကျွန်တော့်ဖက်က ဦးလှထွန်းမြင့်ဦးဆိုတဲ့ ရခိုင်အမတ်ကြီး ရက်ကန်းပညာရှင်က ကူညီပြီး ဦးနေဝင်းဆီစာပို့ပေးတယ်။ မရပါဘူး။ ဘယ်မှာမှ လုပ်ကိုင်စားလို့မရတဲ့ ပုံစံမျိုးနဲ့ အပြစ်ချတယ်” လို့ သူက ပြန်ပြောပြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ပုံနှိပ်တဲ့ လျှို့ဝှက်စက်ရုံတစ်ခုရဲ့ သမိုင်းမှာ ဦးအေးမြင့်ရေးဆွဲခဲ့တဲ့ ငွေစက္ကူ၊ တံဆိပ်ခေါင်း၊ ထီလက်မှတ်နဲ့ ပြက္ခဒိန်ဒီဇိုင်းတွေကတော့ ဆက်လက်ရှင်သန်နေနိုင်ခဲ့ပါတယ်။

ဝါဇီက အလုပ်ပြုတ်ခဲ့တဲ့ ၁၉၇၇ ခုနှစ်မှာတော့ မန္တလေးမြို့သား ဦးအေးမြင့်ဟာ အမရပူရကိုပြန်ပြီး အခြေချရပါတော့တယ်။ ဒီလိုနဲ့ မြန်မာမှုဒီဇိုင်းလေးတွေ ဟိုနားရေး ဒီနားရေး လုပ်နေရတဲ့ ဦးအေးမြင့်ကို သူ့မိတ်ဆွေတွေက ရန်ကုန်တက် အလုပ်လုပ်ဖို့ ကူညီပေးလိုက်ကြပါတယ်။ 

“ဒီမှာလုပ်စားလို့ကတော့ ချိုချဉ်တံဆိပ်တို့ ဘာတို့ပဲရေးရမှာ။ ခင်ဗျားက ပေါက်ပေါက်မြောက်မြောက် ရေးနိုင်တဲ့ လက်ရှိတာပဲ။ ရန်ကုန်သွားမှဖြစ်မှာဆိုပြီး အတင်းကူညီပြီး လွှတ်ကြတယ်” လို့ ဦးအေးမြင့်က ပြောပါတယ်။

ဦးအေးမြင့်နဲ့ ရန်ကုန်ရဲ့ ကနဦးနေ့ရက်တွေကတော့ ၃၉ လမ်းနဲ့ လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း)ကြား မဟာဗန္ဓုလလမ်းမပေါ်မှာရှိတဲ့ ရုပ်ရှင်မင်းသားဦးထွန်းဝေရဲ့ တိုက်ခန်းကနေ စတင်ပါတယ်။

 ဒီလိုနဲ့ ဝိုင်အမ်ဘီအေအသင်းကထုတ်တဲ့ ရတနာမွန်မဂ္ဂဇင်းမှာ မျက်နှာဖုံးဆွဲခွင့်ရခဲ့ပြီး ၂၅ နှစ်တိတိ လစဉ်မပျက် မျက်နှာဖုံးပုံရေးဆွဲပေးတဲ့အထိ တာဝန်ကျေလို့ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဂုဏ်ထူးဆောင် လက်မှတ်ကိုလည်း ရရှိခဲ့ပါတယ်။

ဒါတင်မကပါဘူး၊ ဒီဖက်ခေတ်အထိ ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်တဲ့ ဘုရား၊ ပုထိုး၊ ကျောင်းကန်တွေရဲ့ မြန်မာမှု ဒီဇိုင်းတွေ၊ အနုပညာလက်ရာတွေကြောင့် မြန်မာမှုဒီဇိုင်းလောကမှာ ပညာရှင်၊ သုတေသီ ဆရာကြီးဦးအေးမြင့်ဆိုတဲ့ နာမည်တစ်လုံး လျှမ်းလျှမ်းတောက်ခဲ့ ဖြစ်ခဲ့ပါတယ်။

ဒီလိုမှတ်တမ်းကောင်းတွေရှိတဲ့ အဘိုးအိုက ဒီကနေ့မှာတော့ “ရိုးရိုးသားသားပြောရရင် ဂုဏ်ယူတာပေ့ါ၊ ဝမ်းသာတာပေ့ါ” လို့ သူ့ရဲ့ ဘဝဖြတ်သန်းမှုအပေါ် မှတ်ချက်ပြုပါတယ်။

သူက တိုးတိုးညှင်းညှင်း စကားသံလေးနဲ့ အလောသုံးဆယ် ဆက်ပြောလိုက်ပါသေးတယ်။ ငွေစက္ကူတွေမှာ မြန်မာမှုကိုဆက်ပြီး အလေးပေးတာမြင်ရတော့ ဝမ်းသာသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ ငွေစက္ကူတွေကိုလည်း ပြန်မြင်ချင်ပါတယ်ဆိုတဲ့ အကြောင်းပါ။

“ကျွန်တော်တို့ လေးစားအပ်တဲ့၊ မြတ်နိုးအပ်တဲ့ အရာမှန်သမျှကို နောက်တန်း မပို့စေချင်ပါဘူး။ ရှေ့တန်းမှာ ရှိစေချင်ပါတယ်” တဲ့။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

မှတ်ချက်- ဦးအေးမြင့်သည် လက်ရှိအချိန်တွင်မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်အနီးရှိ ၎င်း၏နေအိမ်တွင် နေထိုင်လျှက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.