ဗိုလ်ချုပ်ရုပ်တု ထူထောင်ဖို့ထက် ကတိကဝတ်များ ဖော်ဆောင်ပေးဖို့ လိုလားကြ

မြန်မာနိုင်ငံအနှံ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ တည်ဆောက်နေတာဟာ NLD ပါတီ ဦးဆောင်တဲ့အစိုးရနဲ့ တိုင်းရင်းသားတွေအကြားမှာ သဘောထားကွဲလွဲမှုတစ်ခုဖြစ်လာနေပြီး ရုပ်တုထက် ဗိုလ်ချုပ်အောင်ဆန်းထားခဲ့တဲ့ ကတိကဝတ်တွေကို ဖော်ဆောင်ပေးဖို့က ပိုအရေးကြီးတယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ထွန်းခိုင် ရေးသားသည်။

“အခုအချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်ဟာ အရေးတကြီး လိုအပ်လားဆိုတဲ့ မေးခွန်းကို မေးချင်တယ်။”

ဒါကတော့ လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အပေါ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဗညားက မေးခွန်းထုတ်လိုက်တာပါ။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ကြေးရုပ်ကို မြန်မာနိုင်ငံအရှေ့ပိုင်း၊ ကယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မှာ တည်ဆောက်ဖို့အတွက် ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကျပ်သိန်း ၆၀၀ လောက် တန်ကြေးရှိမယ့် ဒီကြေးရုပ်တုကို ယခုနှစ် အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင် ၁၉ ရက်နေ့အမှီ တည်ဆောက်မှာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွက် ပထမဆုံးဖြစ်လာနိုင်တဲ့ ဒီဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သွန်းလုပ်ဖို့အတွက် ပြည်နယ်အစိုးရက ဦးစီးမှာဖြစ်ပြီး ရန်ကုန်က ပညာရှင်တွေကိုယ်တိုင် သွားရောက်သွန်းလောင်းမှာ ဖြစ်ပါတယ်။

အစိုးရဘက်က ကြေးရုပ်ကိစ္စအားတက်သရော  လုပ်နေခဲ့ပေမယ့် ဒေသခံ တိုင်းရင်းသားတချို့ကတော့ သိပ်သဘောမကျလှပါဘူး။

လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိဖို့ကိစ္စကို မေးခွန်းထုတ်သူတွေထဲမှာ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးလည်ဖြစ်သူ ကိုဗညားလည်း အပါအဝင်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထက် တစ်ချိန်က ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား သဘောတူညီခဲ့တဲ့ တန်းတူညီမျှရေး ကတိကဝတ်က အခုအချိန်မှာ ပိုအရေးပါတယ်လို့ သူက ထောက်ပြပါတယ်။

“ဗိုလ်ချုပ်ပြောခဲ့တဲ့ အဆိုအမိန့်ကို ဘယ်သူမှ လေးစားမှု မရှိ၊ အသိအမှတ်ပြုမှု မရှိဘဲနဲ့ ကြေးရုပ်ကိုပဲ အတင်းလုပ်ခြင်းဟာ တစ်ဘက်လှည့် စည်းရုံးခြင်းလို့ ကျွန်တော်ကတော့ မြင်တယ်” လို့ ကိုဗညားက ပြောပါတယ်။

ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအကြား သဘောထားကွဲလွဲမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း မွန်ပြည်နယ်မှာ သံလွင်မြစ်ကိုဖြတ်ပြီး မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ အရှည် ၅၂၀ ပေရှိတဲ့ မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်ခဲ့ကြပါသေးတယ်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီမှာ စတင်ဆောက်လုပ်ခဲ့တဲ့ အဲဒီတံတားကို မူလက သံလွင်တံတား(ချောင်းဆုံ)လို့ အမည်ပေးထားပေမယ့် NLD အစိုးရ တက်လာတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအမည်ပြောင်းမယ့်အစီအစဉ်ကို ဒေသခံတွေက လက်မှတ်တစ်သိန်းကျော် ရေးထိုးကန့်ကွက်ခဲ့ပြီး ဆန္ဒပြပွဲတွေ လုပ်ခဲ့ပေမယ့် NLD အမတ်အများစုပါဝင်တဲ့ လွှတ်တော်က အကြိတ်အနယ်ဆွေးနွေးပြီးနောက် ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်နေ့မှာ ထောက်ခံမဲအများစုနဲ့ တံတားအမည်ကို အတည်ပြုခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ပြောင်းလိုက်တော့ ရလာဒ်က ဘာထွက်လာလဲ။ မွန်လူထုရဲ့ မကျေနပ်မှုကို ဖိတ်ခေါ်ပြီး မွန်လူမျိုးတွေစိတ်ထဲ အများကြီး ခံစားသွားရတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောပါတယ်။

တံတားအမည်ပေးရေးကိစ္စမှာ ဒေသခံလူထုဆန္ဒ မျက်ကွယ်ပြုနေတာ စိတ်ပျက်စရာကောင်းတဲ့ကိစ္စလို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ ဦးဆောင်လှုပ်ရှားသူ ဦးမင်းအောင်မွန်က ပြောပါတယ်။

သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းအဖြစ် အမည်ပေးရေး၊ မပေးရေး ဆွေးနွေးမှုတွေအပြီး မွန်ပြည်နယ် မုဒုံမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုကို လူထုဆန္ဒသဘောထား ကောက်ယူပြီးမှလုပ်ဖို့အတွက် တောင်းဆိုခဲ့တာကိုလည်း ငြင်းပယ်ခဲ့ပြန်တယ်လို့ ဦးမင်းအောင်မွန်က ပြောပါတယ်။

“ဒီအစိုးရက ပြည်သူလူထုအရေးထက် မိသားစုအရေးကို ဦးစားပေးနေသလိုပဲ”လို့ ဦးမင်းအောင်မွန်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိချိန်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်မှု များပြားလာခဲ့သည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိချိန်က စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်မှု များပြားလာခဲ့သည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

တပ်မတော်အရာရှိဟောင်းတွေ ဦးဆောင်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကို သုဝဏ္ဏဘူမိလို့ အမည်ပြောင်းလဲဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ခဲ့လို့ အစိုးရက အဲဒီအစီအစဉ်ကို နောက်ဆုတ်ခဲ့တဲ့ သာဓကရှိခဲ့တယ်လို့ ဦးမင်းအောင်မွန်က ပြောပါတယ်။

“စစ်အစိုးရလို့ စွပ်စွဲခံရတဲ့ အစိုးရတောင်မှ ဒေသခံသဘောကို လိုက်နာတဲ့အချိန်မှာ ဒီမိုကရေစီအစိုးရလက်ထက်ကျမှ ဒေသခံ သဘောထားကို အရူးလုပ်ခံရတာ ဝမ်းနည်းစရာကိစ္စပေါ့” လို့ ဦးမင်းအောင်မွန်က ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြား တင်းမာတွေ ရှိနေပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် သင်္ကေတတွေဟာ NLD အစိုးရလက်ထက်မှာ ပိုပြီး ထင်ပေါ်လာခဲ့ပါတယ်။

မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့သူတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သလို မြန်မာ့လွတ်လပ်ရေးရဲ့ ဗိသုကာတစ်ဦးလို့ တင်စားခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လက်ရှိနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်စစ်အစိုးရ လက်ထက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သိပ်ပြီး ထင်ထင်ပေါ်ပေါ် မဖြစ်ခဲ့ရပါဘူး။

၁၉၅၈ ခုနှစ်က စတင်ပြီး ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ရိုက်နှိပ်ခဲ့ပြီး ဒီအစဉ်အလာကို အစိုးရအဆက်ဆက် ထိန်းသိမ်းထားခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်ကနေ တပ်မတော်အစိုးရအာဏာမသိမ်းခင် ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း ငွေစက္ကူဒီဇိုင်း ၁၂ မျိုး ထုတ်လုပ်ခဲ့တဲ့အနက် ၁၀ မျိုးမှာ ဗိုလ်ချုပ်ပုံတွေ ပါဝင်ပါတယ်။

၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလာဒ်ကို ငြင်းဆန်ခဲ့တဲ့ တပ်မတော်အစိုးရကတော့ ယခင်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေနေရာမှာ တိရိစ္ဆာန်ရုပ်ပုံတွေနဲ့ အစားထိုးခဲ့ပါတော့တယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော်အစိုးရလက်ထက်မှာ ငွေစက္ကူဒီဇိုင်းအသစ် ၁၅ မျိုး ထုတ်ခဲ့ပေမဲ့ တစ်မျိုးထဲမှာသာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ထည့်သွင်းပြီး အသုံးပြုခဲ့ပါတယ်။

“ဗိုလ်ချုပ်ရဲ့ အမည်နာမကို အမျိုးမျိုး ဖျောက်ဖျက်ခဲ့ကြပါတယ်။ ငွေစက္ကူပေါ်က ဗိုလ်ချုပ်ပုံကို ဖြုတ်ချခဲ့တယ်။ အာဇာနည်နေ့ အခမ်းအနားတွေကို ပိတ်ပင်တယ်။ ဂုဏ်ပြုပန်းခွေချတဲ့သူတွေကို ဖမ်းဆီးခဲ့တယ်။ ဗိုလ်ချုပ်ပြတိုက်ကို ပိတ်တယ်။ အာဇာနည်ကုန်းကို ပိတ်တယ်။ ဗိုလ်ချုပ်ကြေးရုပ်တွေကို သော့ခတ်ပိတ်ထားခဲ့ပါတယ်”လို့ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးရေးအတွက် ၂၀၁၇ ခုနှစ်၊ မတ် ၁၄ ရက်နေ့က လွတ်တော်မှာဆွေးနွေးစဉ် စေတုတ္တရာ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်း အမှတ်သင်္ကေတတွေဟာ ပြန်လည်ပြီး ခေတ်စားလာခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတစ်ခုအား ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတစ်ခုအား ပညာရှင်တစ်ဦးက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“ဗိုလ်ချုပ်ကြေးရုပ်တုတွေ နိုင်ငံအတွင်း အခုလိုများပြားလာတာ ဆိုင်ကိုလိုဂျီနဲ့ ဆိုင်ပါတယ်။ ပွင့်လင်းလာတဲ့ အခုကာလမှာတော့ ဖြုတ်ခဲ့တာနဲ့ညီမျှအောင် လုပ်တယ်ကွာဆိုပြီး နေရာအနှံ့ ဗိုလ်ချုပ်ရုပ်တုတွေ အများအပြား ဖြစ်တည်လာတာ ဖြစ်ပါတယ်” လို့ ကျပ် သိန်း ၁,၅၀၀ အကုန်အကျခံပြီး နေပြည်တော်မှာထားရှိမယ့် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဖြစ်ဖွယ်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နဲ့ ပတ်သတ်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားချက်ကို ပြည်တွင်းထုတ် Newswatch ဂျာနယ်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးကာလအလွန်မှာ ဗိုလ်ချုပ်ရုပ်ပုံတွေ၊ ရုပ်တုတွေ လိုတာထက်ပိုပြီးတော့ ခေတ်စားလာခဲ့ပါတယ်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က ပဒေသာပန်းခြံတစ်ခုတည်းမှာ ဗိုလ်ချုပ်ရုပ်တုနှစ်ခုကို တစ်ပြိုင်တည်း တည်ဆောက်ခဲ့ကြတာက အမြင်သာဆုံး သက်သေပဲ ဖြစ်ပါတယ်။

“မြန်မာပြည်မှာ အုပ်စုနှစ်စုကနေ ဗိုလ်ချုပ်ပုံကို သူ့ဘက်ကတပုံ၊ ကိုယ့်ဘက်ကတပုံ တင်ခဲ့တာပဲ။ ဒါဟာဗိုလ်ချုပ်ပုံကို နိုင်ငံရေး ရည်မှန်းချက်အတွက် သုံးလာကြတာ”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ဝေဖန်ပါတယ်။

နိုင်ငံရေးသမားတွေဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်ရုပ်ပုံကို အသုံးပြုနေကြပြီး ဒါဟာ လွတ်လပ်ရေး ခေတ်ဦးက နိုင်ငံရေးသမားတွေ မဲဆွယ်ခဲ့ပုံနဲ့ သိပ်မကွာဘူးလို့လည်း သူကဝေဖန်ပါတယ်။

“တိုင်းပြည်က ဆင်းရဲနေချိန်မှာ တိုင်းပြည်ရဲ့ တကယ့်ငွေတွေကို ဘယ်မှာသုံးသင့်လဲ”လို့ ဦးသိန်းညွန့်က ဝေဖန်ပါတယ်။

လက်ရှိ NLD အစိုးရ အာဏာရရှိချိန်ကစတင်ပြီး မြန်မာနိုင်ငံအနှံ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု အသစ်ပေါင်း အနည်းဆုံး တစ်ဒါဇင်လောက်ကို စိုက်ထူပြီးဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

ဗမာတွေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အမှတ်သင်္ကေတတွေ နိုင်ငံအနှံ့ ခြေဆန့်နေချိန်မှာ အခြားလူမျိုးစု တိုင်းရင်းသားတွေကတော့ ဒီအခွင့်အရေး မရသေးပါဘူး။

ရာစုနှစ်ပေါင်းများစွာ လွတ်လပ်တဲ့သီးခြားနိုင်ငံတွေအဖြစ် တည်ထောင်ရပ်တည်ခဲ့ကြတဲ့ မြန်မာပြည်ထဲက လူမျိုးစုတွေမှာ လူမျိုးစုခေါင်းဆောင်တွေ သီးခြားကိုယ်စီ ရှိကြပါတယ်။

သမိုင်းတစ်လျောက် သူတို့တွေဟာ တစ်ဦးနဲ့ တစ်သီး တခါတရံမိတ်ဆွေဖြစ်ခဲ့ပေမယ့် တခါတရံမှာလည်း ရန်ဘက်တွေအဖြစ် တိုက်ခိုက်ကြတတ်ပါတယ်။

မြန်မာနိုင်ငံအနောက်တောင်ဘက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေက သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့တဲ့ စောဘဦးကြီးရဲ့ ပုံတူရုပ်တု စိုက်ထူခွင့်ဆိုရင်လည်း လတ်တလောမှာ ပိတ်ပင်ခံထားရပါတယ်။

“ဗိုလ်ချုပ်ရုပ်တုနဲ့ တခြားတိုင်းရင်းသားခေါင်းဆောင်တွေရုပ်တု အတူတကွ ဘာလို့ ထုလို့ မရတာလဲဆိုတာ ကျွန်တော်တို့ ပြန်မေးရမယ်”လို့ ကိုဗညားက ဝေဖန်ပါတယ်။

အစိုးရရဲ့ စာရင်းအရ တိုင်းရင်းသား ၁၃၅ မျိုးနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေက သူတို့ရဲ့ သမိုင်းကြောင်းအရ ကိုယ်စီ လက်ခံထားတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုစေချင်တာဟာ သဘာဝကျတဲ့ကိစ္စဖြစ်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

စောဘဦးကြီးရုပ်တု စိုက်ထူခွင့်တောင်းဆိုတာဟာ ပြည်ထောင်စုစနစ်အရ အစိုးရအတွက် “ရင်ဆိုင်ရမယ့် ပြဿနာ” လို့ ဦးသိန်းညွန့်က ဆိုခဲ့ပြီး ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အာဏာရထားတဲ့သူတွေ အကင်းပါးဖို့လိုတယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းရုပ်တုတွေ တိုင်းပြည်အနှံ့ တည်ဆောက်နေခြင်းထက် ဗိုလ်ချူပ်အောင်ဆန်း ထားရှိခဲ့တဲ့ တန်းတူညီမျှရေး ကတိကဝတ်ကို တိုင်းပြည်အနှံ့ ဖော်ဆောင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ ကိုဗညားက ဆိုပါတယ်။

“ဗိုလ်ချုပ်ရုပ်တုထက် ကတိကဝတ်ကို အရင်ဖော်ပြီးသွားရင် ဘယ်လောက်အထိ ဗမာတွေပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အမြင်ကြည်မလဲ။ ဘယ်လောက်အထိ လေးစားမလဲဆိုတာ ပြန်စဉ်းစားသင့်တယ်လို့ ထောက်ပြတဲ့အမြင် ဖြစ်ပါတယ်”လို့ ကိုဗညားက ပြောပါတယ်။

ဘယ်လိုဝေဖန်မှုတွေပဲရှိရှိ မြန်မာနိုင်ငံအနှံက မြို့တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်တုတွေ ဆက်လက် ထွက်ပေါ်လာစေဆဲပဲ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖွင့်လှစ်ပွဲသို့ အစိုးရတာဝန်ရှိသူများ တက်ရောက်နေကြစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.