ဖွံ့ဖြိုးလာမည့် အလားအလာရှိသော်လည်း တိုးတက်မှု နှောင့်နှေး တုန့်ဆိုင်းနေတဲ့ LPG ဈေးကွက်

ရေနံဓါတ်ငွေ့ရည် (LPG) ဈေးကွက်မှာ ဖွံ့ဖြိုးလာရန် တာဆူနေသော်လည်း အခြေခံ အဆောက်အအုံများ မရှိသေးခြင်းနှင့် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ ပြည့်မီရန် လိုအပ်နေခြင်းတို့ကြောင့် နှောင့်နှေးတုန့်ဆိုင်း နေသည်။ 

ကျော်လင်းထွန်း ရေးသားသည်။ 

ဦးအံ့ကောက်သည် အိမ်သုံးအတွက် ရေနံဓာတ်ငွေ့ရည် (LPG) များကို ဆလင်ဒါဘူးများဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ရောင်းချပြီး ထိုခဲ့စဉ်က တောင်ဒဂုံမြို့နယ်တွင် ထိုအလုပ် လုပ်ကိုင်သူမှာ သူတစ်ဦးတည်းသာ ရှိခဲ့သည်။

ယနေ့အချိန်က ၂၂၀ ဂရမ် ဓါတ်ငွေ့ဘူးလေးများကို လူအများက သုံးစွဲနေကြပြီး ငါးကီလိုဂရမ်ဆံ့ ဓါတ်ငွေ့ဘူးကြီးများကိုမူ စားသောက်ဆိုင်များတွင်သာ အများဆုံး မြင်တွေ့ရသည်။ ၂၂၀ ဂရမ်ဆံ့ ဓါတ်ငွေ့ဘူးအား ပြန်လည် ဖြည့်တင်းပါက ၅၀၀ ကျပ်ပေးရပြီး ငါးကီလိုဆံ့ ဘူးကြီးအတွက် ဖြည့်ခမှာ ၁၃,၀၀၀ ကျပ် ဖြစ်သည်။ 

ထိုအလုပ်အား စတင်လုပ်ကိုင်ခဲ့စဉ်က တစ်နေ့လျှင် ဓါတ်ငွေ့ဘူး ၁၅ ဘူးခန့်သာ ဖြည့်ပေးခဲ့ရသော်လည်း ယခုအခါ တစ်ပတ်လျှင် ၂၂၀ ဂရမ်ဆံ့ ဓါတ်ငွေ့ဘူး ၈၀ ခန့် နှင့် ငါးကီလိုဆံ့ ဓါတ်ငွေ့ဘူးကြီး ငါးဘူးခန့် ဖြည့်ပေးနေရပြီဖြစ်သည်။ 

“ကျွန်တော် ဒီအလုပ် စလုပ်တုန်းက အချိန်နဲ့စာရင် ငါးနှစ်လောက်အတွင်း ကျွန်တော်မှာ ဖောက်သည်တွေ အများကြီး ရလာတယ်။ အရင်က ထင်းနဲ့ မီးသွေး သုံးနေခဲ့ကြတဲ့ လူတွေပေါ့” ဟု ဦးအံ့ကောက်က ပြောသည်။ အသက် ၅၇ နှစ် ရှိပြီဖြစ်သော ဦးအံ့ကောက်သည် ဆေးလိပ်မီးညှိသည့် ဓါတ်ငွေ့မီးခြစ်လေးများကို ဓါတ်ငွေ့ဘူးဖြင့် ရန်ကုန်မြို့လယ်၌ လိုက်ဖြည့်ပေးခဲ့သည့် ဘဝမှ စခဲ့သူဖြစ်သည်။ 

ရေနံဓါတ်ငွေ့ရည်လုပ်ငန်း စတင်ခဲ့ပြီး အနှစ် ၂၀ ကြာခဲ့ပြီးနောက် ယနေ့အချိန်တွင် ဦးအံ့ကောက်၌ ဖောက်သည် အလုံအလောက်ရှိနေပြီဖြစ်ကာ ဘဝကလည်း စိုပြေနေပြီ ဖြစ်သည်။ 

ဓါတ်ငွေ့များကို အိမ်များ၌ အသုံးများလာသဖြင့် ဦးအံ့ကောက်ကဲ့သို့ လက်လီသမားများအတွက် ဟန်ကျနေသော်လည်း LPG ဈေးကွက်တွင်မူ အခက်အခဲများ ရှိနေသည်။ လက်လီရောင်းချသူနှင့် ဖြန့်ဝေသူ မလုံလောက်ခြင်း၊ အထူးသဖြင့် ကျေးလက်ဒေသတွင် ရှားပါးခြင်း၊ ဓါတ်ငွေ့ဈေး တည်ငြိမ်အောင် ထိန်းထားရေးနှင့် ဘေးကင်းလုံခြုံရေး စံညွှန်းများ ထားရှိရေးတို့တွင် အဟန့်အတားများ ရှိနေသည်ဟု LPG လုပ်ငန်းအား အဓိကလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များက ပြောကြားကြသည်။ အခြားအခက်အခဲတစ်ခုမှာ လက်ရှိတွင် ချက်ပြုတ်ရန် ထင်း၊ မီးသွေးနှင့် လျှပ်စစ်မီးဖို အသုံးပြုနေသူများကို ဓါတ်ငွေ့ပြောင်းသုံးရေးအတွက် ဆွဲဆောင်ရာတွင် အခက်အခဲများ ရှိနေသည်။ 

“ကျွန်တော်တို့ကို ဒီလုပ်ငန်း စတင်လုပ်ကိုင်ခွင့်ပြုတုန်းက အစိုးရရဲ့ ရည်ရွယ်ချက်က ထင်းနဲ့ မီးသွေး အသုံးပြုမှုကို အစားထိုးဖို့ပဲ” ဟု Elite Petrochemical Co Ltd ၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်သူရက ပြောသည်။ Elite Petrochemical Co Ltd ကို ၂၀၀၉ ခုနှစ်တွင် အေးရွှေဝါကုမ္ပဏီအုပ်စု၏ အစိတ်အပိုင်းအဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အေးရွှေဝါကုမ္ပဏီအုပ်စုသည် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့ကို လုပ်ဆောင်နေသည်။ 

“ဒီလို နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ငန်းမှာ လုပ်ကိုင်ရတာ ဂုဏ်ယူပါတယ်။ ဒီလုပ်ငန်းက အောင်မြင်နေပေမယ့် ကျေးလက်ဒေသအထိ ပေါက်ရောက်နိုင်အောင် ချဲ့ထွင်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပြည်တွင်း ကုမ္ပဏီဖြစ်သော Parami Energy အား LPG ဓါတ်ငွေ့များ တင်သွင်းဖြန့်ဖြူးခွင့် ပြုခဲ့သည်။ ပြည်တွင်းမှ အခြားကုမ္ပဏီများကလည်း ထိုလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စိတ်ဝင်စားလာခဲ့ကြသည်။ 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကိန်းဂဏာန်းများအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ သုံးရာခိုင်နှုန်းကသာ LPG ဓါတ်ငွေ့ကို အသုံးပြုကြသည်။ ၎င်းမှာ အရှေ့တောင်အာရှမှ အခြားနိုင်ငံများထက် များစွာ နိမ့်ကျနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် LPG ဓါတ်ငွေ့ အသုံးပြုမှုသည် မြန်မာနိုင်ငံထက် အဆ ၄၀ ခန့် ပိုမိုများပြားသည်။

ဓါတ်ငွေ့ဈေးကွက်က တိုးတက်လာမည့် အလားအလာ ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၁ ဒသမ ၅ သန်းခန့်အထိ LPG အသုံးပြုနိုင်ရန် အစိုးရက ရည်ရွယ်ထားသည်။ စွမ်းအင်ဈေးကွက် သုံးသပ်လေ့လာရေး အဖွဲ့ဖြစ်သော Argus Media ၏ ဖော်ပြချက်အရ LPG လိုအပ်မှုသည် ၂၀၁၀ ပြည့်နှစ်တွင် တန်ချိန် ၂၀,၀၀၀ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁၄၀,၀၀၀ အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ 

ရန်ကုန်မြို့လယ်မှ LPG အရောင်းဆိုင်တစ်ဆိုင်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရန်ကုန်မြို့လယ်မှ LPG အရောင်းဆိုင်တစ်ဆိုင်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဦးကျော်သူရကမူ LPG အသုံးပြုခြင်း၏ ကောင်းကျိုများကို ပြည်သူများအကြား အသိပညာပေးခြင်းဖြင့် ဈေးကွက် ပိုမို ဖွံ့ဖြိုး တိုးတက်လာနိုင်သည်ဟု ဆိုသည်။ 

LPG လုပ်ငန်း လုပ်ကိုင်သူများအတွက် သီးသန့်ဥပဒေများ ထားရှိပေးခြင်း၊ ဘေးကင်လုံခြုံရေး အပါအဝင် လုပ်ငန်း ဆောင်ရွက်မှုများတွင် စံနှုန်းများ သတ်မှတ်ပေးပါက ဈေးကွက် ပိုမိုတိုးတက်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကို စတင်ခဲ့သည်။ မကွေးတိုင်း၊ မင်းလှနှင့် မင်းဘူး မြို့နယ်များနှင့် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်များတွင် ဖြစ်သည်။ ရရှိသော ဓါတ်ငွေ့များကို LPG အသုံးပြုပြီး မောင်းနှင်နိုင်ရန် ပြင်ဆင် ပြောင်းလဲထားသော အစိုးရပိုင်ယာဉ်များအတွက် အသုံးပြုခဲ့သည်။

ဓါတ်ငွေ့မီးခြစ်များကို ဓါတ်ငွေ့ ပြန်လည်ဖြည့်တင်းပေးသော အလုပ်ကို ဦးအံကောက် လုပ်ခဲ့စဉ်က ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းသော ပရိုပိန်း (Propane) ထက် ပြည်တွင်းဖြစ် ဗြူတိန်း (Butane) ကို ပိုမိုနှစ်သက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော ပိုမို ဘေးကင်းသောကြောင့် ဖြစ်သည်။

“ပရိုပိန်းက ပေါက်ကွဲနိုင်စွမ်းအား ၁၄၀ အထိ ရှိတယ်။ ပြည်တွင်းဖြစ် ဗြူတိန်းက ပေါက်ကွဲနိုင်စွမ်း ၇၀ ထက် မပိုဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ဗြူတိန်းအား ရှာဖွေ ဝယ်ယူရသည်မှာ မလွယ်ကူကြောင်းနှင့် မှောင်ခိုဈေးကွက်မှသာ ဝယ်ယူရသည်ဟု ဦးအံကောက်က ပြောသည်။

“အဲဒီအချိန်တုန်းက ကျွန်တော်တို့လို ဓါတ်ငွေ့မီးခြစ် လိုက်ဖြည့်တဲ့ လူတွေက LPG ဓါတ်ငွေ့ကို နယ်စပ်ကနေ မှောင်ခိုတင်သွင်းတဲ့ လူတွေဆီက ဝယ်ရတယ်” ဟု ၎င်းက ပြောသည်။ 

နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် မကွေးနှင့် ဧရာဝတီတိုင်းတို့မှ LPG ထွက်ရှိမှု လျော့ကျလာသည့်အချိန်တွင် အစိုးရက ဓာတ်ငွေ့များကို ပြည်ပမှ တင်သွင်းလာရတော့သည်။ 

အရှေ့တောင် အာရှဒေသရှိ ကမ်းလွန် သဘာဝဓါတ်ငွေ့သိုက်များ အကြီးမားဆုံးရှိသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ ကမ်းလွန် သဘာဝဓါတ်ငွေ့မှ ရရှိသော ဝင်ငွေသည် နိုင်ငံခြားဝင်ငွေ အများဆုံးရသည့် တစ်ခုတည်းသော လုပ်ငန်းဖြစ်သည်။ မုတ္တမပင်လယ်ကွေ့အတွင်း တည်ရှိသော ဓါတ်ငွေ့သိုက်များမှ ရရှိသော ဓါတ်ငွေ့သည် ထိုင်းနိုင်ငံ၏ ဓါတ်ငွေ့အသုံးပြုမှုကို အများဆုံး ထောက်ပံ့ပေးနေသည်။ မြန်မာက အဘယ်ကြောင့် ကိုယ်ပိုင် LPG ဓါတ်ငွေ့များ မထုတ်လုပ်သနည်းဟု အချို့က သိချင်နေကြသည်။

“ကျွန်မတို့ နိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့ အများစုက ကမ်းလွန်ကနေ ထွက်ရှိနေတာ။ LPG ထုတ်လုပ်ဖို့ မသင့်တော်ဘူး။ ကုန်းတွင်းက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကသာ LPG ထုတ်လုပ်လို့ ရပါတယ်” ဟု ဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဒေါ်ခင်ခင်အေးက ပြောသည်။ 

၂၀၀၀ ပြည့်နှစ်များတွင် မြို့ပြဒေသများ၌ LPG အသုံးပြုမှု များပြားလာသောကြောင့် စစ်အစိုးရသည် နိုင်ငံခြားမှ ဆက်လက် တင်သွင်းနေခဲ့ရသည်။ 

၂၀၀၉ ခုနှစ်တွင် ကုမ္ပဏီ လေးခုအား LPG တင်သွင်းဖြန့်ချိခွင့် လိုင်စင်များကို စစ်အစိုးရက ခွင့်ပြုပေးခဲ့သည်။ ၎င်းတို့မှာ Elite၊ Asia World၊ Universal Energy နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်တို့ ဖြစ်ကြသည်။ နောက်တစ်နှစ်အကြာတွင် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော IB Gas အား ထပ်မံ လိုင်စင်ချပေးခဲ့သည်။

LPG ဈေးကွက်က ပုံမှန် တိုးတက်လာနေပြီး ယခုအခါတွင် နည်းပညာ ထောက်ပံ့ပေးသော ကုမ္ပဏီများ အပါအဝင် တင်သွင်းဖြန့်ချိသော ကုမ္ပဏီ ၂၀ ခန့် ရှိနေပြီ ဖြစ်သည်။ 

“ဒီကဏ္ဍကို တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့က အခြေခံ အဆောက်အအုံတွေ ထောက်ပံ့ပေးဖို့ပဲ” ဟု မတ်လအတွင်းက ရန်ကုန်မြို့သို့ လာရောက်ခဲ့သည့် ပြင်သစ်အခြေစိုက် World LPG Association ၏ လက်ထောက် စီမံခန့်ခွဲရေး ဒါရိုက်တာ Mr Michael Kelly က ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံက လက်ခံကျင်းပသော ဒုတိယအကြိမ် WLPGA ထိပ်သီးဆွေးနွေးပွဲအား တက်ရောက်ရန် ရန်ကုန်သို့ ၎င်းက လာရောက်ခဲ့ခြင်း ဖြစ်သည်။ 

 ပြင်သစ်အခြေစိုက် World LPG Association ၏ လက်ထောက် စီမံခန့်ခွဲရေး ဒါရိုက်တာ Mr Michael Kelly။ ဓာတ်ပုံ-ကျော်လင်းထွန်း

ပြင်သစ်အခြေစိုက် World LPG Association ၏ လက်ထောက် စီမံခန့်ခွဲရေး ဒါရိုက်တာ Mr Michael Kelly။ ဓာတ်ပုံ-ကျော်လင်းထွန်း

“ဒီနိုင်ငံမှာ LPG ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ဖို့ဆိုရင် အခြေခံ အဆောက်အအိုတွေ သိုလှောင်သိမ်းဆည်းတဲ့ စနစ်တွေ၊ ဆလင်ဒါတွေကို ဓါတ်ငွေ့ဖြည့်တဲ့ စနစ်တွေ တင်သွင်းဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“LPG ဈေးကွက်ကို နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေကလည်း စိတ်ဝင်စားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

“အစိုးရကို အကြံပေးလိုတာက မြန်မာနိုင်ငံက LPG ဈေးကွက် လွတ်လပ်စွာ ဖွံ့ဖြိုးစေဖို့အတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲပြီး လုပ်ဆောင်ဖို့ပါ” ဟု Kelly က ဆိုသည်။ “ပုဂ္ဂလိက ကဏ္ဍကို အကြံပေးလိုတာက အစိုးရနဲ့ လုပ်ငန်းရှင်တွေ ဆက်သွယ်နိုင်မယ့် နိုင်ငံအဆင့် LPG အသင်းကို ဖွဲ့စည်းနိုင်ဖို့ပဲ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

မတ်လ ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် ထိုလုပ်ငန်း လုပ်ကိုင်သူများက ယာယီ LPG အသင်းကို ဖွဲ့စည်းခဲ့ကြသည်။ ဝန်ကြီးဌာနကလည်း ၂၀၁၇ ခုနှစ်၊ ရေနံနှင့် ရေနံထုတ်ကုန် ဥပဒေတွင် LPG အတွက် လုပ်ထုံးလုပ်နည်းများကို ထည့်သွင်း ရေးဆွဲနေသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

ကုန်းတွင်း သဘာဝဓါတ်ငွေ့သိုက်များကို ရှာမတွေ့မချင်း LPG ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း ဒေါ်ခင်ခင်အေးက ပြောကြားသည်။ 

“ဒါပေမယ့် LPG ဓါတ်ငွေ့တွေကို နိုင်ငံခြားက ပိုမိုတင်သွင်းမယ့် အလားအလာ အတော်များများရှိနေတာကိုတော့ ကျွန်မတွေ့နေရပါတယ်” ဟု ၎င်းက ဆိုသည်။ 

အစိုးရက LPG ဓါတ်ငွေ့လုပ်ငန်းကို ပံ့ပိုးပေးနေခြင်းက ထင်းနှင့် မီးသွေးအစား LPG ကို သုံးစွဲလာရန် တွန်းအားပေးလိုခြင်း ဖြစ်သည်ဟု ဒေါ်ခင်ခင်အေးက ပြောသည်။ သို့သော် မော်တော်ယာဉ်များနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာတွင် LPG ကို အသုံးပြုရန် တောင်းဆိုမှုကိုမူ ငြင်းပယ်ခဲ့သည်။ 

“ကျွန်မတို့ CNG လို တခြား လောင်စာတွေကိုလည်း သုံးနိုင်ပါတယ်။ ဘတ်စ်ကားနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ နေရာတွေမှာ LPG ကို သုံးစွဲဖို့ မလိုအပ်သေးပါဘူး” ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်သည် Elite Petrochemical က ပိုင်ဆိုင်သော သီလဝါရှိ ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၎င်းဆိပ်ကမ်းတွင် LPG တန် ၂၀,၀၀၀ ခန့်ဆံ့သော သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ဆိပ်ကမ်းရှိ ဓါတ်ငွေ့သိုလှောင်ကန်များမှာ တစ်ကန်လျှင် တန် ၃,၀၀၀ ခန့် သိုလှောင်နိုင်သည်ဟု သိရသည်။ 

Elite Petrochemical သည် စီမံကိန်း၏ ဒုတိယအဆင့်အနေဖြင့် တန် ၂၅,၀၀၀ ဆံ့သော သိုလှောင်ရေးကန်များ တည်ဆောက်ရန် စီစဉ်ထားသည်။ 

ထို့နေ့မှာပင် သန်လျင်မြို့မှ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Parami Energy တို့၏ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းများကို ဝန်ကြီးက သွားရောက်လည်ပတ်ခဲ့ပြီး သိုလှောင်ရေးကန်များ၊ LPG အပါအဝင် လောင်စာစစ်ဆေးရေး ဓါတ်ခွဲခန်းများကို လေ့လာခဲ့သည်။ 

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအား ပံ့ပိုးနိုင်ရေးအတွက် ရေနံထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်နေသည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့ပြင် ပြည်ပတင်ပို့နိုင်ရေးအတွက်လည်း ထုတ်လုပ်သင့်သည်ဟု ၎င်းကပြောသည်။ 

ဈေးကွက် ချဲ့ထွင်ခြင်း 

နေအိမ်များတွင် LPG ကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ရေးအတွက် အတားအဆီးများမှာ ဓါတ်ငွေ့ဖြည့်ပေးသော နေရာများ လုံလောက်စွာ မရှိခြင်းနှင့် ဆလင်ဒါဘူးများ ပေါက်ကွဲမည်ကို စိုးရိမ်ခြင်း စသည်တို့ ဖြစ်သည်။ သို့သော် ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခြင်းမှာမူ ဖြစ်တောင့်ဖြစ်ခဲပင် ဖြစ်သည်။ 

LPG အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆလင်ဒါဘူးအတွင်းသို့ ဓာတ်ငွေ့ဖြည့်တင်းနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

LPG အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆလင်ဒါဘူးအတွင်းသို့ ဓာတ်ငွေ့ဖြည့်တင်းနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

LPG လုပ်ငန်းကို ဦးအံကောက် စတင်လုပ်ကိုင်ခဲ့ချိန်က ဆလင်ဒါဘူးများက ဘေးကင်းသည်ဟု ဖောက်သည်များကို သူက ရှင်းပြခဲ့ရသည်။ သို့သော် LPG ကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို သူကောင်းစွာ သိရှိခဲ့ခြင်း မရှိကြောင်းကိုမူ ဦးအံကောက်က ဝန်ခံခဲ့သည်။ 

ဦးအံ့ကောက်သည် ညောင်တုန်းတွင် LPG ဓါတ်ငွေ့ထုတ်လုပ်နေသော ရတနာဆု ကုမ္ပဏီမှ ၁၅ ကီလိုဂရမ်ဆံ့ ဆလင်ဒါဘူးကြီးကို ၁၃,၅၀၀ ကျပ်ဖြင့် ဝယ်ယူရသည်။ ထို့နောက် ၂၂၀ ဂရမ်ဆံ့ ဘူးငယ်လေးများထဲတွင် ထည့်သွင်း ရောင်းချသောအခါ ၃၄,၀၀၀ ကျပ်ခန့် ပြန်လည်ရရှိသည်ဟု ဆိုသညိ။ ရင်းနှီးငွေ၏ သုံးဆခန့် မြတ်စွန်းခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် LPG သုံးစွဲမှုသည် တစ်လလျှင် တန်  ၆,၀၀၀ ခန့် ရှိနေသည်။ ၂၀၁၁ ခုနှစ်က တန် ၃,၀၀၀ ခန့်သာ ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ဈေးကွက်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်မှာ ကြိုးပမ်းအားထုတ်မှု လိုအပ်မည်ဟု လက်လီ အရောင်းဆိုင်များနှင့် လက်ကားဖြန့်ဖြူးသူများက ဆိုသည်။ 

“သုံးစွဲမှု မြင့်တက်နေပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက အနိမ့်ဆုံး ဖြစ်နေဆဲဖြစ်ပါတယ်။ ပြည်သူတွေ၊ တိုင်းနဲ့ ပြည်နယ် အစိုးရတွေနဲ့ ဗဟုသုတ ဖြန့်ဝေရေး အစီအစဉ်တွေကို လုပ်ဆောင်ပြီး LPG သုံးစွဲမှု မြင့်တက်လာအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်သူရက ပြောသည်။ 

ချက်ပြုတ်ရာတွင် LPG ကို အသုံးပြုခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများ ရှိသည်ဟု Kelly က ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ထမင်းဟင်း ချက်ပြုတ်သော ထင်းမီးသွေးမှ မီးခိုးများကို ရှူရှိုက်ခြင်းကြောင့် တစ်နှစ်လျှင် လူလေးသန်းခန့် သေဆုံးလျှက်ရှိသည်ဟု သူက ဆိုသည်။ ထို့ပြင် ထင်း၊ မီးသွေး အသုံးပြုမှုကို လျှော့ချသောကြောင့် သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်သည်ဟု ဆိုသည်။ 

“လူတွေကလည်း LPG အသုံးပြုခြင်းရဲ့ ကောင်းကျိုးကို သိရမယ်။ အစိုးရကလည်း LPG လုပ်ငန်း လုပ်ထုံးလုပ်နည်း တွေ ချမှတ်ပေးရမယ်။ ဒါမှ လုပ်ငန်းက တိုးတက်လာမှာ” ဟု Kelly က ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- ဧရာရွှေဝါအုပ်စုက ပိုင်ဆိုင်သော Elite Petrochemical ကုမ္ပဏီ၏ LPG သိုလှောင်ကန်များ။ ဓာတ်ပုံ-Supply 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.