ဖိအားများအောက်မှ သားဖွားဆရာမများ

မြန်မာနိုင်ငံရှိ သားဖွားဆရာမများမှာ ကလေးမွေးဖွားခြင်းနှင့် သားသည်မိခင် ကျန်းမာရေး စောင့်ရှောက်မှုတို့ကိုသာ ပြုလုပ်ပေးနေသူများ မဟုတ်ကြ၊ အထူးသဖြင့် ကြီးလေးလှသော လုပ်ငန်းတာဝန်များကို အားထုတ်ကြိုးပမ်းလျက်ရှိသည့် ကျေးလက်ဒေသများ၌ ရှားရှားပါးပါး တွေ့ရှိရသောသူများလည်း ဖြစ်ကြသည်။

စာသားနှင့် ဓာတ်ပုံ – အန်းဝမ် 

ကချင်ပြည်နယ်၏ ဝေးလံခေါင်ဖျား ပူတာအိုတောင်ကြားမှ လူသူအရောက်အပေါက်နည်းသော ကျေးရွာခြောက်ရွာတွင် တစ်ဦးတည်းသော သားဖွားဆရာမအဖြစ် ၂၈ နှစ်ခန့် ဆောင်ရွက်ခဲ့သည့် ဒေါ်နာရီးဇီရမ်းအား သူ့တွေ့ကြုံခံစားမှုကို မေးမြန်းကြည့်ရာ တုံ့ပြန်ဖြေကြားမှုမှာ နှစ်နာရီမျှကြာအောင် အလုအယက် ပေါက်ကွဲသံစဉ်များဖြင့် ရှင်းပြခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

ရဝမ်တိုင်းရင်းသူ အသက် ၅၄ နှစ်အရွယ် ဒေါ်နာရီးဇီရမ်းတွင် နိမ့်ပါးသော လုပ်ခလစာနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ နည်းပါးသော အထောက်အပံ့တို့ အပါအဝင် စိတ်ဖိစီး ခံစားနေရမှုများစွာ ပါရှိသည့် စာရင်းရှည်ကြီးတစ်ခု ရှိနေပါသည်။ သူ၏ အကြီးမားဆုံး ဖိစီးခံစားနေရမှုမှာ အလုပ်တာဝန်ပမာဏ အလွန်တရာ များပြားခြင်းပင် ဖြစ်သည်။

 “သားဖွားဆရာမ အရေအတွက်က အလုံအလောက်ရှိတယ်လို့ကို မရှိပါဘူး” ဟု သူက Frontier ကို ပြောပြသည်။ သူတစ်ဦးတည်းသာ တာဝန်ယူထားရသော ကျေးရွာခြောက်ရွာရှိ စုစုပေါင်းလူဦးရေမှာ ၅,၀၀၀ ရှိသည်ဟုလည်း ထပ်လောင်းပြောပြခဲ့သေးသည်။

Midwife Phyu Phyu Htwe holds the one-month-old baby of Garu Nang Baisan, 16. (Ann Wang / Frontier)

Midwife Phyu Phyu Htwe holds the one-month-old baby of Garu Nang Baisan, 16. (Ann Wang / Frontier)

 “တချို့ညတွေဆို ကလေးမွေးပေးဖို့ သုံးကြိမ်လောက် လာခေါ်တာမျိုးတွေ ရှိပါတယ်” ဟု ပူတာအိုရှိ သူ့နေအိမ်တွင် ရှင်းပြခဲ့သည်။ ထိုအိမ်၏ ဧည့်ခန်းကို ဆေးခန်းအဖြစ် အသွင်ပြောင်းထားခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံမှ သားဖွားဆရာမတစ်ဦးအဖြစ် သူ ဆောင်ရွက်ရသော တာဝန်များတွင် ကလေးမွေးဖွားပေးခြင်းနှင့် သားသည်မိခင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများထက်ပင် ပိုနေပါသေးသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ဘေးကင်းလုံခြုံသော သောက်သုံးရေ ရင်းမြစ်များကို အသုံးပြုရေးနှင့် သန့်ရှင်းသော မိလ္လာစနစ် အသုံးပြုရေးတို့ကို အားပေးမြှင့်တင်သော လုပ်ငန်းများ၊ ကျန်းမာရေးပညာပေးနှင့် စီမံကိန်းချ ကလေးယူခြင်းဆိုင်ရာ အကြံပေးဆွေးနွေးသော လုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက  သားဖွားဆရာမများအား ဆောင်ရွက်စေသည်ဟု ဒေါ်နာရီးဇီရမ်းက ဆိုသည်။

သားဖွားဆရာမများမှာ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း နေထိုင်လျက်ရှိသော မြန်မာ့ကျေးလက်ဒေသရှိ အခြေခံကျန်းမာရေးလုပ်သားများထဲတွင် ပါဝင်သည်။ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ သားသည်မိခင် သေဆုံးမှုနှင့် မွေးကင်းစ ကလေးသူငယ် သေဆုံးမှုတို့ကို ကာကွယ်ခြင်းအတွက် အလွန်တရာ  အရေးပါပေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ မြန်မာနိုင်ငံရှိ သားသည်မိခင် သေဆုံးမှုနှုန်းမှာ ၁၉၉၀ ပြည့်နှစ်၌ ကလေးမွေးဖွားမှု ၁၀၀,၀၀၀ တိုင်းတွင် ၅၈၀ ဦးသေဆုံးခဲ့ရာမှာ ၂၀၁၃ ခုနှစ်၌ ၁၀၀,၀၀၀ လျှင် ၂၀၀ ဦးသာ ရှိခဲ့သောကြောင့် သိသိသာသာ လျော့ကျသွားခဲ့သည်။ သို့တိုင် ၂၀၁၃ ခုနှစ်တွင် ကလေးမွေးဖွားမှု ၁၀၀,၀၀၀ လျှင် ၂၆ ဦးသာ သေဆုံးမှု ရှိသည့် ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများထက်မူ များစွာမြင့်မားနေသေးသည်။ 

Pongya Nin Ngamdan, 32, is 36 weeks’ pregnant. Here she is examined by the midwife Daw Phyu Phyu Htwe at her house in Putao's Zino village. (Ann Wang / Frontier)

Pongya Nin Ngamdan, 32, is 36 weeks’ pregnant. Here she is examined by the midwife Daw Phyu Phyu Htwe at her house in Putao’s Zino village. (Ann Wang / Frontier)

သားဖွားဆရာမများ၏ အရေးပါပုံကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ယခုနှစ်အစောပိုင်း၌  ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများဖြင့် မီးမောင်းထိုး ဖော်ပြခဲ့ရာတွင် မွေးဖွားမှု ၇၆ ရာခိုင်နှုန်းမှာ နေအိမ်၌ ဖြစ်ပြီး မွေးဖွားစဉ် သေဆုံးမှုများ၏ ၉၀ ရာခိုင်နှုန်းမှာလည်း နေအိမ်တွင် သေဆုံးခြင်းပင် ဖြစ်သည်။

သားဖွားဆရာမများသည် ကျေးလက်ဒေသများ၌ ကြီးလေးသောတာဝန်များအပြင် စိန်ခေါ်မှုများနှင့်လည်း မကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။ အကြောင်းမှာ ၎င်းတို့ထံတွင် လျှပ်စစ်မီး ရရှိမှု၊ မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်မှုများ မရှိသလောက်နည်းပါးခြင်းနှင့် လမ်းပန်းများဆိုးရွားခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF မှ သားသည်မိခင်၊ မွေးကင်းစနှင့် ကလေးသူငယ် ကျန်းမာရေး အထူးကု ဒေါက်တာဆာရာဘီဘီ သူဇာဝင်းက သားဖွားဆရာမများအား ဝေးလံခေါင်ဖျား ဒေသများသို့ နေရာထိုင်ခင်းအပါအဝင် သင့်လျော်ကောင်းမွန်သော အထောက်အပံ့များ ပေးအပ်ခြင်း မရှိဘဲ ပေးပို့လေ့ရှိကြောင်း Frontier ကို ပြောသည်။

အစိုးရ ရန်ပုံငွေ တိုးမြင့်လာခြင်းကြောင့် သားဖွားဆရာမများအား ယခင်ကထက် လစာကောင်းကောင်း တိုးမြှင့်ပေးခဲ့ပြီးဖြစ်သည်ဟုလည်း သူက ဆိုသည်။ သို့သော် မက်လုံးပေး ဆွဲဆောင်မှု၊ သို့မဟုတ် လုပ်ငန်းအရ အထူးစရိတ် ခံစားခွင့် နည်းပါးခြင်းတို့ကြောင့် ဝေးလံခေါင်ဖျား ဒေသများတွင် အလုပ်လုပ်ရန် ၎င်းတို့အား စုဆောင်းရန်မှာ ခက်ခဲလျက်ရှိသည်။

The Rawang people have been encouraged by village elders to have at least five children, putting a strain on midwife services in their communities. (Ann Wang / Frontier)

The Rawang people have been encouraged by village elders to have at least five children, putting a strain on midwife services in their communities. (Ann Wang / Frontier)

သူ တာဝန် စတင်ထမ်းဆောင်ရပြီဆိုသည်နှင့် ဒေါ်နာရီးဇီရမ်းကြုံတွေ့ရသည့် အကြီးမားဆုံး အခက်အခဲမှာ ပူတာအိုတောင်ကြား တစ်လျှောက် နေအိမ်များရှိရာသို့ သွားရောက်ရန် လုံလောက်သည့် လောင်စာဆီစရိတ် လိုအပ်လာခြင်းပင် ဖြစ်သည်။

စိန်ခေါ်မှုရှိသော လုပ်ငန်းခွင်အနေအထားနှင့် လုပ်ခလစာ နိမ့်ပါးခြင်းတို့ ရှိနေသည့်တိုင် သားဖွားဆရာမများသည် အထူးသဖြင့် ကျေးလက်ဒေသများ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဒေါ်နာရီးဇီရမ်းက ဆိုသည်။

“ခရီးစရိတ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်တွေက ဆင်းရဲနွမ်းပါးနေတဲ့ မိသားစုတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်နိုင်တာကြောင့် ဒေသခံအများစုက ဆေးရုံသွားရမှာကို ကြောက်ကြပါတယ်” ဟုလည်း သူက ထပ်လောင်းပြောကြားသည်။

သူ အစိုးရိမ်ဆုံး ကိစ္စမှာ၂၀၁၁ ခုနှစ်တွင် ၁၉,၅၆၆ ဦးရှိခဲ့ရာမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၁,၄၃၅ ဦးမျှသာ ရှိနေသေးသည့် ဝမ်းဆွဲဆရာမ ရှားပါးမှုပင် ဖြစ်သည်။ 

Ma Bu Atam, 40, from Nan Kham village is nine months pregnant with her fourth baby. All of her children were born without the help of a midwife, because there was no-one available during delivery. (Ann Wang / Frontier)

Ma Bu Atam, 40, from Nan Kham village is nine months pregnant with her fourth baby. All of her children were born without the help of a midwife, because there was no-one available during delivery. (Ann Wang / Frontier)

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာလှလှအေး အဆိုအရ ကျန်းမာရေး ဝန်ကြီးဌာနက  သားဖွားဆရာမများအား အင်တိုက်အားတိုက် မွမ်းမံသင်တန်းပေးခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည် ဆို၏။ သို့သော် မွမ်းမံသင်တန်း အရည်အသွေးများကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟုလည်း သူက ဆိုသည်။

သားဖွားသင်တန်း အစီအစဉ်ကာလကို ၁၈ လမှ နှစ်နှစ်သို့ တိုးမြှင့်ခဲ့ပြီးဖြစ်သော်လည်း သင်တန်းပေးအပ်သူအများစုမှာ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်ကာလများအတွင်း သေဆုံးမှုကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်သည့် “signal function” ခုနစ်ချက် (အရေးပေါ် သားဖွားပေးခြင်းနှင့် မွေးကင်းစကလေးဆိုင်ရာ အခြေခံစောင့်ရှောက်မှု အချက် ခုနစ်ချက်) စလုံးကို မဆောင်ရွက်နိုင်ကြပေ။

မြန်မာ့သားဖွားဆရာမ အများစုမှာ ထိုခုနှစ်ချက်အနက်မှ လေးချက်ကိုသာ စွမ်းဆောင်နိုင်ကြသည်ဟုလည်း ဒေါ်လှလှအေးက ဆိုသည်။

လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က ပူတာအိုမှ မော်တော်ဆိုင်ကယ်ဖြင့် မိနစ် ၄၀ ခန့် သွားရသည့် ဇီနိုကျေးရွာတွင် ဆန်စပါး စိုက်ပျိုးသော ကလေး လေးယောက်မိခင် အသက် ၃၂ နှစ်အရွယ် ဒေါ်ပွန်းဂျာနီ ငန်ဒမ်မှာ သားဖွားဆရာမတစ်ဦး၏ အကူအညီဖြင့် ပထမဆုံးအကြိမ် မီးဖွားတော့မည် ဖြစ်သည်။ သူ၏ ပထမကလေး လေးယောက်ကို ၂၀၁၃ ခုနှစ်တွင်မှ ဦးဆုံးဖွင့်နိုင်ခဲ့သည့် ကျန်းမာရေးစင်တာ၌  သူ့ရွာမှ အမျိုးသမီးကြီးများ၏ အကူအညီဖြင့် မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ပွန်းဂျာနီ ငန်ဒမ်တွင် ကိုယ်ဝန်ရှစ်လ ရှိနေသော်လည်း သေးလှီသော သူ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် ထိုသို့ အတိအကျ ပြောရန် ခဲယဉ်းလှတော့သည်။ “သူက အာဟာရလည်း လုံလုံလောက်လောက် မရရှာပါဘူး” ဟု ဇီနိုကျေးရွာတွင် လွန်ခဲ့သော တစ်နှစ်ကမှ သားဖွားဆရာမတာဝန် ယူခဲ့သူ ဒေါ်ဖြူဖြူထွေးက ဆိုသည်။ ဒေါ်ဖြူဖြူထွေးမှာ လူပေါင်း ၄,၀၀၀ ခန့်ရှိသည့် ရဝမ်တိုင်းရင်းသား အများစုနေထိုင်သည့် အသိုင်းအဝိုင်း အတွင်းမှ အနည်းငယ်မျှသော ဗမာများအနက် တစ်ဦးဖြစ်သည်။ 

Daw Phyu Phyu Htwe, 33, travels around the local area by motorbike. She was sent to Zino village one year ago and is transferred to a new city every two years. (Ann Wang / Frontier)

Daw Phyu Phyu Htwe, 33, travels around the local area by motorbike. She was sent to Zino village one year ago and is transferred to a new city every two years. (Ann Wang / Frontier)

ရဝမ်တိုင်းရင်းသားများမှာ လူဦးရေအားဖြင့် ၁၅၈,၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ လူဦးရေ အနည်းဆုံး တိုင်းရင်းသား မျိုးနွယ်စုများအနက်မှ တစ်စု ဖြစ်ကာ ကျေးရွာရှိ သက်ကြီးရွယ်အိုများက ငယ်ရွယ်သူများအား တစ်ဦးလျှင် အနည်းဆုံး ကလေးငါးဦး မွေးဖွားရန် အားပေးလျက်ရှိသည်။

မိမိသည် ကလေးငါးဦးအထိ ယူရန် စီစဉ်ထားသည်ဟု ဒေါ်ပွန်းဂျာနီ ငန်ဒမ်က ဆိုသည်။ “ဒါပေမဲ့ အားလုံးက ဘုရားသခင်အလိုတော်အတိုင်းပါ” ဟုလည်း သူက ပြောသေးသည်။ ခရစ်ယာန်ဘာသာကို  သက်ဝင်ယုံကြည်သည့်ပြင် ဗဟုသုတလည်း ကြွယ်ဝမှုမရှိသောကြောင့် သားဆက်ခြားခြင်းလည်း မပြုလုပ်ခဲ့ဖူးပေ။

စီမံကိန်းချ ကလေးယူခြင်းမှာ မြန်မာနိုင်ငံ၌ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တစ်ရပ်အဖြစ် တည်ရှိခဲ့ပြီး ဖြစ်သည်။ လူဦးရေ ထူပြောသော နိုင်ငံကြီး နှစ်နိုင်ငံအကြား ရှိနေရသည်မှာ အခက်အခဲများစွာ ရှိ၍ လူဦးရေ တိုးပွားမှုကို အားပေးရန်ဟုဆိုကာ သားဆက်ခြားခြင်းကို ဦးနေဝင်းအစိုးရ လက်ထက်တွင် တားမြစ်ခဲ့ဖူးသည်။

 “ကျွန်မတို့က ‘စီမံကိန်းချ ကလေးယူခြင်း’ ဆိုတဲ့ အသုံးအနှုန်းကို အချိန်အတော်ကြာကြာ မသုံးစွဲနိုင်ခဲ့ပါဘူး။ ဒါကြောင့် ‘သားဆက်ခြားခြင်း’ လို့သာ ရွေးချယ်အသုံးပြုခဲ့ပါတယ်” ဟု ဒေါ်လှလှအေးက ဆိုသည်။ “ခုဆိုရင်တော့ ကျွန်မတို့က ပိုမိုပွင့်လင်းတဲ့ ခေတ်သစ်တစ်ခုအတွင်းကို ရောက်နေပါပြီ” ဟုလည်း သူက ဆိုသည်။

မည်သည့်အချိန်တွင် မည်သို့မည်ပုံ ကလေးမည်မျှ ယူကြမည်ဆိုသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးကို အားပေးထောက်ကူသည့် ကမ္ဘာလုံးဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သော ၂၀၂၀ ပြည့်နှစ် စီမံကိန်းချ ကလေးယူခြင်း အစီအစဉ်ကို မြန်မာအစိုးရက ၂၀၁၃ ခုနှစ်တွင် ကတိကဝတ်ပြုခဲ့ခြင်းမှာ “ထင်ရှားသည့် မှတ်တိုင်” တစ်တိုင် ဖြစ်သည်ဟုလည်း ဒေါ်လှလှအေးက ဖြည့်စွက်ပြောကြားသည်။

စီမံကိန်းချ ကလေးယူခြင်းဆိုင်ရာ ဆွေးနွေးမှုများမှာ ဇီနိုကျေးရွာတွင် ထိလွယ်ရှလွယ်သော ကိစ္စရပ်တစ်ခု ဖြစ်နေသေးသည်။ သားဖွားဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား  သန္ဓေတားဆေးအကြောင်း ပြောပြရန် လိုအပ်သော်လည်း ပညာရေး အဆင့်အတန်း၊ လူမှုရေး တွေးခေါ်ပြုမူပုံနှင့် ဘာသာရေး ယုံကြည်ချက်များကြောင့် စီမံကိန်းချ ကလေးယူခြင်းအကြောင်း ပြောကြားရန်ပင်  အခက်အခဲ ဖြစ်နေရသည်ဟု ဒေါ်ဖြူဖြူထွေးကလည်း ဝန်ခံပြောကြားသည်။

ဤရွာ၌သန္ဓေတားနိုင်သည့် နည်းလမ်းမှာ နှစ်ခုတည်းသာ ရှိသည်။ တစ်နည်းမှာ အမျိုးသမီးတစ်ဦး၏ ဓမ္မတာ ရာသီပေါ်သည့် ကာလကို အခြေခံ၍ ကိုယ်ဝန်မရနိုင်ချိန်တွင် လိင်ဆက်ဆံသည့် ပုံမှန်နည်းလမ်း ဖြစ်ပြီး နောက်တစ်နည်းမှာမူ ကျပ်ငွေ ၈၀၀ သာ ကုန်ကျသော သုံးလ တစ်ကြိမ် ထိုးပေးရသည့် သန္ဓေတားဆေးထိုးခြင်းနည်းပင် ဖြစ်သည်။

ဇီနိုကျေးရွာတွင် လိင်အကာအကွယ်ပစ္စည်း ကွန်ဒုံကို ရှာ၍ ရမည် မဟုတ်ချေ။

မြန်မာအစိုးရက အမျိုးသမီးများအား သန္ဓေတားဆေးများကို အခမဲ့ ထိုးပေးနိုင်ရန် စီစဉ်နေသည်ဟု ကြားသိခဲ့ရကြောင်းလည်း ဒေါ်ဖြူဖြူထွေးက ဆိုသည်။

 “ဘယ်အချိန် စလုပ်ပေးမလဲ ဆိုတာကိုတော့ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ မကြာခင်မှာ စလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်”ဟု သူက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.