ပြောင်းလဲမလာသေးတဲ့ ဆိုက်ကားနင်းသူတွေရဲ့ ဘဝ

ဆိုက်ကားတွေကို ရန်ကုန်မြို့လယ်မှာ တားမြစ်ထားပေမယ့် ဆိုက်ကားလိုင်စင်အသစ်တွေ ပြန်လည် ထုတ်ပေးစေချင်တယ်လို့ ဆိုက်ကားနင်းသူတွေက ပြောကြားကြပါတယ်။

သီရိဟန် ရေးသားသည်။

ဓာတ်ပုံများ- သိမ့်မွန်စိုး (J)

အချိန်က ညနေလေးနာရီခန့်။

ရန်ကုန်မြို့လယ် ကမ်းနားလမ်းပေါ်က ပန်းဆိုးတန်းဆိပ်ကမ်းဟာ ရန်ကုန်မြစ် တဖက်ကမ်းက ဒလမြို့ကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေတဲ့ ဖယ်ရီသင်္ဘောစီးမယ့်သူတွေနဲ့ အမြဲစည်ကားနေပါတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းအနီးမှာ အသီးအနှံတွေ ရောင်းချသူတွေ ရှိနေသလို အနှေးယာဉ်(ဆိုက်ကား) တွေလည်း ဂိတ်ထိုးထားကြပါတယ်။ ဘတ်စ်ကားတွေ၊ ကွန်တိန်နာတင်ယာဉ်ကြီးတွေ၊ လမ်းသွားလမ်းလာတွေ၊ ကားလမ်းဖြတ်ကူးသူတွေနဲ့ ရှုပ်ထွေးနေတဲ့ အဲဒီနေရာတစ်ဝိုက်မှာ ဆိုက်ကားတွေကလည်း အဆင်ပြေသလို သွားလာနေကြပါတယ်။

တကယ်တော့ အဲဒီနေရာတွေဟာ ဆိုက်ကားတွေ မဝင်ရလို့ သတ်မှတ်ထားတဲ့ ဧရိယာတွေနဲ့ ဆက်စပ်နေပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့လယ်မှာ အနှေးယာဉ်မဝင်ရ နယ်မြေတွေ သတ်မှတ်ထားပြီး ဝင်ရောက်လာတဲ့ အနှေးယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းလေ့ရှိပါတယ်။

Theint Mon Soe — J / Frontier

အနှေးယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ထားတဲ့ မြို့နယ် ခြောက်မြို့နယ်ရှိပါတယ်။ အဲဒီမြို့နယ်တွေက ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနဲ့ လမ်းမတော်မြို့နယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို သတ်မှတ်ထားတဲ့ မဝင်ရနယ်မြေတွေဟာ ခရီးသည်တွေ သွားလိုကြတဲ့နယ်မြေတွေ ဖြစ်နေတယ်လို့ ဆိပ်ကမ်းမြို့နယ်က အနှေးယာဉ်လုပ်သား ဦးစိုးလှိုင်က ဆိုပါတယ်။ “သွားရင် ဆိုက်ကားပါ အဖမ်းခံရတယ်။ ကျပ်တစ်သောင်းခွဲ ဒဏ်ဆောင်ရတယ်” လို့ သူက ဆိုပါတယ်။

ဆိုက်ကားနင်းသက် ငါးနှစ်လောက် ရှိပြီဆိုတဲ့ ဦးစိုးလှိုင် လက်ရှိ နင်းနေတဲ့ ဆိုက်ကားကတော့ ဘလက်ဘီးလို့ခေါ်တဲ့ လိုင်စင်မဲ့ ဆိုက်ကားသာ ဖြစ်ပါတယ်။ အရင်က သူနင်းတဲ့ ဆိုက်ကားတွေကတော့ လိုင်စင်ရှိခဲ့ဘူးတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် မဝင်ရနယ်မြေတွေကို ဝင်မိလို့ အသိမ်းခံရတာ စုစုပေါင်း ခြောက်စီးလောက်ရှိပြီလို့လည်း သူက ရယ်မောပြီး ပြောပါသေးတယ်။ တခြားအလုပ်ပြောင်းလုပ်ဖို့ ပိုက်ဆံစုလိုက်၊ အဖမ်းခံရလို့ ဆိုက်ကားပါသွားလိုက် ဖြစ်နေတာမို့ အခုအချိန်ထိ ဆိုက်ကားပဲ နင်းဖြစ်နေတယ်လို့ ဦးစိုးလှိုင်က ရင်ဖွင့်ပါတယ်။

Theint Mon Soe — J / Frontier

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးစေဖို့ဆိုပြီး ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့က စတင်ကာ အနှေးယာဉ်လိုင်စင်သစ်တွေ ချထားပေးခြင်း ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အနှေးယာဉ်တွေကို လိုင်စင်သစ်တွေ မထုတ်ပေးတော့ပဲ လိုင်စင်ဟောင်းတွေကိုသာ သက်တမ်းတိုးပေးလျက် ရှိပါတယ်။

လိုင်စင်မဲ့ အနှေးယာဉ်တွေကို မြို့တော် စည်ပင်က ဖမ်းဆီးလေ့ရှိရာမှာ ၂၀၀၂-၀၃ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍနှစ်အတွင်း လိုင်စင်မဲ့အနှေးယာဉ်ပေါင်း ၁၂,၃၆၉ စီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင် နယ်နိမိတ်အတွင်းမှာ အနှေးယာဉ်အရေအတွက် စုစုပေါင်း ၂၆,၄၄၅ စီး ရှိနေပါတယ်။

Theint Mon Soe — J / Frontier

တားမြစ်ဧရိယာတွေကို ဝင်မိလို့ လိုင်စင်ရှိတဲ့ ဆိုက်ကားတွေ ဖမ်းဆီးခံရပြီဆိုရင်တော့ ဆိုက်ကားနင်းသူတွေအတွက် ဆုံးရှုံးမှုက ကြီးမားလှပါတယ်။ လိုင်စင်ရှိ ဆိုက်ကားတစ်စီးရဲ့ တန်ဖိုးဟာ အရင်ကဆို ကျပ် ခုနှစ်သိန်းကနေ ရှစ်သိန်းလောက်အထိ ဈေးပေါက်တယ်။ ယခုအချိန်မှာတော့ ကျပ်ငါးသိန်းလောက်ပေါက်ဈေးရှိတယ်လို့ တာမွေမြို့နယ်က အနှေးယာဉ်လုပ်သား ကိုအောင်ကိုကိုက ဆိုပါတယ်။ သူ့ကတော့ လိုင်စင်မဲ့ ဘလက်ဘီးကို ကျပ် တစ်သိန်းနှစ်သောင်းနဲ့ ဝယ်ပြီး ကိုယ့်ဘာသာကိုယ် သန့်နေအောင် ဆင်ထားတယ်လို့ ပြောပါတယ်။

ဆိုက်ကား နင်းတဲ့သူ တစ်ယောက်ရဲ့ လုပ်အားခဟာ တစ်နေ့ကို ကျပ် ရှစ်ထောင်ကနေ တစ်သောင်းကြားရှိတတ်ပြီး ပုံမှန်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကျပ် သုံးလေးထောင်သာ ရတဲ့နေ့တွေလည်း ရှိတယ်လို့ ကိုအောင်ကိုကိုက ဆိုပါတယ်။ ဆိုက်ကားပိုင်ရှင်ဆီက ယူနင်းတဲ့သူတွေဆိုရင် ပိုင်ရှင်ကို တစ်နေ့ကို အုံနာကြေး ကျပ် ၁,၀၀၀  ပေးရပါတယ်။ ဒါက လိုင်စင်မဲ့ ဘလက်ဘီးတွေအတွက်ပါ။ လိုင်စင်ဘီးဆိုရင် အုံနာကို တစ်နေ့ ကျပ် ၁,၂၀၀ ပေးရပါတယ်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အကြိုကာလတွေမှာ အနှေးယာဉ်လုပ်သားတွေက လက်ရှိ အာဏာရပါတီဖြစ်နေပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ တစ်ထပ်တစ်အား တက်တက်ကြွကြွ ပါဝင် အားဖြည့်ခဲ့ကြပါတယ်။ NLD အလံငယ်လေးတွေကို သူတို့ရဲ့ ဆိုက်ကားပေါ်မှာ စိုက်ထူခဲ့ကြပြီး NLD ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဆိုက်ကားတွေ တသီးတစ်တန်းကြီးနဲ့ လှည့်လည် ကူညီခဲ့ကြပါတယ်။

Theint Mon Soe — J / Frontier

ရွေးကောက်ပွဲမှာ NLD တခဲနက် အနိုင်ရပြီးချိန်မှာတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ် လုပ်သားအချို့နဲ့ ဇန်နဝါရီ ၃ ရက်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ တွေ့ဆုံပြီး ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် အနှေးယာဉ်လုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။

အနှေးယာဉ်လုပ်သားတွေက အခက်အခဲတွေ တင်ပြခဲ့ကြပြီး တောင်းဆိုခဲ့တဲ့ အချက်တွေက အဓိကအချက်ကတော့ အနှေးယာဉ်လိုင်စင်တွေ ထုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိတော့ အနှေးယာဉ် လုပ်သားတွေရဲ့ အခက်အခဲတွေ ပြေလည်မှု မရှိကြသေးပါဘူး။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ကိုယ်စားလှယ် ဦးအောင်ထူးကတော့ အနှေးယာဉ်လုပ်သားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အချိန်ယူဖို့ လိုအပ်တယ်လို့လည်း သူကဆိုပါတယ်။

“လိုင်စင်တွေ ချပေးစေချင်တယ်။ စနစ်တကျ လုပ်ပေးချင်ပါတယ်။ အချိန်တော့ ယူရအုံးမယ်” လို့ သူကဆိုပါတယ်။

ဦးစိုးလှိုင်ကလည်း ရန်ကုန်မှာ ဆိုက်ကားလိုင်စင်တွေ ပြန်ထုတ်ပေးဖို့ လက်ရှိ အစိုးရကို တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

“အစိုးရအနေနဲ့ ဆိုက်ကားသမားတွေကို အရစ်ကျသော်လည်းကောင်း၊ ချေးငွေ ချပေးစေချင်တယ်။ လိုင်စင်လည်း ပြန်ချပေးစေချင်တယ်” လို့ သူကဆိုပါတယ်။

အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်းကတော့ တားမြစ်ထားတဲ့ မဝင်ရနယ်မြေတွေကို အချိန်သတ်မှတ်ပြီး ဝင်ခွင့် ပေးသင့်တယ်လို့ ပြောပါတယ်။

“ကိုယ်တွေဘက်ကလည်း စည်းကမ်းတော့ ရှိရမှာပေါ့။ မနက်ကနေ နေ့လည် ၁၂ နာရီ အထိ မဝင်နဲ့။ ဝင်ရင် ဒဏ်ရိုက်၊ ၁၂ ကျော်ရင်တော့ ဝင်ခွင့်ပေး၊ အဲဒီလိုဆို ဦးတို့လည်း ပိုက်ဆံလေးတွေ ရသင့်သလောက် ရတာပေါ့” လို့ သူက အကြံပြုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.