ပြောင်းလဲချိန်တန်ပြီဖြစ်သော လူ့အခွင့်အရေးကော်မရှင်

နိုင်ငံအတွင်းရှိ လူသားအားလုံး၏ လူ့အခွင့်အရေးများကို ပိုမိုကာကွယ်မြှင့်တင်ရေးအတွက် လူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးရန် အစိုးရက ပြုပြင်ပြောင်းလဲပေးရမည့် အချက် (၄) ချက်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်အဖွဲ့က အကြံပြုထားသည်။

ရှောင်ဘိန်း နှင့် ဂျန်နီဒိုမီနို ရေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) အား ပိုမိုထိရောက်မှု ရှိလာစေရန် ချက်ချင်းဆောင်ရွက်ရမည့် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများကို အစိုးရသက်တမ်း၏ နောက်ဆုံးနှစ်တွင် အကောင်ထည်ဖော်သင့်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေးကို ပိုမိုလေးစားလိုက်နာအောင် မြှင့်တင်ပေးနိုင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်သွားမည်ဆိုသည့် အစိုးရ၏ ရည်ရွယ်ချက်ကို ပြသနိုင်ပါလိမ့်မည်။

ဖွဲ့စည်းပြီးရှစ်နှစ်ကြာပြီးသည်အထိ လူ့အခွင့်အရေးကော်မရှင် (MNHRC) သည် ယေဘုယျအားဖြင့် ထိရောက်မှုမရှိသလို ဖြစ်နေပြီး အမျိုးသားအဆင့်လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့် ပြည့်မှီခြင်းမရှိပေ။
ကော်မရှင်ကို လူ့အဖွဲ့အစည်းအတွင်းရှိလူအနည်းစုကသာအလေးအနက်ထားကြသည်။

အကြောင်းမှာ ကော်မရှင်သည် အစိုးရထံမှ သီးခြားလွတ်လပ်မှုရှိမနေသလို နိုင်ငံအတွင်းရှိ အဆိုးဝါးဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးသဖြင့် စစ်တပ်ပါဝင် ပတ်သက်သော ချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

လက်ရှိကော်မရှင်အဖွဲ့ဝင်များသည် ပြုပြင်ပြောင်းလဲရေး အတွက် အများပြည်သူဖတ်ရှုနိုင်သော ကော်မရှင်၏ကိုယ်ပိုင်ဆန်းစစ်သုံးသပ်ချက် အစီရင်ခံစာ နှင့် မဟာဗျူဟာစီမံချက် အပါအဝင် ခြေလှမ်းအချို့လှမ်းပြီး ဖြစ်သော်လည်း ကော်မရှင်အား ပိုမိုထိရောက်လာအောင် သည့်ထက်ပိုပြီးလေးနက်သောပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ဖို့ရန် လိုအပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်အဖွဲ့ (International Commission of Jurists – ICJ) သည် ယင်းတို့၏ နောက်ဆုံးထွက်ရှိထားသော ဥပဒေအကျဉ်းချုပ် တင်ပြချက်တွင် နိုင်ငံအတွင်းရှိ လူသားအားလုံး၏ လူ့အခွင့်အရေးများကို ပိုမိုကာကွယ်မြှင့်တင်နိုင်စေရန် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲရေး (၄) ချက်ကို အကြံပြုတင်ပြထားပါသည်။

လူ့အခွင့်အရေး ရှေ့နေများဖြင့်ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ICJ သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အမျိုးသားအဆင့်လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အတူတကွလုပ်ကိုင်လျက်ရှိပါသည်။ ဤအတွေ့အကြုံများ၊ MNHRC ၏ ကိုယ်ပိုင် လေ့လာဆန်းစစ်ချက်အစီရင်ခံစာ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် အမျိုးသားအဆင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ အပြည်ပြည်ဆိုင်ရာမဟာမိတ်အဖွဲ့တို့၏ သုံးသပ်ချက်များ စသည်တို့အပေါ်အခြေခံပြီး ICJ ၏ တင်ပြချက်တွင် MNHRC သည် အမျိုးသားအဆင့်လူ့အခွင့်အရေးအဖွဲ့အစည်းများအတွက် စံနှုန်းများကို သတ်မှတ်ပေးသော ကုလသမဂ္ဂပါရီအခြေခံသဘောတရားများနှင့် ပိုမိုကိုက်ညီမှုရှိစေရန် မည်သို့ဆောင်ရွက် နိုင်သည်ကို ဖော်ပြထားပါသည်။ 

လက်ရှိတွင် MNHRC သည် ပါရီအခြေခံသဘော တရားများကို အပြည့်အဝလိုက်နာမှုမရှိသောကြောင့်အမျိုးသားအဆင့်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ မှ MNHRC ကို အဆင့် (ခ) အဖြင့်သာ သတ်မှတ်ထားပါသည်။

ပထမဦးစွာ သမ္မတနှင့် ကော်မရှင်အဖွဲ့ဝင်စီစစ်ရွေးချယ်ရေးအဖွဲ့တို့သည် လက်ရှိအဖွဲ့ဝင်များနှင့် မတူညီဘဲ  လူ့အခွင့်အရေးကို စနစ်တကျ မြှင့်တင်ကာကွယ်ပေးနိုင်သော အရည်အချင်းပြည့်မှီသော အဖွဲ့ဝင်များကို ရွေးချယ် ခန့်အပ်ရန်လိုအပ်ပါသည်။ ယင်းကို ချက်ချင်းဆောင်ရွက်သင့်ပြီး ဆောင်ရွက်နိုင်သည့်အနေအထားလည်းဖြစ်သည်။

အကြောင်းမှာ လက်ရှိတွင် ၂၀၁၄ MNHRC ဥပဒေအရ အနည်းဆုံးရှိရမည့် ကော်မရှင်အဖွဲ့ ဦးရေ (၇) ဦးနှင့်သာ ဆောင်ရွက်ထားရှိသောကြောင့် ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်များကို ယင်းတို့၏ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်မှုအရ ရွေးချယ်သင့်ပြီး အဖွဲ့ဝင်များသည် လူ့အဖွဲ့အစည်း၏ မျိုးနွယ်စု၊ ဘာသာ၊ ဒေသ၊ ကျားမ၊ နှင့် လိင်စိတ်တိမ်းညွှတ်မှု ခွဲပြားခြားနားမှုတို့ကို ထင်ဟပ်သင့်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကော်မရှင်အဖွဲ့အပေါ် အများပြည်သူ၏ ယုံကြည်မှု အထူးသဖြင့် မြန်မာနိုင်ငံ၏ လူနည်းစုအဖွဲ့များ၏ ယုံကြည်မှု ပိုမိုရှိလာမည်ဖြစ်သည်။

ထို့အပြင် ရွေးချယ်ခန့်အပ်ရေးလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုရှိပြီး လုံလောက်သော အကြံဉာဏ်များနားထောင် ပြီးလက်ခံ ဆောင်ရွက်မှုလည်းရှိသင့်ပါသည်။

ဒုတိယအချက်အနေဖြင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာနှင့် သီးခြားလွတ်လပ်မှုတို့ကို ပိုမိုအားကောင်းလာစေရန် ဒီချုပ်ပါတီလွှမ်းမိုးသော ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၄ MNHRC ဥပဒေကို ပြင်ဆင်သင့်ပါသည်။

ပြင်ဆင်သင့်သောဥပဒေပုဒ်မများထဲမှ တစ်ခုမှာ ပုဒ်မ ၃၇ ဖြစ်သည်။ ထိုပုဒ်မ ၃၇ သည် တရားရုံးသို့ရောက်နှင့်ပြီးဖြစ်သော လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များကို  MNHRC က စုံစမ်းစစ်ဆေးခွင့်ကို ပိတ်ပင်ထားသလို ဖြစ်နေပါသည်။ တရားစွဲဆိုအရေးယူမှုများသည် လူ့အခွင့်အရေးနှင့်အညီဖြစ်စေရန် ထိုအမှုများကို စောင့်ကြည့်နိုင်ဖို့ရန်အတွက် MNHRC ၏အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ရာဇဝတ်မှုတစ်ခုတွင် တရားပြိုင်များ မျှတသောတရားစီရင်မှု အခွင့်အရေးရပိုင်ခွင့်ကို ချိုးဖောက်ခြင်းရှိမရှိကို ကော်မရှင်အဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခွင့် ရှိသင့်ပါသည်။

တတိယအချက်အနေဖြင့် လွှတ်တော်၏ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီသည် လက်ရှိဆောင်ရွက်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၏ တစိတ်တဒေသအနေဖြင့် MNHRC ကို အခြေခံဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း အဆင့် သို့ရောက်ရှိလာစေရန် ပြင်ဆင်ချက်များကို အဆိုပြုသင့်ပါသည်။

လက်ရှိ MNHRC ကို သာမန်ပြဌာန်းဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ထားသဖြင့် ဥပဒေအသစ် (သို့) အမိန့်ဖြင့် အလွယ်တကူပြင်ဆင်နိုင်ပေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်းအခြေအနေကို ထောက်ရှုသုံးသပ် ရလျှင်လျင် MNHRC ကို အခြေခံဥပဒေအရဖွဲ့စည်းတည်ထောင်ခြင်းသည် အမျှော်အမြင်ကြီးသော လုပ်ရပ်ဖြစ်ပေသည်။

ဒီမိုကရေစီစနစ်သို့ကူးပြောင်းနေသည့် ကာလအတွင်း အရှေ့တီမောနှင့် ဖိလစ်ပိုင်တို့၏ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများသည်လည်း ယင်းတို့၏ အခြေခံဥပဒေများတွင် ထည့်သွင်းပြဌာန်း တည်ထောင်ထားပါသည်။ မြန်မာနိုင်ငံနှင့်မတူညီသည့်နောက်တစ်ချက်မှာ ယင်း နှစ်ဖွဲ့စလုံးသည် အမျိုးသားအဆင့်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ အပြည်ပြည်ဆိုင်ရာမဟာမိတ်အဖွဲ့ ၏ အဆင့်သတ်မှတ်ချက်တွင် (က) အဆင့် ရရှိထားကြပါသည်။ အခြေခံဥပဒေအရအကာအကွယ်ပေးထားခြင်းဖြင့် နိုင်ငံရေး လှိုင်းလုံးများကြားထဲ ရောက်ရှိနေပါစေ MNHRC သည် ယင်း၏တာဝန်များကို ပိုမိုဆောင်ရွက်နိုင်ပြီး ယင်းသီးခြားလွတ်လပ်မှုကိုထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ချက်ချင်းလက်ငင်း ဆောင်ရွက်ဖို့ရန်လိုအပ်သော်လည်း ဥပဒေပြင်ဆင်ရေးတစ်ခုတည်းဖြင့် MNHRC ၏ ထိရောက်မှုနှင့် ကော်မရှင်အပေါ် အများပြည်သူယုံကြည်မှု တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ကော်မရှင်အဖွဲ့ဝင်များ၏ ချဉ်းကပ်ပုံနှင့် သဘောထားများကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုမြောက်သည့် ဆိုးဝါးသော ချိုးဖောက်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်အောင် (ယခုအချိန်အထိ ယင်းကိစ္စများနှင့် ပတ်သက်တ်ပြီး တုဏှိဘာဝေ နေလျက်ရှိသည်) လုပ်ပိုင်ခွင့်တာဝန်ကို ကျယ်ပြန့်စွာဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။

ထိုပြုပြင်ပြောင်းလဲရေးများကို ချက်ချင်းဆောင်ရွက်နိုင်သလို တပြိုင်နက်တည်းလည်း ဆောင်ရွက်နိုင်ပါသည်။ ၂၀၁၄ MNHRC ဥပဒေပြင်ဆင်ရေး နှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့သည် တပြိုင်နက်တည်းဆောင်ရွက်နိုင်သလို ဆောင်လည်း ဆောင်ရွက်သင့်ပါသည်။ ပြဌာန်းဥပဒေပြင်ဆင်ရေးသည် လက်ရှိဥပဒေ၏ အကန့်အသတ်များကို ဖြေရှင်းခြင်းဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးသည် MNHRC အား အခြေခံဥပဒေ၏အကာအကွယ်နှင့် ဘဏ္ဍာရေးအရသီးခြားလွတ်လပ်မှုပိုမိုရှိလာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

တပြိုင်နက်တည်းတွင် ကော်မရှင်အဖွဲ့ဝင်များကို မတူကွဲပြားသောအတွေ့အကြုံများနှင့် အမှတ်သညာများကို ထင်ဟပ်နိုင်သူများကို ခန့်အပ်သင့်ပြီး တဖက်တွင်လည်း ကော်မရှင်အဖွဲ့ဝင်များသည် ယင်းတို့၏ လုပ်ပိုင်ခွင့်တာဝန်များကို ပိုမိုကျယ်ပြန့်စွာဖြန့်ကျက်ဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်ဆို သင့်ပါသည်။

ထိုပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သင့်သည်မှာ ကြာပြီးဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းရှိ လူသားအားလုံး၏ လူ့အခွင့်အရေးများကို ပိုမိုစောင့်ရှောက်နိုင်ဖို့ရန် နှင့် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတို့ တည်ထောင်ရေးကို ဦးထိပ်ထား ဆောင်ရွက်နေသည်ကို အမှန်အတိုင်းပြသနိုင်ဖို့ရန် ပြုပြင်ပြောင်းလဲရေးကို အချိန်မဆိုင်းဘဲ အကောင်ထည်ဖော်သင့်ပါသည်။ 

ရှောင်ဘိန်းသည် ICJ ၏ ဥပဒေအကြံပေးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကိစ္စရပ်များကို ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်လျက်ရှိပါသည်။ ဂျန်နီဒိုမီနိုသည် ICJ တွဲဖက်ဥပဒေအကြံပေးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ICJ ၏ အကျဉ်းချုံး အစီရင်ခံစာကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် အောက်ပါ အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည် – https://www.icj.org/four-immediate-reforms-to-strengthen-the-myanmar-nat…

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.