ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် နှစ်၇၀မြောက် ကရင်အာဇာနည်နေ့သို့ တက်ရောက်ခဲ့သည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းသုံးဦးကို မြင်တွေ့ရစဉ်။ ၎င်းတို့သည် နော်စူဆန်နာလှလှစိုး (ဝဲဘက်)၊ နော်အုန်းလှ (အလယ်) နှင့် မန်းသန်းဝင်းဦး (ယာဘက်)တို့ ဖြစ်ကြသည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ပြိုင်ဆိုင်မှုပြင်းထန်လာမယ့် ရန်ကုန်က ကရင်နဲ့ရခိုင်ဝန်ကြီးနေရာလုပွဲ

ရန်ကုန်တိုင်းဒေသကြီးရှိ လက်ရှိကရင်နှင့်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှစ်ဦးသည် မိမိတို့၏ အသိုင်းအဝိုင်းများအတွက် အားရစရာကောင်းလောက်အောင် အလုပ်မလုပ်ဟု ဆိုလာသူများက တက်ကြွလှုပ်ရှားသူအချို့ဖြစ်သည်။

ထို့ကြောင့်ပင် ၎င်းတို့သည် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် အဆိုပါနေရာကို ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။ ယင်းနှစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်လူစာရင်းကို ကြည့်ပါက လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများပါဝင်သည်ဖြစ်ရာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှမည်မှာ အမှန်ပင်။

ရဲမွန် ရေးသားသည်။

မိမိတင်မြှောက်ထားသည့် ဝန်ကြီးကို မကြိုက်၊ မနှစ်သက်၊ အားမရ၍ ယင်းဝန်ကြီးနေရာကို ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်က ကိုတင်ထူးအောင်ဖြစ်သည်။ ၎င်းသည် လာမည့် နိုဝင်ဘာအထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာသည့် အခြေခံအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ကိုတင်ထူးအောင်သည် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြဿနာများကို လက်ရှိရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက အားရဖွယ်ကောင်းလောက်အောင် ဖြေရှင်းပေးခြင်းမရှိဟု ရှုမြင်သည်။

“အလုပ်သမားတွေက လိမ်နေတယ်”ဟု အငြင်းပွားမှုတစ်ခုကို ဖြေရှင်းခဲ့စဉ်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ထည့်သွင်းပြောကြားခဲ့သည်ဟု ကိုတင်ထူးအောင်က ဆိုသည်။ ၎င်းအပါအဝင် ရန်ကုန်နေရခိုင်လူထုသာမက အလုပ်သမားအဖွဲ့အစည်းအများစုကပါ ယင်းအချိန်က ဦးဇော်အေးမောင်ကို ထိုသို့ပြောဆိုမှုကြောင့် ဝေဖန်ခဲ့ကြသည်။

“ရန်ကုန်မှာ ရခိုင်ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က ၆၀,၀၀၀ ကျော်လောက်ရှိတယ်။ သူတို့တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးဘဝစတာတွေပြောင်းလဲဖို့အတွက် လုပ်ပေးဖို့ လိုအပ်နေတယ်”ဟု ကိုတင်ထူးအောင်က ဖရွန်းတီးယားမြန်မာကို ဩဂုတ်လဆန်းပိုင်းက ပြောသည်။

ဝန်ကြီးဦးဇော်အေးမောင်သည် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၀မှစ၍ သက်တမ်း နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့အတွက် သိသာသည့် ပြောင်းလဲမှုမျိုး ဆောင်ကျဉ်းမပေးနိုင်ဟု ရခိုင်တိုင်းရင်းသားများကရှုမြင်သည်ဟု ကိုတင်ထူးအောင်က ဆိုသည်။

ဦးဇော်အေးမောင်အပေါ် ရခိုင်လူထု ထောက်ခံမှု တဖြည်းဖြည်းကျဆင်းလာသည်ဟု သုံးသပ်မိကြောင်း လက်ရှိရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။ ဥပမာအားဖြင့် ၎င်းမဲဆွယ်ခဲ့စဉ်က ရွေးကောက်ပွဲကတိကဝတ်တစ်ခုဖြစ်သည့် ရခိုင်လူငယ်စင်တာတည်ဆောက်ရေးသည် ၎င်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ မကြာမီ ၁ဝနှစ်ပြည့်တော့မည်ဖြစ်သော်လည်း အကောင်အထည်ပေါ်ပေါက်လာခြင်းမရှိပေ။

ဒေါ်ထုမေသည် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဦးဇော်အေးမောင်၏ နေရာဖြစ်သော ရန်ကုန်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး လက်ရှိဝန်ကြီးထက် စွမ်းဆောင်ရည်သာလွန်စေရမည်ဟုလည်း ကြွေးကြော်ထားသည်။

“ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတောင် ကရင်လူထုသီးသန့်စုဝေးနိုင်ဖို့ဆောက်မယ့် စင်တာအတွက် မြေနေရာတောင်ရပြီးသွားပြီ။ ရခိုင်တွေအတွက်က ဖြစ်မလာဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်အမျိုးသားပါတီဝင်ဖြစ်သည့် ဦးဇော်အေးမောင်သည် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ပြောင်းရွှေ့ယှဥ်ပြိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ရခိုင်အမျိုးသားပါတီက ဦးဦးမြင့်ကျော်ဆိုသည့် ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်စေမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာသာရှိပြီး ရခိုင်နှင့်ကရင်တို့ ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉နေရာရှိသည်။ 

အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးစု တစ်ခုခုသည် ၎င်းတို့လူများစုမဟုတ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း ၎င်းတို့၏ စုစုပေါင်းလူဦးရေသည် နိုင်ငံ့လူဦးရေပမာဏ၏ သုညဒသမ၁ရာခိုင်နှုန်းရှိပါက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ ရွေးကောက်တင်မြှောက်ခွင့်ရှိမည်ဖြစ်သည်။

ယင်းပမာဏသည် ၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရဆိုလျှင် လူဦးရေ ၅၁,၄၀၀ ဝန်းကျင်ခန့် ဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်သည့် ၂၀၁၀ပြည့်လွန်နှစ်ကစ၍ ယခုအချိန်အထိ တိုင်းရင်းသားရေးရာဝန်ကြီးနေရာသည် တစ်နိုင်ငံလုံးတွင် ၂၉နေရာသာ ရှိခဲ့ပြီး ထိုထက်လည်း ပိုတိုးမလာခဲ့ပေ။

သို့သော် ၎င်းတို့ကိုယ်တိုင်လူများစုဖြစ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ တိုင်းရင်းသားလူမျိးစုတစ်ခုသည် ယင်းအခွင့်အရေးမရရှိပေ။ ဥပမာအားဖြင့် ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် ရခိုင်နှင့်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာများ တင်မြှောက်ခွင့်မရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်ထားသည့် တိုင်းရင်းသားလူမျိုးစုများသည် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် ၎င်းတို့ကို ကိုယ်စားပြုသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ ရွေးကောက်တင်မြှောက်ခွင့်မရှိပေ။ ယင်းတို့မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်များဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများသည် ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်သည့် အာဏာရပါတီက ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာတိုင်းရင်းသားလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် မဲဆန္ဒရှင်က တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် တစ်မျိုးတစ်စားတည်းသော အစိုးရအဖွဲ့ဝင်ဝန်ကြီးနေရာလည်း ဖြစ်သည်။


လွန်ခဲ့သည့် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှစ်ခုထက်စာလျှင် ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ယှဉ်ပြိုင်မည့်သူဦးရေ ပိုများလာသည်။

ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ယှဉ်ပြိုင်မည့်သူဦးရေသည် ၂၀၁၀နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့ထက် ပိုများလာသည်။

၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်သူဦးရေသည် နှစ်ဦးစီနှင့် လေးဦးသာရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ခုနှစ်ဦး (ကရင်-လေးဦး၊ ရခိုင်-သုံးဦး)သာ ရှိခဲ့သည်။ ယခုနှစ်တွင်မူ အဆိုပါနှစ်နေရာအတွက် ကိုယ်စားလှယ်လောင်း၁၃ဦး (ကရင်-ခုနှစ်ဦး၊ ရခိုင်-ခြောက်ဦး) ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သို့ရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို တိကျစွာ သတ်မှတ်ထားခြင်းမရှိသည်ကိုလည်း တွေ့ရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁ဝ (က) (၂)တွင် တိုင်းရင်းသားလူမျိုးရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးရေးရာကိစ္စရပ်များ ဆောင်ရွက်ရန်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၁ဝ (ခ)တွင်လည်း နိုင်ငံတော်သမ္မတသည် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တိုင်းရင်းသားရေးရာဝန်ကြီးများကို အခြားဝန်ကြီးဌာနများ၏ တာဝန်များကို ပူးတွဲတာဝန်ပေးအပ်နိုင်သေးသည်ဟု ဆိုထားသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၄ နှင့် ၁၅ တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှုများကို ယင်းတို့က တင်ပြလာပါက သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးက စိစစ်ပြီးကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ လုပ်ငန်းတာဝန်သည် ယေဘုဘျဆန်သည့် လုပ်ငန်းတာဝန်များဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်သည့်တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရသည့် အခြေအနေတွင်သာရှိနေသည်။

ဥပမာအားဖြင့် လက်ရှိရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တိုင်းဒေသကြီးဌာနခွဲများကိုပါ တာဝန်ယူခဲ့ရသည်။ သို့ဖြစ်ရာ ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းက အထည်ချုပ်လုပ်ငန်းများ၊​ စက်မှုဇုန်များတွင် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြစ်တိုင်း ဦးဆောင်၍ ကြားဝင်ဖြေရှင်းပေးရသည်။

သို့သော် ၂၀၁၉တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးဌာနအသစ်တစ်ခုကိုဖန်တီးခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၏ လုပ်ငန်းတာဝန်များကို လျှော့ချခဲ့သည်။ ယင်းဌာနကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဟု အမည်ပေးထားပြီး အမှတ်(၂) မရမ်းကုန်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က တာဝန်ယူခဲ့သည်။ ယင်းဝန်ကြီးဌာန ပေါ်ပေါက်လာပြီးနောက် အလုပ်သမားအငြင်းပွားမှုများကို ဝန်ကြီးဒေါ်မိုးမိုးစုကြည်ကသာ ဒိုင်ခံဖြေရှင်းသည်။

အလားတူပင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးသည်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတာဝန်ကို ထမ်းဆောင်ရသည့်အပြင် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူရသည်။

ကိုတင်ထူးအောင်က နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံရလျှင် အခြားဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များထက် ရခိုင်တိုင်းရင်းသား အရေးကိုသာ ဦးစားပေးဆောင်ရွက်မည်ဟု ပြောသည်။

“တခြားဟာတွေပါလုပ်ရင် ကိုယ့်ကိုရွေးကောက်ခဲ့တဲ့လူတွေအတွက်လုပ်ဖို့ လုပ်ငန်းတာဝန်တွေ လစ်ဟင်းကုန်မှာပေါ့”ဟု ၎င်းက ဆိုသည်။



အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လွှတ်တော်အတွင်း အဆိုတင်သွင်းခြင်း၊ အာဏာရပါတီကို တက်တက်ကြွကြွထောက်ပြခြင်းကြောင့် လူသိများထင်ရှားသည့် ဒေါ်ထုမေကဲ့သို့ ရခိုင်အမျိုးသမီးနိုင်ငံရေးသမားများ၊ ကိုတင်ထူးအောင်ကဲ့သို့ ရခိုင်တိုင်းရင်းသားအရေး ဆောင်ရွက်နေသူများ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်နေရာဖြစ်ရာ ရန်ကုန်ရှိ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်မှုသည် အကြိတ်အနယ်ဖြစ်၍ လူထုစိတ်ဝင်စားမှုမြင့်တက်မည်မှာ ဧကန်အမှန်ပင်။

ထို့ပြင် အလားတူအကြိတ်အနယ်ဖြစ်လာမည့် နောက်ထပ်နေရာတစ်ခုမှာ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာဖြစ်သည်။ ထိုနေရာကို လက်ရှိတာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် နော်ပန်းသဉ္ဇာမျိုးက ထပ်မံယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ အာဏာရပါတီမှ ရန်ကုန်၊ အမှတ်(၁၀)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ကရင်တိုင်းရင်းသူလည်းဖြစ်သူ နော်စူစန်နာလှလှစိုးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နော်စူဆန်နာလှလှစိုး အဓိက ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်သည် ကရင်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ရန်ကုန်နေကရင်လူထုအကြား ထင်ရှားသည့် နော်အုန်းလှဖြစ်သည်။ နော်အုန်းလှသည် စစ်အစိုးရလက်ထက် ၂၀၀၇တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများကို ဦးဆောင်ကျင်းပခဲ့သူဖြစ်ပြီး ယင်းလှုပ်ရှားမှုများကြောင့်ပင် ထောင်ကျခဲ့သူဖြစ်သည်။

ထို့ပြင် သူသည် ယမန်နှစ်က ကရင်အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သဖြင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်၍ ထောင်ဒဏ် ၁၅ရက် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် နိုဝင်ဘာရွေးကောက်ပွဲတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နော်စူဆန်နာလှလှစိုးက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အရွေးခံရပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့်အတွက် ဥပဒေအရ တာဝန်ပေးလာလျှင် ငြင်းပယ်၍မရဘဲ မျှတအောင်သာဆောင်ရွက်ရမည်ဟု ဆိုသည်။

“နော်ပန်းလည်း တခြားတာဝန်တွေကြားက တိုင်းရင်းသားအရေးအတွက် သူတတ်နိုင်သလောက် လုပ်ပေးနေတာပဲလေ။ ကရင်တွေရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်လုပ်ထားတာလည်း ရှိတယ်။ သူကအလုပ်လုပ်တယ်။ ဒါပေမဲ့ သူလုပ်နေကြောင်းကို ပြည်သူကို မချပြတာ”ဟု ၎င်းက ပြောသည်။

နော်အုန်းလှနှင့် နော်စူဆန်နာလှလှစိုးတို့နှစ်ဦးသည် အကြိတ်အနယ်ယှဉ်ပြိုင်မည့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများဖြစ်လာမည်ဟု ရန်ကုန်နေ ကရင်တိုင်းရင်းသားအချို့က ထင်ကြေးပေးကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လက်ရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၏ စွမ်းဆောင်မှု သဘောတွေ့သော်လည်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး၏ လုပ်ပိုင်ခွင့်များသည် အကန့်အသတ်ဖြင့်ရှိနေသည်ဟု ထင်မြင်ကြောင်း စောအဲလ်ဘတ်ချိုက ပြောသည်။ စောအဲလ်ဘတ်ချိုသည် လာမည့်ရွေးကောက်ပွဲတွင် တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“အစိုးရက ကရင်နှစ်သစ်ကူးနဲ့ လက်ချည်ပွဲကိုပဲလက်ခံတယ်။ သူ့မှာ အတိုက်အခံတွေရှိတယ်။ သူပြောဖူးတာကတော့ လူမျိုးတစ်စုနဲ့တစ်စု အချင်းချင်းလေးစားမှုရှိသင့်တယ်။ သူအနေနဲ့က ဟိုပွဲနှစ်ခုပဲလုပ်ခွင့်ရှိတယ်။ သူ့မှာ ကရင်အာဇာနည်နေ့တို့၊ ကရင်အမျိုးသားနေ့တို့ဆို လုပ်ခွင့်မရှိဘူးတဲ့”ဟု စောအဲလ်ဘက်ချိုက နော်ပန်းသဉ္ဇာမျိုးပြောဆိုခဲ့ဖူးသည်ကို ပြန်လည်ကိုးကား၍ ပြောပြသည်။

ယမန်နှစ်က ကရင်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခွင့်မပြုဘဲ အစိုးရက တားမြစ်ခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ ကျင်းပသည်ဟုဆိုကာ နော်အုန်းလှအပါအဝင် တက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးထောင်ချ၍ အရေးယူခဲ့သည်။ ယခုနှစ်တွင်လည်း ကရင်အာဇာနည်နေ့အခမ်းအနားကို ဩဂုတ်၁၂ရက်က အကန့်အသတ်ဖြင့် ကျင်းပခွင့်ပြုခဲ့သော်လည်း ခွင့်ပြုချိန်ထက်ကျော်လွန် ကျင်းပသည်ဟုဆိုကာ ပွဲစီစဉ်သူကရင်လူငယ်နှစ်ဦးကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

၎င်းသာ အရွေးကောက်ခံရပါက ကရင်တိုင်းရင်းသားများ၏ အထိမ်းအမှတ်နေ့အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိလာရေးကြိုးပမ်းသွားမည်ဟု နော်အုန်းလှက ပြောသည်။ ကရင်အာဇာနည်နေ့ ကျင်းပခွင့်ကန့်သတ်ခံရခြင်းက ၎င်းကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်စေရန် အကြောင်းအရင်းများအနက်က တစ်ခုဖြစ်သည်ဟု သူကဆိုသည်။

“ဖက်ဒရယ်ကိုသွားနေတဲ့အချိန်မှာ ဒါမျိုးတွေကမရှိသင့်တော့ဘူးလေ”ဟု နော်အုန်းလှက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.