People's Pioneer Party leader Daw Thet Thet Khine talks to Frontier on June 25. (Thuya Zaw | Frontier)
ဇွန်၂၅ရက်က Frontier Myanmar သတင်းဌာနက ဒေါ်သက်သက်ခိုင်ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ (သူရဇော် | ဖရွန်တီးယားမြန်မာ)

“ပြည်သူလူထုကို အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုတာက ဒီမိုကရေစီစနစ်နဲ့ မဆီလျော်ပါဘူး”

ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်၊ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကို ဖရွန်းတီးယားမြန်မာက ဇွန်၂၅ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ပထမဦးဆုံးအနေနဲ့  ၂၀၂၀ရွေးကောက်ပွဲအတွက် ပြည်သူ့ရှေ့ဆောင်ပါတီက ဘယ်လိုပြင်ဆင်နေပါသလဲ။

ဖြေ။ ပါတီကသက်တမ်းနုပေမဲ့ ပါတီမှာဦးဆောင်ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေရော၊ နောက်ပိုင်းမှာ ပါတီဝင်လာတယ်၊ ပါတီအမှုဆောင်လုပ်တယ်၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲဝင်ကြမယ်ပေါ့နော်။ ပါဝင်ကြတဲ့လူတွေက သူ့နယ်ပယ်နဲ့သူအတွေ့အကြုံရှိပြီးသား၊ အသိပညာအတတ်ပညာတွေရှိကြတယ်။ ဒါမျိုးပုဂ္ဂိုလ်တွေကိုရွေးထားပါတယ်။

ပါတီရဲ့အခြေခံအုတ်မြစ်နဲ့တူတဲ့ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို သေချာလေးဆွဲခဲ့တယ်။ ကျွန်မတို့ရဲ့ပါတီကို Programmatic Party အနေနဲ့တည်ထောင်မယ်။ အဲဒီဟာက မူဝါဒနဲ့လုပ်ငန်းစဉ် အတိအကျ ရှိတဲ့ပါတီမျိုးပေါ့။ ပါတီမူဝါဒရေးဆွဲခြင်းကို သုတေသီတွေ၊ ပညာရှင်တွေ၊ အတွေ့အကြုံရင့်တဲ့လူတွေနဲ့ ပူးပေါင်းပြီး Think Tank (အကြံပေး ပညာရှင်အဖွဲ့) ဖွဲ့ပြီး Evidence-based Policy Making (သိပ္ပံနည်းကျအချက်အလက်အခြေပြု မူဝါဒချမှတ်တဲ့နည်းလမ်းနဲ့) ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ပြီးတော့ ပါတီတစ်ခုအတွက် အရေးကြီးဆုံးအခြေခံအဖွဲ့အစည်းက မြို့နယ်ရုံးတွေပဲဖြစ်ပါတယ်။ မြို့နယ်ရုံးပေါင်း ၆၇ရုံးဖွင့်ပြီးသွားပြီ။ မကြာခင်ကာလအတွင်းမှာ ဖွင့်လှစ်မယ့်ပါတီရုံးက ၉၀ကျော်ရှိတယ်။ ကျွန်မတို့ ရွေးကောက်ပွဲမတိုင်ခင် ပါတီရုံး၁၁၀ကျော်ဖွင့်နိုင်မှာဖြစ်ပါတယ်။  မြန်မာပြည်တစ်ပြည်လုံးမှာ မြို့နယ် ၃၃၀ ကျော်ရှိတော့ ၁၁၀ ဖွင့်ဖြစ်တယ်ဆိုရင်တော့ မြန်မာပြည်ရဲ့  သုံးပုံတစ်ပုံကို ရွေးကောက်ပွဲမတိုင်ခင် လွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။

အခုချိန်မှာပါတီတည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက်ပြင်ဆင်ရေးက တစ်ပြိုင်တည်း ဆောင်ရွက်နေရပါတယ်။ ပါတီရုံးတွေ တည်ဆောက်တယ်၊ မြို့နယ်အလုပ်အမှု ဆောင်တွေဖွဲ့တယ်။ မြို့နယ်အမှုဆောင်တွေကတစ်ဆင့် ပါတီက ကိုယ်စားပြုပြီး ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ခေါ်နေပါတယ်။ လျှောက်ထားတဲ့လူတွေလည်း ရှိပါပြီ။ တပြည်လုံးအနေနဲ့ပြောမယ်ဆိုရင် လျှောက်ထားတဲ့လူ ၂၀၀လောက်ရှိပြီ။ ပြီးရင် ကိုယ်စားလှယ်လောင်းတွေကို လူတွေ့မေးမြန်းတာတွေလုပ်နေပါတယ်။ အဲ့ဒါပြီးရင် အမည်စာရင်းထုတ်ပြန်ပါ့မယ်။ ရုံးဖွင့်ပြီးသား ၁၁၀လုံးမှာတောင် ယှဉ်ပြိုင်နိုင်မှာမဟုတ်သေးပါဘူး။ ၈၀ကျော်လောက်မှာတော့ ယှဉ်ပြိုင်နိုင်မယ်လို့ တွက်ဆထားပါတယ်။ ကိုယ်စားလှယ် လောင်းလျှောက်လွှာကိုတော့ ကော်မရှင်ရဲ့ နောက်ဆုံးရက်အထိ စောင့်ပြီး ခေါ်ချင်ပါတယ်။

မေး။ ဘယ်ပါတီကလူမဆို ပြည်သူ့ရှေ့ဆောင်ပါတီ ထဲဝင်လာနိုင်အောင် လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ဘာလို့ အဲဒီအချက်ကိုထည့်ထားတာလဲခင်ဗျ။

ဖြေ။ ကျွန်မထက်စောပြီး အင်န်အယ်လ်ဒီပါတီကထွက်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ရှိတယ်။ ကျွန်မတို့ပါတီက စံသတ်မှတ်ချက်တွေနဲ့ ဘောင်ဝင်တဲ့လူတွေကို လက်ခံမှာဖြစ်ပါတယ်။ အရေးကြီး တာက ထိုက်သင့်တဲ့အသိပညာ၊ အတတ်ပညာရှိရမယ်၊ သက်ဆိုင်ရာ မြို့နယ်လူထုက လေးစားယုံကြည်တဲ့လူဖြစ်ရမယ်။ အဲဒီထက် အရေးကြီးတာက အတွေ့အကြုံပါရှင့်။ ကိုယ်စားလှယ်လောင်းတစ်ယောက်ကို ဆုံးဖြတ်မယ်ဆိုရင် သူ့ရဲ့အတွေ့အကြုံက အရေးကြီးပါတယ်။

မေး။ ဒေါ်သက်သက်ခိုင်ကိုယ်တိုင်ကရော ဘယ်မြို့နယ်ကနေဝင်ပြိုင်ဖို့ ရှိမလဲ။

ဖြေ။ ဘယ်မြို့နယ်ကပြိုင်မယ်ဆိုတာ မစဉ်စားရသေးပါဘူး။ လေးနေရာရှိမှာဆိုတော့ ကိုယ့်အတွက်အရင် မစဉ်းစားသေးဘဲ ဘယ်သူကဘယ်နေရာမှာပါဝင်သင့်လဲဆိုတာကိုပဲ စဉ်းစားနေတာကြောင့် မဆုံးဖြတ်ရ သေးပါဘူး။ ကျွန်မက ပြိုင်ရင်တော့ ပြည်သူ့လွှတ်တော်မှာ ပြိုင်ဖို့ပဲများပါတယ်။

မေး။ အာဏာရပါတီခေါင်းဆောင်တွေက အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုပဲမဲပေးကြပါဆိုပြီး ရွေးကောက်ပွဲနီးတိုင်းပြောကြတယ်။ အဲဒါကြောင့် ပါတီသေးတွေကို ပြည်သူတွေက ဘာကြောင့် မဲပေးသင့်သလဲ။

ဖြေ။ ကျွန်မတို့ပါတီကို ပါတီသေးလို့တော့မသတ်မှတ်ဘူး။ ရှစ်လသားပဲရှိသေးတဲ့အချိန်မှာ မြန်မာပြည်ရဲ့သုံးပုံတစ်ပုံကို လွှမ်းခြုံနိုင်တယ်။ ရွေးကောက်ပွဲကိုလည်း မဲဆန္ဒနယ် လေးပုံတစ်ပုံရှိမယ်။ ပြီးတော့ ပါတီသက်တမ်းတစ်ခုတည်းကို ကြည့်လို့မရဘူး။ ပါတီသက်တမ်းထက်စာရင် ပါတီထဲမှာအလုပ်လုပ်မယ့်လူတွေရဲ့ အတွေ့အကြုံတွေ၊ သူတို့ သင်ကြားခဲ့ရတဲ့ အသိပညာတွေ၊ အတတ်ပညာတွေက အရေးကြီးတာပါ၊။

အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲမဲပေးပါဆိုတာကို လက်မခံပါဘူး။ ကျွန်မတို့က ပါတီစုံဒီမိုကရေစီစနစ် ဖြစ်အောင်သွားရမှာဖြစ်ပါတယ်။ ပြည်သူလူထုက အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးလိုက်တယ်ဆိုရင် လွှတ်တော်ထဲ ပြည်သူကရွေးပြီး ရောက်သွားတယ်ဆိုပေမဲ့ လွှတ်တော်ထဲမှာ ပါတီတစ်ခုတည်းကပဲ သိပ်ပြီးလွှမ်းမိုးတဲ့အချိန်ကျရင် တစ်ပါတီအာဏာရှင်စနစ်နဲ့ မထူးဘူး။ ပြည်သူလူထုကို အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုတာက ဒီမိုကရေစီစနစ်နဲ့ မဆီလျော်ပါဘူး။ ပြည်သူလူထုက မဲပေးတဲ့အချိန်မှာ အချက်သုံးချက်ကြည့်သင့်တယ်။ နံပါတ်တစ်က ပါတီကို ကြည့်ရမှာပေါ့နော်။ ပါတီရဲ့မူဝါဒတွေ၊ အခြေခံမူတွေ၊ ပြီးတော့ ပါတီက ဘယ်လောက် စည်းစနစ်တကျ ဖွဲ့စည်းထားတာလဲဆိုတာကို ကြည့်သင့်ပါတယ်။

နံပါတ်နှစ်ကတော့ ပါတီမှာပါဝင်တဲ့သူတွေရဲ့ အရည်အချင်းကိုကြည့်သင့်ပါတယ်။ ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးရတာဆိုတော့ သူ့ရဲ့အတွေ့အကြုံ၊ သူသင်ကြားလာတဲ့ပညာ၊ လုပ်ရည်ကိုင်ရည်ကို ကြည့်သင့်တယ်။ အဲဒီလိုမဲပေးမှ လွှတ်တော်ရဲ့ အရည်အသွေးမြင့်မှာပါ။

နောက်တစ်ခုကပါတီစုံတာက ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရသည် အတိုက် အခံရှိခြင်းပေါ့။ အတိုက်အခံကဘာလို့ရှိရတာလဲဆိုရင် တစ်ခါတလေပြည်သူကနေ ရွေးကောက်လိုက်ပြီး အာဏာရသွားတဲ့ပါတီက တစ်ဖက်စောင်းနင်းဖြစ်သွားရင် ပြန်ဆွဲနိုင်တဲ့လုပ်ထုံးလုပ်နည်းရှိရမယ်။ Check and Balance (အပြန်အလှန်ထိန်းကျောင်းမှု) လုပ်နိုင်ရမယ်။ ပြီးတော့ လွှတ်တော်က ကိုယ်စားပြုခြင်းစုံလင်ရမယ်။

မေး။ ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် အခုလွှတ်တော်က ဘယ်လိုပုံစံဖြစ်နေသလဲ။

ဖြေ။ အခုလွှတ်တော်ကျတော့ အစိုးရကိုညှာနေရတယ်၊ ပါတီကတအားထိန်းကျောင်းတယ်။ ကိုယ်စားလှယ် တစ်ယောက်ချင်းစီရဲ့ သဘောထားမရှိဘူး။ ပါတီရဲ့ သဘောထားပဲရှိတယ်။ ပါတီရဲ့ သဘောထားကလည်း အစိုးရကိုညှာတာတဲ့သဘောထား။ လွှတ်တော်က လျှော့လိုက်ပါ၊ အစိုးရကသူလုပ်ချင်တာကို လွှတ်တော်က ပေးလုပ်လိုက်ပါဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင် အပြန်အလှန်ထိန်းကျောင်းမှုက မရှိသလောက်ဖြစ်နေတယ်။

ရွေးကောက်ပွဲနဲ့တက်လာတာ အစိုးရနှစ်ရပ်ရှိပြီ။ အစိုးရနှစ်ရပ်ကိုကြည့်လိုက်ရင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကတော့ အာဏာရပါတီရဲ့ အခန်းကဏ္ဍသိပ်ကိုများပြီးတော့ အစိုးရနဲ့အာဏာရပါတီနဲ့ မကွဲဘူး။ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှမ်းမိုးတယ်။ လိုအပ်တာထက်ပိုပြီး ပါတီက ကိုယ်စားလှယ်တွေကို ထိန်းကျောင်းနေတယ်။ ကျွန်မက ကိုယ်တွေ့ပေါ့နော်။

မေး။ တခြားပါတီတွေဆို မဟာမိတ်အသီးသီးရှိကြတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ မဟာမိတ်မူဝါဒက ဘယ်လိုရှိလဲ။

ဖြေ။ မဟာမိတ်ဆိုရင်တော့ မူဝါဒနှစ်ဆင့် ရှိပါတယ်။ နံပါတ်တစ်ကတော့ ရွေးကောက်ပွဲ မဟာမိတ်ပေါ့။ ရွေးကောက်ပွဲဝင်ကြမယ့်အချိန်မှာဖွဲ့တဲ့မဟာမိတ်ပေါ့။ ရွေးကောက်ပွဲပြီးသွားလို့ အစိုးရဖွဲ့ခြင်းနဲ့ပတ်သက်တဲ့ မဟာမိတ်ပေါ့။ လွှတ်တော်ထဲရောက်ပြီးမှကိစ္စကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ အခုလတ်တလော ရွေး ကောက်ပွဲမဟာမိတ်လို့ပြောရင် တိုင်းရင်းသားပါတီတွေနဲ့ ကျွန်မတို့ မဟာမိတ်ဖွဲ့ချင်တယ်။ တိုင်းရင်းသား တွေဘက်ကကြည့်ရင် ကျွန်မတို့ပါတီကို ပြည်မအခြေစိုက်တဲ့ ပါတီလို့မြင်ကြတယ်ပေါ့နော်။ ပြည်နယ်မှာ အဓိကအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်။ ကျွန်မတို့က တိုင်းဒေသကြီးတွေမှာ အဓိကပြိုင်မှာဆိုတော့ တိုင်းရင်းသားပါတီတွေနဲ့ ထိပ်တိုက်တွေ့ဖို့ကနည်းတယ်။ နည်းတဲ့အခါကျတော့ မဟာမိတ်ပြုချင်တာပါ။

“ပြည်သူလူထုက အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးလိုက်တယ်ဆိုရင် လွှတ်တော်ထဲ ပြည်သူကရွေးပြီးရောက်သွားတယ်ဆိုပေမဲ့ လွှတ်တော်ထဲမှာ ပါတီတစ်ခုတည်းကပဲ သိပ်ပြီးလွှမ်းမိုးတဲ့အချိန်ကျရင် တစ်ပါတီအာဏာရှင်စနစ်နဲ့ မထူးဘူး”

ဒေါ်သက်သက်ခိုင် (ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ)

မေး။ အခုလက်ရှိနိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး မေးပါရစေ။ အခုအစိုးရရဲ့ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) က အားသာချက်၊ အားနည်းချက် ဘာတွေရှိလဲ။

ဖြေ။ နိုင်ငံတကာက နည်းပညာအကူအညီတွေ၊ စာတမ်းတွေအများကြီးရှိတယ်။ အဲဒီဟာတွေကို ဖတ်ပြီးတော့မှ အကောင်အထည်ဖော်သင့်တယ်။ နောက်ပြီး အခုကိုဗစ်ကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က ကမ်းလှမ်းပြီး ချေးငွေတွေ အများကြီးရခဲ့တယ်။ အမေရိကန်ဒေါ်လာ ၁ဒသမ၂၅ဘီလျံ လောက်ရှိတယ်။ ဒါကတော်တော်များတဲ့ ပမာဏဖြစ်ပါတယ်။ အဲဒီအခါကျတော့ အစိုးရက CERP စီမံချက်ကို ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့လည်း ဘယ်ဝန်ကြီးဌာနတွေက ဘာတွေဖြေလျှော့ပေးတယ်၊ ချေးငွေတွေ ထုတ်ပေးတယ် စသဖြင့် အဲဒီဟာတွေကိုစုပြီးရေးထားတဲ့သဘောပဲရှိတယ်။ ဒါက ကိုဗစ်ကို ချက်ခြင်းတုံ့ပြန်တာမျိုးပေါ့နော်။ နောက်ပြီးကျွန်မတို့မှာ Myanmar Sustainable Development Plan (ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း)၂၀၃၀ စီမံချက်လည်းရှိတယ်။ CERPလည်းရှိနေတော့ အဲဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့မှ ကိုဗစ်ကာလအတွင်းမှာ ပြန်လည်ထူထောင်ရေးကို စထားသင့်တယ်။ အဲဒီလိုစဖို့အတွက် ပြန်လည်ထူထောင်ခြင်းမဟာဗျူဟာဆိုတာမျိုးကို ထပ်ပြီးဆွဲဖို့လိုသေးတယ်။ CERP တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။

မေး။ နောက်တစ်ခုက လွတ်လပ်စွာပြောဆိုရေးသားခွင့် ကိစ္စပေါ့။ အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာသတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေက နည်းနည်းစီကျနေတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်အခြေ အနေအပေါ်ဘယ်လိုသုံးသပ်ပါသလဲ။ တလောကဆိုရင် သံချပ်ထိုးတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကလူငယ်တွေ ထောင်ချခံနေရတာတွေရှိတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ကျွန်မအမြင်ပြောရရင် နိုင်ငံတကာညွှန်းကိန်းတွေကျသွားတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ လျော့နည်းသွားတာပေါ့။ ဒါကတော့ ငြင်းလို့မရပါဘူး။ ပြီးတော့ ပြည်သူပြည်သားတစ်ယောက်ချင်းရော သတင်းမီဒီယာသမားတွေရော ခံစားနေရတာက အရင်လောက်မရေးရဲဘူး၊ အရင်လောက်မပြောရဲဘူး။ ဒါတွေကလူတိုင်းဖြစ်နေပါတယ်။ ကျွန်မပြောချင်တာက ဒီမိုကရေစီပိုပြီးအသက်ဝင်ဖို့ဆိုရင် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အသိအမှတ်ပြုရမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ပြည်သူကထောက်ခံလို့ အစိုးရဖြစ်နေတာ။ အဲဒီဟာကို ကိုယ်အာဏာရတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာတွေဖြစ်နေတာတော့ အံ့ဩစရာဖြစ်တာပေါ့နော်။ ဒါကတော့ မဖြစ်သင့်ပါဘူး။

မေး။ အခုဆိုရင် လွတ်လပ်စွာပြောဆိုရေးသားခွင့် ထိခိုက်လို့ဆိုပြီး ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)၊ ရာဇသတ်ကြီး ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုတာတွေများလာတယ်။ ၆၆(ဃ)ကတော့ လူပုဂ္ဂိုလ် အချင်းချင်းစွဲတာများပေမဲ့ ၅၀၅ (ခ)ကျတော့ တပ်မတော်ကစွဲခဲ့တာ၊ စွဲထားတာက များနေတယ်။ အဲဒါကြောင့် ဒီဥပဒေတွေကို ပြင်ဆင်သင့်ပါသလား။

ဖြေ။ မှန်ပါတယ်ရှင်။ ဥပဒေကရှိနေတာပေါ့။ ဒါပေမဲ့ ဒီဥပဒေတွေကို ဘယ်သူတွေကပိုသုံးတာလဲ ဆိုတာမျိုးပေါ့။ အခုကျတော့ ဒီဥပဒေကိုလုပ်နိုင်ကိုင်နိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေကပိုသုံးတာပေါ့။ ဥပမာ နိုင်ငံသားအချင်းချင်း ဒီဥပဒေပုဒ်မနဲ့တရားစွဲတာနဲ့ နိုင်ငံ့အဖွဲ့စည်းတစ်ခုကနေ ပြည်သူလူထုကိုစွဲတာက ထိရောက်မှုချင်းမတူပါဘူး။ အာဏာရှိတဲ့အဖွဲ့အစည်း၊ ဩဇာရှိတဲ့အဖွဲ့စည်းကစွဲရင် ပိုထိရောက်နေပြီးတော့ အချင်းချင်း တကယ်နစ်နာလို့ တကယ်မဟုတ်မမှန်ရေးလို့ အစွဲခံရတယ်ဆိုရင်လည်း တရားဥပဒေအရသက်ရောက်မှုကနည်းနေတယ်ပေါ့နော်။ အဲဒီဟာက ဘာကိုမီးမောင်းထိုးပြနေတာလဲဆိုရင် တရားစီရင်ရေးကဏ္ဍပေါ့။ အဲဒီဟာကို ပြုပြင်ပြောင်း လဲရမယ်။

မေး။ ဘယ်အစိုးရတက်တက် မီဒီယာအဖွဲ့အစည်းတွေလိုလားတဲ့ဟာပေါ့။ အစိုးရပြန်ကြားရေး ဝန်ကြီးဌာနပေါ့နော်။ အင်န်အယ်လ်ဒီပါတီ စတက်တုန်းက ဒီဝန်ကြီးဌာနကိုဆက်မသုံးတော့ဘူးလို့ တချို့က ထင်ကြေး ပေးခဲ့ကြတယ်။ ဒါပေမဲ့ ဆက်ထားတယ်။ ၂၀၂၀ မှာထွက်ပေါ်လာမယ့်အစိုးရကရော ပြန်ကြားရေးဝန်ကြီး ဌာနကို ဘယ်လိုကိုင်တွယ်သင့်တယ်ထင်လဲ။

ဖြေ။ တကယ်တမ်းနိုင်ငံတကာ သတင်းမီဒီယာကိုကြည့်ရင် နိုင်ငံပိုင်သတင်းစာတို့ နိုင်ငံပိုင်မီဒီယာတို့ရဲ့ အခန်းကဏ္ဍဟာသေးသွားပြီပေါ့နော်။ အရင်တုန်းကတော့ရှိရင်ရှိခဲ့ကြပေမဲ့ တဖြည်းဖြည်းပြုပြင်ပြောင်းလဲရမှာရှင့်။ ဒီဝန်ကြီးဌာန ကြီးကိုချက်ချင်းဖြုတ်လိုက်တယ်ဆိုလည်း ဒါတော့မလုပ်သင့်ဘူးပေါ့နော်။ ဒီဝန်ကြီး ဌာနမှာ တစ်သက်လုံး အနှစ်၂၀၊ ၃၀၊ ၄၀ အလုပ်လုပ်လာကြတဲ့ ဝန်ထမ်းတွေရှိတယ်။ လုပ်လက်စလုပ်ငန်းတွေရှိတယ်။ အဲဒီဟာကို ကျွန်မတို့က ပြုပြင်ပြောင်းလဲရင် ညင်သာရမယ်။ အဲဒီအခါကျတော့ နိုင်ငံပိုင်မီဒီယာဆိုတဲ့ အခန်းကဏ္ဍကိုနည်းနည်းလျှော့ချပြီးတော့မှ ပုဂ္ဂလိကမီဒီယာတွေပိုပြီးတော့ အားကောင်းလာအောင်ပေါ့။

မေး။ နောက်တစ်ခုက ရခိုင်ပြည်နယ်နေရာတော်တော်များများနဲ့ ချင်းပြည်နယ်၊ ပလက်ဝမှာ ဖြစ်နေတာပေါ့။ အင်တာနက်ဖြတ်တောက်ခံထားရတာ တစ်နှစ်ပြည့်သွားပြီ။ အဲဒီအပေါ် ပါတီရဲ့ရပ်တည်ချက်က ဘယ်လိုရှိလဲ။

ဖြေ။ အဲဒီဟာကတော့ လုံခြုံရေးနဲ့ဆိုင်တာပေါ့။ လုံခြုံရေးသိပ်ကိုမှစိုးရိမ်နေရတဲ့ အခြေအနေမျိုးဖြစ်နေတော့လေ။ ပြီးတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေချိန်ပေါ့နော်။ ပြည်သူလူထုကလည်း သတင်းအမှားနဲ့သတင်းအတုနဲ့ တကယ့်သတင်းအစစ်အမှန်ကို မခွဲခြားနိုင်သေးဘူး။ အခု လူတိုင်းဖေ့စ်ဘွတ်ခ်အကောင့်သုံးတယ်ဆိုတာ လူတိုင်းကိုယ့်ရဲ့အသံလွှင့်ရုံ တည်ထောင်ထားသလိုပဲ။ ကိုယ်ပြောချင်တာတက်ပြောလို့ရတယ် အဲဒီလိုအချိန်ဖြစ်နေတယ်။ နောက်တစ်ခုက ဖေ့စ်ဘွတ်ခ်သုံးတာက လူတွေကကိုယ့်ရဲ့ဓာတ်ပုံအမှန်နဲ့ ကိုယ့်နာမည်အမှန်နဲ့ တာဝန်ရှိရှိ၊ တာဝန်ခံမှုရှိရှိ သုံးနေတာမျိုးမဟုတ်ဘဲနဲ့ မီးလောင်ရာလေပင့် လုပ်ချင်တာရှိမယ်။ အပုပ်ချ တိုက်ခိုက်ချင်တာရှိမယ်။ အမျိုးမျိုးတွေ လုပ်နေတယ်။ အဲဒီအခါကျတော့ တော်တော်လေး ထိန်းကျောင်းရခက်တယ်။ ပိုဆိုးသွားတာက ဘာလဲဆိုရင် လုံခြုံရေးအရ သိပ်ကိုမှ စိုးရိမ်ရေမှတ်ရောက်နေတဲ့ နေရာတွေမှာ ဖေ့စ်ဘွတ်ခ်တွေသုံးလို့ရှိရင်တော့ ပြဿနာများပိုဆိုးလာမလားဆိုတဲ့ စဉ်းစားချက်နဲ့ အင်တာနက်ကို ဖြတ်တောက်ထားတာလားလို့ ထင်ပါတယ်။

မေး။ ရွေးကောက်ပွဲဘက်ပြန်သွားရအောင်။ ကိုဗစ်ကာလမှာ နယ်မြေဆင်းပြီး မဲဆွယ်စည်းရုံးဖို့ တော်တော်များများ အခက်အခဲရှိကြမယ်ဆိုတော့ ပြည်သူ့ရှေ့ဆောင်ပါတီကရော ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။ ကိုဗစ်ဖြစ်နေတယ်။ ရွေးကောက်ပွဲကလည်း ရက်ရွှေ့ချင်ရင်ရွှေ့လို့ရတယ်။ ဇန်နဝါရီ ပထမပတ်အထိ ရွှေ့လို့ရတယ်။ လွှတ်တော်သက်တမ်းက ဇန်နဝါရီလကုန်မှ သက်တမ်းကုန်မှာ။ အဲဒီလိုရွှေ့လိုက်ရင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ၁ရက်နေ့မှာ စခေါ်ဖို့မီတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်စေချင်ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ရွှေ့ပေးသင့်ပါတယ်။ ကိုဗစ်ကြောင့် အကုန်လုံးရပ်ထားရတာ သုံးလကျော်ပြီ။ နိုင်ငံရေးပါတီတွေလည်း အခုကာလမှာ ဘာမှလုပ်လို့မရသေးဘူး။ အရင်နှစ်တွေလို နိုဝင်ဘာမှာပဲ လုပ်ရမယ်လို့ မသတ်မှတ်ထားဘူး။ နိုင်ငံရေးမတည်ငြိမ်မှုလည်း မဖြစ်ဘူး။ ပြည်သူလူထုလည်း ပိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ နိုင်ငံရေးပါတီတွေလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ လက်ခံနိုင်အောင် နှစ်လလောက်နောက်ဆုတ်ပေးသင့်တယ်။ နောက်မဆုတ်ဘူးဆိုရင်လည်း အဆင်သင့် ဖြစ်တဲ့လူတွေဝင်ပြိုင်နိုင်အောင် ပါတီတွေက ပြင်ဆင်ထားရမယ်။

မေး။ ပါတီကရွေးကောက်ပွဲအသုံးစရိတ် ဘယ်လောက်ကုန်ကျမယ်လို့ ခန့်မှန်းပြီး ပါတီရန်ပုံငွေကို ဘယ်လိုရှာဖွေ သွားမှာလဲ။

ဖြေ။ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီပါတီတွေက ပြည်သူလူထုက ကိုယ့်ပါတီကိုယုံကြည်ပြီး  ကိုယ့်ပါတီကို မြေတောင်မြှောက်ပေးချင်တဲ့ ပြည်သူလူထုရဲ့ ထည့်ဝင်ငွေတွေနဲ့ရပ်တည်ကြတာပါ။ ကျွန်မတို့လည်း ဒီလိုပဲ သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ ပါတီစပြီးတာထွက်တဲ့အချိန်ဖြစ်တော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ၊ ကိုယ့်ပါတီဝင်တွေ လစဉ်ထည့်ဝင်တဲ့ငွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးလာရင်တော့ ကိုယ်စားလှယ်လောင်းတစ်ယောက်ချင်းစီက ကုန်ကျစရိတ် ကိုယ့်ဘာသာ ကျခံရမှာဖြစ်ပါတယ်။

မေး။ ကိုယ့်အသုံးစရိတ်နဲ့ကိုယ် ပြိုင်ရမှာဆိုတော့ ပိုက်ဆံရှိတဲ့လူတွေပဲ ပါတီကို၀င်ရမယ့် သဘောမျိုးများ ဖြစ်နေမလား။

ဖြေ။ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ရွေးကောက်ပွဲဖြတ်ကျော်နိုင်အောင် ကိုယ်စားလှယ်လောင်းတိုင်း ကြိုးစားရမယ်။ ကိုဗစ်ကာလလည်းဖြစ်တော့ ဘယ်သူမှ ဖောဖောသီသီမသုံးနိုင်ဘူး။ ပိုက်ဆံသုံးမှ မဲရမှာလားဆိုတာ ပြန်မေးကြရမယ်။ အဲဒီဟာက ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ။ ပြည်သူကပိုက်ဆံပေးလည်း မဲပေးမှာမှမဟုတ်တာ။ ကျွန်မတို့အနေနဲ့ လူငယ်တွေကိုတော့ မြေတောင်မြှောက်ပေးချင်တယ်။ သူကရွေးကောက်ပွဲမှာ ပါကိုပါသင့်တယ်ဆိုတာမျိုးဆို ပါတီက ငွေထောက်ပံ့ပေးဖို့ စဉ်းစားထားပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကိုပြောချင်တာကတော့ အတတ်နိုင်ဆုံးအားထည့်ပါ။ ပရော်ဖက်ရှင်နယ်ပီပီသသ ရွေးကောက်ပွဲကိုပြင်ဆင်ပါ။

မှတ်ချက်။ ။ တိုက်သုံးမူနှင့်အညီ ပြင်ဆင်တည်းဖြတ်ထားပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.