Hlegu Township resident Daw Khin Thet Maw she did not initially understand that she would be asked to repeat the false confession in front of police, or that the USDP members would name her as a witness when they filed an official complaint with police accusing the NLD of vote buying. (Hkun Lat | Frontier)
ပြည်ခိုင်ဖြိုးပါတီဝင်များသည် အင်န်အယ်လ်ဒီပါတီဝင်များအား တရားစွဲဆိုသည့်အမှုတွင် ၎င်းကို သက်သေအဖြစ်ထွက်ဆိုခိုင်းမည်ကို ကြိုတင်မသိရှိခဲ့ရကြောင်း လှည်းကူးဒေသခံ ဒေါ်ခင်သက်မော်ကဆိုသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပြည်ခိုင်ဖြိုးရဲ့ လှည်းကူးက အငြင်းပွားဖွယ် မဲမသမာမှုစွပ်စွဲချက်

အင်န်အယ်လ်ဒီပါတီဝန်းရံသူနှစ်ဦးကို ရဲစခန်းတွင် အမှုဖွင့်ရန် မမှန်သက်သေထွက်ဆိုပေးခဲ့ရကြောင်း လှည်းကူးဒေသခံတစ်ဦးက ဆိုသည်။ ၎င်းကို လှည်းကူးပြည်ခိုင်ဖြိုးပါတီဝင်အချို့က ငွေပေး၍ အမှုဖွင့်ရန်အသင့်ရေးသားထားသော စာတစ်စောင်တွင် လက်ဗွေရိုက်နှိပ်စေခဲ့ကြောင်း သက်သေထွက်ဆိုသူအမျိုးသမီးက ပြောသည်။

ရဲမွန် ရေးသားသည်။

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သည့် လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ)ဝန်းရံသူနှစ်ဦးကို မဲမသမာမှုဖြင့် အမှုဖွင့်တိုင်ကြားရန် ဒေသခံတစ်ဦးအား ငွေပေး၍ မမှန်သက်သေထွက်ဆိုခိုင်းသည့် ဖြစ်စဥ်တစ်ခု နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း လုပ်ကြံထွက်ဆိုရန် ပြည်ခိုင်ဖြိုးပါတီဝင်အချို့က ငွေပေးခဲ့ကြောင်း ငချောကွင်းကျေးရွာတွင် နေထိုင်သည့် အသက်၄၅နှစ်အရွယ်ရှိ ဒေါ်ခင်သက်မော်က ဆိုသည်။ မည်သည့်အတွက် လိမ်လည်သက်သေထွက်ဆိုခိုင်းသည်ကို မသိရှိကြောင်းလည်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲနေ့တွင်ဖြစ်သည်။ လှည်းကူးရှိ ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦး ဒေါ်ခင်သက်မော်ထံသို့ ရောက်ရှိလာပြီး မည်သည့်ပါတီကိုမဲပေးခဲ့သနည်းဟု မေးမြန်းခဲ့ရာ အင်န်အယ်လ်ဒီပါတီကို မဲပေးကြောင်း ၎င်းကပြန်လည်ဖြေကြားခဲ့သည်။

သုံးရက်အကြာ နိုဝင်ဘာ၁၁ရက်တွင် အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦး ထပ်မံရောက်ရှိလာပြီး ၎င်းကို လှည်းကူးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ခေါ်ဆောင်ခဲ့သည်။ ထို့ပြင် အန်အယ်လ်ဒီပါတီဝန်းရံသူနှစ်ဦးက ၎င်းတို့ပါတီကိုမဲပေးရန် ငွေကြေးမက်လုံးဖြင့်စည်းရုံးခဲ့ကြောင်း ထွက်ဆိုရန် ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးက သင်ကြားခဲ့သည်ဟု ဒေါ်ခင်သက်မော်က ဖရွန်းတီးယားမြန်မာကို ဒီဇင်ဘာ၉ရက်တွင် ပြောသည်။

ယင်းသို့ထွက်ဆိုသည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင် ဦးခိုင်ဇော်ဆိုသူက ၎င်းကို ငွေကျပ် ၉၇,၀၀၀ကျပ် ပေးခဲ့သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးက ၎င်းကို နေထိုင်ရာရွာမှ ခေတ္တတိမ်းရှောင်ရန်လည်းပြောဆိုပြီး ယင်းအတွက် လမ်းစရိတ်ပင်ပေးခဲ့ကြောင်း ဒေါ်ခင်သက်မော်က ဆိုသည်။

“အန်အယ်လ်ဒီကလည်း ဘာပိုက်ဆံမှမပေးခဲ့ဘူး။ ပြည်ခိုင်ဖြိုးက ဘာလို့ကျွန်မကို လိမ်ခိုင်းမှန်းနားမလည်ဘူး”ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးက ဒေါ်ခင်သက်မော်ကို ငွေပေး၍ အင်န်အယ်လ်ဒီကို တိုင်တန်းသည့်အမှုတွင် ၎င်းတို့ပြောသည့်အတိုင်း ထွက်ဆိုစေခြင်းနှင့်ပတ်သက်၍ လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့က အဆိုပါကိစ္စမဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ၏ စွပ်စွဲမှုခံရသည့် လှည်းကူးဒေသခံ အင်န်အယ်လ်ဒီပါတီဝင်နှစ်ဦးကလည်း ၎င်းတို့သည် ဒေါ်ခင်သက်မော်ကို ငွေချေးထားခြင်းလုံးဝမရှိကြောင်းနှင့် အင်န်အယ်လ်ဒီကိုမဲထည့်ပါက အကြွေးလျှော်ပေးမည်ဟုလည်း မည်သည့်အခါတွင်မျှ မပြောဆိုခဲ့ကြောင်း ဆိုသည်။

ယင်းသို့စွပ်စွဲချက်သည် ပြည်ခိုင်ဖြိုးပါတီက ရဲစခန်းများသို့တိုင်ကြားခဲ့သည့် အမှုများအနက်တစ်ခုအပါအဝင်ဖြစ်သည်။ ပါတီဒုတိယဥက္ကဋ္ဌဦးခင်ရီ၏ နိုဝင်ဘာ၂၆ရက် သတင်းစာရှင်းလင်းပွဲအတွင်းပြောဆိုချက်အရ ပြည်ခိုင်ဖြိုးက ရဲတပ်ဖွဲ့တွင် အမှု၁၂၆ခု ဖွင့်လှစ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်အဖွဲ့ခွဲများသို့ တိုင်ကြားမှုပေါင်း ၁,၀၀၀ကျော် တင်သွင်းထားသည်။

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ရွေးကောက်ပွဲကထက် ပို၍များပြားသော မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့သည်။ ယင်းနေရာများအနက် မြန်မာပြည်အလယ်ပိုင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာနှင့် သာစည်စသည့် ပြည်ခိုင်ဖြိုး၏ အမာခံနယ်မြေများလည်း ပါဝင်ခဲ့သည်။

ဖြစ်စဉ်အချို့ကလွဲ၍ နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲသည် ပြဿနာကြီးကြီးမားမား တစ်စုံတစ်ရာမရှိခဲ့ဘဲ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက အသိအမှတ်ပြုထားသည်။

သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီကမူ ရွေးကောက်ပွဲရလဒ်ကိုလက်မခံနိုင်သည့်အပြင် အန်အယ်လ်ဒီပါတီဝင်များက မဲမသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။ ယင်းသို့စွပ်စွဲချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် လှည်းကူးမြို့နယ်က အမှုကိစ္စတွင်မူ ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦးဖြစ်သော ဦးခိုင်ဇော်နှင့် ဒေါ်နီလာဆိုသူတို့က ဒေါ်ခင်သက်မော်ကို အင်န်အယ်လ်ဒီအပေါ် စွပ်စွဲရာတွင် သက်သေလိုက်ပေးရန် ငွေပေး၍ ခိုင်းစေခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ၁၁ရက်က ပြည်ခိုင်ဖြိုးပါတီလှည်းကူးရုံးသို့ သွားရောက်ရာတွင် ၎င်းသည်ကြောက်ရွံ့နေခဲ့သဖြင့် ဦးခိုင်ဇော်နှင့် ဒေါ်နီလာတို့နှစ်ဦးက “မကြောက်”ရန်နှင့် “သင်ထားပေးတဲ့အတိုင်းပြော”ရန်သာ ၎င်းကိုပြောခဲ့သည်ဟု ဒေါ်ခင်သက်မော်က ဆိုသည်။

“လိမ်လည်းမလိမ်ချင်ဘူး၊ ပိုက်ဆံလည်းမယူဘူးလို့ သူတို့ကိုပြောတော့ သူတို့ကပြောတဲ့အတိုင်းသာလုပ်တဲ့။ အဲဒီအချိန် ကျွန်မတော်တော်လေးကိုစိတ်ရှုပ်နေပြီ။ ရွာလည်းရောက်ရော ခေါင်းတွေမူးနောက်လာလို့ ဆေးပေးခန်းမှာ ဆေးထိုးလိုက်ရသေးတယ်”ဟု ၎င်းကပြောသည်။

ဒေါ်ခင်သက်မော်သည် ၎င်းကိုအမှုတွဲတွင် အဓိကသက်သေအဖြစ် လိုက်ပါဆောင်ရွက်စေမည်ကို မသိရှိခဲ့ကြောင်း ဆိုသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များရှေ့တွင် လိမ်လည်ထွက်ဆိုရမည်ကိုလည်း ကြိုတင်မသိရှိခဲ့ဟု ၎င်းကဆိုသည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီဝင်များပေးသည့် ငွေကိုမူ လက်ခံရယူခဲ့သည်ဟု ဒေါ်ခင်သက်မော်က ဝန်ခံပြောဆိုသည်။

ဦးခိုင်ဇော်နှင့် ဒေါ်နီလာတို့နှစ်ဦးသည် ဒေါ်ခင်သက်မော်ကို လှည်းကူးပြည်ခိုင်ဖြိုးပါတီရုံးသို့ နိုဝင်ဘာ၁၅ရက်တွင် ထပ်မံခေါ်ဆောင်ခဲ့ပြီး အသင့်ရေးသားထားသော စာတစ်စောင်တွင် လက်ဗွေရိုက်နှိပ်စေခဲ့ကာ နိုဝင်ဘာ၂၃ရက်တွင် ၎င်းကိုလှည်းကူးမြို့နယ်၊ ရဲစခန်းသို့ အမှုဖွင့်ရာတွင် သက်သေအဖြစ် ခေါ်ဆောင်ခဲ့သည်။

“ကျွန်မက စာလည်းမရေးတတ်၊ မဖတ်တတ်ဘူး။ အဲဒါကြောင့် ဘာစာကို လက်ဗွေနှိပ်ခိုင်းမှန်းမသိခဲ့ဘူး။ စခန်းမှူးကတော့ စာထဲမှာ ကျွန်မပြောထားတာတွေကို ရေးထားတာတဲ့။ အဲ့ဒါတွေကို စခန်းမှူးက ဖတ်ပြခဲ့တယ်”ဟု ဒေါ်ခင်သက်မော်က ပြောသည်။

ရဲစခန်းသို့ သွားရောက်အမှုဖွင့်သည့် နိုဝင်ဘာ၂၃ရက်မတိုင်မီ ဦးခိုင်ဇော်က ဒေါ်ခင်သက်မော်ကို ညောင်ကုန်းကျေးရွာက ဒေါ်အေးသူဇာမြင့်ဟုခေါ်သည့် အမျိုးသမီးတစ်ဦးထံသို့ ခေါ်ဆောင်ခဲ့သည်။ “မိသူ”ဟု လူသိများသည့် ဒေါ်အေးသူဇာမြင့်သည် ပြည်ခိုင်ဖြိုးကို ဝန်းရံသူတစ်ဦးဖြစ်ပြီး နိုဝင်ဘာ၂၀ရက်က မဟာဗန္ဓုလပန်းခြံရှေ့တွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တစ်ကိုယ်တော် ဆန္ဒပြခဲ့သူလည်းဖြစ်သည်။

အန်အယ်လ်ဒီဝန်းရံသူနှစ်ဦးထံ အကြွေးတင်နေကြောင်း၊ ထိုဝန်းရံသူနှစ်ဦးက အင်န်အယ်လ်ဒီကို မဲပေးပါက အကြွေးလျှော်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အင်န်အယ်လ်ဒီကို မဲပေးခဲ့ကြောင်း ရဲတပ်ဖွဲ့တွင် မည်သို့မည်ပုံထွက်ဆိုရန်ကိုလည်း ဒေါ်အေးသူဇာမြင့်က ဒေါ်ခင်သက်မော်အား သင်ကြားပေးခဲ့သည်။

“ရဲစခန်းရောက်ရင် မကြောက်နဲ့။ ဘယ်လိုပြောဆိုပြီး မိသူက စခန်းကိုမသွားခင် သင်ပေးခဲ့တာ။ ကျွန်မကစခန်းမှာ အမှန်တိုင်းပြောချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က အနားမှာရှိနေတော့ မပြောရဲခဲ့ဘူး။ အဲဒါကြောင့် သင်ပေးထားတဲ့အတိုင်းပဲ ပြောခဲ့လိုက်တယ်”ဟု ဒေါ်ခင်သက်မော်က ပြောသည်။

နိုဝင်ဘာ၂၆ရက်က ရန်ကုန်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကာလအတွင်း တွေ့ရှိရသည့် မဲမသမမှု အထောက်အထားများကို ခင်းကျင်းပြသစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်း

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဝင်ဦးခိုင်ဇော်ကို ဖရွန်းတီးယားမြန်မာက ဒီဇင်ဘာ၉ရက်တွင် တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်သည်မှာ မှန်ကန်သော်လည်း အင်န်အယ်လ်ဒီပါတီဝင်များကို အမှုဆင်ရန် ဒေါ်ခင်သက်မော်အား ငွေပေးခဲ့သည်ဆိုသည်မှာ မမှန်ကန်ကြောင်းဆိုသည်။

“သူ့ကိုဘာကိစ္စနဲ့ ပိုက်ဆံပေးရမှာလဲ။ သူ့ဘာသာ ဒါမျိုးကြုံနေရလို့ မခံမရပ်နိုင်ဖြစ်တာကို သူ့သဘောနဲ့သူ လှည်းကူးကရုံးမှာ ထုတ်ပြောချင်တယ်ဆိုလို့ ခေါ်သွားတာပဲရှိတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း ပြည်ခိုင်ဖြိုးပါတီဝင်ပဲ”ဟု ၎င်းကပြောသည်။

ထို့ပြင် လှည်ကူးမြို့နယ်ရဲစခန်းတွင် တရားလိုအဖြစ် အဆိုပါအမှုအတွက် တိုင်ကြားခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယင်းတိုင်ကြားချက်မှာ ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်မှုမရှိကြောင်း ဦးခိုင်ဇော်က ဆက်ပြောသည်။

ဒေါ်ခင်သက်မော်ကမူ ဦးခိုင်ဇော်၏ပြောဆိုချက်မှာ မမှန်ကြောင်း ထပ်ဆင့်တုံ့ပြန်ပြီး ၎င်းသည် မည်သည့်ပါတီဝင်မှမဟုတ်ကြောင်းနှင့် အင်န်အယ်လ်ဒီပါတီကိုသာသိ၍ မဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖရွန်းတီးယားမြန်မာကို ဒီဇင်ဘာ၉ရက်တွင် ထပ်မံပြောဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ လှည်းကူးမြို့နယ်ဥက္ကဋ္ဌဦးမြတ်စိုးကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ တိုင်ကြားခြင်းနှင့်ပတ်သက်၍ ပါတီဝင်များအား တစ်စုံတစ်ရာ ညွှန်ကြားထားခြင်းမရှိကြောင်း ဆိုသည်။ သို့သော် ဒေါ်ခင်သက်မော် သက်သေအဖြစ်ပါဝင်သော အမှုသည် ပါတီဝင်တစ်ဦးက ကိုယ်ပိုင်ဆန္ဒဖြင့် တိုင်ကြားခဲ့သည့်အမှုဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ပိုက်ဆံပေးစရာအကြောင်းလည်းမရှိသလို ပေးစရာလည်း ပိုက်ဆံမရှိဘူး”ဟု ၎င်းက ပြောသည်။

လှည်းကူးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြတ်စိုး၏ ပြောဆိုချက်အရ ဒေါ်ခင်သက်မော် သက်သေအဖြစ်ပါဝင်သည့် အင်န်အယ်လ်ဒီဝန်းရံသူနှစ်ဦးကို ဦးတည်၍ ဖွင့်လှစ်ထားသော အမှုတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိဟု အဓိပ္ပါယ်ရောက်နေသည်။

သို့သော် ဖရွန်းတီးယားမြန်မာက မြင်တွေ့ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြည်ခိုင်ဖြိုးက တင်သွင်းခဲ့သော အလားတူတိုင်ကြားစာတွင် လှည်းကူးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကလည်း လက်မှတ်ရေးထိုးထားသည်။

တိုင်ကြားစာတွင် လက်မှတ်ရေးထိုးသူများမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သည့် လျှပ်စစ်ဝန်ကြီးဟောင်းဦးခင်မောင်စိုး၊ အမျိုသားလွှတ်တော်မဲဆန္ဒနယ် (ရန်ကုန်-၁)တွင် ယှဉ်ပြိုင်ခဲ့သည့် ဦးခင်မောင်တင့်နှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်နှစ်ခုတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ဦးမြတ်စိုးနှင့် ဦးအောင်မျိုးနိုင်တို့ဖြစ်သည်။ အဆိုပါတိုင်စာကို ရွေးကောက်ပွဲကော်မရှင်အပြင် ပြည်ထဲရေးဝန်ကြီးဌာနသို့ပါ လိပ်မူထားသည်။

ဦးခိုင်ဇော်ကို ဆက်သွယ်ခဲ့ပြီးနောက်တစ်ရက်၊ ဒီဇင်ဘာ၁၀ရက် နံနက်အစောပိုင်းတွင် ဒေါ်အေးသူဇာမြင့်က ဖရွန်းတီးယားမြန်မာသတင်းထောက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်လာပြီး “ထောက်လှမ်းရေးကလား။ ဘာလို့ ခိုင်ဇော်ကိုမနေ့က ဖုန်းဆက်ခဲ့တာလဲ”ဟု အော်ဟစ်မေးမြန်းခဲ့သည်။

ဒေါ်ခင်သက်မော်သက်သေအဖြစ်ပါဝင်နေသည့်အမှုကိစ္စတွင် ၎င်း၏ပါဝင်ပတ်သက်မှုကို ဖရွန်းတီးယာမြန်မာက မေးမြန်းခဲ့သော်လည်း ဒေါ်အေးသူဇာမြင့်က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

“ကျွန်မတို့က အမှန်တရားဖော်ထုတ်ဖို့အတွက် အခုလိုလုပ်နေတာ”ဟု ၎င်းက ပြန်လည်ပြောဆိုခဲ့သည်။

ဒေါ်အေးသူဇာမြင့်ပြောဆိုသည့် အမှန်တရားဖော်ထုတ်ရန်ဆိုသည်မှာ ပြည်ခိုင်ဖြိုးက ကြွေးကြော်ထားသည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုဖြစ်စဉ်များအတွက် ကန့်ကွက်လွှာများ တင်သွင်းခြင်းကို ဆိုလိုသည်။ သို့တိုင်ပြည်ခိုင်ဖြိုးပါတီ၏ ယင်းသို့ထုတ်ဖော်ချက်မှာ အငြင်းပွားဖွယ်ဖြစ်နေသည်။

လှည်းကူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူးဦးဇော်မင်းဌေးက အဆိုပါတိုင်ကြားချက်သည် ၎င်းတို့ထံလည်း ရောက်ရှိလာခဲ့ကြောင်းနှင့် ရဲအရေးပိုင်သည့် အမှုဖြစ်သဖြင့် ၎င်းတို့က စစ်ဆေးမည်မဟုတ်ကြောင်းဆိုသည်။

“ရဲအရေးပိုင်းတဲ့အမှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးမှာမဟုတ်ဘူး”ဟု ၎င်းက ဒီဇင်ဘာ၈ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များ၏ တိုင်ကြားမှုခံရသည့် အင်န်အယ်လ်ဒီပါတီဝင်နှစ်ဦးအနက်က တစ်ဦးဖြစ်သူ ဦးချစ်စုကို ဒီဇင်ဘာလ၈ရက်က မြင်တွေ့ ရစဉ်။ ဦးချစ်စုကမူ ၎င်းသည် ဒေါ်ခင်သက်မော်ကို ငွေချေးခဲ့ခြင်းမရှိသလို အင်န်အယ်လ်ဒီကို မဲပေးပါက အကြွေးလျှော်ပေးမည်ဟုလည်း မပြောခဲ့ကြောင်း ငြင်းဆန်သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကြွေးမြီများကို လျှော်ပေးမည်

နိုဝင်ဘာ၁၅ရက်တွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူသုံးဦးက ပြောခိုင်းသည့်အတိုင်း လုပ်ကြံဖန်တီး၍ ထွက်ဆိုခဲ့ရကြောင်း ဒေါ်ခင်သက်မော်က ဆိုသည်။

လုပ်ကြံဖန်တီးချက်အရ ဒေါ်ခင်သက်မော်က ၎င်းနှင့် ဆွေမျိုးတော်စပ်သူ မဖြူဖြူလွင်နှင့် အင်န်အယ်လ်ဒီပါတီဝင် ဦးချစ်စုတို့ကို ပေးရန်အကြွေးတင်နေကြောင်း၊ အင်န်အယ်လ်ဒီကို မဲပေးပါက ကြွေးမြီများကို လျှော်ပေးမည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်သူ၍ ဖြစ်၏။

“နိုဝင်ဘာ၂၄ရက်မှာ ရဲစခန်းက ခေါ်လို့သွားတော့မှ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ရဲ့ အမှုဖွင့်တိုင်ကြားချက်မှာ ကျွန်တော့်နာမည်ပါနေတာကို သွားတွေ့မိတယ်။ အင်န်အယ်လ်ဒီကို မဲပေးရင် အကြွေးတွေလျှော်ပေးမယ်လို့ ဒေါ်ခင်သက်မော်ကိုပြောတယ်ဆိုပြီး ဦးခိုင်ဇော်ဆိုတဲ့လူက ကျွန်တော်နဲ့ အင်န်အယ်လ်ဒီပါတီဝန်းရံသူနောက်တစ်ယောက်ကို စွပ်စွဲထားတယ်။ ကျွန်တော်ကတော့ဗျာ… အဲဒီလိုမျိုးမပြောခဲ့ဘူးဆိုတာ ကျိန်ပြီးကိုပြောရဲတယ်။ ဘာအကြွေးမှလည်းမရှိပါဘူး”ဟု ဦးချစ်စုက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ငချောကွင်းရွာသူ အသက်၂၇နှစ်အရွယ် မဖြူဖြူလွင်ကလည်း ၎င်းအနေဖြင့် ဒေါ်ခင်သက်မော်ကို ငွေချေးခဲ့ခြင်းမရှိကြောင်း၊ ဦးခိုင်ဇော်နှင့် ဒေါ်နီလာတို့၏ စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း ဆိုသည်။

“ကျွန်မမှာ ချေးဖို့ငွေအပိုတောင်မရှိဘူး။ ဦးခိုင်ဇော်က ဘာလို့ဒီလိုလုပ်တာလဲဆိုတာ နားမလည်ဘူး။ ကြည့်ရတာ သူတို့ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီကို နာမည်ဖျက်ချင်တယ်နဲ့ တူပါတယ်”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ၈ရက်တွင် ဒေါ်ခင်သက်မော်သည် လှည်းကူးမြို့နယ်၊ အင်န်အယ်လ်ဒီပါတီရုံးသို့ သွားရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းတန်ကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ဦးသိန်းတန်သည် နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် အဆိုပါလွှတ်တော်မဲဆန္ဒနယ်အတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

“ကျွန်မသူ့ကို အကုန်ပြောပြလိုက်တယ်”ဟု ဒေါ်ခင်သက်မော်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားချက်မှာ အင်န်အယ်လ်ဒီပါတီအပေါ် “လူထုအမြင်လွဲအောင် တမင်သက်သက်ပြုလုပ်ခြင်း”ဖြစ်သည်ဟု ဦးသိန်းတန်ကဆိုသည်။ ယင်းအတွက် ပါတီ၏ လမ်းညွှန်ချက်နှင့်အညီ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော် အင်န်အယ်လ်ဒီရန်ကုန်တိုင်းရုံးကို ဒီကိစ္စတင်ပြသွားမယ်။ တကယ်လို့ပါတီက တာဝန်ပေးလာမယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်သွားမယ်။ ကျွန်တော်ဘာတွေလုပ်နေသလဲ ဆိုတာကို ရဲတပ်ဖွဲ့ကို ပြောပြထားတယ်။ နောက်ပြီး ဒေါ်ခင်သက်မော်ရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူပေးဖို့ ပြောထားတယ်”ဟု ဦးသိန်းတန်က ပြောသည်။

ဦးခင်ဇော်၏ အမှုဖွင့်တိုင်ကြားချက်တွင် ၎င်းတို့အား မည်သည့်ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲထားသည်ကို မသိရှိသေးကြောင်း ဦးချစ်စုနှင့် မဖြူဖြူလွင်တို့ နှစ်ဦးလုံးက ဆိုသည်။ အမှုဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ ဖရွန်းတီးယားမြန်မာက ဦးခင်ဇော်ကို ဆက်သွယ်ခဲ့သော်လည်း ၎င်းက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ဖရွန်းတီးယားမြန်မာက လှည်းကူးမြို့နယ်ရဲစခန်းသို့ အမှုဖြစ်စဉ်အသေးစိတ် သိရှိရရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပြည်သူ့လွှတ်တော်ဥပဒေ ပုဒ်မ၅၈(က)အရ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးရရှိရန် ငွေကြေးပေး၍ လာဘ်ထိုးပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်း ချမှတ်ခံရနိုင်သည်။ ထို့ပြင် ယင်းသို့တိုင်တန်းချက်များကို ရွေးကောက်ပွဲနေ့ကစ၍ ၁၅ရက်အတွင်း ရဲတပ်ဖွဲ့တွင် အမှုဖွင့်ရမည်ဟုလည်း ဥပဒေတွင် ဖော်ပြထားသည်။

ဒေါ်ခင်သက်မော်သည် မမှန်မကန်၊ လိမ်လည်၍ သက်သေထွက်ဆိုခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၁၉၃အရ အမှုဖွင့်ခံရနိုင်ကြောင်း ရှေ့နေဦးခင်မောင်ဇော်က ဖြစ်စဉ်အပေါ် သုံးသပ်၍ပြောကြားသည်။ ၎င်းပုဒ်မအရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်ခုနှစ်နှစ်နှင့် ငွေဒဏ်ကျခံနိုင်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ကန့်ကွက်တိုင်ကြားမှုများစွာတင်သွင်းခြင်းဖြင့် အင်န်အယ်လ်ဒီပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကို အခက်တွေ့အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ယင်းသို့လုပ်ဆောင်ချက်များမှာ ရွေးကောက်ပွဲရလဒ်ကို မည်သို့မျှ ပြောင်းလဲစေမည်မဟုတ်ကြောင်း အင်န်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ဆိုသည်။

“လူတွေက သူတို့ကိုမထောက်ခံတော့ဘူးဆိုတာ ပြည်ခိုင်ဖြိုးပါတီက သိသင့်တယ်။ သူတို့ရဲ့ တိုင်ကြားမှုတွေက လုပ်ကြံဖန်တီးတာတွေများတယ်။ ဒါလည်း ကျွန်တော်တို့သိပါတယ်”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီပါတီ၏ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်ကို မြို့နယ်ပါတီရုံးခန်းတွင် မြင်တွေ့ခဲ့ရစဉ်။ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားချက်မှာ အင်န်အယ်လ်ဒီပါတီအပေါ် “လူထုအမြင်လွဲအောင် တမင်သက်သက်ပြုလုပ်ခြင်း”ဖြစ်သည်ဟု ဦးသိန်းတန်က ဆိုသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.