ပြည့်တန်ဆာလုပ်ငန်းကို ပြုပြင်ပြောင်းလဲခြင်း

ပြည့်တန်ဆာလုပ်ငန်းကို ပြုပြင်ပြောင်းလဲရန် အကြံပေးသူများက လာမည့်လွှတ်တော်တွင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းသောအခါ အပြစ်ပေးခြင်းများထက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ 

ရှောင် ဂလေစင် ရေးသားသည်။

ပြည့်တန်ဆာလုပ်ငန်းကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုသည် ပြည်ထောင်စုလွှတ်တော်တွင် မှေးမှိန်သွားခဲ့ပြီး နောင်တက်လာမည့် အစိုးရက ကိုင်တွယ်ပေးရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က ပြဋ္ဌာန်းခဲ့သော ပြည့်တန်ဆာများအား နှိပ်ကွပ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် အဆိုပြုချက်များကိုသာ အတည်ပြုလိုက်ပါက ထိုလုပ်ငန်းသည် ရာဇဝတ်ကြောင်းအရ ပိုမို၍ ပြစ်မှုမြောက်သွားစေလိမ့်မည် ဖြစ်သည်။

သို့ဖြင့် ပြည့်တန်ဆာများသည် တစ်နှစ်၊ သို့မဟုတ် ထို့ထက်ပို၍ ထောင်ဒဏ်ကျခံရဖွယ် ရှိနေဆဲ ဖြစ်သွားပေလိမ့်မည်။ သူတို့၏ ဆန္ဒမပါဘဲ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ခံယူနေရပေဦးမည်။ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများရှိကြောင်း တွေ့ရှိရပါကလည်း ဆေးရုံ၊ ဆေးခန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခံနေရပေဦးမည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွင် ပါဝင်သည့် အပြောင်းအလဲ အနည်းငယ်မှာ ကျင့်သုံးမှု မရှိလှသည့် ဇိမ်ခန်းပိုင်ရှင်နှင့် ဇိမ်ခေါင်းများအား ရိုက်နှက်ဆုံးမနိုင်သည့် ဥပဒေကို ဖျက်သိမ်းပေးခြင်းနှင့် ဆရာဝန်၏ ကျန်းမာရေး စစ်ဆေးမှုကို ခံယူရန် ငြင်းပယ်သော ပြည့်တန်ဆာများအား ဒဏ်ကြေးများစွာ တပ်ရိုက်ခြင်းစသည့် အချက်များသာ ဖြစ်သည်။

ယင်းအဆိုပြုချက်သည် မြို့ပြလူ့အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်အချို့၏ တောင်းဆိုမှုဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုတစ်ခုအဖြစ် မထားရှိရန် တင်ပြချက်ကို အာရုံမထားသည့်အပြင် မရေရာလှသည့် လိင်တန်းတူညီမျှမှုကို ဦးတည်လျက် ယင်းဥပဒေအရ ပြည့်တန်ဆာများ၏ ဖောက်သည်များကိုပါ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်အောင် ပထမဆုံးအကြိမ်အဖြစ် ဖေါ်ပြထားသည်။

အပြစ်အနာအဆာ ကင်းသော ပြုပြင်ပြောင်းလဲမှုကို မျှော်လင့်သူများကမူ အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက်တွင် ပြည့်တန်ဆာလုပ်ငန်းအတွက် အဓိပ္ပာယ် ပြည့်ဝသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

ပြည့်တန်ဆာများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခြင်း

ပြည့်တန်ဆာများအား နှိပ်ကွပ်သော ဥပဒေကို ပြုပြင်ပြောင်းလဲရန် အဆိုပြုချက်အပေါ် အငြင်းပွားမှုများသည် ယင်းအဆိုကို ပြည်ထဲရေးဝန်ကြီးဌာနက စတင်တင်သွင်းသည့် ဇွန်လကတည်းက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသားလွှတ်တော်မှ တစ်သီးပုဂ္ဂလအမတ် ဦးဖုန်းမြင့်အောင်သည် လွှတ်တော်တွင် ပြီးခဲ့သော အောက်တိုဘာလက ပြည့်တန်ဆာများအပေါ် စာနာသော အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ ထိုအဆိုတွင် ၎င်းက ပြည့်တန်ဆာများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့အား အကာအကွယ်ပေးနိုင်သော အဆိုပြုချက်မျိုးကို တောင်းဆိုခဲ့သည်။ အမျိုးသား ဒီမိုကရက်တစ် အင်အားစု ပါတီ၏ လွှတ်တော်အမတ်ကလည်း ပြည့်တန်ဆာများကို ၎င်းတို့၏ အဆောက်အအုံထဲတွင် ခွင့်ပြုထားရှိသော ရန်ကုန်မြို့မှ ဟိုတယ်အတော်များများကိုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

“တခြားနိုင်ငံတွေမှာက အမျိုးသမီးတွေဟာ လိုင်စင်နဲ့ အလုပ်လုပ်ကြတယ်။ ဒီတော့ သူတို့ အနိုင်ကျင့် မခံရနိုင်ဘူး။ ခေါင်းပုံဖြတ် မခံရနိုင်ဘူး။ သူတို့ရဲ့ ကျန်းမာရေးအတွက် အပြည့်အဝ အာမခံချက်ရှိတယ်” ဟု ဦးဖုန်းမြင့်အောင်က မဇ္ဈိမသတင်းစာ၏ မြန်မာဘာသာဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

၎င်းက ယနေ့ကမ္ဘာကြီးတွင် ရေတစ်ပေါက်၊ မြက်တစ်မျှင်ကပင်လျှင် လူ့အဖွဲ့အစည်းကို အထောက်အကူပြုနိုင်ကြောင်း၊ ယင်းပြည့်တန်ဆာများသည်လည်း ၎င်းတို့၏ လူ့အဖွဲ့အစည်းကို အထောက်အကူပြုသည်ဟု သူယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မဇ္ဈိမ သတင်းစာပါ ဆောင်းပါးရှင် စည်သူအောင်မြင့်က ဦးဖုန်းမြင့်အောင်ကို ချီးကျုးပြောဆိုထားသည်။ ၎င်း၏ ဝင်ရောက်ပြောကြားမှုကြောင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီထံ ပြန်လည် ပေးပို့လိုက်သဖြင့် ထိုဥပဒေကို အတည်ပြုရန် နှောင့်နှေးသွားခဲ့ရသောကြောင့် ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းကို ကန့်ကွက်သူများအတွက်မူ လွှတ်တော်အတွင်း အခြားအဖြစ်အပျက်များက ၎င်းတို့ကို အဆင်ပြေသွားစေခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို သြဂုတ်လအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယာယီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခြင်းကြောင့် လွှတ်တော်၏ အစီအစဉ်များ နှောင့်နှေးခဲ့ရသည်။ သြဂုတ်လ လွှတ်တော်၏ အစီအစဉ်များသည် ရာထူးမှ ပြန်လည် ရုပ်သိမ်းနိုင်ရေး ဥပဒေကို အလျင်အမြန် ပြဋ္ဌာန်းရခြင်း၊ ကျန်ရှိနေသေးသော အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေများကို လာမည့်လတွင် စတင်မည့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလမတိုင်မီ ပြဋ္ဌာန်းပေးရခြင်းတို့ဖြင့် ကုန်လွန်ခဲ့ရသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်တွင် အတည်ပြုခဲ့သော်လည်း ပါဝင်သော စာသားများကို သဘောထားကွဲလွဲနေကြသဖြင့် ယင်းဥပဒေမူကြမ်းကို မပြဋ္ဌာန်းနိုင်မီ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးရန် လိုအပ်လာရာ ယင်းမူကြမ်းသည် လွှတ်တော်၏ အစီအစဉ်များတွင် လွတ်ကျန်နေခဲ့သည်။ အကြောင်းမှာ ထွက်ခွာသွားရတော့မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူကြမ်းများကို ဇန်နဝါရီလမကုန်မီ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေသောကြောင့် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမတ် ဒေါ်စန္ဒာမင်းအတွက်မူ ထိုဥပဒေမူကြမ်း နှောင့်နှေးသွားခဲ့ရ ခြင်းသည် ယင်းကိစ္စအပေါ် အဆိုတင်သွင်းမှုများ ထပ်မံလုပ်ဆောင်နိုင်စေပြီး လုံးဝကွဲပြားသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အခွင့်အလမ်း ရသွားစေခဲ့သည်။ ၎င်းသည် အဓိပ္ပာယ် ပြည့်ဝသော ပြည့်တန်ဆာလုပ်ငန်း ပြုပြင်ပြောင်းလဲမှုကို လိုလားသူဖြစ်သည်။ ၎င်းက ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မူလ ဥပဒေကို ပိုမိုပြင်းထန်ဆိုးရွားသွားစေသော ထိုအဆိုနှင့် ကွဲပြားသည့် အဆိုသစ် တစ်ရပ် တင်သွင်းနိုင်ရန် မျှော်လင့်သည်။

“အင်န်ဂျီအိုတွေ အတော်များများကလည်း ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ တချို့ကို ကျွန်မတို့ ကြားရပါတယ်” ဟု ၎င်းက Frontier ကို ပြောကြားသည်။

ဒေါ်စန္ဒာမင်းက ပြောကြားရာတွင် ယင်းအဆိုကို လာမည့် နှစ်လ သုံးလအတွင်း ပြန်လည်ဆွေးနွေးနိုင် မည်ဖြစ်ပြီး ၎င်းကမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော လွှတ်တော်က ပြဋ္ဌာန်းသောအခါ ပြည့်တန်ဆာများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို ပိုမိုဦးစားပေးသည့် ဥပဒေ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

ထိုအချိန်အတွင်းမှာပင် ပြည့်တန်ဆာလုပ်ငန်းသည် ဟိုတယ်များ၊ ဧည့်ဂေဟာများ၊ ကာရာအိုကေခန်းများတွင် တိုးတက်တွင်ကျယ်ဆဲပင် ဖြစ်သည်။ ပြည့်တန်ဆာများသည်လည်း ရောဂါမျိုးစုံ ရရှိရန်၊ ခေါင်းပုံဖြတ်ခံရရန်နှင့်  အလွဲသုံးစားပြုခံရရန် အခွင့်အလမ်းများနေကြဆဲ ဖြစ်သည်။ 

ဖွံ့ဖြိုးနေသော ပြည့်တန်ဆာလုပ်ငန်း

မြန်မာနိုင်ငံ ကိုလိုနီခေတ် ဥပဒေများကို ၁၉၄၉ ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေဖြင့် အစားထိုးပြီးကတည်းက ပြည့်တန်ဆာများ၊ ဇိမ်ခေါင်းများ၊ ဇိမ်ခန်းပိုင်ရှင်များကို အပြစ်ပေးမှုများမှာ တိုးမြင့်လာခဲ့သည်။ သို့သော် ပြည့်တန်ဆာ လုပ်ငန်းများမှာ လျော့ကျသွားခဲ့ခြင်း မရှိပေ။

၁၉၅၆ ခုနှစ်တွင် အသစ်ပြုပြင်လိုက်သော ဥပဒေကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟု အမည်ပေးလိုက်ပြီး ကမ္ဘာပေါ်တွင် ရှေးရှေးကတည်းက ရှိလာသော လုပ်ငန်းတစ်ခုကို ဖယ်ရှားရန် ကြိုးပမ်းခြင်းမှာ ရည်မှန်းချက် အကြီးလွန်ခြင်း တစ်မျိုးသာ ဖြစ်သည်။ ထိုနှစ်တွင်ပင် ဇိမ်ခန်းပိုင်ရှင်များနှင့် ဇိမ်ခေါင်းများကို ရိုက်နှက် ပြစ်ဒဏ်ပေးနိုင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေ၌ ဇိမ်ခန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ချဲ့ထွင်ခဲ့ပြီး ဇိမ်ခန်းပိုင်ရှင်နှင့် ဇိမ်ခေါင်းများကို အမြင့်ဆုံး ထောင်ဒဏ်များ ချမှတ်နိုင်ရန် ပြဋ္ဌာန်းပေးခဲ့သည်။

ဒေါ်စန္ဒာမင်းသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြည့်တန်ဆာလုပ်ငန်းကို ပြစ်မှုတစ်ခုအဖြစ် မထားရှိစေရန် ကြိုးပမ်းခဲ့သော်လည်း ပြည်သူ့လွှတ်တော်အတွင်း အကြီးအကျယ် အရေးနိမ့်ခဲ့ရသည်။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ကျော်ကျော်ထွန်းက ထိုအရေးကိစ္စကို ယခုလွှတ်တော်သက်တမ်း၌ ထပ်မံဆွေးနွေးရန်မရှိဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ယင်းကိစ္စကို ပြန်လည်ဆွေးနွေးသောအခါ ပြည်ထဲရေးဝန်ကြီးဌာနသည် ယခုအဆိုကို တင်သွင်းခဲ့ပြီး ပြည့်တန်ဆာများ၏ ဖောက်သည်များကိုပါ ပြစ်မှုဆိုင်ရာအရ အရေးယူနိုင်စေရန် အဆိုတင်၍ ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှု တစ်ခုအဖြစ် ပိုမိုရှုမြင်လာကြစေရန် ကြံဆောင်ခဲ့သည်။

ထိုအချိန်အတွင်းမှာပင် ပြည့်တန်ဆာလုပ်ငန်းသည် ဟိုတယ်များ၊ ဧည့်ဂေဟာများ၊ ကာရာအိုကေခန်းများတွင် တိုးတက်တွင်ကျယ်ဆဲပင် ဖြစ်သည်။ ပြည့်တန်ဆာများသည်လည်း ရောဂါမျိုးစုံ ရရှိရန်၊ ခေါင်းပုံဖြတ်ခံရရန်နှင့်  အလွဲသုံးစားပြုခံရရန် အခွင့်အလမ်းများနေကြဆဲ ဖြစ်သည်။

UNAIDS အဖွဲ့ကြီးက ၂၀၁၀ ပြည့်နှစ်တွင် ခန့်မှန်းရာ၌ မြန်မာနိုင်ငံတွင် အမျိုးသမီး ပြည့်တန်ဆာ ၇၀,၀၀၀ ခန့် ရှိမည်ဟူ၏။ ၂၀၁၄ ခုနှစ်တွင် ပြည့်တန်ဆာများကြား အိပ်ချ်အိုင်ဗီပိုး ကူးစက်ဖြစ်ပွားနှုန်းသည် ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းပြီး ယင်းမှာ သာမန်ပြည်သူများတွင် ကူးစက်ဖြစ်ပွားနှုန်းထက် ၁၀ ဆခန့် ပိုမိုများပြားနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥပဒေတွင် ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုတစ်ခုအဖြစ် တားမြစ်ထားသော်လည်း အခြားနိုင်ငံများမှ အစိုးရများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုအဖြစ်မှ ဖယ်ရှားပေးပြီး တရားဝင် လုပ်ဆောင်ခွင့်ပေးကာ ပြည့်တန်ဆာများအတွက် ကျန်းမာရေး အထောက်အပံ့ရအောင် မူဝါဒများ ချမှတ်ပေးထားသည်။ ဥပဒေအရ နှိပ်ကွပ်မှုများကို လူကုန်ကူးသူများနှင့် မိမိတို့ အလုပ်သမားများကို မတရားပြုမူဆက်ဆံသည့် ပြည့်တန်ဆာ လုပ်ငန်းပိုင်ရှင်များကိုသာ ဦးတည်ထားသည်။

“ပြစ်ဒဏ်ပေးဖို့်သာ အဓိကလုပ်တာက ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဘေးအန္တရာယ်တွေကို လျှော့ချမပေးနိုင်ဘူး” ဟု UNAIDS နှင့် UN Population Funds အဖွဲ့တို့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းအေဂျင်စီ နှစ်ခုသည် ပြည်ထဲရေး ဝန်ကြီးဌာနက တင်သွင်းသော အဆိုနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် ဆွေးနွေးအကြံပြုထားသော အဖွဲ့အစည်းများ ဖြစ်သည်။

“ဒီလို လုပ်ဆောင်မှုရဲ့ ရလဒ်က ပြည့်တန်ဆာတွေကို အားနည်းတဲ့ လူအုပ်စုအဖြစ် ပိုမိုတွန်းပို့နိုင်ပြီး ဆင်းရဲတွင်း ပိုမိုနက်လာစေကာ သူတပါးကို မှီတွယ်နေရတဲ့ လူအုပ်စုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုတွေက ပြည့်တန်ဆာလုပ်ငန်းကို မပျောက်ကွယ်စေနိုင်ရုံသာမကဘူး၊ ဟန့်လည်း ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ တရားမဝင် ခိုးကြောင်ခိုးဝှက်လုပ်ငန်းအဖြစ်နဲ့ပဲ ရှင်သန်ကြီးထွားနေမှာသာ ဖြစ်ပါတယ်”

ပြုပြင်ပြောင်းလဲရေး အကြံပြုသူများက ပြည့်တန်ဆာများအား ပြစ်ဒဏ်ချမှတ်သည့် လုပ်ငန်းနှင့် ၎င်းတို့အား ဆေးကုသပေးရေး လုပ်ငန်းစဉ်တို့ကို ခွဲခြားထားစေလိုကြသည်။

လက်ရှိအခြေအနေ၌ ပြည့်တန်ဆာများသည် ဆေးဝါးကုသခွင့် ရနိုင်အောင် မိမိဘာသာ ကြိုးပမ်းရမည်ကို ကြောက်ရွံ့နေကြကြောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် အဆက်အသွယ်ရှိသော မြို့ပြလူ့အဖွဲ့အစည်းများက ဆိုသည်။

လူမှုစံနှုန်း နှစ်ရပ်

လူအချို့က ပြည့်တန်ဆာများ၏ ဘဝနှင့် ဘေးကင်းလုံခြုံရေးအတွက် ယဉ်ကျေးမှုဆိုင်ရာအရ ပြောင်းလဲမှုသည် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများထက် ပိုမိုအရေးပါကြောင်း ဆိုသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင် မဟုတ်သော်လည်း ပြည့်တန်ဆာလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ရှိနေသည်ဟု နားလည်ထားသော အချက်သည် ပြည့်တန်ဆာများအတွက် ပိုမိုဘေးကင်းသော လုပ်ငန်းပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။ ယင်းသည် ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုနိုင်သော်လည်း ထိုင်းနှင့် ကမ္ဘောဒီးယားမှ ပြည့်တန်ဆာများသည် မြန်မာနိုင်ငံမှ ပြည့်တန်ဆာများထက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အဖွဲ့အစည်းများ၏ ကူညီမှုများကို ပိုမိုရရှိနေကြသည်။

လိင်ပညာပေးရေး အရပ်ဘက် လူ့အဖွဲ့အစည်း တစ်ခုဖြစ်သော Akhaya Women ကို တည်ထောင်သူ ဒေါ်ထားထားက မြန်မာနိုင်ငံတွင် ပြည့်တန်ဆာအိမ်များကို သွားရောက်ပျော်ပါးသော အမျိုးသားများကို လူမှုရေးအရ ခွဲခြားဆက်ဆံခြင်း မရှိသော်လည်း ပြည့်တန်ဆာ အမျိုးသမီးများကိုမူ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားဆက်ဆံမှုများ ရှိနေသော လူမှုရေးစံနှုန်းနှစ်ရပ် ကွဲပြားစွာ ရှိနေသည်ဟု ဆိုသည်။

“သူတို့တွေက ဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေကို အခံရဆုံး လူတွေပဲ။ သူတို့မှာ ဘာအခွင့်အရေးတွေမှ မရှိဘူး။ တရားဥပဒေအရ အကာအကွယ်တွေလည်း မရှိဘူး။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အခွင့်အရေးတွေ အတွက် ဒီကိစ္စရပ်ကို တစ်နည်းတစ်လမ်း ကွဲပြားခြားနားတဲ့ ရှုထောင့်က ကြည့်ဖို့ လိုနေပြီ”ဟု ဒေါ်ထားထားက ပြောပြသည်။

ယခုနှစ် နောက်ပိုင်းတွင် ပြဋ္ဌာန်းလာနိုင်မည့် ဥပဒေအသစ်သည် ထိုသို့သော တစ်မူထူးခြားသည့် ရှုထောင့်မှ ချဉ်းကပ် ဆောင်ရွက်လာလိမ့်မည်ဟု ယုံကြည်ရသည်။ ယခုလောလောဆယ်အတွက်မူ ပြည့်တန်ဆာများသည် ၎င်းတို့၏ ဘဝကို ပိုမိုဆိုးရွားလာအောင် လုပ်ဆောင်မည့် ဥပဒေ မရှိလာနိုင်ဟူသော အသိဖြင့် ဖြေသိမ့်ကျေနပ်နေရုံသာ ရှိပေမည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.