ပျော်ဘွယ်မြို့နယ်အတွင်း ကျူတောဝကျေးရွာက ကလေးငယ်နှစ်ဦးကို လွန်ခဲ့သည့်လက မြင်တွေ့ခဲ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပျော်ဘွယ်က ခြင်္သေ့နဲ့ခွပ်ဒေါင်းတို့ရဲ့ မဲပြိုင်ပွဲ

မန္တလေးတိုင်းဒေသကြီးတောင်ဘက်အစွန်ရှိ မြို့ငယ်လေးတစ်ခုတွင် ရွေးကောက်ပွဲအသိပညာပေးလှုပ်ရှားမှုများ ကင်းမဲ့နေပြီး ဒေသခံများကလည်း ရွေးကောက်ပွဲအပေါ်စိတ် အားထက်သန်မှု မရှိလှပေ။ သို့သော် ထိုမြို့နယ်သည် အာဏာရအင်န်အယ်လ်ဒီပါတီနှင့် အတိုက်အခံပြည်ခိုင်ဖြိုးပါတီတို့ အပြင်းအထန်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဖရွန်းတီးယားမြန်မာက လာမယ့်ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

“၂၀၁၅ တုန်းက ကျွန်တော်တို့ အင်န်အယ်လ်ဒီရှုံးတာ ပျော်ဘွယ်မြို့နယ်အတွက် ခပ်ကောင်းကောင်းဖြစ်သွားတယ်”ဟု ပြောလာသူက လွန်ခဲ့သည့်ငါးနှစ်က ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပျော်ဘွယ်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သူ ဦးအေးချိုဖြစ်သည်။​ ၎င်းသည် မြို့နယ်ပါတီဥက္ကဋ္ဌလည်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့နယ်ပါဝင်သည့် လွှတ်တော်မဲဆန္ဒနယ် လေးခုစလုံးတွင်  အနိုင်ရရှိသွားသည့်တိုင် ယင်းကို ဦးအေးချိုက အကောင်းဘက်က ရှုမြင်ပုံရသည်။

“ဒီနယ်မြေဟာ အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက်ကြောင့် နောက်ကျကျန်ခဲ့မှာကို အစိုးရကမလိုလားဘူး။ ရှုံးလို့ချန်ခဲ့တယ်ဆိုတာမျိုး အထင်ခံရမှာစိုးတော့ လုပ်သင့်သလောက်ကို အကုန်လုပ်ပေးတော့တာ။ ကျွန်တော်တို့ တောင်းဆိုသမျှ ရွာသူရွာသားတွေ တောင်းဆိုသမျှ အကုန်လုပ်ပေးတော့တာ”ဟု အသက်၆၇နှစ်ရှိပြီဖြစ်သည် ဦးအေးချိုက ပြောသည်။

ရုပ်ပုံကားချပ်ကို Thibi အဖွဲ့က ဖန်တီးသည်။

ပျော်ဘွယ်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ ရှုပ်ထွေးလှသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ မကွေး၊ မိတ္ထီလာ၊ ကလောမြို့နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ ဆုံမှတ်နေရာ တစ်ခုသဖွယ်ဖြစ်နေသည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဖြတ်သန်းသွားလာသမျှ ကုန်တင်ကားများကြောင့် ပျော်ဘွယ်မြို့က ပို၍ဆူဆူညံညံရှိလှသည်။

ပျော်ဘွယ်မြို့သည် တောဓလေ့များ လွှမ်းမိုးထင်ကျန်နေသေးသည့် မြို့ငယ်တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ပူပြင်းခြောက်သွေ့သော အညာမြို့များနည်းတူ နေရာအနှံ့တွင် ထန်းပင်များစွာပေါက်ရောက်၍ မြို့တွင်းနေရာအနှံ့ ဖုန်ထူထပ်သည်။

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၏ ပြောဆိုချက်အရ မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၈၇ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ယင်းမဲဆန္ဒရှင်တောင်သူများသည် ကြက်သွန်၊ ငရုတ်နှင့် ပဲတို့ကို အဓိကစိုက်ပျိုးပြီး မကြာသေးမီက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီဖြင့် ရွာသားများသည် လယ်မြေများကို နှစ်ရှည်ငှားရမ်းပြီး ဖရဲသီးကို စီးဖြစ်ပွားဖြစ် စိုက်ပျိုးလာကြသည်။

သိုသော် ပျော်ဘွယ်မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုမှာ ဆံပင်လုပ်ငန်းဖြစ်သည်။ မြို့ပေါ်နှင့် ကျေးရွာအားလုံးလိုလိုတွင် ဆံပင်ရှင်းသည့်အလုပ်ကို လုပ်ကိုင်ကြပြီး အများစုမှာ အမျိုးသမီးများဖြစ်သည်။ ဆံပင်ကုန်ကြမ်း(အရှုပ်အထွေးများ) ကို အိန္ဒိယမှ တင်သွင်းပြီး ကုန်ချောထည်များအဖြစ်ပြင်ဆင်ကာ တရုတ်ပြည်သို့ တင်ပို့လျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်သို့ ဖရွန်းတီးယားမြန်မာက ဩဂုတ်လနောက်ဆုံးပတ်တွင် သွားရောက်ခဲ့ရာ ရွေးကောက်ပွဲအပေါ် ဒေသခံများက စိတ်အားထက်သန်မှုလျော့နည်းသည်ကို လေ့လာတွေ့ရှိခဲ့ရပြီး ပါတီအလံများနှင့် ပါတီခေါင်းဆောင်များ၏ စတစ်ကာပုံ ကပ်ထားသော မော်တော်ဆိုင်ကယ်နှင့် ကားအနည်းငယ်ခန့်ကိုသာ မြင်တွေ့ခဲ့ရသည်။

ဒေသခံများက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမပြလင့်ကစား ပါတီများ၏ ကိုယ်စားလှယ်လောင်းအသီးသီးက ကျေးရွာများရှိ မဲဆန္ဒရှင်များထံ သွားရောက်၍ မိမိကိုယ်ကို မိတ်ဆက်သည့်အစီအစဉ်များ စတင်နေကြပြီဖြစ်သည်။ သို့တိုင် ၂၀၁၅တွင် ၎င်းတို့ရှုံးနိမ့်ခဲ့သည့် ပျော်ဘွယ်မြို့နယ်တွင် အင်န်အယ်လ်ဒီပါတီက လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရနိုင်မည်လောဟူသည့် မေးခွန်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်ဈေးတွင် ဟင်းသီးဟင်းရွက်များရောင်းချနေသည့် ဒေသခံအချို့ကို ဩဂုတ်လ၂၆ရက်က မြင်တွေ့ခဲ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဦးအေးချိုသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သော အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းလေးဦးအနက်မှ တစ်ဦးဖြစ်သည်။ ၎င်းသည် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကို မဲ၁၀,၀၀၀ကျော် အကွာဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းလေးဦးသည် မဲအရေအတွက်စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းနှင့် ၅၈ ရာခိုင်နှုန်းကြားရရှိခဲ့ကြသည်။

ယင်းအတွက်ကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးခင်အောင်မြင့်ကလွဲ၍ ကျန်သုံးဦးစလုံး ယခင်မဲဆန္ဒနယ်များတွင် ပြန်လည်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းတို့အနက် ယခုနှစ်၊ အင်န်အယ်လ်ဒီပါတီက လွှတ်တော်အတွင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းရာတွင် အာဏာရပါတီကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကြောင့် လူသိများလာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ်ရှိမဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခဲ့သည်က အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာမဟုတ်ခဲ့ပေ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်းဆန္ဒမဲများ၏ လေးရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အင်န်အယ်လ်ဒီပါတီကမူ ဆန္ဒမဲများ၏ ၄၀ရာခိုင်နှုန်းရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲရလဒ်။ (Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲသည်)

ပျော်ဘွယ်မြို့နယ်၊​ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးအနက်က တစ်ဦးဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကမူ ၎င်းသည် ပါတီအကျိုးထက် ပြည်သူ့အကျိုးကို ရှေးရှုသွားမည်ဖြစ်သည်ဟု ဆိုသည်။ ပြန်လည်ရွေးကောက်တင်မြှောက်ခံရမည်ဟုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်ဟု ၎င်းကဆိုသည်။

“လွတ်တော်ကိုယ်စားလှယ်ဆိုတာ ပေးဆပ်တဲ့အလုပ်ပဲ။ ရယူတဲ့အလုပ်မဟုတ်ဘူး။ ကျွန်တော်ဆိုလည်း ရတဲ့လစာက ငါးသိန်း။ ကုန်တာ ၁၂သိန်းနဲ့ ၁၅သိန်းကြားလောက်ရှိတယ်။ ကိုယ့်စီးပွားရေးရှိနေလို့ လှူနိုင်၊ ပေးနိုင်တာပေါ့။ သွားတယ်၊ လာတယ်။ နယ်တွေဆင်းတာ ကျွန်တော်တို့က ဆီဖိုးမရဘူးလေ”ဟု ၎င်းကပြောသည်။

ဦးမြင့်စိုးသည် ပျော်ဘွယ်မြို့နယ်တွင် လူသိများသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး “သီဟတိုက်ဂါး” အမည်ရှိ ရေသန့်လုပ်ငန်း၊ အချိုရည်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀) (ရမည်းသင်းနှင့်ပျော်ဘွယ် နှစ်ခုပေါင်း၍ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်ခုသတ်မှတ်သည်) အပါအဝင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း အယောက်၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ဆိုသည်။

ပျော်ဘွယ်မြို့နယ်တွင် နေထိုင်သူအများစုကမူ နိစ္စဓူဝ စားဝတ်နေရေးအတွက် လုံးပမ်းနေရခြင်းကြောင့် ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုသိပ်မရှိပေ။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာခဲ့စဉ်က မဲပေးခွင့်ရှိသူ ၂၁၄,၂၄၃ဦးအနက် ၂၀ရာခိုင်နှုန်းခန့်သာ မိမိနာမည်မဲစာရင်းတွင်ပါ၊ မပါကို လာရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ဖရွန်းတီးယားမြန်မာကို ဩဂုတ်လ၂၆ရက်က လက်ခံတွေ့ခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

“မဲဆန္ဒရှင်တွေရဲ့ အသိပညာကတော့ ဒီမိုကရေစီအသိ၊ ရွေးကောက်ပွဲအသိဆိုတာကို အတွင်းထဲ ဉာဏ်နဲ့မသိဘူး။ အပေါ်ယံသဘောလောက်ပဲသိတယ်။ ရွေးကောက်ပွဲလုပ်တယ်။ မဲထည့်ရမယ် ဒါလောက်ပဲ”ဟု ၎င်းကပြောသည်။

ဒေသခံလူထုသည် ယခုနှစ်ရွေးကောက်ပွဲကို ၂၀၁၅ရွေးကောက်ပွဲလောက် စိတ်ဝင်စားခြင်းမရှိဟု ပျော်ဘွယ်မြို့ခံ၊ ငြိမ်းချမ်းရေးဖိုရမ်ကွန်ရက်အဖွဲ့ဝင် မသက်သက်စိုးက ဆိုသည်။

ထိုသို့ဖြစ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုမှာ ကိုဗစ်-၁၉ကပ်ရောဂါ၏အကျိုးဆက်ဖြစ်သော စီးပွားရေးကျပ်တည်းမှုများကြောင့် ကျေးရွာနေ မဲဆန္ဒရှင်အများစုသည် စားဝတ်နေရေး အဆင်မပြေဖြစ်ကာ ကြွေးမြီများတင်ရှိနေခြင်းကြောင့်ဖြစ်သည်ဟု သူကဆိုသည်။

“သူတို့က နေ့စားခရဖို့ရယ်၊ အကြွေးဘယ်သူ့ကို ဘယ်လောက်ဆပ်ရမှာရယ် ဒါပဲစိတ်ဝင်စားကြတယ်။ အခုက ကိုဗစ်နဲ့ဆိုတော့ အသေးစားချေးငွေကုမ္ပဏီတွေဆီက ယူထားတဲ့ ချေးငွေတွေ တအားများတာတွေရှိတယ်။ ဒါကိုအချိန်မီပေးဖို့ပဲ စိတ်ဝင်စားတော့တယ်”ဟု ၎င်းကပြောသည်။

ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာများတွင် အသေးစားချေးငွေကုမ္ပဏီခြောက်ခုခန့်က လာရောက်၍ ငွေချေးလိုသူများကို ဆက်သွယ်ကြောင်း၊ ရွာသူရွာသားအတော်များများသည် ကုမ္ပဏီတစ်ခုထက်ပို၍ ပိုက်ဆံချေးယူလေ့ရှိကြောင်း မသက်သက်စိုးက ပြောသည်။

ဒေသခံများသည် စီးပွားရေးမပြေလည်၍ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးကြသည်ဟု ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ မသက်သက်စိုးက ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကတဆင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားလာစေရန် စည်းရုံးရမည်ဖြစ်သော်လည်း ပျော်ဘွယ်သို့ ဖရွန်းတီးယားမြန်မာ ရောက်ရှိစဉ်အတွင်း ယင်းလှုပ်ရှားမှုများ မရှိသလောက်နည်းပါးသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ တိကျသောညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးသောကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ရွေးကောက်ပွဲအသိပညာပေး လှုပ်ရှားမှုများ ပေးသင့်သလောက်မပေးရသေးဟု ဦးစိုးမြင့်က ဝန်ခံပြောကြားသည်။ ၎င်းသည် ၂၀၁၀ပြည့်နှစ်ကပင် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန်ယူထားသူဖြစ်သည်။

“၂၀၁၀တုန်းကဆို သရုပ်ပြမဲရုံတွေ ဘာတွေ လုပ်ပြီးတော့ မဲထည့်နည်းတွေပါပြခဲ့တာ။ အဲဒီလိုပြရင် ကုန်ကျစရိတ်ဆိုတာ ရှိမယ်။ ဒီအတိုင်းတော့မရဘူး။ အခုချိန်ထိတော့ အထက်က ဘယ်လိုသရုပ်ပြပါ၊ ပညာပေးဖို့ဘာလုပ်ပါဆိုတဲ့ ပြောတာမရှိသေးဘူး”ဟု ဦးစိုးမြင့်က ယခင်၂၀၁၀ရွေးကောက်ပွဲကာလတွင် ၎င်းတို့လုပ်ဆောင်ခဲ့ပုံကို ယခုကြုံတွေ့နေရသည့်အဖြစ်များနှင့် နှိုင်းယှဉ်၍ ပြောသည်။

ထို့ပြင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများကို အချိန်မှန်ပြင်ဆင်ထုတ်ပြန်ရေးအတွက် ဝန်ထမ်းမလုံလောက်သဖြင့် အခြားအစိုးရရုံးအဖွဲ့များမှ ဝန်ထမ်းများကို စေတနာဝန်ထမ်းအဖြစ် အကူအညီတောင်းခံရသည်ဟု ဦးစိုးမြင့်က စိတ်မသက်မသာဟန်ဖြင့် ဆိုသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးဖွဲ့စည်းပုံအရ ဝန်ထမ်းငါးဦးထားရှိရမည်ဖြစ်သော်လည်း ဝန်ထမ်းနှစ်နေရာမှာ လစ်လပ်နေကြောင်း သူကဆိုသည်။

သို့သော် နိုင်ငံရေးစိတ်ဝင်စားသည့် မြို့ခံလူငယ်မဲဆန္ဒရှင်အချို့ကမူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ၎င်းတို့စီစဉ်ခဲ့သည့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းစဉ်အချို့ကို ဟန့်တားပိတ်ပင်ခဲ့သည်ဟု စွပ်စွဲသည်။

ပျော်ဘွယ်လူငယ်ကွန်ရက်အဖွဲ့သည် ကျေးရွာများတွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း တရားဝင်အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားခြင်းမရှိဟုဆိုကာ ၎င်းတို့ကိုခွင့်မပြုခဲ့ကြောင်း ကွန်ရက်အဖွဲ့ဝင်ကိုပြည့်ဖြိုးသူက ဆိုသည်။

“ကျွန်တော်အဖွဲ့ကို မှတ်ပုံတင်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက မလိုသေးဘူး။ မလုပ်နဲ့ အဆင်ပြေသေးတယ်ဆိုပြီး မလုပ်လိုက်တာ”ဟု ၂၇ နှစ်ရှိပြီဖြစ်သည့် ကိုပြည့်ဖြိုးသူက ပြောသည်။

ခွင့်ပြုမိန့်တောင်းခံချိန်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အောက်ပါအတိုင်း အကြောင်းပြန်ခဲ့သည်ဟု ၎င်းကဆိုသည်။ “သူတို့ပြောတာ ကျွန်တော်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် နေပြည်တော်ကော်မရှင်ရုံးအထိ စာအဆင့်ဆင့်တင်ရမယ်လို့ ပြောတယ်။ ရွေးကောက်ပွဲကဖြင့် လုပ်တော့မယ်။ ကျွန်တော့်မှာ ဒီအတွက် အချိန်ဘယ်ရှိတော့မလဲ”ဟု ကိုပြည့်ဖြိုးသူက ပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မဲပေးနှုန်းဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်)

ထို့ပြင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၎င်းတို့ကွန်ရက်အဖွဲ့ကို မယုံကြည်၍ မဲဆန္ဒရှင်အသိပညာပေးလှုပ်ရှားမှုကို တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ကိုပြည့်ဖြိုးသူကဆိုသည်။

“သူတို့က မဲဆွယ်မှာ စိုးရိမ်နေကြတယ်။ ကျွန်တော်တို့က မဲဆွယ်ဖို့လုပ်တာမဟုတ်ဘူး။ ဘယ်ပါတီကိုမှလည်း ကိုယ်စားမပြုဘူး”ဟု ၎င်းကပြောသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံက ခွင့်ပြုချက်မရရှိသော်လည်း ၎င်းတို့လူငယ်ကွန်ရက်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နားလည်မှုရယူ၍ ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်များကို မဲပေးမှုနှင့်သက်ဆိုင်သည့် အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

ပျော်ဘွယ်မြို့လူထုက ရွေးကောက်ပွဲကို စိတ်မဝင်စားခြင်းမဟုတ်ဘဲ ၎င်းတို့သည် နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အချင်းချင်းလူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးတတ်သည့် အလေ့အထမရှိ၍သာဖြစ်ကြောင်း ဦးအေးချိုကဆိုသည်။

“ကျွန်တော်တို့မြို့က လူတွေက အမြဲတမ်းအဲဒီအတိုင်းပဲ။ အမြဲ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပေမဲ့ သူတို့ရင်ထဲမှာ သူတို့မဲပေးမယ့်ပါတီက ရှိပြီးသား”ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.