ပုဂ္ဂိုလ်ရေးကိစ္စအတွက် အများဆုံး အသုံးပြုနေသည့် ဆက်သွယ်ရေးဥပဒေတွင် အသရေဖျက်မှုပင်မပယ်နိုင်

ဉာဏ်လှိုင်လင်း ရေးသားသည်။

ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အငြင်းပွားမှုတွေသာ ဖြစ်နေပေမယ့် အစိုးရနဲ့ လွှတ်တော်တွေကတော့ အသရေဖျက်တယ်လို့ ယူဆရုံနဲ့ ဒီဥပဒေကို သုံးပြီး တရားစွဲခွင့်ရှိတဲ့ အခြေအနေကို အပြောင်းအလဲလုပ်ပေးဖို့ဆန္ဒမရှိကြပါဘူး။

ဒီဥပဒေကို ပြန်ပြင်ဖို့စတင်ကြိုးပမ်းတဲ့ အမျိုးသားလွှတ်တော်ရဲ့  သြဂုတ် ၂ရက်နေ့ အစည်းအဝေးက အသရေဖျက်မှု ပယ်ဖျက်ဖို့ကိစ္စကို ငြင်းပယ်ခဲ့သလို နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာမှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်ကလည်း ဒီအချက်ကို လစ်လျူရှုပြီး အတည်ပြုခဲ့ပြန်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ဒီဥပဒေနဲ့ တရားစွဲဆိုမှု စုစုပေါင်း ၁၈၇ မှုမှာ ပုဂ္ဂိုလ်ရေးသက်သက်အမှု ၁၆၀ ရှိတဲ့အကြောင်း ပြည်သူ့လွှတ်တော်ကို ပြောပြခဲ့တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးကိုယ်တိုင်ကလည်း ဒီဥပဒေထဲမှာ အသရေဖျက်မှုကို ပယ်ဖျက်ဖို့ မသင့်တဲ့ဖက်ကပဲ ရပ်တည် ခဲ့တာပါ။

“ရှင်းရှင်းပြောရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဒဘာသာယဉ်ကျေးမှုတို့ကို နားမလည် မရင့် ကျက်ကြသေးလို့ ဒီလို တရားစွဲဆိုမှုတွေ ဖြစ်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်”လို့ သူက ပြည်သူ့လွှတ်တော်ကို ရှင်းပြပါတယ်။ 

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကြီးစိုးတဲ့ သြဂုတ် ၁၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပါတီဝင် အမတ်နှစ်ဦးက အသရေဖျက်မှု ပယ်ဖျက်ဖို့ တိုက်တွန်းခဲ့ပေမယ့် လွှတ်တော်ကတော့ လက်မခံခဲ့ပါဘူး။ အမျိုးသားလွှတ်တော်မှာလည်း အလားတူဖြစ်ပျက်ခဲ့ပါတယ်။

သြဂုတ် ၁၈ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အသရေဖျက်မှုပယ်ဖျက်ဖို့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဒလမြို့နယ်အမတ် ဒေါက်တာစိန်မြအေးက ဒီပြစ်မှုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ မှာ ပြဋ္ဌာန်းထားပြီးဖြစ်လို့ အခုဆွေးနွေးနေတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကနေ နှုတ်ပယ်သင့်တယ်လို့ ဆန္ဒပြုခဲ့ပေမယ့် ဖြစ်မလာခဲ့တာပါ။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ် NLD အမတ် ဦးထွန်းထွန်းဟိန်ကတော့ ရာဇသတ်ကြီး ဥပဒေပါ အသရေဖျက်မှုဆိုင်ရာပုဒ်မမှာ စာ၊ စကား၊ ပုံသဏ္ဍန်နဲ့ ကျူးလွန်မှုတွေကိုသာ သတ်မှတ်ထားပြီး ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုမှုကို ရည်ညွှန်းထားတာမရှိတဲ့အတွက် ဆက်သွယ်ရေးဥပဒေမှာ ဒီကိစ္စကို ထည့်ထားရတာလို့ တုံ့ပြန်ခဲ့ပါတယ်။

လက်တွေ့မှာတော့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုတွေဟာ ဒီဥပဒေပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက် ငါးရပ်အနက် ဘယ်တစ်ချက်နဲ့မှ တိုက်ရိုက်အကျုံးမဝင်တဲ့ အသရေဖျက်မှုဆန်ဆန် ပုဂ္ဂိုလ်ရေးအငြင်းပွားမှုတွေမှာ အဓိကအသုံးပြုနေတဲ့ ကိစ္စတစ်ရပ်ဖြစ်နေတယ်ဆိုတာ ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုတဲ့ ကိန်းဂဏန်း တွေက သက်သေပြနေပါတယ်။

ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်မှာတော့ နိုင်ငံဖွံ့ဖြိုးဖို့ ဆက်သွယ်ရေးနည်းပညာနဲ့ အထောက်အပံ့ပြုနိုင်ရေး၊ အရည်အသွေးမြင့်မားပြီး သုံးစွဲသူတွေကို ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင်တဲ့ လုပ်ငန်းတွေပေါ်ထွန်းရေး၊ အများ ပြည်သူ ဆက်သွယ်အသုံးပြုနိုင်တဲ့ အခွင့်အလမ်းပိုမိုရရှိရေးလို့ဆိုထားတာပါ။

ဒါ့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက် အထောက်အကူပြုပစ္စည်းနဲ့ လိုင်စင်ရယူပြီးမှ အသုံးပြု ခွင့်ရှိတဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ကြီးကြပ်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ တည်ထောင်လုပ်ကိုင်သူနဲ့ အသုံးပြုသူတို့ကို ဥပဒေနဲ့အညီအကာကွယ်ပေးရန်တို့အတွက် ဒီဥပဒေကို ရည်ရွယ်ပြဋ္ဌာန်းထားတာလို့ ဖော်ပြထားပါတယ်။

ဒုတိယဝန်ကြီး ဦးကျော်မျိုးကတော့ “သုံးစွဲသူတွေကို ဥပဒေနဲ့အညီကာကွယ်ပေးတဲ့အခါမှာ ရိုးဖြောင့်ပြီး မှန်ကန်စွာ သုံးစွဲသူတွေကို အကာအကွယ်ပေးသလို မတရားတဲ့နည်းလမ်းနဲ့ စွတ်စွဲခံရသူတွေကိုလည်း ကာကွယ်ပေးရမှာ ဖြစ်ပါတယ်”လို့ အသရေဖျက်မှုပုဒ်မ ပယ်ဖျက်ဖို့မလိုတဲ့အကြောင်း ပြည်သူ့လွှတ်တော်ကို ရှင်းပြစဉ် ထည့်သွင်းပြောဆိုသွားပါတယ်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ဝင်လည်းဖြစ်တဲ့ မောင်ဆောင်းခကတော့ “သူတို့က ဆက်သွယ်ရေးဥပဒေကို ဥပဒေမှာ ပေးထားတဲ့ရည်ရွယ်ချက်တွေကနေ သွေဖယ်ပြီး Cyber Law တစ်ခုလို သုံးချင်နေကြတာ။ အဲဒါက အဓိကပြဿနာတစ်ခုပဲ”လို့ Frontier ကို မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးဥပဒေပါ အသရေဖျက်မှုကို အဓိပ္ပာယ် ဖွင့်ဆိုမပေးတာ၊ ရာဇသတ်ကြီးဥပဒေထဲက အသရေဖျက်မှုမှာ ကင်းလွတ်ခွင့်ပြု အချက် ၁၀ ချက်ပါဝင်တဲ့ ပုဒ်မ ၄၉၉ လိုမျိုးအခွင့်အရေးတွေ ထည့်သွင်း မထားတာတွေဟာ လုံး၀ မဖြစ်သင့်ဘူးလို့ သူက ထောက်ပြပါသေးတယ်။

လက်ရှိဆက်သွယ်ရေးဥပဒေမှာရော အခုပြန်ပြင်နေတဲ့ ဥပဒေကြမ်းမှာပါ ဆက်သွယ်ကွန်ရက်တစ်ခုခုကို အသုံးပြုပြီး အသရေဖျက်မှုကျူးလွန်တယ်လို့ ယူဆရုံနဲ့ အရေးယူနိုင်မယ့် နည်းလမ်းတွေပါဝင်နေပေမယ့် အသရေဖျက်မှုဆိုတာဘာလဲ၊ ဘယ်လိုကိစ္စတွေဟာ အသရေဖျက်မှုမမြောက်ဖူးလဲဆိုတာမျိုးကို တိတိကျကျ ဖော်ပြထားခြင်းမရှိတဲ့အတွက် အခုလို ဝေဖန်ခံရတာပါ။

ရာဇသတ်ကြီးဥပဒေမှာဆိုရင် အများပြည်သူအကျိုးအတွက် မှန်ကန်တဲ့အရာကို စွပ်စွဲခြင်း၊ ပြည်သူ့ဝန်ထမ်းရဲ့ တာဝန်ဝတ္တရားဆိုင်ရာ အပြုအမူ၊ အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ ထင်မြင်ချက်ကို သဘောရိုး ဖြင့်ဖော်ပြခြင်း၊ အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စတွေမှာ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူအပေါ် သဘောရိုးနဲ့ ထင်မြင်ချက်ပေးခြင်း၊ တရားရုံးရဲ့ မှုခင်းဆောင်ရွက်ချက်ကို ကြေညာခြင်းစတာတွေကို အသရေဖျက်မှုကနေ ကင်းလွတ်ခွင့်ပြု ထားပါတယ်။

ဒါ့အပြင် တရားရုံးတွေစီရင်ဆုံးဖြတ်တဲ့အမှုအရည်အသွေး၊ သက်သေနဲ့ အခြားသက်ဆိုင်သူတွေရဲ့ အပြုအမူကို သဘောရိုးနဲ့ ထင်မြင်ချက်ဖော်ပြတာ၊ လူအများဝေဖန်နိုင်ရန် အထင်အရှားဆောင်ရွက်မှုတစ်ခုကို အတိအလင်း ဖော်ပြတာ၊ ဆောင်ရွက်တဲ့သူရဲ့အပြုအမူကို ဖော်ပြတာ၊ တစ်ဦးတစ်ယောက်အပေါ် အခွင့်အာဏာရှိသူက ဥပဒေနဲ့ အညီ သဘောရိုးနဲ့ အပြစ်ဆိုတာ၊  အခွင့်အာဏာရှိသူအား သဘောရိုးနဲ့စွပ်စွဲပြောဆိုတာ၊ မိမိအကျိုး အခြားသူရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ရန် သဘောရိုးနဲ့စွပ်စွဲတာ၊ သူတစ်ပါးနဲ့ အများအကျိုးအတွက် သတိပေးတာတွေဟာလည်း  အသေရေဖျက်မှုမမြောက်ပါဘူး။

“အစိုးရကရော၊ စစ်တပ်ကရော၊ လွှတ်တော်အမတ်တွေကပါ ဒီပုဒ်မကို ဆက်သုံးပြီး သူတို့အပေါ်ဝေဖန်မှုတွေကို ထိန်းချုပ်နေလိမ့်ဦးမယ်။ အဲ့ဒီလိုလုပ်အောင်လည်း လက်ရှိပြင်ဆင်တဲ့ဥပဒေက ခွင့်ပြုပေးထားတယ်”လို့ မောင်ဆောင်းခက သုံးသပ်ပါတယ်။ သူဟာ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က သမ္မတကို သရော် တဲ့ ကဗျာရေးပြီး ဖေ့ဘွတ်ခ်မှာ တင်ခဲ့မှုကြောင့် ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရဖူးတဲ့ ကဗျာဆရာတစ်ဦးပါ။

လွှတ်တော်နှစ်ရပ်စလုံးကတော့ မူလဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)မှာ ဆက်သွယ်ရေးကွန်ရက်ကို သုံးပြီး အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်းတို့ကို ပယ်ဖျက်ဖို့ သဘော တူပေမယ့်လို့ ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ ခြောက်လှန့်တောင်းယူခြင်းတွေကိုတော့ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ ဆက်လက်ထားရှိမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။

အရပ်ဖက်အဖွဲ့အစည်း ၂၂ ခု စုပေါင်းဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုပူးပေါင်းအဖွဲ့ကတော့ အထက်ပါ ပြဋ္ဌာန်းချက်တွေဟာ ရာဇသတ်ကြီးဥပဒေတွေထဲမှာ ရှိပြီးဖြစ်လို့ ဆက်သွယ်ရေးဥပဒေထဲကနေ ပုဒ်မ ၆၆ (ဃ)တစ်ခုလုံးကို ပယ်ဖျက်သင့်တယ်လို့တောင်းဆိုထား ပါတယ်။ 

ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်တွေကို ရပ်ဆိုင်းနိုင်တဲ့၊ ကန့်သတ်နိုင်တဲ့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ပေးဖို့နဲ့ ကြားဖြတ်နားထောင်တာ မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုတာမျိုးတွေ ရုပ်သိမ်းပေးဖို့ကိုလည်း သူတို့က အလိုရှိနေတာပါ။

အဲဒီပူးပေါင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မောင်ဆောင်းခက “၆၆(ဃ)ကိုဖျက်ဖို့ မပြောနဲ့ အဲဒီပုဒ်မထဲက အသရေဖျက်မှုကိုတောင် မပယ်ဖျက်နိုင်တော့ ဒီဥပဒေကိုပြင်တယ်လို့တောင် မပြောနိုင်ပါဘူး။ ပြည်သူတွေ အော်လွန်းလို့ ပြင်ပြတဲ့သဘောလောက်ပဲဖြစ်နေတယ်”လို့ ဝေဖန်ပါတယ်။

လွှတ်တော်နှစ်ရပ်ကတော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ရာမှာ အာမခံပေးနိုင်ဖို့၊ ရဲအရေးပိုင်ခွင့်၊ တရားစွဲလိုသူတွေ ဝန်ကြီးဌာနဆီက ခွင့်ပြုချက်ယူဖို့လိုတာတွေ၊ နစ်နာသူမဟုတ်ဘဲ တရားစွဲလို့ရတဲ့အခြေအနေကို အပြောင်းအလဲလုပ်ဖို့ကိုသာ ဦးတည်ထားတာတွေ့ရပါတယ်။

လွှတ်တော်နှစ်ရပ်စလုံး အလုံးစုံတူညီနေတာမျိုးတော့မဟုတ်ဘဲ သဘောကွဲလွဲမှုအချို့ကတော့ရှိပါတယ်။ အဓိကအချက်ကတော့ ပြစ်ဒဏ်ကျခံကာလနဲ့ အာမခံရရေးကိစ္စပါ။

အမျိုးသားလွှတ်တော်က မူလဥပဒေပါ ထောင်ဒဏ်ကို ဒီအတိုင်းထားပြီး ပုဒ်မ ၆၆ (ဃ)နဲ့ စွပ်စွဲခံရသူကို အာမခံပေးနိုင်တယ်လို့ ပြင်ဆင်ထားပေမယ့် ပြည်သူ့လွှတ်တော်ကတော့ မူလပြစ်ဒဏ်သုံးနှစ်အစား အာမခံအခွင့်အရေး ကျိန်းသေပေါက်ရနိုင်တဲ့ နှစ်နှစ်ထက်မပိုသော ပြစ်ဒဏ်လို့ ပြင်လိုတာပါ။

ဒါကြောင့် ပြည်သူ့လွှတ်တော်ရဲ့ ပြန်လည်ပြင်ဆင်ချက်ကို ဥပဒေပြင်ဆင်ရေး စတင်ဆွေးနွေးတဲ့ အမျိုးသား လွှတ်တော်ဖက်က သဘောတူမတူ နောက်တစ်ကြိမ်ဆွေးနွေးရဖို့ရှိပါတယ်။ ကွဲလွဲမှုတွေဆက်ရှိနေဦးမယ် ဆိုရင်တော့ လွှတ်တော်နှစ်ရပ်စလုံးက အမတ်အားလုံးတက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.