ပုဂ္ဂလိကဘဏ်များ အခြေခိုင်ဖို့နှင့် ဈေးကွက်သစ်ရဖို့ ကြိုးစားနေရဆဲ

ပြီးခဲ့သော အစိုးရလက်ထက်တွင် လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ပေးခဲ့သဖြင့် ဘဏ်များသည် ပိုမို လျင်မြန်စွာ ချဲ့ထွင်လာနိုင်ပြီး ဝန်ဆောင်မှုများကိုလည်း အမျိုးအစားများစွာ ပေးလာနိုင်ကြသည်။

ပီတာ ဂျင်ဆင် ရေးသားသည်။

ဗိုလ်ချုပ်နေဝင်းသည် ဆိုရှယ်လစ်ဝါဒကို အသက်သွင်းရာတွင် ၁၉၆၃ ခုနှစ်၌ နိုင်ငံတွင်းရှိ ဘဏ်အားလုံးကို ပြည်သူပိုင် သိမ်းခဲ့သည်။ ထို့နောက် ဘဏ်ပေါင်း ၂၄ ခုစလုံးကို ပြည်သူ့ဘဏ် အမှတ် (၁)၊ ပြည်သူ့ဘဏ် အမှတ် (၂) စသည်ဖြင့် နာမည်သစ်များ ပေးခဲ့သည်။

စစ်မှန်သော ဆိုရှယ်လစ် ဘဏ်စနစ်ကို အကောင်အထည်ဖော်ရန် ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ယင်းဘဏ်အားလုံးကို ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် People’s Bank of the Union of Burma ဟု အမည်ပြောင်းကာ တစ်ခုတည်းသော ကြီးမားသည့် ဘဏ်ကြီးအဖြစ် ပေါင်းစည်းပေးခဲ့သည်။

ထိုမှ ၅၄ နှစ်ကြာပြီးနောက်တွင် မြန်မာနိုင်ငံရှိ ဘဏ်များသည် သီးခြားရပ်တည်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။ တဖြည်းဖြည်းနှင့် ဘဏ်များသည် ထိုအခြေအနေသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

၂၀၁၁ ခုနှစ်မတိုင်မီက ဘဏ်များ လုပ်ဆောင်နိုင်သော အရာများ သိပ်မရှိခဲ့ပေ။ ဘဏ်ခွဲသစ်များ ဖွင့်လှစ်ခြင်းကို ကန့်သတ်ခဲ့သည်။ ထို့ကြောင့် ဘဏ်များ၏ ဖွံ့ဖြိုးကြီးထွားမှုသည် ကန့်သတ်ခံခဲ့ရသည်ဟု စီဘီဘဏ် CB Bank ၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

စီဘီဘဏ်သည် ယခုအခါ မြန်မာနိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိကဘဏ် လေးခုထဲတွင် ပါဝင်သည်။ စီဘီဘဏ်သည်  လက်ရှိ၌ ဘဏ်ခွဲပေါင်း ၁၅၅ ခု ရှိပြီး ရွှေ့ပြောင်းလုပ်ကိုင်နေသည့် Easi Mobile Agents ၂၄၀ ရှိကာ တစ်နိုင်ငံလုံးတွင် အေတီအမ် ငွေထုတ်စက် ATMs ပေါင်း ၄၅၀ ရှိသည်။ စီဘီဘဏ်သည် ဒစ်ဂျစ်တယ်ဘဏ် တစ်ခုအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပြီး မိုဘိုင်းဘဏ် ဝန်ဆောင်မှုများကို အီးပိုက်ဆံအိတ် e-wallets များ၊ မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများဖြင့် ဖောက်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ဦးကျော်လင်းသည် မြန်မာနိုင်ငံ ဘဏ်များအသင်း Myanmar Banks Association ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပြီး ၎င်းက ဘဏ်များအတွက် ကောင်းမွန်သောအချိန်သည် ပြီးခဲ့သော သမ္မတ ဦးသိန်းစိန်၏ အရပ်သားဟု ခေါ်ဆိုသော အစိုးရလက်ထက်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

“သူတို့က အလျင်အမြန်ကို ပြောင်းလဲပေးခဲ့တာပါ။ ဘဏ်တွေအနေနဲ့ အလုပ်တွေ ကောင်းကောင်း လုပ်နိုင်လာပါတယ်” ဟု ၎င်းက ဆိုသည်။

စီဘီဘဏ်၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်း။ ဓာတ်ပုံ - အန်းဝမ်

စီဘီဘဏ်၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်း။ ဓာတ်ပုံ – အန်းဝမ်

သို့သော် မြန်မာနိုင်ငံ၏ ဘဏ်များသည် အောက်ဆုံးအခြေအနေမှ စတင်ရခြင်း ဖြစ်သည်။ ယင်းမှာ ဦးနေဝင်း၏ ဆိုးရွားသော မူဝါဒများကြောင့် သာမကဘဲ မြန်မာနိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ဆိုးရွားလှသော ဘဏ္ဍာရေး အကျပ်အတည်း ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ ယင်းမှာ ပုဂ္ဂလိကဘဏ် ကဏ္ဍကို ကြီးကြပ်မှု အားနည်း၍ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ် အကျပ်အတည်းတွင် ဘဏ်အတော်များများ ကျဆုံးခဲ့ပြီး နိုင်ငံ၏ အကြီးမားဆုံးဘဏ် ဖြစ်သည့် အာရှဓနဘဏ် Asia Wealth Bank လည်း အပါအဝင် ဖြစ်သည်။ ထို့ကြောင့် တရားဝင် ဘဏ္ဍာရေးစနစ်များအတွက် အများပြည်သူ၏ ယုံကြည်မှု ကျဆင်းသွားခဲ့သည်။ ခန့်မှန်းချက်များအရ  မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဘဏ်စာရင်း ဖွင့်ထားကြရာ ယုံကြည်မှု ကျဆင်းစေသည့် ယင်းအခြေအနေမျိုး အဆုံးသတ်သင့်ပြီဟု ဆိုသည်။

တရားဝင် ဘဏ်စနစ်ကို အသုံးပြုနှုန်း နည်းပါးခြင်း၏ အခြားအကြောင်းရင်း တချက်မှာ ကျပ်ငွေ၏ ဆိုးရွားသော သမိုင်းကြောင်းကြောင့် ဖြစ်သည်။ ငွေစက္ကူများကို တရားမဝင် ကြေညာခြင်းမှစပြီး ငွေကြေးဖောင်းပွမှုများကြောင့် ဘဏ်စနစ်သည် ရွှေနှင့် အိမ်ခြံမြေတို့နှင့် နှိုင်းယှဉ်လျှင် အသုံးမဝင်လှသော ငွေစုဆောင်းစနစ် တစ်ခု ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတွင်းမှ ကျပ်ငွေသည် တန်ဖိုးကျဆင်းနှုန်း မြန်ဆန်လှ၍ ဖြစ်သည်။ ဘဏ်တွင် ငွေသားထားရှိ စုဆောင်း၍ ရရှိသော အတိုးနှုန်းထက် ပိုမိုလျင်မြန်စွာ ကျဆင်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဘဏ်စနစ် အသုံးပြုသည့် လူဦးရေ နည်းပါးခြင်းမှာ ဘဏ်များနှင့် ကျပ်ငွေအပေါ် အယုံအကြည် နည်းပါးမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ဘဏ်ခွဲများလည်း အများအပြား မရှိသေးပေ။ ဝေးလံခေါင်သီသော ဒေသများတွင် ပုဂ္ဂလိက ဘဏ်ခွဲများ မရှိသလောက်ပင် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁,၅၀၀ ခန့်သာ ရှိသည်။ သို့သော် နိုင်ငံပိုင် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့ စီးပွာရေးဘဏ် Myanmar Economic Bank နှင့် မြန်မာ့ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုဘဏ် Myanmar Agricultural Development Bank နှစ်ခုသည် ယင်းဘဏ်ခွဲများ အားလုံး၏ သုံးပုံတစ်ပုံခန့်ကို ပိုင်ဆိုင်ထားသည်။ ယင်းကို ကြည့်ပါက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဘန်ကောက် ဘဏ် Bangkok Bank တစ်ခုတည်းကပင် ဘဏ်ခွဲပေါင်း ၁,၂၀၀ ခန့် ရှိနေသည်။

ကမ္ဘောဇဘဏ် KBZ Bank သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိကဘဏ် ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၃၈၉ ဘဏ် ရှိသည်။ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ချင်းပြည်နယ်မှာပင် ဘဏ်ခွဲများ ရှိသည်။

အမေရိကန်နိုင်ငံတွင် နေထိုင်နေသော ချင်းလူမျိုး အများအပြား ရှိသည်။ သူတို့သည် မိသားစုများထံသို့ များသောအားဖြင့် ဝက်စ်တင်း ယူနီယံ Western Union ဖြင့် ငွေလွှဲပေးလေ့ ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒု ဥက္ကဋ္ဌဟောင်း ဦးသန်းလွင်က ပြောကြားသည်။ သူသည် ယခုအခါတွင် ကမ္ဘောဇဘဏ်၏ အကြီးတန်း အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်လျက် ရှိသည်။

ကမ္ဘောဇဘဏ်သည် ထိုင်းနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံး တစ်ရုံး ဖွင့်နိုင်ရန် ခွင့်ပြုချက် ရရှိထားသော မြန်မာနိုင်ငံ၏ ပထမဆုံးဘဏ် ဖြစ်လာပြီး ထိုင်းနိုင်ငံ၌ ပုံမှန်လည်ပတ်နိုင်သည့် ဘဏ်ခွဲတစ်ခု ဖွင့်နိုင်ရန် ကြိုးပမ်း လျက်ရှိသည်။ ကမ္ဘောဇဘဏ်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်း ၃ သန်းခန့်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသော ငွေများ၏ ရာခိုင်နှုန်း အတော်များများကို ကိုယ်စားပြုသည်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ဘဏ်ခွဲရှိရင် ထိုင်းနိုင်ငံက ဘဏ်တွေနဲ့ ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားတွေကို ဝန်ဆောင်မှု ပေးနိုင်မှာပါ” ဟု ဦးသန်းလွင်က ပြောသည်။

ဇွန်လကလည်း ကမ္ဘောဇဘဏ်သည် စင်ကာပူတွင် ကိုယ်စားလှယ်ရုံး တစ်ရုံး ဖွင့်ခွင့် ရခဲ့ပြန်သည်။ ယင်းသည်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ငွေကြေးကဏ္ဍ အချက်အချာတစ်ခု ဖြစ်နိုင်သည်။

အိမ်သို့ ငွေလွှဲပို့သည့် လုပ်ငန်းမှာ မြန်မာဘဏ်များအတွက် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်မှာ မြန်မာနိုင်ငံ၏ စုစုပေါင်း ငွေလွှဲပို့မှု ပမာဏသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရှိခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ဘဏ်လုပ်ငန်းရှင်များကမူ  စုစုပေါင်း ငွေလွှဲပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဘီလျံအထိပင် ရှိနိုင်ကြောင်း ဆိုသည်။

ယင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံ၏ ၇ ဒသမ ၈ ရာခိုင်နှုန်းပင် ဖြစ်သည်။ ဘဏ်များအားလုံးသည် ငွေပို့ခြင်း လုပ်ငန်းနောက်ကိုသာ လိုက်နေကြပြီး ယင်းမှာ ချေးငွေပြီးလျှင် ဘဏ်များအတွက် ဒုတိယ အကြီးမားဆုံး ဝင်ငွေရှာဖွေပေးသော လုပ်ငန်း ဖြစ်သည်။

သို့ရာတွင် အပြိုင်အဆိုင်များကြောင့် ငွေလွှဲပြောင်းသည့် ဝန်ဆောင်မှုစရိတ်သည် ၀ ဒသမ ၀၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ သို့တိုင် ငွေလွှဲပြောင်းခြင်းသည် ဘဏ်များအတွက် အနာဂတ်အလားအလာ တစ်ခုတော့ မဟုတ်ပေ။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နှုန်း ၈ ရာခိုင်နှုန်းအထိရှိသော မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ဝန်ဆောင်မှု အများအပြား ထပ်မံလိုအပ်လျက် ရှိသည်။

<img class=

“မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းရှင်တွေကို မေးကြည့်ရင် သူတို့က ဘဏ်လုပ်ငန်းဆိုတာ ငွေပို့ငွေလွှဲ လုပ်တာလို့ပဲ ထင်နေကြတယ်” ဟု ဗဟိုဘဏ်၏ အကြံပေးပုဂ္ဂိုလ်ဟောင်း မစ္စတာ တင်မ် ရှက်ဖ်မန်း Mr. Tim Scheffmann က ပြောကြားသည်။ သူသည် ယခုအခါ ဖွင့်လှစ်တည်ထောင်တော့မည့် ဘဏ္ဍာရေး ဝန်ဆောင်မှု နည်းပညာ ထုတ်ကုန် FinTech ဝန်ဆောင်မှုတစ်ခု ဖြစ်သည့် MyPay ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။

မိုဘိုင်းငွေကြေး အော်ပရေတာများနှင့် FinTech များသည်လည်း ငွေပို့ ငွေလွှဲသည့် လုပ်ငန်းကို ပစ်မှတ်ထား လုပ်ကိုင်လာနိုင်ကြသည်။ ထိုသို့ဖြင့် ဘဏ်များသည် လုပ်ကွက်အသစ်များကို အာရုံထားလာကြနိုင်သည်။ “ဘဏ်တွေအတွက် ငွေပို့ ငွေလွှဲတဲ့ အလုပ်ထက် ပိုမို လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ ငွေချေးတာ၊ ငွေကြေးလည်ပတ် ချေးငှားတာ cash flow lending ၊ ဘဏ္ဍာရေးအရ စွန့်စားမှုတွေ ရယူတာ၊ portfolio management နဲ့ wealth management စတာတွေ အများကြီး ရှိပါတယ်” ဟု ရှက်ဖ်မန်း က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရသစ်သည် ဘဏ္ဍာရေးကဏ္ဍကို ၎င်းတို့၏ အဓိက မူဝါဒ ပန်းတိုင်များထဲတွင် ထည့်သွင်းထားသည်။ ဘဏ်များသည် ယင်းတို့၏ ငွေချေးငှားသည့် အခန်းကဏ္ဍများကို တိုးမြင့်ရန် တွန်းအားပေးခံနေရသည်။ ယင်းတို့သည် ယခင်က ရေပေါ်ဆီ လူတန်းစားအတွက်သာ ဖြစ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပြည်သူတွေက သူတို့ ငွေတွေကို ဘဏ်တွေမှာ စုကြတယ်။ ဒီငွေတွေ အားလုံးကို ဘဏ်က အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်တဲ့ လူတွေကို ချေးလိုက်တယ်” ဟု အင်န်အယ်လ်ဒီ၏ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့၏ အထက်တန်း အကြံပေးပုဂ္ဂိုလ်က ပြောကြားသည်။

ထိုသို့ ကြံရွယ်ချက်ကောင်းများ ရှိသော်လည်း ဘဏ်များသည် ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်။ တသမတ်တည်း သတ်မှတ်ထားသော အတိုးနှုန်းများနှင့် ချေးငွေထုတ်ပေးရန် ရွေ့လျားမရနိုင်သော ပိုင်ဆိုင်ပစ္စည်းများကို အာမခံအဖြစ် ထားရှိစေခြင်း စသော ထုံးတမ်းစဉ်လာများ ဖြစ်သည်။

ယင်းအခြေအနေတွင် တရားမျှတမှု ရှိစေရန် ဗဟိုဘဏ်သည် အာမခံပစ္စည်းနှင့်စပ်လျဉ်း၍ ပြုလွယ်ပြင်လွယ် ဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည်။

“အခုဆို ကျွန်တော်တို့ ငါးဖမ်းသင်္ဘောတွေကို အာမခံအဖြစ် ထားလို့ ရနေပါပြီ” ဟု ပုဂ္ဂလိကပိုင် Global Treasure Bank ၏ ဒု မန်နေးဂျင်း ဒါရိုက်တာ ဦးလှညွန့်က ပြောကြားသည်။

Global Treasure Bank သည် ယခင်က မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးမှုဘဏ် Myanma Livestock and Fisheries Development Bank ဖြစ်သည်။ ပြီးခဲ့သောနှစ်တွင် Global Treasure Bank ၏ ချေးငွေ ၃၁ ရာခိုင်နှုန်းသည် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍကို ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။ Global Treasure Bank သည် ဘဏ်ခွဲပေါင်း ၁၂၀ ရှိသည်။

“ကျွန်တော်တို့က လူမှုအဖွဲ့အစည်း အုပ်စုအာမခံနဲ့ ငွေထုတ်ချေးတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ လူမှုအဖွဲ့အစည်း အုပ်စုချေးငွေများသည် လူငါးဦးထက်ပိုသော အုပ်စုက အကြွေးပြန်ပေးရန် အုပ်စုလိုက် တာဝန်ယူရသော ချေးငွေ ဖြစ်သည်။ ယင်းကို လယ်သမားများက ချေးငွေရရှိနိုင်ရန် အသုံးပြုကြသည်။

မြန်မာ့ရှေ့ဆောင် ဘဏ် Myanma Apex Bank သည် ဧဒင်အုပ်စု Eden Group ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ချေးငွေထုတ်ပေးရန် ပစ်မှတ်ထားလျက် ရှိသည်။ တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၇၅ ခုသာ ရှိသေးသည့်အတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ၎င်းတို့မှာ အထူးပြင်ဆင်မှုများ ဆောင်ရွက်ရန်  လိုအပ်လျက်ရှိသည်။

မြန်မာ့ရှေ့ဆောင် ဘဏ်သည် လယ်သမားများ၏ မြေယာငှားရမ်းပိုင်ခွင့်များကို အသေးစား ချေးငွေများအတွက် အာမခံအဖြစ် ထားရှိနိုင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသည်။ ယင်းအသေးစား ချေးငွေများမှာ စိုက်ပျိုး ရာသီတစ်ခုလျှင် မြေတစ်ဧကအတွက် အမေရိကန် ဒေါ်လာ ၃၅၀ ထုတ်ချေးခြင်း ဖြစ်သည်။

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အေတီအမ်ငွေထုတ်စက်များကို တွေ့ရစဉ်။ ဓာတ်ပုံ - မာရို ဗာလီ

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အေတီအမ်ငွေထုတ်စက်များကို တွေ့ရစဉ်။ ဓာတ်ပုံ – မာရို ဗာလီ

“ကျွန်တော်တို့ စပါးစိုက်ပျိုးရာသီ နှစ်ခုအတွက် ငွေထုတ်ချေးခဲ့ပြီးပြီ။ အခုထိတော့ NPLs-non performing loans လိုမျိုး၊ ပြန်ဆပ်ဖို့ ပျက်ကွက်မှုတွေ မရှိသေးပါဘူး” ဟု မြန်မာ့ရှေ့ဆောင် ဘဏ်နှင့် မြန်မာ့ ဆန်စပါး အသင်းချုပ် Myanmar Rice Federation နှစ်ခုစလုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က ပြောကြားသည်။

“ကျွန်တော်တို့က စိုက်ပျိုးရေးကဏ္ဍကို ပထမဦးစားပေးအဖြစ် ထားပါတယ်။ ကွန်ရက်ကြီး တစ်ခုလုံးကို ခြုံငုံမိနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုဆို ကုန်လှောင်ရုံတွေကို ထောက်ပံ့ပေးနိုင်ဖို့ စတင်လေ့လာနေပါတယ်။ ဒုတိယ ဦးစားပေးကတော့ အလတ်စားနဲ့ အသေးစား စီးပွားရေး လုပ်ငန်း SMEs တွေပါ”

ရိုးမဘဏ်သည် ဘဏ်ခွဲပေါင်း ၆၀ ခန့်သာ ရှိသော်လည်း အုပ်ချုပ်မှုစနစ် ကောင်းမွန်ခြင်း၊ နိုင်ငံခြားမှ ပြန်လည်ခေါ်ဆောင်လာသော မြန်မာဝန်ထမ်းများနှင့် ဖွဲ့စည်းထားခြင်း စသည်တို့ဖြင့် နာမည်ကောင်း ရရှိနေမှုကို အသုံးချကာ အကျိုးအမြတ်ကောင်းများ ရရှိနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းဌာန International Finance Corp နှင့် အာရှဖွံ့ဖြိုးရေး ဘဏ် Asian Development Bank နှစ်ခုစလုံးသည် ရိုးမနှင့်တွဲ၍ အစီအစဉ်များ လုပ်ဆောင်ထားသည်များ ရှိသည်။

“ရိုးမဘဏ်က စီးပွားရေး ဘဏ်တစ်ခုအနေနဲ့ ရှိနေဦးမှာပါ။ ကျွန်တော်တို့က SMEs တွေကို ဝန်ဆောင်မှု ပေးပါတယ်”ဟု ရိုးမဘဏ်၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ဟားလ် ဘို့ရှာ Mr Hal Bosher က ပြောကြားသည်။ “ကျွန်တော်တို့ ထူးချွန်အောင် လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေကတော့ ဒေသတွင်းနဲ့ နိုင်ငံတကာက ကော်ပိုရေးရှင်းတွေနဲ့ အလုပ်လုပ်တာပါ။ သူတို့က ကျွန်တော်တို့ကို သဘောကျကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဝန်ထမ်းတွေက နိုင်ငံခြားက ပြန်ခေါ်လာတာမို့လို့ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ကြတယ်။ ပြီးတော့ ကျွန်တော်တို့က အုပ်ချုပ်မှုစနစ်ကောင်းလည်း ရှိလို့ပါ”

ပြည်တွင်းဘဏ်အချို့သည် ကြီးမားကျယ်ပြန့်သော ဘဏ်ကြီးတစ်ခုအဆင့်သို့ အလျင်အမြန် ဖြစ်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်။

“အခု ကျွန်တော်တို့ဘဏ်က ဘဏ်ခွဲ ၁၅၈ ခု ရှိပါတယ်။ ဒီနှစ်ကုန်မှာ ဘဏ်ခွဲပေါင်း ၂၅၀ အထိ ရှိလာအောင် ရည်ရွယ်လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီဘဏ် AYA Bank မှ အီးချယ်နယ် ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းဌာန E-Channel Financial Inclusion Banking ၏ ဌာနမှူး ဖြစ်ပြီး အကြီးတန်း အထွေထွေ မန်နေဂျာလည်းဖြစ်သော ကိုမျိုးဝင်းရီက ပြောသည်။

“ကျွန်တော်တို့က ရည်မှန်းချက် ကြီးကြီးမားမား ထားတဲ့ ဘဏ်တစ်ခု ဖြစ်ပါတယ်။ အခုနေမှာတော့ ကျွန်တော်တို့ဘဏ်က အလတ်စား ဘဏ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ငန်း ကြီးထွားလာအောင် ကြိုးစားနေပါတယ်” ဟု ၎င်းက မကြာသေးမီက ပြုလုပ်သော FinTech နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။

ဘဏ်ကြီးများဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ စီဘီ၊ မြဝတီ၊ ရိုးမနှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များ အားလုံးသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာစနစ်တွင် ကြီးမားစွာ ရင်းနှီးမြုပ်နှံလျက် ရှိကြသည်။ အကြောင်းမှာ ၎င်းတို့သည် မိုဘိုင်းဘဏ်စနစ်မှ ဖြစ်ပေါ်လာနိုင်သော ဖွံ့ဖြိုးကြီးထွားမှုတွင် နောက်ကျမကျန်ခဲ့စေရန် ဖြစ်သည်။

ယင်းဘဏ်ကြီးများသည် ၎င်းတို့၏ ငွေစုဆောင်းမှု အခြေစိုက်ဌာနများကို တိုးချဲ့ရန် ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိသည်။ ဘဏ်တွင် ငွေစုဆောင်းနှုန်းသည်လည်း မြန်မာနိုင်ငံတွင် နှစ်စဉ် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြင့် ဘဏ်များသည် ငွေချေးသည့် လုပ်ငန်းများကို ချဲ့ထွင်လုပ်ကိုင်လာနိုင်ကြသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဘဏ်ချေးငွေသည် ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ် ၅၀ ရာခိုင်နှုန်းဖြင့် တိုးတက်လာနေသည့် အကြောင်းရင်းကို သိနိုင်သည်။

“ကျွန်တော်တို့ရဲ့ ငွေကြေးစုဆောင်းမှု အခြေစိုက်တွေက နှစ်စဉ် ၃၅ ကနေ ၅၀ ရာခိုင်နှုန်းကြား တိုးတက်နေပါတယ်။ ဒီတော့ ချေးငွေတွေကလည်း ဒီပမာဏအတိုင်းပဲ တိုးမြင့်လာပါတယ်”ဟု စီဘီဘဏ်မှ ဦးကျော်လင်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံမှ ဘဏ်အများစုမှာမူ အကုန်အကျ များလှသော ကွန်ပျူတာစနစ်များတွင် ရင်းနှီးမြုပ်နှံခြင်း၊ ယင်းထက် ပိုမိုကုန်ကျနိုင်သည့် ဘဏ်ခွဲသစ်များ ထပ်မံဖွင့်လှစ်ခြင်းကို မလုပ်ဆောင်နိုင်ကြပေ။ ဘဏ်ခွဲ အသစ်တစ်ခု ဖွင့်မည်ဆိုလျှင် အမေရိကန် ဒေါ်လာ ၅ သန်းခန့် ကုန်ကျနိုင်သည်။ မြန်မာနိုင်ငံတွင် လိုင်စင်ရရှိထားသော ဘဏ် ၂၉ ခုတွင် နိုင်ငံပိုင်ဘဏ် ၄ ခု ပါဝင်ပြီး ပုဂ္ဂလိကဘဏ် ၂၅ ခု ပါဝင်သည်။

ကျန်အတော်များများသည်လည်း လိုင်စင်ရရှိရန် လျှောက်ထားနေသော အခြေအနေတွင် ရှိသည်။ မြန်မာနိုင်ငံသည် ဘဏ္ဍာရေး ပါဝင်မှုအရ ကြည့်မည်ဆိုရင် ဘဏ် အသုံးပြုမှု နည်းပါးပြီး ဘဏ်အရေအတွက်က များပြားနေခြင်း ဖြစ်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဘဏ်များထဲမှ အချို့၏ ရေရှည်တည်တံ့နိုင်ရေးအတွက် မေးခွန်းထုတ်စရာ ရှိလာသည်။ ဘဏ်လုပ်ငန်းတွင် အပြိုင်အဆိုင်များ ပိုမိုများပြားလာပြီး နည်းပညာနှင့် ဘဏ်ခွဲပိုင်ဆိုင်မှု အရေအတွက်များ လွန်စွာကွာဟလာသောအခါ ဘဏ်အချို့အတွက် ကျဆုံးမှုသည် လက်တစ်ကမ်းတွင် ရှိလာနိုင်သည်။

သို့ရာတွင် ဘဏ်စနစ်၌ ယနေ့ထက်တိုင် လွှမ်းမိုးနေသော ၂၀၀၃ ခုနှစ် အကျပ်အတည်းမှ သင်ခန်းစာကို ရယူထားပြီးဖြစ်ရာ ဗဟိုဘဏ်သည် သေးငယ်သော မည်သည့်ဘဏ်ကိုမဆို လုပ်ငန်းရပ်တန့်သည်အထိ အဖြစ်ခံမည် မဟုတ်ဟု ဘဏ်လုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းကြသည်။ ယင်းသည် ဘဏ်အသုံးပြုသူ ဖောက်သည်များ၏ ဘဏ်များအပေါ် ယုံကြည်မှုကို အလွန်အမင်း ဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်ပေသည်။

“ကျွန်တော်တို့ ထင်တာကတော့ အစိုးရက ဘဏ်အသေးတွေ စုစည်းမိသွားတာမျိုးကို တွန်းအားပေးလိမ့်မယ်။ အနာဂတ်မှာ ဒီလိုနည်းလမ်းနဲ့ပဲ သွားရမှာပဲ” ဟု ဦးချစ်ခိုင်က ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

၂၀၁၆ ဇူလိုင်လထုတ် Frontier Myanmar အပတ်စဉ်ထုတ် မဂ္ဂဇင်း၏ Banking and Finance special edition မှ ဆောင်းပါး ဖြစ်ပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.