ပုဂံရဲ့ နေဝင်ချိန်ကို ဘုရားတွေပေါ်ကနေ ကြည့်ရှုခွင့် ပျောက်ဆုံးတော့မှာလား

ပုဂံရဲ့ကမ္ဘာကျော် နေဝင်ချိန် ရှုခင်းကို ကြည့်ရှုဖို့ ပုဂံက ဘုရားတွေပေါ်ကို ခရီးသွားတွေ တက်ရောက်ကြတာကို တားမြစ်မယ့် အစိုးရရဲ့အစီအစဉ်က ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်

ထွန်းခိုင် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုရောက်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားခရီးသွားတွေဟာ ညနေစောင်းချိန် ရောက်လာပြီဆိုရင် အေဒီ ကိုးရာစု အလယ်ပိုင်းလောက်က ကျန်စစ်သားမင်းတည်ထားခဲ့တဲ့ “ရွှေဆံတော်”ဘုရားဆီကို အရောက်သွားကြလေ့ ရှိကြပါတယ်။

ဧရာဝတီမြစ်ကမ်းနဘေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ လောက်က တည်ထားတဲ့ ပုဂံက သာသနိက အဆောက်အအုံတွေပေါ်တက်ပြီး လှပတဲ့ နေဝင်ဆည်းဆာချိန်ကို စောင့်ကြည့်ဖို့အတွက် သူတို့ဟာ မိုင်ထောင်ချီပြီး ခရီးနှင်ခဲ့ကြတာ ဖြစ်ပါတယ်။

ညနေစောင်းလာတာနဲ့အမျှ ပုဂံဘုရားပုထိုးတွေကြားမှာ နေလုံးနီနီကြီး ကွယ်ပျောက်သွားတာကို မြင်လိုက်ရမှ ပုဂံကို ရောက်တယ်ဆိုတဲ့ခံစားချက်ကို ခံစားကြရတဲ့ ခရီးသွားတွေလည်း အများအပြားပါ။

ဒါပေမဲ့ ပုဂံနေဝင်ချိန်ကို ဘုရားပုထိုးတွေပေါ်ကနေ ကြည့်ရှုခွင့်ရတဲ့ အခွင့်အရေးဟာ ဒီနှစ်မှာ နောက်ဆုံးဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ အကြောင်းကတော့ နေဝင်ချိန်ကြည့်ရှုဖို့အတွက် ပုဂံစေတီပုထိုးပေါ် တက်ရောက်ကြတာကို လုံးဝပိတ်ပင်ဖို့ (ဒါမှမဟုတ်) ကန့်သတ်ဖို့ မြန်မာအစိုးရက စီစဉ်နေလို့ပဲ ဖြစ်ပါတယ်။

“(ရှေးဟောင်းအဆောက်အအုံတွေအပေါ် လူတွေ အစုလိုက်အပြုံလိုက် တက်ကြတာက) ကျွန်မတို့ စေတီပုထိုးတွေကို ပျက်စီးစေတယ်။ ရေရှည်မှာတော့ ဆက်ပြီးခွင့်ပြုလို့ ရမှာမဟုတ်ပါဘူး”လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလအတွင်း ပုဂံမှာကျင်းပခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ပုဂံက ရှေးဟောင်းအဆောက်အအုံတွေပေါ်တက်ပြီး နေဝင်ချိန်ကြည့်တာကို ပိတ်ပင်ဖို့အတွက် မြန်မာအစိုးရဘက်က စဉ်းစားနေတာဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ မြေငလျင်ကြောင့်လည်း ဖြစ်ပါတယ်။

သမိုင်းတလျှောက်မှာ ပုဂံကိုဦးတည်ပြီး ၁၁ ကြိမ်မြောက် လှုပ်ခဲ့တဲ့ ပြင်းအားရစ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိတဲ့ ဒီငလျင်ကြောင့် ပုဂံမှာရှိတဲ့ သာသနိကအဆောက်အအုံ ၃,၀၀၀ လောက်ထဲက ၁၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ပါတယ်။

ငလျင်အပြီး ခြောက်လလောက် ကြာတဲ့အထိ သာသနိကအဆောက်အဦးပေါင်း ၂၁ ဆူလောက်ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားရဆဲ ဖြစ်ပါတယ်။

လူတွေ လာရောက်လည်ပတ်ဖို့ ခွင့်ပြုထားတဲ့ အချို့အဆောက်အဦးမှာဆိုရင်လည်း အန္တရာယ်ရှိတဲ့အနေအထားကို သတိထားဖို့အတွက် သတိပေးမှုတွေ ပြုလုပ်နေရဆဲဖြစ်ပါတယ်။

မြန်မာအစိုးရက စိုးရိမ်ရတဲ့ အကြောင်းပြချက်ကတာ့ မြန်မာ့သမိုင်းရဲ့ဂန္တဝင်မြောက် သမိုင်းဝင် အနုဗိသုကာ လက်ရာတွေရှိနေတဲ့ စေတီပုထိုး အဆောက်အဦးတွေ ပြိုကျ ပျက်စီးသွားမှာကိုပဲ ဖြစ်ပါတယ်။

“ရွှေဆံတော်ဆိုရင် ကျန်စစ်သားမင်းကြီးက ၁၀၅၇ ခုနှစ်မှာ တည်ခဲ့တာ။ နှစ်ပေါင်း ၁,၀၀၀ နီးပါရှိတဲ့အတွက် အုတ်တွေရဲ့ သက်တမ်းကုန်နေလို့စိုးရိမ်ရတဲ့အနေအထား ဖြစ်ပါတယ်”လို့ ရှေးဟောင်းပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင်က ပြောပါတယ်။

မြန်မာအစိုးရဘက်က စိုးရိမ်နေပေမယ့် အချို့သော နိုင်ငံခြားသားတွေကတော့ ပုဂံကစေတီပုထိုးတွေ ပြိုကျပျက်စီးမှာကို ဂရုမစိုက်ကြဘဲ နေဝင်ချိန်အလှကို ကြည့်ရရေးဆိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒပြည့်ဝစေဖို့ အတွက်ကိုပဲ လုပ်ဆောင်ခဲ့ကြတာတွေလည်း ရှိပါတယ်။

နေဝင်ချိန်ရှုခင်းကြည့်ဖို့အတွက် ဗူးလည်သီးဘုရားဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအကြားမှာ ကျော်ကြားတဲ့ ဘုရားတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

နေဝင်ချိန်ရှုခင်းကြည့်ဖို့အတွက် ဗူးလည်သီးဘုရားဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအကြားမှာ ကျော်ကြားတဲ့ ဘုရားတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

နေဝင်ချိန်ရှုခင်းကြည့်ဖို့အတွက် ဗူးလည်သီးဘုရားဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအကြားမှာ ကျော်ကြားတဲ့ ဘုရားတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် ဘုရားမှာ ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့အပြီးမှာတော့ ဘုရားပေါ်တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတော့တယ်။

ဒါပေမဲ့ Frontier က ဇန်နဝါရီလ နောက်ဆုံး သီတင်းပတ်အတွင်း အဲဒီဘုရားကို ရောက်ရှိခဲ့တဲ့အချိန်မှာတော့ “ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်” ဆိုတဲ့ စာတန်းကိုကျော်ခွပြီး နိုင်ငံခြားသား နှစ်ဒါဇင်လောက် ဘုရားပေါ်ရောက်နေတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပုဂံစေတီပုထိုးတွေအနီးတဝိုက်က နေရာ ငါးခုထက်မနည်းကို နေဝင်ချိန်ကြည့်လို့ရမယ့် နေရာတွေအဖြစ်ဖန်တီးဖို့ မြန်မာအစိုးရက ကြိုးစားနေပါတယ်။

နေဝင်ချိန်ကြည့်ရှုနိုင်ဖို့ဆိုပြီး ကျပ်သိန်း ၃,၆၀၀ နီးပါးတန်တဲ့ ကုန်းမြင့်ဆောက်လုပ်ရေးစီမံချက်တွေကို စတင်နေပြီဖြစ်ပြီး အနာဂတ်မှာတော့ ဘုရားတွေပေါ်တက်တာတွေကို လုံးဝပိတ်ပင်တာ(ဒါမှမဟုတ်) ကန့်သတ်တာတွေလုပ်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ဒီလို လုပ်ဆောင်ချက်တွေက ပုဂံကို လာရောက်ကြမယ့် ခရီးသွားအရေအတွက်ကို ထိခိုက်လာမှာကို စိုးရိမ်ကြတဲ့သူတွေလည်း ရှိပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေအပြင် နေဝင်ဆည်းဆာအလှကြောင့် နာမည်ကြီးတဲ့ ပုဂံကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်အတွင်း နိုင်ငံခြားခရီးသွား ခုနစ်သိန်းခွဲလောက် လာရောက်ခဲ့တယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီနိုင်ငံခြားသားတွေထံကနေ ဇုန်ဝင်ကြေးအဖြစ် အသားတင် ရရှိတာက အမေရိကန်ဒေါ်လာ ၁၄ သန်းလောက် ရှိပါတယ်။

“နိုင်ငံခြားသားတွေအတွက်ကတော့ နေဝင်ချိန်ကို ဘုရားတွေပေါ် တက်ကြည့်ကြတာ ပိုသဘောကျကြတယ်။ ဥပမာ နန်းမြင့်မျှော်စင်လို လုပ်ပေးထားပေမဲ့ သူတို့ သွားလေ့သွားထ မရှိကြဘူး”လို့ ပုဂံဒေသခံတစ်ဦးဖြစ်တဲ့ ကိုသန်းထိုက်က ပြောပါတယ်။

ပုဂံက စေတီပုထိုးတွေပေါ် တက်ရောက်ပြီး နေဝင်ချိန် ကြည့်ရှုကြတာကို တားမြစ်မယ့် မြန်မာအစိုးရရဲ့ အစီအစဉ်ကို ထောက်ခံကြတဲ့ နိုင်ငံခြားသားတွေလည်း ရှိနေပါတယ်။

တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ဗူးလည်သီးဘုရားပေါ်မှာ နိုင်ငံခြားသား နှစ်ဒါဇင်လောက်ကို ဇန်နဝါရီလအတွင်းက တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ဗူးလည်သီးဘုရားပေါ်မှာ နိုင်ငံခြားသား နှစ်ဒါဇင်လောက်ကို ဇန်နဝါရီလအတွင်းက တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

တူရကီကနေ ပုဂံကို လာရောက်လေ့လာတဲ့ Nicolas Mendez ကတော့ နိုင်ငံခြားသားခရီးသွားတွေဟာ နေဝင် နေထွက်ချိန်ကြည့်ဖို့ထက် ဘုရားပေါ် အလုအယက်တက်ပြီး ဓာတ်ပုံရိုက်ချင်ကြတာလို့ ဝေဖန်ပါတယ်။

“လူတွေက နေဝင်ချိန်ကို ကြည့်ချင်တာ မဟုတ်ဘူး။ နေဝင်ချိန်ကို ဓာတ်ပုံ ရိုက်ချင်နေကြတာ။

“နေထွက်ချိန်လည်း လှတာပဲလေ။ ဒါပေမဲ့ ဘယ်သူမှ ထမကြည့်ကြဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ အိပ်နေကြတာကိုး” လို့ တူရကီမှာ စပိန်ဘာသာစကား သင်ကြားပေးနေတဲ့ Nicolas Mendez က ပြောပါတယ်။

ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဘုရားတွေပေါ်ကို ဧည့်သည်တွေ တက်ရောက်ကြတာကို တားမြစ်မယ့် အစီအစဉ်ကို အစိုးရအနေနဲ့ သေသေချာချာ ပြန်လည်စဉ်းစား သုံးသပ်သင့်တယ်တယ်လို့ ပြောပါတယ်။

“လက်တွေ့ကျတဲ့ အစားထိုးဖို့ အစီအမံတွေ မရှိပဲနဲ့ ပုဂံဘုရားတွေပေါ် တက်ခွင့် ပိတ်ပင်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်အခြေစိုက် Pegu Travels မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mr Marcus Allender ကပြောပါတယ်။

နေဝင်ချိန်ကို ရွှေဆံတော်ဘုရားပေါ်မှ စောင့်ကြည့်နေကြသည့် ခရီးသည်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

နေဝင်ချိန်ကို ရွှေဆံတော်ဘုရားပေါ်မှ စောင့်ကြည့်နေကြသည့် ခရီးသည်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ပုဂံက မြန်မာနိုင်ငံရဲ့ သရဖူထဲက ကျောက်မျက်ရတနာတစ်ခုအဖြစ် လူသိများပါတယ်။ ဘုရားတွေပေါ် တက်ရောက်တာနဲ့ ရှုခင်းကြည့်တာက ခရီးသွားအတွေ့အကြုံတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ဒါပေမဲ့ အခုအချိန်အထိတော့ ရှုခင်းကြည့်နိုင်ဖို့အတွက် အကြံပြုထားတဲ့ အစီအမံတွေ၊ စိတ်ကူးတွေဟာ ခရီးသွားအများစုကို ကျေနပ်မှုပေးနိုင်မယ့် အခြေအနေမှာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလို တားမြစ်ဖို့စီစဉ်တာဟာ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

ခေါင်းစီးဓာတ်ပုံ-သိမ့်မွန်စိုး (J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.