ပိုမိုကောင်းမွန်သော ဥပဒေများပြဋ္ဌာန်းရေး

ဥပဒေကြမ်းများ၏ အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းချက်နှင့်အညီ အများပြည်သူ၏အကြံဉာဏ် ရယူခြင်းနှင့် ဝန်ကြီးဌာနချင်း ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို အစိုးရက ဆောင်ရွက်ရန်လိုပေသည်။

မီလင်ဒါ သက်ထွန်း ရေးသားသည်။

နိုင်ငံတဝန်းမှ လွှတ်တော်ကိုယ်စားလှယ်များသည် မကြာမီက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ကြသည်။ အစည်းအဝေးခန်းမကြီးများနှင့် အမျိုးသား မြို့တော်ခန်းမများသည် ပျားပန်းခတ် ပြန်လည်စည်ကားလာသည်။ လွှတ်တော်အစည်းအဝေးသည်  ၂၀၁၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရလာပြီးနောက် ဆဋ္ဌမအကြိမ်မြောက် ကျင်းပသော အစည်းအဝေးဖြစ်သည်။

ယင်းအစည်းအဝေးတွင် အလုပ်ရှုပ်ရသည်မှာ အဓိအားဖြင့် ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကျပ်အတည်းက မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဖြစ်တည်စ နိုင်ငံရေးအကူူးအပြောင်းအတွက် အလေးထား၍ အာရုံစိုက်စရာအဖြစ် ရောက်ရှိလာသောကြာင့်လည်း ဖြစ်နိုင်ပေသည်။

အမျိုးသား ဥပဒေပြုလွှတ်တော်နှစ်ရပ်တွင် ပြည်ထောင်စုလွှတ်တော် ပါဝင်သည့် တက်ကြွသော အခန်းကဏ္ဍသည် စစ်မှန်သော ဒီမိုကရေစီသို့ မြန်မာနိုင်ငံ အကူးအပြောင်း၌ ၂၀၁၁ ခုနှစ် ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှစ၍ ပိုမိုထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။ အခြားဆန့်ကျင်ဘက် အခြေအနေများ ရှိနေသည့်တိုင် ပြည်ထောင်စုလွှတ်တော်သည် ပေးအပ်ထားသော ဥပဒေရေးရာတာဝန်များကို တက်ကြွစွာ ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် ကုန်ဆုံးချိန်ထိ စုစုပေါင်းဥပဒေ ၂၅၁ ခုကို အတည်ပြုနိုင်ခဲ့သည်။

ဥပဒေပြုရေးတွန်းအားမှာ မကြုံစဖူး ထူးခြားပြီး မျှော်လင့်မထားလောက်အောင်ပင် ဖြစ်ခဲ့သည်။ ၁၉၈၈ ၌ နိုင်ငံတဝန်းလုံး ဆန္ဒပြမှုများ ဖြစ်ပွားသဖြင့် စစ်ဘက်က အာဏာရယူပြီးနောက် ၂၀၁၁ ခုနှစ်မတိုင်မီ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံ၌ အမျိုးသား ဥပဒေပြုရေးလွှတ်တော် မရှိခဲ့ပေ။ စစ်အုပ်ချုပ်ရေးအဖွဲ့ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီနှင့် ၎င်းကိုဆက်ခံသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် ဥပဒေပြုရေးကွက်လပ်ကို ဖြည့်ဆည်းသောအားဖြင့် အမိန့်များနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ယင်းမတိုင်မီက ဥပဒေပြုရေးအာဏာကို ဆိုရှယ်လစ်စည်းမျဉ်းအရ တည်ထောင်သည့် တစ်ပါတီစနစ်၏ တစ်ခုတည်းသော ဥပဒေပြုရေးအဖွဲ့အား အပ်နှင်းထားသည်။

အဆိုပါ ကာလမတိုင်မီကမူ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ရွေးကောက်ခံမဟုတ်သည့် စစ်တပ်ကဖွဲ့ထားသော တော်လှန်ရေးကောင်စီကို အပ်နှင်းထားသည်။ ၁၉၄၈ ခု လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ဥပဒေပြုရေးလွှတ်တော် တစ်ရပ်သည် နှစ်ပေါင်းများစွာ ရှိခဲ့သည်။

အကျိုးဆက်အားဖြင့် ဥပဒေပြုရေးလုပ်ငန်းမှာ ခေတ်သစ်မြန်မာ့နိုင်ငံရေးတွင် ရှည်လျားသောသမိုင်းကြောင်း မရှိခဲ့ပေ။ အများပြည်သူအား တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ  အရွေးချယ်ခံမဟုတ်သည့် အစိုးရများ၏ ဆန္ဒအလိုကိုလိုက်၍ ဆင်ခြင်စဉ်းစားကင်းမဲ့စွာ ဆောင်ရွက်ပေးရသည်။ သို့ရာတွင် လက်ရှိပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်သစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ယင်း၏အဖွဲ့ဝင်များမှာလည်း ခန့်အပ်ခံ စစ်တပ်လွှတ်တော် ကိုယ်စားလှယ်များမှအပ ပြည်သူ့မဲဆန္ဒဖြင့် ရွေးချယ်ခံထားရသူများဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် အမျိုးသားဘတ်ဂျက်နှင့် စီမံခန့်ခွဲရေးပိုင်းမှ တင်သွင်းသော ဥပဒေရေးရာ အဆိုပြုချက်များကို အတည်ပြုပေးပြီး ဥပဒေပြုမှုအာဏာကို ကျင့်သုံးရာ၌ အထောက်အကူပေးနိုင်ရေးအတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာအကဲဖြတ်ရေးကော်မရှင်ကဲ့သို့သော ကော်မတီအများအပြား ထားရှိသည်။ အစိုးရဝန်ကြီးများနှင့် တာဝန်ရှိသူများအား လွှတ်တော်သို့ ပုံမှန်ဆင့်ခေါ်၍ စီမံခန့်ခွဲရေးပိုင်းတွင် ဆောင်ရွက်နေမှုများကို ရှင်းလင်းစေပြီး အုပ်ချုပ်ရေးအပိုင်းကို ထူးကဲစွာ ကြီးကြပ်ပေးသည်။

ဥပဒေသစ်များနှင့် အမူအကျင့်ဟောင်းများ

၂၀၁၁ ခုနှစ်မှစ၍ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေများက မြန်မာနိုင်ငံ၏ ဥပဒေရေးရာမူဘောင်ကို အပြောင်းအလဲများစွာ ဖြစ်ပေါ်စေခဲ့သည်။ ဥပဒေသစ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရေးမှသည် မြေယာနှင့် အလုပ်သမားရေးရာများအထိ မူဝါဒရေးရာ နယ်ပယ်အများအပြားကို လွှမ်းခြုံလျက်ရှိသည်။ ဥပဒေပြုအစီအစဉ်တွင် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။ ထူးခြားသော ဥပဒေမူကြမ်းများကို တင်သွင်းထားပြီး စီစဉ်ဆောင်ရွက်နေဆဲ ဥပဒေမူကြမ်းများမှာလည်း များစွာကျန်ရှိနေသေးရာ ဉာဏဆိုင်ရာ မူပိုင်ခွင့်မှသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးလုပ်ငန်းများအထိ ပါဝင်သည်။

ဗြိတိသျှကိုလိုနီခေတ်က ဥပဒေဟောင်းများ၊ သို့မဟုတ် အသုံးမပြုဘဲထားသော ဥပဒေများနှင့် အာဏာရှင်အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာအတွင်း ထုတ်ပြန်ခဲ့သော အုပ်ချုပ်ရေးအမိန့် executive orders နှင့် ဒီကရီအမိန့်များသည် ဒွေးရောယှက်တင် သပွတ်အူ လိုက်နေသည့်အထဲသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော ဥပဒေများက နောက်ထပ်တိုးလာပြန်သည်။

ဥပဒေဟောင်းများကို ညံ့ဖျင်းသောဥပဒေများဟု သေချာပေါက် မဆိုနိုင်သကဲ့သို့ ဥပဒေသစ်များကိုလည်း ကောင်းမွန်သော ဥပဒေများဟု ကံသေကံမ မပြောနိုင်ပေ။

နေပြည်တော်မှ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

နေပြည်တော်မှ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့သော ဥပဒေအချို့မှာ များစွာအဝေဖန်ခံနေရသည်။ လူဦးရေထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ဗုဒ္ဓဘာသာအမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခွင့်ဥပဒေ၊ ဘာသာကူးပြောင်းခွင့်ဥပဒေနှင့် တစ်လင်တစ်မယားစနစ်ဥပဒေစသည့်  “အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးဥပဒေများ”ဟုခေါ်သော ဥပဒေလေးခုစလုံးကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေ လေးခုစလုံးကို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အဖွဲ့အစည်းတစ်ခုက အဆိုပြုတင်ပြခဲ့ပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုတရားရုံးချုပ်တို့က မူကြမ်းရေးဆွဲကာ ဘာသာရေးနှင့် ကျားမခွဲခြားဆက်ဆံမှုအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အပြင်းအထန် ဆန့်ကျင်မှုများဖြင့် လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများ မြင့်တက်နေချိန်၌ လွှတ်တော်က အတည်ပြုပေးခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဘာသာရေးကိုအခြေခံ၍ ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမပြုရန် အာမခံချက် ပေးထားသည့်ကြားက အတည်ပြုပေးလိုက်ခြင်း ဖြစ်ပေသည်။

ဆက်သွယ်ရေးကဏ္ဍ၌ ဖြေလျှော့ပေးသောအားဖြင့် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းပေးခဲ့သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို များမကြာသေးမီက အသုံးပြုကာ လူမှုမီဒီယာများပေါ်တွင် အစိုးရအရာရှိကြီးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိတို့အား ဝေဖန်ခဲ့သူ ဂျာနယ်လစ်များနှင့် အခြားသူများကို တရားစွဲဆိုခဲ့သည်။ အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ယင်းဥပဒေ အသုံးပြုခြင်းကို နိုင်ငံရေးအယူအဆ ကွဲလွဲသူများအား ဖိနှိပ်ချုပ်ချယ်ရန် ယခင်အစိုးရ၏ ဆောင်ရွက်မှုများနှင့်နှိုင်းယှဉ်ကာ သတင်းစာလွတ်လပ်ခွင့်ကို လျော့ပါးအောင် ဆောင်ရွက်မှုအဖြစ် ဝေဖန်ခံခဲ့ရသည်။

အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်၌လည်း စွဲဆိုသောအမှုပေါင်း ၈၀ ကျော်ရှိသဖြင့် အစိုးရအဖွဲ့အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းတွင်လည်း ဆန့်ကျင်ကန့်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ လွန်ခဲ့သော တစ်လခန့်က ယင်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခဲ့သော်လည်း လွတ်လပ်စွာဖော်ပြခွင့်ကို မကာကွယ်နိုင်သဖြင့် ဆက်လက်ဝေဖန်ခံခဲ့ရသည်။

ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများသည် ရှုပ်ထွေးနက်နဲသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများကို ထိန်းချုပ်ရန် အမြဲအထောက်အကူမပြုဘဲ အခြေအနေအချို့တွင် ပြဿနာများကို ပိုမိုဖန်တီးနိုင်ကြောင်း ယင်းအမှုများက မီးမောင်းထိုးပြလျက်ရှိသည်။

အားနည်းချက်များနှင့် အယူအဆလွဲမှားမှုများ

ပြည်ထောင်စုလွှတ်တော် ပြန်လည်ကျင်းပခြင်းသည် ဥပဒေရေးဆွဲရာတွင် ဖြစ်ပေါ်သော အားနည်းချက်များကို ပြန်လည်လေ့လာဆန်းစစ်ရန် အချိန်ကောင်းဖြစ်ပြီး ဥပဒေရေးရာ အကောင်အထည်ဖော်ဆောင်မှုများက အခြေခံလူ့အခွင့်အရေးကို ကာကွယ်ခြင်း၊ အုပ်ချုပ်မှုအာဏာ ကျင့်သုံးမှုကို ထိန်းချုပ်ခြင်းနှင့် ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုကို မြှင့်တင်ခြင်းစသည့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားနိုင်ပေမည်။

တရားဥပဒေစနစ်ကို ပြန်လည်တည်ဆောက်၍ရပြီး ဥပဒေများ ပြဋ္ဌာန်းပေးလိုက်ရုံဖြင့် စီးပွားရေး ခိုင်မာလာလိမ့်မည်ဟူသော အယူအဆအမှားကို အင်န်အယ်လ်ဒီအစိုးရနှင့် လွှတ်တော်က ရှောင်ကြဉ်ရမည်။ ဥပဒေနှင့် မူဝါဒပြဿနာများ၊ သို့မဟုတ် ပြည်သူ့သဘောထားများကို အကန့်အသတ်ဖြင့်သာ လက်ခံ၍ အချိန်တိုအတွင်း ဆောင်ရွက်ကာ အခြေခံအားဖြင့် သင့်တင့်ရုံသာရှိပြီး အရည်အသွေးညံ့သည့် ဥပဒေများကို ပြုပြင်ကျင့်သုံးတတ်သော ယခင်အစိုးရထံမှ အမွေဆက်ခံခဲ့သည့် အလေ့အကျင့်ကို ပြန်လည်သုံးသပ်ရန် လိုပေသည်။

တက်သုတ်ရိုက် ဥပဒေပြဋ္ဌာန်းသည့် အလေ့အကျင့်သည် ဥပဒေကြမ်းရေးဆွဲရာတွင် ခိုင်မာသော ဥပဒေပြဋ္ဌာန်းမှု၊ သို့မဟုတ် အများပြည်သူ ပါဝင်မှုမရှိဘဲ အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟူသောအချက်ကို မမေ့သင့်ပေ။  ဥပဒေပြုရေး လုပ်ငန်းစဉ်သည် အသစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး နယ်ပယ်အသီးသီး၌ ဖြစ်ပေါ်နေသည့် စွမ်းဆောင်ရည် အကန့်အသတ်များပေါ်မူတည်၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လွှတ်တော်သို့တင်သွင်းသော ဥပဒေများမှာ ထုံးစံအတိုင်း ဥပဒေရေးရာ ကျွမ်းကျင်မှုနှင့် ဥပဒေပြုစုရာတွင် လိုအပ်သော ကျွမ်းကျင်မှုမရှိသည့် အစိုးရအရာရှိများက ပြင်ဆင်ထားခြင်းဖြစ်သည်။ ဥပဒေသစ်များ ရေးဆွဲရာတွင် ဝန်ကြီးဌာနချင်း ပေါင်းစပ်ညှိနှိုင်းမှုမှာ အကန့်အသတ်ရှိနေပြီး ဥပဒေမူကြမ်းကို ရေးဆွဲသောအခါ ပြည်သူလူထု၏ အကြံဉာဏ်များ ရယူရာတွင် တူညီသော လုပ်ထုံးလုပ်နည်းများ မရှိပေ။ ရန်ပုံငွေထောက်ပံ့မှုနှင့် ဥပဒေသစ်ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရင်းအမြစ်များကဲ့သို့သော လက်တွေ့အကောင်အထည်ဖော်ရေးကိစ္စများကို ဥပဒေကြမ်း ရေးဆွဲစဉ်ကတည်းက မှန်မှန်ကန်ကန် စဉ်းစားထားခြင်းမရှိပေ။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေမူကြမ်းများ ရေးဆွဲခြင်း မရှိသကဲ့သို့ လူအင်အားနှင့် ဥပဒေကြမ်း ပြုစုရေးလုပ်ငန်းကို ကျွမ်းကျင်မှုမရှိခြင်းကြောင့် ဥပဒေမူကြမ်းကို စိစစ်နိုင်စွမ်းမရှိပေ။ လွှတ်တော်ဥပဒေမူကြမ်းကော်မတီများတွင် ဥပဒေမူကြမ်းများကို မှန်မှန်ကန်ကန် စိစစ်ရန်လိုအပ်သော ဥပဒေမူကြမ်းပြုစုရေး လုပ်ငန်းကျွမ်းကျင်မှုနှင့် သုတေသနအထောက်အပံ့များ မရှိပေ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဥပဒေအများစုတွင် ယေဘုယျ မူဝါဒသတ်မှတ်ချက်များ ပါဝင်ကာ လုပ်ပိုင်ခွင့်မပြတ်မသားနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ယေဘုယျအားဖြင့်သာ ပေးထားသော အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ပြဋ္ဌာန်းပေးထားသည်။ အသေးစိတ်ပြဋ္ဌာန်းချက်ဟူ၍ မရှိသလောက်ဖြစ်သည်။ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် စည်းမျဉ်းဥပဒေများကို အသေးစိတ် ထပ်မံရေးဆွဲရန်လိုအပ်ပြီး ယင်းကဲ့သို့ အသေးစိတ် စည်းမျဉ်းဥပဒေများ မရှိသည့်အတွက် ဥပဒေသစ်အများအပြားကို တဝက်တပျက်သာ အကောင်အထည်ဖော်နိုင်ပြီး အချို့ကို လုံးဝအကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။

ဥပမာအားဖြင့်် ၂၀၁၅ ခု ယှဉ်ပြိုင်မှုဥပဒေ (၂၀၁၇ ခု ဖေဖော်ဝါရီတွင် စတင်အာဏာသက်ရောက်သည်) နှင့် ၂၀၁၆ ခု ကွန်ဒိုမီနီယံဥပဒေတို့မှာ အတည်ပြုခဲ့ပြီးသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ဥပဒေကို အကောင်အထည်ဖော်ရန်လိုသော အသေးစိတ် အချက်အလက်များနှင့် လမ်းညွှန်မှုတို့ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယင်းသို့သော ဥပဒေရေးရာ ဆောင်ရွက်မှုများ၏ရလဒ်မှာ ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုရှုပ်ထွေးလာပြီး အခြေအနေများ မရေမရာ ဖြစ်ပေါ်လာစေသည်။ ရေရှည်တွင် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများကို ယုံကြည်မှု ပျက်ပြားပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုကို အားနည်းစေသည်။

နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - တေဇလှိုင်

နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိလာစဉ်။ ဓာတ်ပုံ – တေဇလှိုင်

လွန်ခဲ့သောငါးနှစ်အတွင်း ဥပဒေများကို တသီကြီး ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဥပဒေနှင့် အုပ်ချုပ်မှုညွှန်းကိန်းများ ဆက်လက်ကျဆင်းနေသည့်အချက်မှာ ဖော်ပြပါအခြေအနေအတွက် ထင်ရှားသောသာဓက ဖြစ်သည်။

သာမန်ပြည်သူလူထုက တရားဥပဒေစိုးမိုးရေးဆိုင်ရာ လိုက်နာကျင့်သုံးပုံကို တရားဥပဒေ စိုးမိုးမှုအညွှန်းများကို အခြေခံလျက် ဖော်ပြပေးသော World Justice Project အဖွဲ့၏ တရားဥပဒေ စိုးမိုးမှုအညွှန်းကိန်း Rule of Law index တွင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် အဆင့် ၉၈ ၌ ရှိနေသည်။ ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ကောက်ယူပြီး ကြီးကြပ်ထိန်းသိမ်းမှု အရည်အသွေးနှင့် တရားဥပဒေစိုးမိုးမှုစသည့် စီမံအုပ်ချုပ်မှုရှုထောင့်များကို အကဲဖြတ်တင်ပြသော ကမ္ဘာ့စီမံအုပ်ချုပ်မှု အညွှန်းကိန်းများ Worldwide Governance Indicators တွင် မြန်မာနိုင်ငံသည် ၂၀၁၅ ခုက ကောက်ယူသောစာရင်းအရ နိုင်ငံ၊ သို့မဟုတ် ပိုင်နက်နယ်မြေ ၂၀၀ အနက် အောက်ဆုံးအဆင့် ၁၀ ၌ ပါဝင်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နည်းပညာဆိုင်ရာ နယ်ပယ်အများအပြားတွင် စွမ်းဆောင်ရည်နှင့် အထောက်အကူပြု အရင်းအမြစ်ကင်းမဲ့မှုကြောင့် အလူးအလဲ ရုန်းကန်နေရသော အခြားဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားနှင့် ထူးမခြားနားပင်ဖြစ်သည်။ ဥပဒေရေးရာစနစ် ပြောင်းလဲရေးအတွက် အင်န်အယ်လ်ဒီက ဆောင်ရွက်ရန် အများထောက်ခံမှုဖြင့် ရရှိထားသော လုပ်ပိုင်ခွင့်ကို ဥပဒေပြုရေးလုပ်ငန်းက အဟန့်အတားပြုလျက်ရှိသည်။ ပြည်ထောင်စုလွှတ်တော်နှင့် အင်န်အယ်လ်ဒီအစိုးရအတွက် စိန်ခေါ်မှုမှာ ဥပဒေပြုရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ချဉ်းကပ်မှုအသစ်ကို ဖော်ဆောင်နိုင်ရေးပင် ဖြစ်သည်။

ချဉ်းကပ်မှုအသစ်

လွှတ်တော်တွင် တက်သုတ်ရိုက် ပြဋ္ဌာန်းခဲ့သော အခြေခံကျသည့် ဥပဒေများကို ပြင်ဆင်ရေးထက် အင်န်အယ်လ်ဒီအစိုးရသည် ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ခိုင်မာအောင် တည်ဆောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အခြေခံလျက် အုပ်ချုပ်မှုအာဏာကျင့်သုံးမှု ပြုပြင်ပြောင်းလဲရေးတို့ကို အာရုံစိုက် ဆောင်ရွက်သင့်ပေသည်။

ဥပဒေမူကြမ်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်ရေးအတွက် တူညီသော ဥပဒေမူကြမ်းပြင်ဆင်ရေး လုပ်ထုံးလုပ်နည်းတစ်ရပ်ကို အစိုးရအဖွဲ့ တစ်ဖွဲ့လုံးတွင် ချမှတ်ထားရန်လိုအပ်သည်။ ယင်းလုပ်ငန်းစဉ်တွင် အများပြည်သူ၏ အကြံဉာဏ်ရယူခြင်းနှင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုယန္တရားများ ပါဝင်သည်။ ဥပဒေများအားလုံးကို ပြင်ဆင်ခြင်းနှင့် မူကြမ်းရေးဆွဲခြင်းလုပ်ငန်းကို ကြီးကြပ်၊ စီမံခန့်ခွဲ၍ ပေါင်းစပ်ညှိနှိုင်းရန် စီမံအုပ်ချုပ်ရေးဌာနခွဲအတွင်း (ဖြစ်နိုင်ပါက သမ္မတရုံး၊ သို့မဟုတ် ပြည်ထောင်စုရှေ့နေချုပ်ရုံးအတွင်း) ရုံးတစ်ရုံး၊ သို့မဟုတ် အဖွဲ့တစ်ဖွဲ့ထားရှိရန် လိုအပ်သည်။

ဥပဒေကို အတည်ပြုပြီးသောအခါ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေမူကြမ်းကို ရေးဆွဲစဉ်ကပင် ဘတ်ဂျက်နှင့် အဖွဲ့အစည်းဆိုင်ရာ ထောက်ပံ့မှုများ စသည့်ကိစ္စရပ်များကို ရှင်လင်းပြတ်သားစွာ တွက်ချက်၍ ဂရုတစိုက် ဆောင်ရွက်ရမည်။ ကာလလတ်နှင့် ကာလရှည်တွင် အစိုးရသည် စီမံအုပ်ချုပ်မှုနှင့် တရားဥပဒေပြုစုရေးအပိုင်း၌ ဥပဒေပြုမှုလုပ်ငန်း၏ အရည်အသွေးကို အာမခံချက်ပေးနိုင်သူ၊ မှန်ကန်စွာ လေ့ကျင့်ပေးထားသော ရှေ့နေများဖြင့် ဖွဲ့စည်းထားသော အမာခံအဖွဲ့အစည်းဖြင့် ဥပဒေမူကြမ်းပြုစုရေး ကျွမ်းကျင်မှုနှင့် အကဲဖြတ်သုံးသပ်မှု စွမ်းရည်ကို ထူထောင်ထားရန် လိုအပ်သည်။

ဥပဒေပြုရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးအတွက် တာဝန်ပေးထားသော အဖွဲ့အစည်းများ၏ ဥပဒေသစ်များနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွားရမည်။ မကြာခဏပင် ဥပဒေသစ်များက ခုံရုံးများ၊ ကော်မတီများ၊ အေဂျင်စီများနှင့် ကော်မရှင်များကို ဖွဲ့စည်းထားရှိသဖြင့် ၎င်းတို့အားလုံးကို ငွေကြေးနှင့် အရင်းအမြစ်များ ထောက်ပံံ့ပေးရန်လိုသည်။

ယင်းအဖွဲ့အစည်းသစ်များ ဖွဲ့စည်းရေးလုပ်ငန်းစဉ်ကို ဥပဒေပြုရေးလုပ်ငန်းစဉ်၌ နောင်ကျမှ စဉ်းစားတတ်သည်က များသည်။ အချိန်တိုအတွင်း မူကြမ်းရေးဆွဲအတည်ပြုနိုင်သော ဥပဒေများနှင့်မတူဘဲ ယင်းကဲ့သို့သော အဖွဲ့အစည်းများကို ထူထောင်ခြင်းသည် အချိန်ယူရပြီး အရင်းအမြစ်များကို အသုံးပြုရသည်။ အစိုးရလုပ်ငန်းများအတွက် အကန့်အသတ်ရှိနေသော အခြေအနေမျိုးတွင် အထူးသဖြင့် ယင်းအချက်က စိန်ခေါ်မှုများရှိနေသည်။

သို့ရာတွင် ဥပဒေပြုပြောင်းလဲရေး၏ ထိရောက်မှုက ယင်းအဖွဲ့အစည်းသစ်များအပေါ် မူတည်နေသဖြင့် ပြည်ထောင်စုလွှတ်တော်သည် ယင်းကဲ့သို့သော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် လွှတ်တော်သို့တင်သွင်းသော ဥပဒေမူကြမ်းအရ ယင်းတို့၏ လုပ်ငန်းတာဝန်များကို ခိုင်မာစွာ တည်ဆောက်နိုင်စေရန် ပြည်ထောင်စုလွှတ်တော်က အုပ်ချုပ်ရေးပိုင်းအတွက် ထိုက်သင့်သလို စဉ်းစားဆောင်ရွက်ပေးနိုင်သည်။

ဥပဒေများနှင့်အညီ စီမံခန့်ခွဲနိုင်ရန် အစိုးရဌာနများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်မပေးဘဲ ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအတွက် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဥပဒေများကို စီမံခန့်ခွဲရာတွင် အစိုးရဌာနများ၏စွမ်းရည် ညံ့ဖျင်းပါက စီမံအုပ်ချုပ်မှုအာဏာ ကျင့်သုံးသောအခါ ဥပဒေများ၊ သို့မဟုတ် နည်းဥပဒေများကို လိုက်နာခြင်းမရှိဘဲ ကျင့်သုံးလေ့ရှိသည်။ အစိုးရဌာနများသည် ဥပဒေမူဘောင်အတွင်း အုပ်ချုပ်မှုအာဏာ ကျင့်သုံးရာ၌ လူ့အဖွဲ့အစည်းက အသိအမှတ်ပြုထားသည့် အလေ့အကျင့် ဗဟုသုတ မရှိပါက အုပ်ချုပ်ရေးလုပ်ငန်းများသည် တည်ဆဲဥပဒေ၊ သို့မဟုတ် ဥပဒေသစ်များနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရသည်။ အမြစ်တွယ်နေသော အလေ့အကျင့်များကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးထားပြီးဖြစ်သဖြင့် ပြင်းထန်သော အုပ်ချုပ်မှုအစီအမံများဖြင့် အုပ်ချုပ်မှုအာဏာ ကျင့်သုံးရန် တိုက်တွန်းမှုများက ခိုင်မာနေဆဲဖြစ်သည်။

ဝန်ကြီးဌာနများတွင် ဥပဒေရေးရာ မကျွမ်းကျင်ခြင်းကြောင့်လည်း အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ  ချမှတ်ရာ၌ ဥပဒေကို အခြေခံအဖြစ် အသုံးပြုနိုင်စွမ်းမရှိ၊ ဆောင်ရွက်လိုစိတ်လည်း မရှိတော့သည့်အဖြစ်သို့ ရောက်သွားစေသည်။ အစိုးရအဖွဲ့အတွင်း ဥပဒေရေးရာ စွမ်းဆောင်ရည်ကို ပျိုးထောင်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးကို လိုက်နာသည့် အစိုးရဌာနများ ထူထောင်ခြင်းတို့ကို ရေရှည်အာရုံစူးစိုက်ထားရမည်ဖြစ်သည်။

ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံသည် အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ သို့ရာတွင် ဥပဒေမူဘောင် ဖွံ့ဖြိုးရေးကို ဆက်လက် ဆောင်ရွက်ရမည့်တာဝန်က တည်ရှိနေဆဲဖြစ်သည်။ သို့မှသာ ဒီမိုကရေစီ အသွင်ပြောင်းလဲမှုမှ အသီးအပွင့်များ ခံစားနိုင်မည်ဖြစ်သည်။ ယင်းဥပဒေများကို အကောင်အထည်ဖော်ရမည့် အဖွဲ့အစည်းများနည်းတူ အစိုးရသည်လည်း ဥပဒေများနှင့် ယင်းဥပဒေများ ပေါ်ပေါက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်အောင်ဆောင်ရွက်ရန် နိုင်ငံရေးစိတ်ဆန္ဒရှိရန်လိုသည်။ မြန်မာ့အသွင်ကူးပြောင်းရေး၏ ယခုအဆင့်၌ ယင်းသို့မဆောင်ရွက်နိုင်ပါက အခွင့်အလမ်းများ ဖြုန်းတီးပစ်ရာ ရောက်ပေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဥပဒေရေးရာ အဖွဲ့အစည်းများ ပြန်လည်ထူထောင်ရန်နှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာရေးကို ဆောင်ရွက်ရန် လိုပေသည်။

ယခုဆောင်းပါးကို နယူးမန္တလာတွင် ပထမအကြိမ် ဖော်ပြခဲ့ပြီး Australian National University Myanmar Update 2017 အတွက် ပြင်ဆင်ထားသော စာတမ်းကို ဆီလျော်အောင်ပြန်လည်ရေးသားပါသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.