ပိုမိုကောင်းမွန်သော ကွန်ဒိုမီနီယံဥပဒေ ရေးဆွဲပါ

နိုင်ငံခြားသား ပိုင်ဆိုင်မှုတွင်လည်းကောင်း၊ မြေယာအသုံးပြုမှုနှင့် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းရေးတွင်လည်းကောင်း ရှင်းလင်းပြတ်သားမှု မရှိသည့် လက်ရှိ ကွန်ဒိုမီနီယံဥပဒေသည် အိမ်ခြံမြေဈေးကွက် တိုးတက်မှုကို နှောင့်နှေးစေလျှက် ရှိသည်။

Duncan Burry ရေးသားသည်။

၂၀၁၆ ခုနှစ် အစောပိုင်းတွင် ကွန်ဒိုမီနီယံဥပဒေကို ပြဌာန်းခဲ့ချိန်တွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုများကို ခွင့်ပြုခြင်းဖြင့် အိမ်ခြံမြေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။ သို့သော် ကွန်ဒိုမီနီယံဥပဒေသည် ကွန်ဒိုမီနီယံဈေးကွက်ကို အကူအညီ မဖြစ်စေခဲ့သည့်အပြင် မသေချာ မရေရာမှုများကို တိုးပွားစေခဲ့ပြီး ဈေးကွက်ကို ပိုမို အေးစက်လာစေခဲ့သည်။

ရည်ရွယ်ချက် ကောင်းသော်လည်း လွှမ်းမိုးဖိနှိပ်သော ချဉ်းကပ်မှုပုံစံကြောင့် ရန်ကုန်မြို့တွင် ကွန်ဒိုမီနီယံဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ မဖြစ်စေခဲ့ပေ။ ၂၀၁၆ ခုနှစ်တွင် အထပ်မြင့်ကွန်ဒို ၂၀၀ ခန့်မှာ စိစစ်မှုနှင့် ခွင့်ပြုချက်ကို စောင့်ဆိုင်းရင်း တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်နေခဲ့ရသည်။ တချို့သော လုပ်ငန်းရှင်များမှာ ၎င်းတို့ ဆောက်လုပ်ပြီးသား အထပ်များကို ဖြိုချဖယ်ရှားပေးရမည့် ကိန်းနှင့်ပင် ကြုံလာခဲ့ရသည်။

ကွန်ဒိုမီနီယံ ဥပဒေတွင် ကွာဟချက်များနှင့် မရေရာမှုများ အများအပြား ရှိနေသည်။ တချို့က အသေးအဖွဲ ဖြစ်သော်လည်း တချို့မှာ အဓိကကျသော အချက်များ ပါဝင်သည်။ နောက်ထပ်ရေးဆွဲမည့် နည်းဥပဒေများတွင် ရှင်းလင်းမှုများ ရှိလာမည်ဟု မျှော်လင့်ရသည်။ နည်းဥပဒေများသည် ရေးဆွဲနေသော အဆင့်မှာပင် ရှိနေသေးသည်။ သို့သော် ယင်းနည်းဥပဒေများတွင် ပါဝင်မည့် အချက်များကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောကြားခြင်း မရှိသေးပေ။

ကွန်ဒိုမီနီယံဥပဒေကို ထိရောက်ပြီး လက်တွေ့အသုံးပြုနိုင်သော ဥပဒေကောင်းတစ်ခု ဖြစ်လာစေရန် အချက် ၃ ချက် လိုအပ်နေသည်။ ပထမအချက်မှာ နည်းဥပဒေတွင် မြေယာပိုင်ဆိုင်နိုင်ရန် လိုအပ်ချက်များကို ရှင်းလင်းစွာ ဖော်ပြထားရမည် ဖြစ်သည်။ ဒုတိယအချက်မှာ နည်းဥပဒေများသည် ကွန်ဒိုမီနီယံနှင့် အလွှာအထပ် အစီအစဉ်တွင် လုပ်သာကိုင်သာ ရှိရမည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းကို နမူနာယူ လုပ်ဆောင်ရမည်ဖြစ်သည်။ တတိယအချက်မှာ ကွန်ဒိုမီနီယံ ဈေးကွက်ကို ဟန့်တားနေသော ပြင်ပမှ အချက်များကို ဖြေရှင်းရမည်ဖြစ်သည်။

ဖြေရှင်းရခက်သော မြေယာပိုင်ဆိုင်မှု

ကွန်ဒိုမီနီယံဥပဒေတွင် ပြဌာန်းထားသည်မှာ ကွန်ဒိုအဆောက်အဦးများကို ယင်းကွန်ဒို အခန်းပိုင်ဆိုင်သူများက စုပေါင်းပိုင်ဆိုင်သော မြေပေါ်တွင်သာ ဆောက်လုပ်ရမည်။ သို့သော် မည်သို့သော မြေမျိုးကို စုပေါင်းပိုင်ဆိုင်မှုအဖြစ် သတ်မှတ်နိုင်သည်ကို ရှင်းလင်းစွာ ဖေါ်ပြမထားပေ။ Luther Law Firm မှ Mr. Alexander Bohusch က ၎င်းအချက်သည် ကွန်ဒိုမီနီယံ ဥပဒေတွင် အဓိက မေးခွန်းထုတ်စရာ အချက်ဖြစ်သည်ဟု ဆိုသည်။ ၎င်းအချက်ကို ထပ်မံရေးဆွဲမည့် နည်းဥပဒေတွင် ရှင်းလင်းပေးရန် လိုအပ်နေသည်။ ဂရန်မြေများနှင့် လွတ်လပ်စွာ ပိုင်ဆိုင်သော မြေများတွင်သာ ကွန်ဒိုမီနီယံများကို ဆောက်လုပ်နိုင်သည်ဆိုပါက သင့်တော်သော မြေနည်းပါးသဖြင့် ဥပဒေသစ်ဖြင့် မှတ်ပုံတင်နိုင်မည့် ကွန်ဒိုနည်းပါးသွားလိမ့်မည်ဟု သူကဆိုသည်။

tzhhousing7.jpg

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေဆဲဖြစ်သည့် အိမ်ယာစီမံကိန်းတစ်ခု၏ ပုံစံငယ်။ ဓာတ်ပုံ-တေဇလှိုင်

 

ထိုပြဿနာ ပေါ်ပေါက်လာရခြင်းမှာ ကွန်ဒိုမီနီယံ စီမံကိန်း အများစုသည် ဆောက်လုပ်၊ လည်ပတ် လွှဲပြောင်းပေးအပ်ဟူသော ဘီအိုတီစနစ်ဖြင့် အငှားမြေများတွင် ဆောက်လုပ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကွန်ဒိုဆောက်လုပ်သူများသည် တိုက်ခန်းဝယ်ယူသူများအတွက် မြေယာပိုင်ဆိုင်မှု မပေးအပ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော မြေကို အငှားချထားသူသည် ထုံးစံအရ အစိုးရဖြစ်နေလေ့ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထွက်ပေါ်လာမည့် နည်းဥပဒေတွင် ထိုသို့သော မြေများအတွက်ပါ ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် စုပေါင်းပိုင်ဆိုင်သော မြေဆိုသည်ကို ချဲ့ထွင်ရှင်းလင်းပေးရန် လိုအပ်နေသည်။ ထိုသို့ဖြင့် မြေငှားရမ်းသည့် အတိုးများပါ ပါဝင်လာမည်ဖြစ်သည်။ ထိုအတိုးများကို အဆက်မပြတ် ပေးနေရန် လိုအပ်ပြီး ၎င်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသည်။

ထိုင်းနိုင်ငံမှ သင်ယူနိုင်သော သင်ခန်းစာ

နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ရှင်းလင်းစွာ ပြဌာန်းပေးပါက ကွန်ဒိုမီနီယံ ဥပဒေမှာ များစွာ ကောင်းမွန်သွားနိုင်သည်။ ထိုဥပဒေတွင် ပြဌာန်းထားသည်မှာ ကွန်ဒို၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချနိုင်သည်ဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင်မူ ၄၉ ရာခိုင်နှုန်းအထိ ခွင့်ပြုထားသည်။ နိုင်ငံခြားသား ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှ အများအပြား လေ့လာသင်ယူနိုင်သည်။

မြန်မာနိုင်ငံတွင် ရှိခဲ့သော ဥပဒေများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မှုများကို နိုင်ငံခြားသားများထံ လွှဲပြောင်းပေးအပ်ခြင်းကို တားမြစ်ထားပြီး တစ်ချို့သော ချွင်းချက်များဖြင့်သာ ခွင့်ပြုထားသည်။ ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယံဥပဒေတွင် ယခင်က ရှိခဲ့သော ရှေ့နောက်မညီသည့် ဥပဒေများကို ဥပဒေသစ်များဖြင့် အစားထိုးနိုင်သည်ဟု ပါရှိသည်။ မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယံဥပဒေတွင်လည်း ယခင်ဥပဒေများကို အစားထိုးနိုင်ကြောင်း၊ သို့မဟုတ် ချွင်းချက်ဖြင့် ခွင့်ပြုနိုင်ကြောင်း ဖေါ်ပြထားလျှင် ပိုမိုရှင်းလင်းမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥပဒေတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို အခန်း ၁၀၀ လျှင် အခန်း ၄၀ နှုန်း (၄၀ ရာခိုင်နှုန်း) သတ်မှတ် ပြဌာန်းထားသည်။ ကွန်ဒိုအခန်းများသည် တစ်ခန်းနှင့် တစ်ခန်း အကျယ်အဝန်း ဧရိယာအရွယ်အစား ကွဲပြားနိုင်သဖြင့် ဥပဒေပါ ပြဌာန်းချက်မှာ အချိုးအစား မကျပေ။ ထိုင်းနိုင်ငံတွင် အသုံးပြုသော ကြမ်းပြင်ဧရိယာ အကျယ်အဝန်းဖြင့် တိုင်းတာခြင်းကသာ ပိုမိုတိကျမည်ဖြစ်သည်။

ကွန်ဒိုမီနီယံဥပဒေတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုသည်မှာ နိုင်ငံခြားသား တစ်ဦးချင်းသာမကပဲ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများပါ ပါဝင်သည်ဟု ရှင်းလင်းစွာ ဖော်ပြထားလျှင် ဈေးကွက်လှုပ်ခတ်မှုက  ပိုမို ကောင်းမွန်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဥပဒေတွင် နိုင်ငံခြားအဖွဲ့အစည်းများအနေဖြင့် အိမ်ယာပိုင်ဆိုင်ခွင့် ရှိသည်ဟု ဖော်ပြပါရှိသည်။

ရေရှည်တိုးတက်အောင် လုပ်ဆောင်ခြင်း

ပြည်ပနိုင်ငံများရှိ ကွန်ဒိုမီနီယံနှင့် အလွှာအထပ် အစီအစဉ်များတွင် အပိုဆောင်းအစီအမံများကို ကွန်ဒိုမီနီယံဥပဒေ၌ ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရပြီး ထိုသို့ ထည့်သွင်းထားခြင်းကြောင့် ရေရှည်အတွက် အကျိုးအမြတ်ရနိုင်ကြောင်း တွေ့ရှိရသည်။

အခြားအစီအစဉ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ကွန်ဒိုမီနီယံ ဥပဒေ၌ ဥပမာအားဖြင့် ကွန်ဒိုမီနီယံ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဖေါ်ပြထားမှု နည်းပါးလှသည်ကို တွေ့ရသည်။ နောက်ထွက်လာမည့် နည်းဥပဒေများတွင် ဤအချက်များကို ရှင်းလင်းစွာ ဖေါ်ပြပါရှိပါက များစွာ အကျိုးများပေလိမ့်မည်။ ဥပဒေတွင် ကွန်ဒိုအခန်း ပိုင်ရှင်များအဖွဲ့ (အမှုဆောင်ကော်မတီ) ဖွဲ့စည်းထားရှိရေးနှင့် စီမံခန့်ခွဲရေးတို့ကို အသေးစိတ် ဖေါ်ပြပါက အကျိုးများပေမည်ဖြစ်သည်။

အမှုဆောင် ကော်မတီများအား ကိုယ်ပိုင်နည်းဥပဒေများ ပြဌာန်းခွင့်၊ ဥပဒေကို ထိန်းသိမ်းလိုက်နာစေခွင့်များ ပြဌာန်းပေးထားပါက ကွန်ဒိုဥပဒေ ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ပိုင်ရှင်အဖွဲ့အစည်းအသီးသီးအား လုပ်ထုံးလုပ်နည်း ဥပဒေများ ပြဌာန်းထိန်းသိမ်းခွင့် ပေးထားရမည်။ ဤ နည်းဥပဒေများတွင် ကွန်ဒို၏ ဘုံပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသုံးပြုရေး၊ ဘုံကျသင့်ငွေများ သတ်မှတ်ရေး၊ ကောက်ခံရေးစသည့် အသေးစိတ် အချက်များ ပါဝင်စေရမည်။

dsc_8067.jpg

ရန်ကုန် စည်ပင် ဥပဒေအရ အဆောက်အဦးသစ်များတွင် ကားရပ်ရန် နေရာထားရှိမှုမှာ တိုက်ခန်းတစ်ခန်းအတွက် ၁.၂ နေရာ ရှိရမည်ဟု ပြဌာန်းထားသည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

 

ကွန်ဒိုမီနီယံ ဥပဒေတွင် မဖြစ်မနေ လိုက်နာစေရမည့် အာမခံစနစ်ကိုလည်း ထည့်သွင်းထားနိုင်သည်။ အခြား နည်းဥပဒေများတွင်လည်း ပါရှိပြီး ဖြစ်သည်။ သာမန်အားဖြင့် အခန်းပိုင်ရှင်များ ကော်ပိုရေးရှင်းက အဆောက်အအုံအတွက် အာမခံကို လုပ်ဆောင်ထိန်းသိမ်းထားရမည်။ မြန်မာ့ အာမခံစနစ်၏ လက်ရှိအခြေအနေအရ လောလောဆယ်တွင် လက်တွေ့လုပ်ဆောင်ရန် မဖြစ်နိုင်သေးစေကာမူ ရေရှည်တွင် အလွန်အရေးပါလာလိမ့်မည် ဖြစ်သည်။

နောက်ဆုံးအနေဖြင့်မူ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် နည်းလမ်းများကို ပြဌာန်းထားလျှင်လည်း ကောင်းမွန်မည် ဖြစ်သည်။ အခန်းပိုင်ရှင်များ၊ အမှုဆောင်ကော်မတီများနှင့် အိမ်ငှားများ ပါဝင်သော အငြင်းပွားမှုများကို ကိုင်တွယ်ဆုံးဖြတ်နိုင်ရမည် ဖြစ်သည်။ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများသည် အခန်းပိုင်ရှင် ကော်ပိုရေးရှင်းအတွက် နည်းဥပဒေအား လိုက်နာထိန်းသိမ်းရန် အထောက်အကူပြုစေသည်။

ဈေးကွက်ဆိုင်ရာ အကြောင်းတရားများ

ကွန်ဒိုဈေးကွက်ကို ဟန့်တားနေသော ဥပဒေပြင်ပမှ အချက်များလည်း ရှိသည်။ ဒီအထဲမှ အချက် ၂ ချက်သည် အရေးပါလှသည်။

“ကားရပ်နေရာ သတ်မှတ်ချက် နည်းဥပဒေဟာ ဈေးကွက်မှာ တကယ် ပြဿနာ တက်နေပါတယ်။ လက်ရှိ ရန်ကုန် စည်ပင် ဥပဒေအရ အဆောက်အဦးသစ်တွေမှာ ကားရပ်ဖို့ နေရာထားရှိမှုဟာ တိုက်ခန်းတစ်ခန်းအတွက် ၁.၂ နေရာ ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ကွန်ဒိုတစ်ခုမှာ အခန်းတွေ များလာလေ၊ ကားထားစရာ နေရာတွေ ပိုလိုအပ်လာလေဆိုတော့ စီမံကိန်း ဖြစ်နိုင်စွမ်းက ပိုနည်းလာလေ ဖြစ်နေတယ်” ဟု Colliers International Myanmar မှ ဒု ဥက္ကဋ္ဌ Mr. Tony Picon က ပြောသည်။ ဒီစည်းမျဉ်းကြောင့် ကွန်ဒိုမီနီယံ စီမံကိန်းသစ်များ ဆောက်လုပ်ရန် အဟန့်အတား ဖြစ်နေသည်။ အထူးသဖြင့် ဝယ်လိုအား များနေသော အလယ်အလတ်တန်းနှင့် အနိမ့်တန်း ကွန်ဒိုဈေးကွက်တွင် ထိခိုက်မှုရှိနေသည်။ အခန်းဝယ်မည့်သူက ကားတစ်စီး ပိုင်ဆိုင်နိုင်မည့် အလားအလာမှာ အမှန်တကယ်တွင် နည်းပါးနေသည်။

ဒုတိယ အခက်အခဲမှာ ငွေပေးချေမှု အခက်အခဲ ဖြစ်သည်။ တိုက်ခန်းဝယ်သူ အများစုသည် ငွေသားဖြင့်သာ ပေးချေလေ့ရှိကြသည်။ ဘဏ်ချေးငွေကို အသုံးပြုသူ နည်းပါးသည်။ ထို့ကြောင့် အိမ်ဝယ်ယူမှုတွင် အကန့်အသတ် ရှိသလိုပင် ဘဏ်များအနေဖြင့်လည်း ဈေးကွက်အပေါ် လွှမ်းမိုးနိုင်မှုတွင် အကန့်အသတ် ရှိလာသည်။

သို့သော် ဤမျက်နှာစာတွင် ဖြစ်ထွန်းလာမှုများကိုလည်း တွေ့ရသည်။ ပထမအချက်မှာ အိမ်ပေါင်၊ အခန်းပေါင် လုပ်ငန်း စတင်ဖွံ့ဖြိုးလာခြင်း ဖြစ်သည်။ ယခုအခါ အချို့ဘဏ်များက ငွေစိုက်ထုတ်ထားပြီး ၁၅ နှစ်အထိပင် အရစ်ကျ ပြန်ဆပ်နိုင်သော အစီအစဉ်များကို လုပ်ကိုင်လာကြသည်။ ဒုတိယအချက်မှာ credit bureau များ တည်ထောင်လာကြာရာ ယခုနှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်သည်။ ငွေထုတ်ချေးနိုင်မှု များလာလေ၊ ငွေချေးယူပြီး တိုက်ခန်းဝယ်နိုင်သူ များလာလေ ဖြစ်လာမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တိုးတက်မှုများ ရှိလာသည်ဟု ဆိုနိုင်ပေသည်။

သို့သော် အဆုံးသတ်တွင်မူ နောက်ကျပြီး ဒရွတ်ဆွဲနေသော ကွန်ဒိုမီနီယံ ဈေးကွက်အတွက် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပြီး ကုထုံးဆေးနည်ကို မတွေ့မြင်ရသေးပေ။ ကွန်ဒိုမီနီယံဥပဒေတွင် တိုးတက်မှုများ ရှိလာပြီး တိုးတက်မှုကို အဟန့်အတား ဖြစ်နေသော အရာများကို ဖယ်ရှားပေးနိုင်ခြင်းသည်သာ ဖွံ့ဖြိုးမှုအတွက် ခြေလှမ်း ဖြစ်ပေလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.