ပိတ်ထားသော တံခါးများနောက်ကွယ်မှ ကုလအထူးသံတမန်

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘူဂင်နာသည် သူ တာဝန်ထမ်းဆောင်လာခဲ့သည့် ၁၈ လပြည့်လာချိန်တွင် သူ့လုပ်ဆောင်မှုများမှာ ဝေဖန်မှုနှင့်ရင်ဆိုင်နေရသည်။ သူ၏ “တိုးတိုးတိတ်တိတ် သံတမန်နည်းလမ်း”ကြောင့် သူ့လုပ်ဆောင်ချက်များကို ကမ္ဘာက ဘာမျှမသိရှိရဘဲ အာဏာပိုင်များနှင့် ချိုချိုသာသာပြောဆိုနေခြင်းမှတပါး ဘာမျှပြီးမြောက်မှုမရှိခဲ့ဟု သူ့ကိုဝေဖန်ကြသည်။

ကွန်းရတ် စတေဟယ်လင်န် ရေးသားသည်။

ပြီးခဲ့သည့်လအတွင်း မစ္စဘူဂင်နာ Ms Christine Schraner  Burgener မြန်မာပြည်သွားရောက်စဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သံတမန်များ၊ ဝန်ကြီးများ၊ တပ်မတော်အရာရှိများ၊ Think-tanks တွေးခေါ်ရှင်အဖွဲ့ဝင်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် တွေ့ဆုံခဲ့ပါသည်။ နိုဝင်ဘာ ၁၂ မှ ၂၁ ရက်အထိ အချိန်အတွင်း ထိုပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သော်လည်း လူထုကိုသော်လည်းကောင်း၊ မီဒီယာကိုသော်လည်းကောင်း ဘာတွေဆွေးနွေးခဲ့သည်ဆိုတာကို တစ်ခွန်းမှ သူ ထုတ်မပြောခဲ့ပါ။

မြန်မာပြည်သို့ ကိုးကြိမ်မြောက်သွားရောက်ခြင်းဖြစ်သည်။ ထိုခရီးစဉ်အားလုံးတွင် မြန်မာမီဒီယာ အဖွဲ့အစည်း အားလုံးကို တွေ့ဆုံမေးမြန်းခွင့် တစ်ခါမျှမပေးခဲ့ချေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာလှယ်အဖြစ် ၂၀၁၈ ဧပြီလတွင် စတင်တာဝန်ထမ်းဆောင်စဉ်က သူ၏ အလုပ်တာဝန်မှာ ရိုဟင်ဂျာအကြပ်အတည်းမှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထိ  ကျယ်ပြန့်စွာပါဝင်သည်။ သူမ၏ အစဦးကတည်းကပင် အစိုးရနှင့် တပ်မတော်တို့နှင့် နီးနီးကပ်ကပ်ဆက်ဆံပြောဆိုနိုင်ရန်အတွက် မည်သည့်မီဒီယာနှင့်မျှ အဆက်အသွယ်မလုပ်သော နည်းဗျူဟာကို သူက ရွေးချယ်ခဲ့ပါသည်။

မြန်မာလူထုအဖို့ကတော့ သူတို့သိပ်မေတ္တာမရှိလှသည့် ကုလသမဂ္ဂခန့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဆိုသူတွေထဲမှာ မစ္စဘူဂင်နာက နောက်ဆုံးပေါ် ပုဂ္ဂိုလ်ပါပေ။ မြန်မာနိုင်ငံနှင့် အခြားနေရာတို့မှ နိုင်ငံခြားသားများအတွက်ကတော့ သူသည် အလွန်စဉ်းစားရခက်သူပါပေ။ လူသိရှင်ကြား ထုတ်ပြန်ကြေညာချက် အနည်းငယ် လုပ်ခဲ့ဖူးရာမှာလည်း အငြင်းပွားစရာများ ရှိခဲ့ပါသည်။

ဤဆောင်းပါးရေးရန် မြန်မာနိုင်ငံမှာ မစ္စဘူဂင်နာ၏အခန်းကဏ္ဍကို လေ့လာနေသူများနှင့် တွေ့ဆုံမေးမြန်း ပြောဆိုကြည့်ခဲ့သည်။ သူ့ကို တွေ့ဆုံမေးမြန်းဖို့ ကြိုးပမ်းချက်ကတော့ မအောင်မြင်ခဲ့ပေ။ သူ့ လက်ထောက်တစ်ဦး (ရန်ကုန်မြို့ရှိ ဆွစ်ဇာလန်သံရုံးမှာ လုပ်ခဲ့ဖူးသူ) ကို အီးမေးလ်နှင့် စုံစမ်းမေးမြန်းကြည့်ရာ မြန်မာနိုင်ငံက မီဒီယာတစ်ခုကို တွေ့ဆုံမေးမြန်းခွင့်ပြုလိုက်ရင် သူ့ အလုပ်တာဝန်ထိခိုက်သွားနိုင်လို့ မစ္စဘူဂင်နာက တွေ့ဆုံဖို့ ဆန္ဒမရှိပါဟုသာ ပြန်ကြားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ အသက် ၅၆ နှစ်အရွယ် မစ္စဘူဂင်နာသည် သူ့ဇာတိ ဆွစ်ဇာလန်နိုင်ငံမှာတော့ မီဒီယာတွေကို စကားပြောခဲ့ရာ သူ လက်ခံစကားမပြောရန် ဆုံးဖြတ်ခဲ့သော မီဒီယာကြီးတစ်ခုအကြောင်းကိုပင် ထည့်ပြောသွားခဲ့သည်။

“မီဒီယာ စာနယ်ဇင်းတွေကတော့ တန်းစီနေတာပဲ၊ ကျွန်မကတော့ New York Times က ဗျူးဖို့ တောင်းပန်လာတာတောင် လက်မခံခဲ့ဘူး”ဟု ဆွစ်ဇာလန်နိုင်ငံမှ ထင်ရှားသောဟာသပညာရှင် မစ္စတာ ဗစ်တာ ဂီယာကော့ဘို Mr. Victor Giacobbo  ပြုလုပ်သော ရေဒီယိုအင်တာဗျူးတစ်ခုတွင် လွန်ခဲ့သော မေလအတွင်းက သူ ပြောခဲ့ဖူးပါသည်။

“ကျွန်မ ဒီလိုလုပ်တော့ မီဒီယာတွေက ရေးလာကြမယ်။ ဘာတိုးတက်မှုမှ မရှိဘူး၊ ဒါမှမဟုတ် ကျွန်မက အလုပ်မလုပ်ဘူး ဆိုတာမျိုးတွေပေါ့။ ဒါလောက်တော့ ကျွန်မ ပေးဆပ်ရမှာပဲ”ဟု သူက ဟာသသရုပ်ဆောင် ဗစ်တာကို ပြောခဲ့သည်။

ရလဒ်အဖြစ် သူ့အကြောင်း ဘာသတင်းမှမရေးကြပေ၊ သူ မြန်မာပြည်ရောက်ချိန်၊ ပြန်ချိန် ထုတ်ပြန်သောသတင်း၊ သူ ကုလသမဂ္ဂပြန်ရောက်တော့ ကုလသမဂ္ဂမှာ ပြောဆိုတာ၊ ဒီလောက်ပဲ သူ့လုပ်ဆောင်မှုများကို သတင်းကြားရ၊ သိရသည်။

“အထူးသံတမန်ဆိုတာ သူကိုယ်စားပြုတဲ့ လူထု၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အထူးအားဖြင့် မြန်မာလူထုအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။ အစိုးရ တိုးတက်ဆောင်ရွက်မှုတွေ လုပ်နေသလား၊ မလုပ်ဖူးလားဆိုတာတွေကို ဆက်သွယ်ပြောဆိုမှုမရှိတော့ စိတ်ပျက်မှုတွေ၊ မယုံကြည်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မစ္စလော်ရာဟိဂ် Ms Laura Haigh က ပြောပါသည်။

“သူက မမှန်ကန်တဲ့နည်းလမ်းနဲ့ ပြောဆိုမိရင်တော့ လုပ်ငန်းစဉ်တစ်ခုလုံး လမ်းလွဲကုန်နိုင်တာပေါ့။ ဒါပေမဲ့ မြန်မာပြည်ခရီးစဉ်တစ်ခုအပြီးမှာ အသေးစိတ်တွေ ထုတ်မပြောဘဲ သတင်းစာကွန်ဖရင့်လုပ်ရင်တော့ ရပါတယ်။ လူသားဆန်ဆန် အိန္ဒြေနဲ့ ခြေဟန်လက်ဟန်နဲ့ ဆက်ဆံဖို့လိုပါတယ်။ ဒီလိုမလုပ်ရင် မြန်မာနိုင်ငံမှာ အမျိုးမျိုးပြောဆိုနေကြတာတွေဟာ ဗျူရိုကရေစီ ယန္တရားကြီးပါလို့ လူတွေက အထင်ရောက်သွားနိုင်တယ်။ မစ္စ ရှရာနာ ဘူဂင်နာရဲ့ လုပ်ပိုင်ခွင့်ဟာ မြန်မာပြည်မှာ စိတ်လှုပ်ရှားထိခိုက်နိုင်တဲ့ ပြဿနာတွေနဲ့ သက်ဆိုင်နေတယ်၊ ဒီတော့ စာနဲ့ရေးသားထားတဲ့ ဖော်ပြချက်တွေထုတ်ပြန်နေရုံနဲ့ သင့်တော်လိမ့်မယ် မထင်ဘူး” ဟု ရန်ကုန်မြို့ သံတမန်အသိုက်အဝန်းမှ အမည်မဖော်လိုသော အဆင့်မြင့်သံတမန်တစ်ဦးက ပြောပါသည်။

၂၀၁၉ ဇန်နဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မစ္စဘူဂင်နာ ရောက်ရှိစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၉ ဇန်နဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မစ္စဘူဂင်နာ ရောက်ရှိစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

သွားလေသူ ကုလသမဂ္ဂ သံတမန်ဟောင်းများ

“အစိုးရနဲ့ သိပ်ပြီးတော့ ရင်းနှီးပူးကပ်လွန်းတာ၊ အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်လွန်းတာကြောင့် နောက်ထပ်တွေ့ခွင့်မရတော့တာ၊ ဒီနှစ်ခုကို ခြားထားတဲ့အလွှာက ပါးပါးလေးရယ်ပါ။ မစ္စ ခရစ္စတင်း ရှရာနာ ဘူဂင်နာရဲ့ရှေ့က ကုလသမဂ္ဂအထူးသံတမန်တွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့ကြတာကြည့်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်များ ရင်ဆိုင်ခဲ့ကြရသည့် စိန်ခေါ်မှုတွေကို အမည်မဖော်လိုသူ နိုင်ငံရေးဆန်းစစ်သူတစ်ဦးက ထောက်ပြပါသည်။ ယင်းပုဂ္ဂိုလ်များကတော့ Mr Alvaro de Soto (1995-1999), Mr. Razali Ismail (2000- 2005), Mr Ibra him Gambari (2006-2009) နှင့် Mr Vijay Nambiar (2012-2016) တို့ဖြစ်ကြပါသည်။

မစ္စတာဗီဂျေးနမ်ဘီးယား Mr Vijay Nambiar 2012 ခုနှစ်၌တာဝန်လက်ခံပြီး မကြာမီတွင် နယူးယော့ခ် အခြေစိုက် စဉ်းစားချင့်ချိန် သုခမိန်အဖွဲ့ဖြစ်သော International Peace Institute က ထုတ်ဝေခဲ့သည့် “A Good Office ? Twenty Years of UN Mediation in Myanmar” အစီရင်ခံစာတွင် ယခင်ကုလသမဂ္ဂအထူးသံတမန်များ၏ မီဒီယာဗျူဟာမှာ လျော့ရဲရဲနိုင်လွန်းကြောင်း ကောက်ချက်ဆွဲထားသည်။ “သတင်းမီဒီယာများကို ခပ်လှမ်းလှမ်းမှာပဲထားပြီး ကုလသမဂ္ဂ၏ ကူညီဆောင်မရေး ကြိုးပမ်းမှုများကို သိုသိုသိပ်သိပ်လျှို့ဝှက်ထားမှုကို ပိုမိုအရေးထားလုပ်ဆောင်လျှင် မြန်မာအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ရေးမှာ အောင်မြင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်စရာ အကြောင်းရှိပါသည်” ဟု ရေးသားဖော်ပြခဲ့ကြပါသည်။

မစ္စဘူဂင်နာကတော့ ထိုသင်ခန်းစာကို အသေနှလုံးပိုက်ထားပုံရသည်။ တပ်မတော်နှင့်အစိုးရကို ဘယ်တော့မှ လူသိရှင်ကြား ဝေဖန်ခြင်းမပြု၊ ထို့ကြောင့်လည်း သူ သွားချင်တဲ့၊ ဝေးလံသီခေါင်တဲ့ နေရာတွေ နေရပ်ရွှေ့ပြောင်းခံတို့၏စခန်းများအရောက် ပို့ပေးခဲ့ကြသည်။ သူ တွေ့ချင်သူ၊ အဆုံးအဖြတ်ပေးသူ အာဏာပိုင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

“တံခါးပိတ်အခန်းထဲမှာတော့ ကျွန်မသူတို့ကို ဝေဖန်တယ်၊ အကုန်ပြောပြပါတယ်” ဟု မစ္စ ဘူဂင်နာက Swiss ဆွစ်နေ့စဉ်သတင်းစာ အားဂေါင်ဝါ ဆိုက်တွန်း Aargauer Zeitung ကို မနှစ်က ပြောခဲ့သည်။ သူ့ဖခင်သည် ယခုမရှိတော့ပြီဖြစ်သော ဆွစ်လေကြောင်းလိုင်း Swissair ကုမ္ပဏီဝန်ထမ်းအဖြစ် ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့ရာ သူသည် ဂျပန်နိုင်ငံ၌ ကြီးပြင်းခဲ့ရသူဖြစ်သည်။ ထို့ကြောင့် အခြားအနောက်တိုင်းသားတို့ထက် အာရှတိုက်သားများနှင့် ပို၍ပြောတတ်ဆိုတတ် ဆက်ဆံတတ်ခဲ့သည်ဟု သူက ဆိုပါသည်။

“သူတို့ကို စော်ကားရာ မရောက်စေဘဲ ဒါကို အာရှနည်း၊ အာရှဟန်နဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိတယ်လေ” ဟု မစ္စ ဘူဂင်နာက ပြောသည်။

သူ့နည်းက အောင်မြင်ထိရောက်သည်ဟု ပြောရမည်။ ၂၀၀၉-၂၀၁၅ အတွင်း ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်အဖြစ် ဆောင်ရွက်စဉ်က သူသည် ရှပ်နီနှင့်ရှပ်ဝါ ပြိုင်ဘက်နှစ်ဖွဲ့အကြား နောက်ကွယ်မှ ကြားဝင်စေ့စပ်သူအဖြစ် အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။ ထိုင်းနိုင်ငံမှ တာဝန်ပြီးဆုံး၍ မထွက်ခွာမချင်း သူ လုပ်ဆောင်ခဲ့သော အခန်းကဏ္ဍကို လူသိရှင်ကြား ထုတ်ဖော်ဝန်ခံမှု မပြုခဲ့ချေ။

“ထိုင်းနိုင်ငံမှာ ကျွန်မရဲ့ လုပ်ဆောင်မှုတွေကို လူထုတွေသိသွားခဲ့ရင် သူတို့အောင်မြင်မှုတွေ အန္တရာယ်ဖြစ်ခဲ့နိုင်တယ်။ ဒီနေ့အထိ ကြားဝင်ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းအရာအတိအကျတွေကို ကျွန်မထုတ်မပြောဘူး”

လူတွေ့မေးမြန်းခံဖို့ သူ ဘာကြောင့် အထူးသတိထားနေခဲ့သည်ဆိုတာ သည်မျှလောက်ဆိုရင် နားလည်သိရှိလောက်ပါပြီ။ ကုလသမဂ္ဂအထူးသံတမန်အဖြစ် တာဝန်သစ်ဆောင်ရွက်နေစဉ် ဆွစ်မီဒီယာတစ်ခုကိုသာ လူတွေ့မေးမြန်းခံခဲ့သည်။ ဆွစ်ဇာလန်တွင် သူ၏တရားဝင်ပြောကြားချက်များကို မြန်မာနိုင်ငံက မီဒီယာတွေက သတင်းရေးကြဖွယ်မရှိဟု သူ ယုံကြည်ထားပုံရသည်။ (သူ ပြောခဲ့သည်ကတော့ ယနေ့အထိ အမှန်ပင်ဖြစ်သည်။)

သို့သော် ခုချိန်အထိတော့ သူ့နည်းက ပြစရာမယ်မယ်ရရ သိပ်မရှိလှသေးပေ။ သူကတော့ ခုချိန်ထိ သူ့အောင်မြင်မှုနှစ်ခုကို ထောက်ပြသည်။ အဓိကပါဝင်ပတ်သက်နေသူအားလုံးနှင့် ကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းကို ထူထောင်နိုင်ခဲ့ခြင်းနှင့် နေပြည်တော်တွင် သူ့ရုံးခွဲဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ဖြစ်သည်။ သူ့လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် အကူအညီပေးနိုင်ရန် ဝန်ထမ်းသုံးဦးဖြင့် နေပြည်တော်တွင် ရုံးဖွင့်လှစ်ထားနိုင်ခဲ့သည်။

အစိုးရမဟုတ်သော အသင်းအဖွဲ့များကတော့ ထိုမျှဖြင့် မလုံလောက်သေးဘူးဟု ပြောနေကြသည်။ အဓိပ္ပာယ်ရှိသည့်ရလဒ်များ မရနိုင်သေးသည်ကိုလည်း မကျေနပ်ကြ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြား ထုတ်မပြောခြင်းကိုလည်း မကျေနပ်ကြချေ။

“ဒီလို ကလေးကလားခြေလှမ်းတွေနဲ့ ခရီးရောက်မယ်ထင်ရင် သူက စိတ်ကူးယဉ်ကမ္ဘာမှာပဲ နေခဲ့တော့” ဟု Burma Campaign UK ညွှန်ကြားရေးမှူး မစ္စတာ မတ်ခ်ဖာမာနာ Mr. Mark Farmaner နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် သူက ဤသို့ဆိုသည်။

“ဒါကို လုပ်ငန်းစဉ်လို့ ပြောချင်သေးလား။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံး မြန်မာနိုင်ငံမှာ လုပ်ငန်းစဉ်ရှိနေခဲ့တာပဲ။ ဒါက အစိုးရရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာတွေပါ”

မြန်မာအစိုးရက သူ့ကို သုံးနှစ်ကြာအောင် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ရာ ပြီးခဲ့သည့်လကတော့ သူမြန်မာပြည်လည်ပတ်ခွင့်ရပြီဟု Twitter မှာ မစ္စတာ မတ်ခ်ဖာမာနာက ဖော်ပြခဲ့ကြောင်းတွေ့လိုက်ရသည်။

“အစစ်အမှန်ရလဒ်တွေ အမြန်ရချင်တယ်။ အထူးသံတမန်ဟာ ပြတ်သားတဲ့၊ ခိုင်မာတဲ့ပန်းတိုင်တွေ ချမှတ်ထားဖို့ လိုပါတယ်။ လူသိရှင်ကြား ထုတ်ပြောဖို့ မလိုပါဘူး။ ဒါပေမဲ့ သူအနေနဲ့ လူသိရှင်ကြား ထုတ်ပြောရင် အစိုးရကိုပဲ တချိန်လုံး ထောက်ခံချက်ပေးနေစရာ မလိုပါဘူး” ဟု ပြောသည်။

၂၀၁၈ နိုဝင်ဘာလက ဂျာမန်ဘာသာဖြင့် ထုတ်ဝေသော Die Zeit  ဒီဆိုက် အပတ်စဉ်သတင်းစာ (Swiss edition) တွင် ပြည့်မီအောင်လုပ်ဆောင်ရမည့်ပန်းတိုင်များ၊ ရောက်ရှိရမည့်အချိန်ကာလပါဝင်သည့် အစီအစဉ်ရှိကြောင်း ဖော်ပြထားသည်။ သို့သော် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သည့်ကြေညာချက်တွင်မူ မစ္စဘူဂင်နာက အလေးအနက်ထား မဖော်ပြခဲ့ချေ။ သူ့လုပ်ငန်းစဉ်ကို လျှို့ဝှက်ထားသောကြောင့် လူများမသိသေးသော အောင်မြင်မှုများ ရကောင်းရနေနိုင်ပါသည်။ မည်သို့ပင်ရှိစေ လက်ရှိအခြေအနေအရတော့ မစ္စဘူဂင်နာသည် မြန်မာပြည်၏အဓိကပြဿနာများ၌ ထူးထူးခြားခြားအောင်မြင်မှု တစ်ခုမျှ မရရှိခဲ့သေးချေ။

အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေးဘီးယားအပါအဝင် ဇူလိုင်လက ကုလအထွေအထွေညီလာခံတွင် မြန်မာနိုင်ငံကို ဝေဖန်ကြသည့်နိုင်ငံများကို တုံ့ပြန်ရာတွင် မြန်မာအစိုးရက ရိုဟင်ဂျာများအတွက် အခြေအနေ တိုးတက်အောင်မလုပ်ဘဲ အချိန်ဆွဲနေလျှင် အရေးပေါ်ခေါင်းလောင်းကို မိမိတီးမည်ဖြစ်ကြောင်း မစ္စ ဘူဂင်နာက ညီလာခံတွင် ကတိပြုခဲ့သည်။

“မစ္စ ရှရာနာ ဘူဂင်နာက မြန်မာအစိုးရကို လူသိရှင်ကြားမဝေဖန်တာ ပြဿနာတစ်ခုလို့ ကျွန်တော် မမြင်ပါဘူး” ဟု သြစတြေးလျ လူ့အခွင့်အရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် FFMM အဖွဲ့ဝင် သုံးဦးထဲက တစ်ဦးဖြစ်သူ မစ္စတာ ခရစ္စတိုဖာ ဆီဒိုတီ Mr Christopher Sidoti က ပြောသည်။

“ကျွန်တော်တို့လို၊ ဒါမှမဟုတ် အထူးကိုယ်စားလှယ် ယန်ဟီးလီလို အသံကျယ်ကျယ်ပြောတဲ့သူတွေ ကုလမှာ အလုံအလောက်ရှိပါတယ်။ သူ့မှာ ခြားနားတဲ့ လုပ်ငန်းတာဝန်တစ်ခုတော့ရှိပါတယ်” ဟု ဆီဒိုတီက Frontier ကို ပြောသည်။

သူ့မစ်ရှင် အောင်မြင်မှုရှိမရှိ သုံးသပ်ရန် စောသေးသည်ဟု ၎င်းကယူဆသော်လည်း ပဋိပက္ခများအပေါ် အမြတ်ထုတ်ရသည်မှာ အဖွဲ့အစည်းအားလုံးအတွက် လွယ်ကူနေကြသဖြင့် ရွေးကောက်ပွဲများမတိုင်မီ ယခုနှစ်၌ အပြောင်းအလဲများရရှိအောင် ပြုလုပ်ရေးမှာ လွန်စွာခက်ခဲလိမ့်မည်ဖြစ်ပြီး နောက်နှစ်တွင် အပြုသဘောဆောင်သည့် အပြောင်းအလဲကို မြင်ရမည်မဟုတ်ဟု ၎င်းကပြောသည်။

လာမည့်နှစ်ကျင်းပမည့် အထွေအထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း နိုဝင်ဘာလတွင် ကျင်းပလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

၂၀၁၈ အောက်တိုဘာ ၁၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်စခန်းရှိ ရိုဟင်ဂျာများကို ဒေသခံအစိုးရအရာရှိများနှင့်အတူ မစ္စဘူဂင်နာတွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၈ အောက်တိုဘာ ၁၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်စခန်းရှိ ရိုဟင်ဂျာများကို ဒေသခံအစိုးရအရာရှိများနှင့်အတူ မစ္စဘူဂင်နာတွေ့ဆုံစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

အမြင်များကွဲပြားနေသည့်သမဂ္ဂ

မစ္စဘူဂင်နာတွင် ထင်ရှားမြင်သာသည့် အောင်မြင်မှုများမရှိသည့်တိုင် သူ့ကြေညာချက်တစ်ခုကြောင့် အကြီးအကျယ် အံ့သြထိတ်လန့်မှုကို ဖြစ်စေခဲ့ဖူးသည်။ ယခုနှစ် ဇန်နဝါရီလက ၎င်း၏ခရီးစဉ်အပြီး သူက နိုင်ငံသားစိစစ်ရေးကတ် NVC လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းလုပ်ငန်းစဉ်မှာ ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်ဟု အစိုးရက ပြောဆိုထားသည်။

၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတို့ကို ဌာနေလူမျိုးစုအုပ်စုတစ်ခုအဖြစ် မယူဆသောကြောင့် ရိုဟင်ဂျာအများစုမှာ နိုင်ငံသားဖြစ်ရေးငြင်းပယ်ခံရပြီး ယင်းသို့ချန်လှပ်ခြင်းက ရခိုင်ပြည်နယ် အကျပ်အတည်း၏ ရေသောက်မြစ်လည်းဖြစ်သည်။ သို့သော်လည်း မည်သည့်ရိုဟင်ဂျာမျှ အင်န်ဗီစီကို မလျှောက်ထားသေးပါ။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းစဉ်က ရိုဟင်ဂျာများအဖြစ် တရားဝင်ကိုယ်စားပြုမှုကို တားဆီးထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ယင်းလုပ်ငန်းစဉ်မှာ ၎င်းတို့အားနိုင်ငံသားဖြစ်မှုမှ ရပ်တန်းကရပ်စေသည့် အစိုးရ၏နောက်ဆုံးအစီစဉ်တစ်ခုအဖြစ် ရိုဟင်ဂျာတို့က မြင်နေသောကြောင့်လည်း ဖြစ်သည်။

ယင်းသို့ စိုးရိမ်မှုများရှိသော်လည်း ကုလအထူးသံတမန်က ၎င်းတွေ့ခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်သူများ IDPs ကို အင်န်ဗီစီမှတ်ပုံတင်ရေးအတွက် လျှောက်ထားမှုကိုစဉ်းစားရန် အားပေးခဲ့သည်။ ကြေညာချက်တွင် ရိုဟင်ဂျာဟု မသုံးနှုန်းခြင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများဟု အစိုးရ၏အသုံးအနှုန်းကို သံယောင်လိုက်သည့်အတွက်ပါ မစ္စဘူဂင်နာကို လူ့အခွင့်အရေးအုပ်စုများက ပြင်းထန်စွာဝေဖန်ခဲ့သည်။

“နိုင်ငံသားဥပဒေကို ပြောင်းလဲဖို့ ပိုပြီးဖိအားပေးရမယ့်အစား ရိုဟင်ဂျာတို့ကို အင်န်ဗီစီကတ်တွေပေးမယ့် အစိုးရရဲ့အစီအစဉ်ကို အထူးသံတမန်က ထောက်ခံလိုက်တဲ့အတွက် တခြားကုလအေဂျင်စီတချို့ကလည်း ဒေါသထွက်နေပါတယ်” ဟုအမည်မဖော်လိုသည့် လေ့လာသူတစ်ဦးက Frontier ကို ပြောသည်။

သို့သော်လည်း သူသည် အင်န်ဗီစီလုပ်ငန်းစဉ်ချည်းသက်သက်ကိုသာ ထောက်ခံခြင်းမဟုတ်ဘဲ အနည်းဆုံး ၂၀၂၀ ပြည့်ရွေးကောက်ပွဲမတိုင်မီ အပြောင်းအလဲတစုံတရာ မဖြစ်နိုင်မှန်းသိနေသည့်အတွက် ကာလတိုအတွင်း ရိုဟင်ဂျာတို့၏အခြေအနေကို တိုးတက်စေလိုသည့် ဆန္ဒရှိ၍သာဖြစ်ကြောင်း မစ္စဘူဂင်နာက နောက်ပိုင်းတွင် အင်န်ဂျီအိုများနှင့် အခြားကုလအေဂျင်စီများကို ရှင်းပြခဲ့သည်ဟု အဆိုပါလေ့လာသူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ကုလညိနှိုင်းရေးမှူး မစ္စတာအိုလာအမ်းမ်ဂရင်းနှင့် မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီတို့ထံမှ သုံးသပ်ချက်ရရှိရန် Frontier က ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“နက်နက်ရှိုင်းရှိုင်းပြဿနာဖြစ်နေတာက အင်န်ဗီစီလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ကုလဟာ သာမန်လောက် ပြောလို့မရဘူး။ ဒီလုပ်ငန်းစဉ်က ကိုယ်ပိုင်အမှတ်လက္ခဏာ ကိုယ်တိုင်ဖော်ထုတ်ရေးနဲ့ ခွဲခြားဆက်ဆံမှု မရှိရေးတို့နဲ့ပတ်သက်တဲ့ အခြေခံအကျဆုံးပြဿနာတွေရဲ့ အဓိကနေရာက ရှိနေတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဟိဂ်က ပြောသည်။

“ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီကို နိုင်ငံတွင်းဝင်ရောက်မှု ပိတ်ပင်ခံရတာ နှစ်များစွာကြာမြင့်နေတော့ ကုလသမဂ္ဂအဖို့ အစိုးရပိုင်းကို ထိပ်တန်းအဆင့်ထိုးဖောက်မှုက သိပ်နည်းနေလို့ ကုလသမဂ္ဂဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ရှင်းလင်းပြတ်သားပြီး တသမတ်တည်းရှိတယ်ဆိုတဲ့သတင်းစကားကို တင်ပြဖို့က အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

အခြားတစ်ဖက်တွင်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်းက ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ခြင်းကဲ့သို့ နိုင်ငံတွင်း ကုလသမဂ္ဂအလုပ်၏အရေးကြီးအစိတ်အပိုင်းများကို မြန်မာက ပယ်ချသည်ကိုထောက်၍ မစ္စဘူဂင်နာ က ကျန်ကုလအဖွဲ့အစည်းများနှင့် တသီးတသန့်နေခြင်းကလည်း အစိုးရနှင့်စေ့စပ်လုပ်ကိုင်ရာတွင် သူ့အတွက် တပန်းသာစေသည်။ သူ့မှာ ကုလနောက်ခံမရှိဆိုသည့်အချက်ကလည်း ယင်းကိုပိုမိုအားဖြည့်ပေးသည်။

ယင်းအချက်ကပင် အထူးသံတမန်အဖြစ် ၎င်းအား ခန့်အပ်မှုကို ချောမွေ့စေနိုင်သည်။ သတင်းရင်းမြစ် အများအပြား၏အဆိုအရ ကုလအထွေထွေညီလာခံသည် အထူးသံတမန်တစ်ဦးကို ခန့်အပ်ရန် ၂၀၁၇ ဒီဇင်ဘာက ၁၂၂ မဲ ၁၀ မဲဖြင့် မဲပေးပြီးနောက် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဆန်ခါတင်ထိပ်တန်းစာရင်း ပြုစုသည့်အထဲတွင် မစ္စဘူဂင်နာ မပါဝင်ဟုဆိုသည်။ ယင်းစာရင်းဝင်များကို ကန့်ကွက်မဲပေးသောနိုင်ငံများထဲ၌ မြန်မာ၊ တရုတ်နှင့် ရုရှားတို့ ပါဝင်ခဲ့သည်။

မစ္စ ဘူဂင်နာသည် ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်အဖြစ် တာဝန်ထမ်းနေစဉ်နှင့် ယင်းနောက်ဧပြီလတွင် ယခုအလုပ်ကိုလုပ်ရန် ဆန္ဒရှိမရှိမေးမြန်းသောအခါ ၎င်းမှာ ယင်းအလုပ်ကိုလျှောက်ရန် မေ့လုနီးပါးဖြစ်ခဲ့သည်ဟု ပြောခဲ့သည်။

အလုပ်မှာ အချိန်ပြည့်အလုပ်တစ်ခု၏ ၇၅ ရာခိုင်နှုန်းပမာဏသာရှိသော်လည်း မစ္စဘူဂင်နာက အထူးသံတမန်အလုပ်သည် အချိန်ပြည့်အလုပ် လုပ်ရသည်ထက် များစွာပို၍ခက်ခဲသည်ဟု ဆွစ်မီဒီယာကို ပြောခဲ့သည်။ သူ့လစာမှာ သူ ရရှိခဲ့သည့်သံအမတ်ကြီးလစာ၏ သုံးပုံတစ်ပုံသာရှိသည်ဟု ဒီဆိုက်မီဒီယာက ဖော်ပြခဲ့သည်။

ဆွစ်သံအမတ်ကြီးတစ်ဦး၏ ပျမ်းမျှလစာမှာ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ဖြစ်သော်လည်း မစ္စဘူဂင်နာမှာမူ ရာထူးအဆင့်မြင့်မားမှုနှင့် အရေးပါမှုတို့ကြောင့် ဘာလင်တွင် ထို့ထက် ပို၍ရရှိနိုင်သည်။ အထူးသံတမန်အဖြစ် တစ်လလျှင် ဒေါ်လာ ၁၀,၀၀၀ အောက်သာ ရခဲ့သည်ဆိုလျှင် ယင်းရာထူး၏တာဝန်နှင့်နှိုင်းယှဉ်လျှင် ရရှိသည့်ငွေပမာဏမှာ နည်းပါးသည်ဟုယူဆနိုင်သည်။

ယခုအစီရင်ခံစာအတွက် အင်တာဗျူးခဲ့သူများထဲမှ မည်သူကမှ သံသယမရှိသည်မှာ မစ္စဘူဂင်နာတွင် ရာထူးအတွက် လိုအပ်သည့်အရည်အချင်းများနှင့် ပြည့်စုံသည်ဟုဆိုသည်။ သူက နှစ်လိုဖွယ်ရာနှင့် ယုံကြည်စရာကောင်းသည်ဟုလည်း တွေ့ဆုံမေးမြန်းခံရသူများကဆိုသည်။ သူ့သံတမန်အတွေ့အကြုံကလည်း များပြားပါသည်။ သို့ရာတွင် အထူးသံတမန်တစ်ဦးအတွက် ပေးသောလစာ သိပ်မများခြင်းက အတော်ဆုံးသူများကို မဆွဲဆောင်နိုင်ခြင်းလားဟု အချို့ကမေးခွန်းထုတ်နိုင်သည်။

မစ္စဘူဂင်နာကို မခန့်အပ်မီ အလားအလားရှိသူအချို့ကို ဂူတာရက်စ်က ချဉ်းကပ်ခဲ့သေးသည်ဟုဆိုသော်လည်း ၎င်းတို့ကို သူကိုယ်တိုင်ပယ်ချခြင်း၊ သို့မဟုတ် မြန်မာက ပယ်ချခြင်းများရှိခဲ့သောကြောင့် ဖြစ်သည်ဆိုသည်။

၂၀၁၈ ဇွန် ၁၃ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ မစ္စဘူဂင်နာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၈ ဇွန် ၁၃ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ မစ္စဘူဂင်နာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

လေဒီနှင့်ရင်းနှီးမှုရှိခြင်း

“သူက ခရစ္စတင်းဖြစ်လို့သာ ဒီအလုပ်ကို ရခဲ့တာပေါ့ဗျာ” ဟု မစ္စဘူဂင်နာနှင့် တစ်နိုင်ငံတည်းသားဖြစ်ပြီး မြန်မာနိုင်ငံရှိ ကန့်လန့်ကာနောက်ကွယ်က သံတမန်လောကတွင် ဝါရင့်တစ်ဦးဖြစ်သည့် မစ္စတာ လီယွန် ဒီ ရီးဒ်မတ်တင်န် Mr Leon de Riedmatten က Frontier ကိုပြောသည်။

ရီးဒ်မတ်တင်န်သည် ၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်းက နိုင်ငံတကာကြက်ခြေနီအဖွဲ့၏ မြန်မာနိုင်ငံအတွက် လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် ဒေါ်စုနေအိမ်အကျယ်ချုပ်ဘဝနှင့်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်စစ်အစိုးရကြား လွန်းပျံဒီပလိုမေစီတွင် ပါဝင်ခဲ့ဖူးသည်။ ဒေါ်စုနှင့်သူ ယခုထိ ရင်းနှီးဆဲဖြစ်သည်။

“မြန်မာနိုင်ငံမှာက အမြဲတမ်းလိုပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံမှုတွေရှိခြင်းနဲ့အောင်မြင်မှုတို့က ဆက်စပ်နေတယ်” ဟု သူရန်ကုန်ရုံးတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ၎င်းက Frontier ကို ပြောကြားခဲ့သည်။ မစ္စ ဘူဂင်နာနှင့် ခင်ပွန်းသည် ခရစ္စတော့တို့ ထိုင်းနှင့်မြန်မာတို့အတွက် သံတမန်ရေးတာဝန်များ ထမ်းဆောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ကိုသိရှိခဲ့ပြီး မစ္စဘူဂင်နာကို နှစ်လိုဖွယ်ရှိသူအဖြစ် သဘောထားခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် ဂူတာရက်စ်က အဆိုပြုလာသောအခါ ဒေါ်စုက ပယ်မချခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်က မစ္စဘူဂင်နာနှင့် သံတမန်တစ်ဦးပင်ဖြစ်သော သူ့ခင်ပွန်း ခရစ္စတော့(၎င်းတို့တွင်ကလေးနှစ်ဦးရှိ) တို့သည် ဆွစ်ဇာလန်နိုင်ငံခြားရေးဌာနတွင် သံအမတ်တာဝန်ကို ခွဲဝေယူသော ပထမဆုံးစုံတွဲဖြစ်လာခဲ့သည်။ ယင်းအခြေအနေက ဆွစ်ဇာလန်၏လက်ဝဲဝါဒီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးအဖြစ်ဖြင့် မစ္စဘူဂင်နာ၏ လစ်ဘရယ်ကမ္ဘာ့အမြင်နှင့် သဘောချင်းတိုက်ဆိုင်သည်ဟုဆိုနိုင်သည်။

ထိုင်းနိုင်ငံအတွက် သူတာဝန်ယူရစဉ် သူ့ခင်ပွန်းက မြန်မာနိုင်ငံ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အတွက် တာဝန်ယူခဲ့ပြီး ၂၀၁၂ တွင် မြန်မာနိုင်ငံ၌ သံရုံးတစ်ရုံးဖွင့်လှစ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က ခရစ္စတော့ကို တကယ့်ကို သဘောကျပါတယ်” ဟု မျက်စိကြီးနားကြီး သတင်းရင်းမြစ်တစ်ခုက ပြောသည်။ နေအိမ်အကျယ်ချုပ်ကျစဉ် ခရစ္စတော့ လာရောက်တွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဆိုသည်။

၂၀၁၀ ပြည့်နှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ်တွင် ၎င်းနှင့်ပထမဆုံးသိကျွမ်းခဲ့ကြောင်း ဆွစ်ရေဒီယိုနှင့်အင်တာဗျူးတွင် မစ္စဘူဂင်နာက ထုတ်ဖော်ပြောကြားခဲ့သည်။

World Economic Forum တည်ထောင်သူ မစ္စတာ ကလောက်စ်ရှဗတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကောက်ရှိ ဖိုရမ်၏ အာရှဌာနခွဲကို ဖိတ်ခေါ်ခဲ့သည်။

“သံအမတ်နေအိမ်မှာ ဒေါ်စုကိုဂုဏ်ပြုတဲ့ ညစာစားပွဲတစ်ခု ကျင်းပပေးဖို့ ရှဗတ်က ကျွန်မကိုတောင်းဆိုခဲ့ပြီး ဒေါ်စုကလည်း ဖိတ်ကြားမှုကို လက်ခံခဲ့ပါတယ်” ဟု မစ္စဘူဂင်နာက ပြောသည်။

သို့သော်လည်း ဒေါ်စုနှင့်ပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိသည့်တိုင် အမြဲတမ်းတွေ့ခွင့်ရဖို့ အာမခံချက်မရှိပေ။ ဒေါ်စုသည် ၎င်းနှင့် အယူအဆမတူသူများနှင့် ဆက်ဆံရေးဖြတ်တောက်လေ့ရှိသည်ဟု Frontier က နားလည်ထားသည်။

ခက်ခဲသည့်ကိစ္စရပ်များတွင် ဖိအားပေးရန်ရှိလာသည့်အခါ ဒေါ်စု၏ယုံကြည်မှုရရှိထားရေးမှာ မစ္စဘူဂင်နာ၏ အကြီးမားဆုံး စိန်ခေါ်မှုများထဲတွင် ပါဝင်နိုင်သည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာစဉ် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာစေရန် ဖိအားပေးခြင်းက အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ နောက်တစ်ကြိမ် ကံမကောင်းမှုလည်းဖြစ်နိုင်ပေသေးသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.