ပါတီနိုင်ငံရေးနဲ့ ရခိုင်ပြည်နယ်ကော်မရှင်

ပြည်ခိုင်ဖြိုးပါတီနဲ့ တခြား ပါတီငယ် ၁၁ ခု ပူးပေါင်းပြီး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို  ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်ဟာ စိတ်ပျက်ဝမ်းနည်းစရာ ကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလိုက်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး လွှတ်တော်သစ်တွေဖွဲ့၊ အစိုးရအဖွဲ့သစ် ဖွဲ့ပြီးနောက် မြန်မာနိုင်ငံကို ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အပေါ်မှာဖြစ်စေ၊ အာဏာလက်မဲ့သွားတဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာဖြစ်စေ၊ တခြားအင်န်အယ်လ်ဒီကို ဆန့်ကျင်ဘက် ပြုသူတွေကိုဖြစ်စေ၊ များသောအားဖြင့် “ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး” ကို ရည်ရွယ်တဲ့ စကားလုံးအသုံးအနှုန်းမျိုးကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဝေဖန်ထိုးနှက် တိုက်ခိုက်တဲ့ စကားလုံးမျိုး သုံးလေ့မရှိပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ် အမေရိကန်ပြည်ထောင်စု ခရီးစဉ် နယူးယော့ခ်မြို့ကို ရောက်ရှိစဉ်မှာတော့ သူ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဆန့်ကျင်တာနဲ့ပတ်သက်လို့ကတော့ ပြင်းထန်တဲ့ မှတ်ချက် တစ်ခု ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျွန်မကတော့ ဒါ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျွန်မတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်တဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင် မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ အဲဒါ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကိုယ့်နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့အကျိုးကို ကြည့်ပြီးတော့ ကျွန်မတို့ တနိုင်ငံလုံးအတွက် လုပ်နေတဲ့ကိစ္စကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး” ဆိုပြီး ပြောဆိုခဲ့လို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကားကိုကြည့်ရင် ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဘယ်လောက် အခက်အခဲကြုံရမယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလိုလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အခက်အခဲ ကြုံနေရသလဲ၊ ပြဿနာ မဖြေရှင်းနိုင်ရင် ဘယ်သူတွေ နစ်နာမလဲဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ ကိုဖီအာနန်ဦးဆောင်ပြီး နိုင်ငံခြားသား နှစ်ယောက်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဟာ စ ပြီး ဖွဲ့စည်းစဉ်ကတည်းက ဆန့်ကျင်ကန့်ကွက်မှုတွေ ခံခဲ့ရပါတယ်။ ပထမဦးဆုံး ဝေဖန်၊ ဆန့်ကျင်ကန့်ကွက်တာက ပြည်တွင်းပုံနှိပ်မီဒီယာ တစ်ခုဖြစ်တဲ့ အလဲဗင်းမီဒီယာနဲ့ ရခိုင်အမျိုးသားပါတီတို့ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းဆန့်ကျင်ကန့်ကွက်မှုဟာ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်ထဲအထိ ရောက်သွားပါတယ်။ ကိုဖီအာနန် အကြံပေးကော်မရှင်ကိစ္စ လွှတ်တော်တွင်း ဆွေးနွေးတဲ့အခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပဒေပြဋ္ဌာန်းချက်အရ ဒီလိုကော်မရှင်မျိုး ဖွဲ့စည်းခွင့် ရှိရဲ့လား ဆိုပြီး ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးဦးလှစောက မေးခွန်းထုတ်ခဲ့သလို၊ တပ်မတော်သား အမတ်တစ်ယောက်ကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေမှာ အတိုင်ပင်ခံဟာ လွှတ်တော်ကို တာဝန်ခံရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဒီကော်မရှင် မဖွဲ့စည်းမီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ကိုတင်၊ အတည်ပြုချက် ရယူသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်မှာ အင်န်အယ်လ်ဒီ အမတ်တွေက လွှမ်းမိုးထားလေတော့ ကိုဖီအာနန်ကော်မရှင်နဲ့ ပတ်သက်ပြီး အဆိုတင်တဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ ပြဿနာကို မဲခွဲဆုံးဖြတ်တဲ့နည်းနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီပြဿနာကိုဖန်တီးခဲ့သူတွေ မဟုတ်ကြသလို၊ တစ်ကြိမ်တစ်ခါမှလည်း ကိုင်တွယ်ဖြေရှင်းခွင့်ရခဲ့တာ မဟုတ်ပါဘူး။ အခု အစိုးရအာဏာရလာတဲ့အခါ အရင်အစိုးရတွေလို ပြဿနာကို အမြတ်ထုတ်တဲ့နည်း၊ ရှောင်ကွင်းတဲ့နည်း မသုံးဘဲ တာဝန်ယူစိတ်ရှိရှိနဲ့ ဖြေရှင်းမယ်ဆိုပြီး ကိုင်တွယ်နေတာသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ ရခိုင်အမျိုးသားပါတီအမတ်တွေ လွှမ်းမိုးထားတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အလားတူ အဆိုတစ်ခု ထပ်တင်ပါသေးတယ်။ အဆို အပြည့်အစုံကတော့ “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ ရခိုင်အပါအဝင် တိုင်းရင်းသား၊ နိုင်ငံသားများ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း မဟုတ်၍ ကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်အားလုံးကို အသိအမှတ် မပြုသင့်ကြောင်း” ဆိုပြီးဖြစ်ပါတယ်။

ဒီအဆိုကိုတော့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို ပြည်နယ်လွှတ်တော်က အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူး ဆိုတဲ့အဓိပ္ပာယ် သက်ရောက်သွားစေပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ထားတဲ့ အဲဒီအဆိုတင်၊ အတည်ပြုတာနဲ့ပတ်သက်လို့လည်း နောက်ပိုင်း ဖွဲ့စည်းပုံဆိုင်ရာ၊ ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှု ပေါ်ပေါက်လာနိုင်ပါသေးတယ်။

ကိုဖီအာနန်ကော်မရှင်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအပေါ် ထိုးနှက်ချက်က အဲဒီလောက်နဲ့ ရပ်တန့်မသွားသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြား ပါတီငယ် ၁၁ ခု ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဟာ တရားမဝင်တဲ့အကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို အခြေခံပြီး နယူးယော့ခ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်းထန်တဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကော်မရှင်ကို ဆန့်ကျင်နေသူတွေဆီမှာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါနေတယ်လို့ စွပ်စွဲလိုက်တဲ့အပြင် သူ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ရခိုင်ပြည်နယ်အရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေ အောင်မြင်မှု  ရနေတယ်လို့လည်း အခိုင်အမာ ပြောလိုက်ပါတယ်။

“ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျွန်မတို့အတွက် ဘာမှအကျိုးယုတ်မှု မရှိဘူး။ ပြောရမယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျွန်မတို့ကို OIC ကနေပြီးတော့ Human Rights နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါပါတယ်။ ဒီ့အပြင်မှာလည်း ကျွန်မတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ကိစ္စ” ဆိုပြီး ပြောခဲ့ပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်တွင်းက မူဆလင်ဘာသာဝင်တွေ ပြဿနာဟာ ခေတ်အဆက်ဆက် အခြေတည်လာတဲ့ ပြဿနာ ဖြစ်ပါတယ်။ အရင် နှစ် ၅၀ ကျော်ကြာ စစ်အစိုးရတွေ လက်ထက်တုန်းကလည်း ပြဿနာကို ကိုင်တွယ်မှု မှားယွင်းခဲ့တာ၊ ပြဿနာဖြေရှင်းရေးထက် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခဲ့တာတွေကြောင့် ဒီကနေ့အချိန်ထိ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာအဖြစ် ကျန်ရစ်နေတာပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီပြဿနာကိုဖန်တီးခဲ့သူတွေ မဟုတ်ကြသလို၊ တစ်ကြိမ်တစ်ခါမှလည်း ကိုင်တွယ်ဖြေရှင်းခွင့်ရခဲ့တာ မဟုတ်ပါဘူး။ အခု အစိုးရအာဏာရလာတဲ့အခါ အရင်အစိုးရတွေလို ပြဿနာကို အမြတ်ထုတ်တဲ့နည်း၊ ရှောင်ကွင်းတဲ့နည်း မသုံးဘဲ တာဝန်ယူစိတ်ရှိရှိနဲ့ ဖြေရှင်းမယ်ဆိုပြီး ကိုင်တွယ်နေတာသာ ဖြစ်ပါတယ်။

ဒီလို အခြေအနေအောက်မှာ တချို့နိုင်ငံရေးပါတီတွေအနေနဲ့ ရခိုင်ပြဿနာကို နိုင်ငံရေးတိုက်ကွက် တစ်ခုလို သဘောထားလုပ်ဆောင်နေကြမယ်ဆိုရင် အဓိက နစ်နာမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေပဲ ဖြစ်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.