ပဋိပက္ခအလွန် ကရင်ပြည်နယ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု

နှစ်ပေါင်း ၇၀ ခန့် ပဋိပက္ခများ ဖြစ်ပွားခဲ့အပြီးတွင် ကရင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန်အတွက် KNU နှင့် ဒေသတွင်းမှ NGOs များက အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံများ-ငြိမ်းဆုဝေကျော်စိုး

ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် နန့်အေးချိုတစ်ယောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ခြေထောက်တွင် သွေးများထွက်နေသည့် ထိုပိုးကရင်အမျိုးသမီးသည် ကလေးငယ်လေးကို လက်ဆွဲကာ တောင်ကြားလမ်းများကို ဖြတ်ကျော်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အစိုးရဆေးရုံသို့ လမ်းလျှောက်လာခဲ့သည်။ သို့သော် ဆေးရုံ ရောက်သောအခါ ဆရာဝန်က အပြင်သွားနေသည်။ နေ့လည်စာ စားနေခြင်း ဖြစ်နိုင်သည်။ ရွာကိုဖြတ်ပြီး ရောက်ရှိလာသည့် မြန်မာစကား မပြောတတ်သော လူနာကို စိတ်မဝင်စားသည့် ဆေးရုံဝန်ထမ်းကို  သူမနှင့် သူမ၏ ခင်ပွန်းတို့က နားမလည်နိုင်ကြပေ။

ဆေးရုံကုန်ကျစရိတ်ကို မတတ်နိုင်မည့်အတူတူ အေးချိုက သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များကို အခမဲ့ ကုသပေးနေသော မယ်တော်ဆေးရုံသို့ သွားရောက်ရန် သူမက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာအကြောင်းကို အေးချိုက ပြောပြရာတွင် ပိုးကရင်ဘာသာစကားနှင့် စကောကရင် ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ ပြောပြရသည်။ မယ်တော်ဆေးရုံမှ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံ ပင်မဆောင်ကြီးထဲတွင် ပျားပန်းခတ် လှုပ်ရှားနေပြီး ဘီးတပ်ကုလားထိုင်နှင့် ဖျာများပေါ်မှ လူနာများကို ကုသပေးနေကြသည်။

လာရောက်ကုသသူများသည် ထိုင်းနိုင်ငံဘက်တွင် နှစ်အတန်ကြာ နေထိုင်လာသူများဖြစ်ကြပြီး တစ်ချို့မှာမူ အေးချိုကဲ့သို့ အစိုးရဆေးရုံ ကုန်ကျစရိတ်ကို မတတ်နိုင်သူနှင့် မယုံကြည်သူများ ဖြစ်ကြသည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မယ်တော်ဆေးရုံကို ပဋိပက္ခ ဖြစ်ပွားနေသော ကရင်ပြည်နယ်မှ ဒုက္ခသည်များအား ဝန်ဆောင်မှုပေးရန် ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ၏ သြဇာအာဏာ လက်အောက်တွင်ရှိသော ပြည်သူပေါင်း ၂၅၀,၀၀၀ ခန့်အတွက် အများပြည်သူ ဆေးရုံတစ်ခု ဖြစ်နေဆဲဖြစ်သည်။

ငြိမ်းချမ်းရေးရရှိထားသော နေရာများတွင် ကျန်းမာရေးနှင့် ပညာရေးအတွက် တိုးချဲ့ ဆောင်ရွက်ပေးရန် မြန်မာအစိုးရက ကြိုးစားနေပြီး ဆေးရုံအတွက် ရန်ပုံငွေအလှူများ နည်းပါးနေသည့်ကြားက မယ်တော်ဆေးရုံ ရပ်တည်နေခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်ဆဲရေးစာချုပ်၏ အကျိုးရလဒ်အနေဖြင့် မြန်မာပြည် နယ်စပ်အတွင်းရှိ ပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှုပေးရာတွင် KNU က အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်သည်။ အမှန်အားဖြင့်ဆိုသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် လူသားတိုင်းတစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး ရည်ရွယ်ချက်ကို ငါးနှစ်အတွင်း ပြည့်မီစေရေးတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ Ethnic Health Organization (EHOs) များက မရှိမဖြစ် အရေးပါသည်ဟု သတ်မှတ်ထားသည်။

ထိုင်း- မြန်မာနယ်စပ်က မယ်တော်ဆေးခန်း။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ထိုင်း- မြန်မာနယ်စပ်က မယ်တော်ဆေးခန်း။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန် ဗျူရိုကရေစီ လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက် ကွာဟချက်များ၊ ဘာသာစကား အတားအဆီးများ၊ ယခင်က အာဃာတများနှင့် ရှေ့တိုးနိုင်ရန် လုပ်ဆောင်နေရသော အဆုံးမရှိသည့် အစည်းအဝေးများကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုသို့ တိုးတက်မှုများ ဖြစ်ပေါ်မလာမီ လွတ်လပ်သော ကရင် EHOs အဖွဲ့အစည်းများအကြား သဘောတူညီမှုများ ဦးစွာ ရယူရမည် ဖြစ်သည်။ ၎င်းတို့တွင် DKBA Healthcare၊ Karen Peace Force၊ Burma Medical Association၊ Back Pack Health Worker Team နှင့် တခြားသော EHOs များ ပါဝင်သည်။

ထိုအထဲမှ အများစုသည် အကြီးဆုံး ကရင် EHO တစ်ခုဖြစ်သည့် Karen Development of Health and Welfare အဖွဲ့ကြီးနှင့် ပူးပေါင်းရန် သဘောတူထားကြသည်။

ယခုလက်ရှိအချိန်တွင်မူ ကရင်ပြည်နယ် ကျေးလက်ဒေသမှ ပြည်သူများက မယ်တော်ဆေးရုံကိုသာ အားထားနေရသည်။

သာယာကုန်းရွာမှ KDHW ၏ ကျန်းမာရေးဌာနကို ဆေးခန်းဟု ခေါ်ဆိုခြင်းမှာ ပိုပိုသာသာ ပြောသည့် သဘော သက်ရောက်နေသည်။

ထိုအဆောက်အဦးသည် မြန်မာအစိုးရ အုပ်ချုပ်သောဒေသနှင့် KNU အုပ်ချုပ်သော ဒေသတို့ အကြားတွင် တည်ရှိသည်။ အခြေခံ ဆေးကုသမှု အကူအညီများ မပေးနိုင်သည့်အပြင် ကျန်းမာရေး ဝန်ထမ်းများနှင့် လုပ်အားပေးများက ထိုဒေသရှိ ရွာသား ၁,၀၀၀ ခန့်အတွက် တခြားဆေးရုံများကို လွှဲပြောင်းပို့ဆောင်ပေးခြင်းတို့သာ လုပ်ဆောင်နေသည်။

ခြေထောက်တွင် ရရှိခဲ့သည့်ဒဏ်ရာအား မယ်တော်ဆေးခန်းတွင် သွားရောက်ပြသရန် နန့်အေးချိုက ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ခြေထောက်တွင် ရရှိခဲ့သည့်ဒဏ်ရာအား မယ်တော်ဆေးခန်းတွင် သွားရောက်ပြသရန် နန့်အေးချိုက ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

လူနာများသည် ဝမ်းလျှောရောဂါနှင့် ကိုက်ခဲနာကျင်ဝေဒနာများအတွက် နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်များ၊ နွားလှည်းများဖြင့် ရောက်ရှိလာတတ်သည်။ သို့သော် သူတို့၏ ရောဂါများတွင် ပြင်းထန်သော ရောဂါများလည်း ပါဝင်လာတတ်သည်။

ဆေးရုံ၏ဒါရိုက်တာ စောအယ်ဆေးက အူအတက်ရောင်၍ လာရောက်ပြသသည့် လူနာတစ်ဦးအကြောင်း ပြောပြခဲ့သည်။ အင်တာဗျူးရန်အတွက် Frontier က ၎င်းထံ မရောက်ရှိသွားမီ လေးရက်ခန့်အလိုတွင် ထိုလူနာ ရောက်ရှိလာခြင်းဖြစ်သည်။

“လူနာရဲ့ရောဂါက ပြင်းထန်လို့ ကျွန်တော်တို့က ကော့ကရိတ်မြို့နယ်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ ဒါပေမဲ့ လူနာက လမ်းမှာပဲ သေဆုံးသွားတယ်” ဟု အယ်ဆေးက ပြောသည်။

ထိုသေဆုံးမှုသည် ဆေးရုံ၏ အပြစ်ကြောင့် မဟုတ်ဘဲ ရွာနှင့်မြို့နယ်ဆေးရုံကို ချိတ်ဆက်ပေးသော လမ်းများ မကောင်းသောကြောင့် ဖြစ်သည်။

ပြင်းထန်သည့် သားအိမ်ရောဂါ ခံစားနေရသည့် အမျိုးသမီးတစ်ဦးအကြောင်းကိုလည်း အယ်ဆေးက ပြောပြခဲ့သေးသည်။ ထိုအမျိုးသမီးသည် အစိုးရဆေးရုံကို အချိန်မီ ရောက်ရှိခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

KDHW က ၎င်း၏ နယ်မြေအတွင်းရှိ လူနာများကို အဘယ်ကြောင့် တာဝန်မယူသနည်းဟူ၍ အစိုးရဆေးရုံမှ ဝန်ထမ်းက တပျစ်တောက်တောက် ပြောဆိုနေသည်ဟု အယ်ဆေးက ဆိုသည်။ ထို့ပြင် လူနာကို ကုသပေးရန်လည်း ဆန္ဒမရှိပေ။ အစိုးရဆေးရုံသည် လူနာအမျိုးသမီးကို သာမာန်ကာလျှံကာသာ ကြည့်ရှှုပေးပြီး အခြေအနေ ပိုမိုဆိုးရွားလာသော်လည်း ကုသမှု ထပ်မံ လုပ်ဆောင်ပေးခြင်းမရှိဟု အယ်ဆေးက ဆိုသည်။ လူနာက ပိုက်ဆံများများ မပေးမချင်း လုပ်ဆောင်ပေးမည့်ပုံလည်း မပေါ်ပေ။

နောက်ဆုံးတွင်တော့ မယ်တော်ဆေးရုံသို့ သူတို့ ရောက်ရှိလာကြသည်။

“အရင်က ကော့ကရိတ်မြို့နယ် ကျန်းမာရေးအရာရှိက ကျွန်တော့်ဆေးရုံအပါအဝင် တခြားကျန်းမာရေး စင်တာများအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သူ့ရဲ့ ဝန်ထမ်းတွေကို ပြောထားမယ်လို့ ပြောဖူးပါတယ်။ ဒါပေမဲ့ သူ့ပြောစကားကို ဘယ်သူမှ မလိုက်နာကြဘူး။ သူတို့က ကျွန်တော်တို့နဲ့ ဘာလို့ လက်တွဲ အလုပ်မလုပ်ချင်တာလဲ ကျွန်တော်မသိဘူး” ဟု အယ်ဆေးက ပြောသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှု မရှိရခြင်း၏ အကြောင်းရင်းကို ရှည်ရှည်ဝေးဝေး တွေးမနေလိုတော့ပေ။ “နောက်ဆုံးတော့ ငွေကြေးက အဓိကပါပဲ။ ကောင်းမွန်တဲ့ ဆေးကုသမှုကို အခမဲ့မရနိုင်ပါဘူး။ ကျေးလက်နေ ကရင်ပြည်သူတွေက အဲဒီလောက် ငွေကြေးမတတ်နိုင်ကြဘူးလေ” ဟု သူကဆိုသည်။

မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့သည့် ဒေါက်တာစင်သီယာမောင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့သည့် ဒေါက်တာစင်သီယာမောင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ထို့ကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်သွားရောက်ရခြင်းကသာ အဓိကနည်းလမ်း ဖြစ်နေသည်။ ခါးနာရောဂါအတွက် ဆေးကုသမှု လာရောက်ခံယူသော လူရွယ်တစ်ဦး၏အဆိုအရ သူတို့ လူ့အဖွဲ့အစည်းမှ လူများသည် အရိုးကျိုးမှုနှင့်  သွေးလွန်တုပ်ကွေးတို့ကဲ့သို့သော ရောဂါများ ဖြစ်လာလျှင် မယ်တော်ဆေးရုံကိုသာ ရွေးချယ်သွားရောက်ကြသည်ဟု ဆိုသည်။ ထိုဆေးရုံက အခမဲ့ကုသပေးနေသည်။ ကရင်စကားပြောသော ဆေးရုံဝန်ထမ်းများလည်း ရှိသည်။ ကော့ကရိတ်မြို့နယ်ဆေးရုံမှ သွားရောက်ပါက ဆက်သွားလျှင် တစ်နာရီခန့်သာ ကြာသည်ဟု အယ်ဆေးက ဆိုသည်။

မယ်တော်ဆေးရုံ၌ ခုတင် ၁၄၀ ရှိပြီး မဲဆောက်မှ ခုတင် ၄၀၀ ရှိသော ထိုင်းပြည်သူ့ဆေးရုံသို့ လူနာများကို လွှဲပြောင်း ပို့ဆောင်ပေးနိုင်သည်။ ထို ထိုင်းပြည်သူ့ဆေးရုံက ၎င်း၏ ကုသမှု ထက်ဝက်ခန့်ကို ရွှေ့ပြောင်းလုပ်သားများအတွက် ဦးတည် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ သို့သော် ကရင်ပြည်သူများ၏ ဝန်ကိုထမ်းနေသော မယ်တော်ဆေးရုံ၏ ဆက်လက်တည်တံ့မှုမှာ သိပ်ကြာရှည်နိုင်မည့်ပုံ မပေါ်ပေ။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးများ ရရှိလာသောကြောင့် နယ်စပ်တစ်လျှောက်ရှိ လူသားချင်းစာနာမှု အထောက်အပံ့ ရန်ပုံငွေများလည်း လျော့နည်းလာသည်။

မယ်တော်ဆေးရုံတွင် လူနာများ ပုံမှန်လာရောက်နေသေးသော်လည်း အလှူရှင်များ၏ အလှူငွေမှာ ၇၀ ရာနှုန်းအထိ ကျဆင်းလာသည်ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။ ၎င်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီးတွင် ဒုက္ခသည်များအတွက် မယ်တော်ဆေးရုံကို တည်ထောင်ခဲ့သူဖြစ်သည်။

အလှူရှင်များက မယ်တော်ဆေးရုံကဲ့သို့ နေရာများသို့ လူနာချင်း စာနာမှု အကူအညီများကို ပေးမည့်အစား မြန်မာပြည်တွင်း ဖွံ့ဖြိုးရေး အစီအစဉ်များအတွက်သာ လှူဒါန်းကြတော့သည်။

လူဦးရေက တိုးပွားလာနေပြီး ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်နှင့် သူနာပြုများနှင့် လူနာအမျိုးအစားမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်ဟု ဒေါက်တာစင်သီယာမောင်က Frontier ကိုပြောသည်။

ထိုင်းဘက်ရှိ နယ်စပ်ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းအင်အား မမျှတသောကြောင့် မယ်တော်ဆေးရုံအနေဖြင့် မြန်မာနိုင်ငံရှိ ဆေးရုံများထံသို့ လူနာများကို လွှဲပြောင်းပို့ဆောင်ပေးနေရသည်ဟု ၎င်းက ဆိုသည်။ ဥပမာ HIV ရောဂါသည်တစ်ဦးကို ထိုသို့လွှဲပြောင်းပေးပို့မည်ဆိုပါက လူနာ၏အခြေအနေများကို သတင်းပို့ခြင်း၊ ဆေးကုသမှု မှတ်တမ်းများကို ဝေမျှခြင်းနှင့် မြန်မာနိုင်ငံတွင် သင့်တော်သော ဆေးကုသမှုများ ဆက်လက်ရရှိစေရန်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေသည်။

လူငယ်လူရွယ် အများအပြားသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံကို မကြာခဏ ကူးသန်းနေသူများဖြစ်ကြသည်။ အများစုသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားဟုခေါ်သည့် မှတ်ပုံတင်များ မရှိကြပေ။

အစိုးရနှင့် KNU တို့ ထိန်းချုပ်ရာ နယ်မြေနှစ်ခုတွင် ကြားတွင် တည်ရှိသည့် သာယာကုန်းကျေးရွာတွင် ဆေးခန်းတစ်ခုကို KNU က ဖွင့်လှစ်ထားသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အစိုးရနှင့် KNU တို့ ထိန်းချုပ်ရာ နယ်မြေနှစ်ခုတွင် ကြားတွင် တည်ရှိသည့် သာယာကုန်းကျေးရွာတွင် ဆေးခန်းတစ်ခုကို KNU က ဖွင့်လှစ်ထားသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကရင်ပြည်နယ်မှ ပြည်သူများသည် မှတ်ပုံတင်မပါရှိဘဲ အစိုးရဆေးရုံသို့ ရောက်ရှိလာနိုင်သည်။ သို့မဟုတ် KNU အဖွဲ့အစည်းတစ်ခုခုက အသိအမှတ်ပြုသော ကဒ်ပြားများသာ ပါရှိမည်ဖြစ်သည်။

သူတို့၏ မြို့နယ် သတ်မှတ်ချက်သည်ပင် မြန်မာနှင့် ကရင်တို့ကြား မတူညီနိုင်ပေ။ KNU က ဘားအံမြို့နယ်ဟု သတ်မှတ်ထားသော နယ်မြေတွင် မြန်မာအစိုးရက သတ်မှတ်ထားသော ကော့ကရိတ်၊ မြဝတီနှင့် လှိုင်းဘွဲ့မြို့နယ်တို့ပါ ပါဝင်နေသည်။

“ကျွန်မတို့ဆေးရုံမှာက လူနာကို ရောဂါအရှင်း ပျောက်ကင်းသည်အထိ ကုသဖို့ဆိုရင် တခြားဆေးရုံကို လွှဲပေးရမှာပဲ။ အားလုံးကို လိုအပ်တဲ့ ကုသမှုတွေ မပေးနိုင်တော့ဘူး” ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။

မတူညီသော အုပ်ချုပ်ရေး အဖွဲ့အစည်းများက ၎င်းတို့၏ စနစ်များကို မပေါင်းစည်းနိုင်သေးသရွေ့ သွေးလွန်တုပ်ကွေးဖြစ်နေသော ကလေးငယ်၊ ခြေထောက်ကျိုးသွားသော လယ်သမားနှင့် မီးဖွားမည့် အမျိုးသမီး စသည်တို့သည် ဆေးရုံ၏ စောင့်ဆိုင်းခန်းတွင် အတိဒုက္ခများကို ခံစားကြရဦးမည်ဟု သူက ဆိုသည်။

သို့သော် မကြာသေးမီကာလများအတွင်း တိုးတက်မှုများ အနည်းငယ်ရှိလာခဲ့သည်။ သို့ရာတွင် ဆေးရုံများတွင် လက်တွေ့ တိုးတက်ခြင်းမဟုတ်ပဲ ဆွေးနွေးပွဲများ စတင်နိုင်ခြင်းသာ ဖြစ်သည်။

အစိုးရက ထိန်းချုပ်သော ကော့ကရိတ်မြို့နယ်တွင် KDHW က ၎င်း၏ တတိယမြောက် ကျန်းမာရေးဝန်ထမ်း သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ဒီမိုကရေစီနှင့် အပစ်ရပ်ရေး စာချုပ်ကြောင့် ယခင်မဲဆောက်တွင် ရုံးစိုက်နေကာ KNU နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေသော NGOs များလည်း ပိုမိုလုပ်နိုင်ကိုင်နိုင် ရှိလာသည်။

ထို့ပြင် ကရင်ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း ပေါင်းစုံမှာလည်း ပေါင်းစည်းလုပ်ကိုင်လာပြီး အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ စတင်လာကြသည်။ KDHW က မြန်မာအစိုးရ၏ ကျန်းမာရေးအစီအစဉ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ငါးနှစ်တာ ကျန်းမာရေး အစီအစဉ်ကို စတင်ရေးဆွဲခဲ့သည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ထိုသို့ ဆွေးနွေးမှုများအရဆိုလျှင် ကျန်းမာရေးဝန်ကြီးဌာနနှင့်  KDHW တို့သည် လူနာလွှဲပြောင်းခြင်း ကိစ္စရပ်များနှင့် ဆေးရုံတင်သည့် ကိစ္စရပ်များတွင် ပူးပေါင်း လုပ်ဆောင်နိုင်လာမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက KDHW ဆေးခန်းများသို့ ဆရာဝန်များ စေလွှတ်ခြင်း၊ မြန်မာအစိုးရက KDHW အတွက် ရန်ပုံငွေနှင့် ရင်းမြစ်အထောက်အပံ့များ ပေးခြင်းတို့ကို လုပ်ဆောင်နိုင်လာမည် ဖြစ်သည်။

“ဒါကအစိုးရရဲ့ ငွေကြေးချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့က အလှူငွေတွေနဲ့ နိုင်ငံတကာ အထောက်အပံ့တွေကိုလည်း ရယူမှာပါ။ ကူညီမယ့်လူတွေက အစိုးရရဲ့ အမျိုးသား ကျန်းမာရေးအစီအစဉ်ကိုရော၊ ကရင်ပြည်နယ်ရဲ့ ကျန်းမာရေး အစီအစဉ်ကိုရော ကြည့်ရှုရမှာပါ” ဟု KDHW ၏ ဒါရိုက်တာ စောအယ်ကလူ ရွှေဦးက ပြောကြားသည်။

သို့သော် ရန်ပုံငွေကိစ္စများမှာ အနာဂတ်တွင် ဖြတ်ကျော်ရမည့် တံတားတစ်ခုဖြစ်ပြီး ယခုအချိန်တွင်မူ KDHW ၏ အစီအစဉ်သည် ဦးစားပေးအချက်များနှင့် ပန်းတိုင်များကို ဖော်ပြထားသည့် အဆင့်တွင်သာ ရှိနေသေးသည်။ အသေးစိတ် အချက်အလက်များနှင့် အမှန်တကယ်လုပ်ဆောင်မှုသည် ကျန်းမာရေးဝန်ကြီးဌာန၏ အကူအညီအပြင်၊ KDHW လက်အောက်ရှိ ကျန်းမာရေး အဖွဲ့အစည်းအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မည်ဖြစ်သည်။

Back Pack Health Worker Team ကဲ့သို့သောအ အချို့အဖွဲ့အစည်းများသည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သည့် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ပါ လုပ်ကိုင်နေသူများ ဖြစ်သည်။ ထို့ကြောင့် မူဝါဒများ ချမှတ်ရာတွင် ကရင်များအတွက် သာမကပဲ မွန်နှင့် ရှမ်းလူမျိုးများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

သို့သော် အချို့သော ကရင်အဖွဲ့အစည်းများသည် ၎င်းတို့၏ အနှစ် ၇၀ ကြာ ရန်ဖက်ကို မယုံမကြည် ဖြစ်နေကြသည်။ အစိုးရက ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို အသုံးချပြီး ၎င်းတို့၏ ခက်ခဲစွာရယူထားရသော အချုပ်အခြာကို ထိပါးမည်ကို စိုးရိမ်နေကြသည်။

သူတို့က ကျန်းမာရေးဝန်ကြီးဌာနကို ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း တပ်မတော်၊ လွှတ်တော်နှင့် တခြားအဖွဲ့အစည်းများကို မယုံကြည်နိုင်ကြပေ။

အယ်ကလူ ရွှေဦးတွင်မူ အကောင်းမြင် မူဝါဒရှိနေသည်။ ရှေ့ဆက်ရမည့်လမ်းမှာ စစ်မှန်သော ပြည်ထောင်စုစနစ်ကို သွားရန်သာ ဖြစ်သည်ဟု သူက ဆိုသည်။ သူက KDHW ၏ မူဝါဒဆိုင်ရာ ဒါရိုက်တာ Dr Phu Marta ၏ ပြောစကားကို ကိုးကားပြောကြားခဲ့သည်။ “အရောင်မျိုးစုံပါတဲ့ ချည်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်စက ခိုင်မာတယ်။ ထိရောက် ကောင်းမွန်တယ်။ တချိန်တည်းမှာဘဲ ချည်တစ်ချောင်းချင်းစီက သူ့ရဲ့ကိုယ်ပိုင်အရောင်နဲ့ လိုအပ်ချက်ကို ထိန်းသိမ်းသွားရမယ်” ဟူ၍ဖြစ်သည်။

လာမည့် ငါးနှစ်အကြာတွင် အေးချိုနှင့် သူမရဲ့ မိသားစုသည် ဒေသတွင်းရှိ မြို့နယ်အစိုးရဆေးရုံသို့သာ သွားဖွယ်ရှိနေသော်လည်း လက်ရှိအချိန်တွင်မူ မြစ်ကိုဖြတ်ကူးပြီး တစ်ဖက်နိုင်ငံသို့ သွားနေရဦးမည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.