A man checks voter lists displayed in Zay Ward in Rakhine State's Ann Township.
ရခိုင်ပြည်နယ်၊​ အမ်းမြို့နယ်ရှိ စျေးတန်းရပ်ကွက်တွင် မဲစာရင်းစစ်ဆေးနေသော အမျိုးသားတစ်ဦးကို မြင်တွေ့ရစဉ်။ (ကောင်းမရတ်နိုင် | ဖရွန်းတီးယားမြန်မာ)

ပဋိပက္ခကြောင့် ရခိုင်မြောက်ပိုင်းတွင် မဲပေးရေး မရေမရာဖြစ်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ပြင်းထန်လှသော တိုက်ပွဲများကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေးမှာ မရေမရာဖြစ်နေသည်။

ကောင်းဆက်နိုင် ရေးသားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေအဖွဲ့တို့)အကြားဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့အတော်များများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးသည် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာသော်လည်း တိုက်ပွဲအရှိန်များကား လျော့ကျသွားခြင်းမရှိပေ။ ထို့ပြင် တိုက်ပွဲများကြောင့် လူပေါင်းနှစ်သိန်းနီးပါး နေရပ်များကို စွန့်ခွာ၍ စစ်ဘေးမှလွတ်ရာသို့ ရှောင်တိမ်းကြရသည်။ တိုက်ပွဲနှင့်လားလားမျှ မသက်ဆိုင်သည့် အရပ်သားများ လက်နက်ထိမှန်၍ ထိခိုက်၊ သေကြေမှုကလည်း မကြာခဏဖြစ်ပေါ်နေပြီး အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ ဖမ်းဆီးခံရသည့် အရပ်သားအရေအတွက်မှာလည်း တိုးမြင့်လျက်ရှိသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်၏ ၁၇မြို့နယ်အနက် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များသည် ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများ၏ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရသည့် နေရာများလည်းဖြစ်သည်။ နယ်မြေငြိမ်းချမ်းမှုကလည်း လျော့နည်းနေပြီး တရားဥပဒေစိုးမိုးရေး အားနည်းနေသော နေရာများလည်းဖြစ်သည်။

စက်တင်ဘာ၂ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ်ငါးခုနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကော်မရှင်ကြုံတွေ့နေရသည့် မြေပြင်ပေါ်က စိန်ခေါ်မှုတစ်ခုမှာ ပဋိပက္ခဖြစ်ပွားရာ မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဓိကအခန်းကဏ္ဍကပါဝင်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအင်အား အလွန်နည်းပါးနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များဟုဆိုရာတွင် ရွေးကောက်ပွဲအကြိုကာလတွင် ဆောင်ရွက်ရသည့် မဲစာရင်းပြုစုခြင်းလုပ်ငန်းပါဝင်သည်။ ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းကာ ပြုစုခြင်းဖြစ်သည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအင်အား နည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသအချို့တွင် မဲစာရင်းပြုစုရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်၂၅ရက်မှ သြဂုတ်၁၄ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ် မဲစာရင်းများကြေညာခဲ့ရာတွင် ရခိုင်ပြည်နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၁၇ခုတွင် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများကဆိုသည်။

တိုက်ပွဲများကြောင့် ဘေးလွတ်ရာတိမ်းရှောင်ကြ၍ ရွာလုံးကျွတ်လူမရှိခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနုတ်ထွက်ထားခြင်းတို့ကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် အမ်းမြို့နယ်များရှိ ကျေးရွာအုပ်စု ၁၇ခုတွင် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးသူရိန်ထွဋ်က သြဂုတ်တတိယအပတ်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“တစ်ချို့ရွာတွေက ပျက်သွားတယ်။ ရွာတွေမှာ လူမရှိတော့ မဲစာရင်း မကပ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။

မဲစာရင်းမကပ်နိုင်သည့် ကျေးရွာများတွင် မဲပေးခွင့်ရှိသူ ၂၅,၀၀၀ကျော်ရှိပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်သာ နေရာရွှေ့ပြောင်း၍ မဲစာရင်းကို ကြေညာခဲ့သည်။ 

ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရှေ့မြောက်ဘက်ရှိ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်စုအများစုတွင် မဲစာရင်းမကြေညာနိုင်ခဲ့ပေ။

ကျောက်တော်တွင် တင်းမ၊ မွန်ထောင့်၊ မီးဝ၊ လောင်းရှည်နှင့် မျောက်ထောင့်ကျေးရွာအုပ်စု ငါးအုပ်စုလုံးတွင် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း ကျောက်တော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးသွယ်က ပြောသည်။

“လူတွေက အကုန်ပြန့်ကျဲ့နေပြီ။ စစ်ဘေးရှောင်စခန်းတွေနဲ့ မြို့ပေါ်က အမျိုးအိမ်တွေ ရောက်နေပြီ။ အဲဒီတော့ ရွာမှာကပ်လို့မရဘူး”ဟု ၎င်းက ပြောသည်။ 

မဲစာရင်းမကပ်နိုင်သည့် ကျေးရွာအုပ်စုငါးခုတွင် ရွာပေါင်း၂၀ကျော်ပါဝင်ပြီး ကနဦးမဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၈,၀၀၀ကျော်ရှိသည်။

“ကျွန်မတို့ မြို့နယ်ရုံးမှာ ကပ်ထားပေးတယ်။ ဒါပေမဲ့ လာကြည့်တဲ့သူတော့ မရှိပါဘူး”ဟု ဒေါ်အေးအေးသွယ်က ပြောသည်။ 

ထို့ကြောင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများက စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ မဲစာရင်းများ လိုက်လံကောက်ယူရကြောင်း ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း လူနေထိုင်ခြင်းမရှိတော့သည့် စံဂိုးထောင်၊ သရက်ပြင်နှင့် စပါးထားကျေးရွာအုပ်စု သုံးခုစလုံးတွင် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးသန်းအေးက ပြောသည်။

မဲစာရင်းမကပ်နိုင်သည့် ကျေးရွာအုပ်စုသုံးခုတွင် ကျေးရွာပေါင်းရှစ်ရွာခန့်ရှိပြီး မဲပေးခွင့်ရှိသူ ၁,၆၀၀ ကျော်ရှိသည်။ 

အမ်းမြို့နယ်တွင်မူ ကစုကိုင်းကျေးရွာအုပ်စုရှိ ဆင်ဦးတိုက်ရွာနှင့် ဒါးလက်ကျေးရွာအုပ်စုရှိ ကျေးရွာ၃၂ခုအတွက် မဲရုံ၁၅ရုံရှိရာတွင် ၁၁ရုံအတွက် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးသူရိန်ထွန်းက ပြောသည်။

မဲစာရင်း မကပ်နိုင်သည့် မဲရုံများအတွက် ကနဦးမဲပေးခွင့်ရှိသူအရေအတွက်မှာ ခန့်မှန်းခြေ ၅,၀၀၀ ကျော်ရှိနေကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲရှောင်တွေက မြို့ပြင်တွေမှာရော၊ တခြားနေရာတွေရော ရောက်နေတော့ စာရင်းကတော့ အတိအကျမရနိုင်ဘူး။ အကြမ်းဖျင်း အချက်အလက်ပေါ့”ဟု ဦးသူရိန်ထွန်းက ပြောသည်။

ထို့ပြင် မြောက်ဦးမြို့နယ်တွင် ဘူးရွက်မညှိုး၊ ဘုရားကြီး၊ ဘောင်းဒွတ်နှင့် ဝေသာလီ ကျေးရွာအုပ်စုရှိ ရွာအချို့နှင့် မင်းပြားမြို့နယ်၊ အဝကျေးရွာအုပ်စုရှိ ဖားပြိုရွာ၊ ဖုံသာဝကျေးရွာအုပ်စုရှိ ပလူရှောင်ရွာတို့တွင်လည်း မဲစာရင်းများ ကြေညာနိုင်ခဲ့ခြင်းမရှိကြောင်း အဆိုပါ မြို့နယ်များ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံက သိရသည်။ 

ရွာများကို စွန့်ပစ်၍ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များ မဲပေးခွင့်ရ၊ မရမှာ ယခုအထိ ရှင်းရှင်းလင်းလင်း မသိရပေ။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများကမူ မဲရုံများကို စစ်ဘေးရှောင်စခန်းများအနီး ပြောင်းရွှေ့ပေးရန် ပြင်ဆင်နေသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက ခွင့်ပြုချက်လိုအပ်နေသေးသည်။

အုပ်ချုပ်ရေးမှူးများလစ်လပ်နေ

အေအေအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးများဖော်ဆောင်ရာတွင် အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ထိထိရောက်ရောက် ဟန့်တားနှောက်ယှက်နိုင်ခဲ့သည်။

ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုက ယခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် အေအေအဖွဲ့သည် (ရခိုင်ပြည်နယ်နေရာအချို့တွင်) အစိုးရ၏လုပ်ငန်းများနှင့် စီရင်ပိုင်ခွင့်အာဏာယိုယွင်းအောင် စနစ်တကျလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။ ကျောက်တော်နှင့် မြောက်ဦးကဲ့သို့မြို့များတွင် အရပ်သားအစိုးရ၏ ယန္တရားများ လုံးဝရပ်တန်ခဲ့ရသည်ဟု အစီရင်ခံစာက ထောက်ပြသည်။

အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သည်ဟု သံသယရှိသူများကို လက်သည်မပေါ်စေဘဲ မကြာခဏရွေးချယ်သတ်ဖြတ်ခံခြင်းကြောင့် အစိုးရဝန်ထမ်းများအကြား ထိတ်လန့်တုပ်လှုပ်မှုကြီးစွာဖြစ်ပေါ်၍ လုပ်ငန်းဆောင်ရွက်မှုများ အကြီးအကျယ်နှောင့်နှေးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ ထို့ပြင် ယင်းသို့သတ်ဖြတ်မှုများကြောင့် အသက်ရန်ရှာခံရနိုင်၍ အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ကို ကြောက်ရွံ့သည့်စိတ်များလည်း အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ကိန်းအောင်းလာခဲ့သည်ဟု အစီရင်ခံစာက ထောက်ပြသည်။

၂၀၁၉နှင့် ယခုနှစ်တွင် အစိုးရကိုသတင်းပေး၍ ရက္ခိုင့်တပ်မတော် (အေအေအဖွဲ့)က သတ်ဖြတ်သည်ဟု ယူဆရသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရခိုင်ပြည်နယ်အတွင်း ရှိခဲ့သည်။​ အလားတူ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများလည်းရှိသည်။

ယင်းအခြေအနေများကြောင့်ပင် ၂၀၁၉ဇွန်နှင့် ဒီဇင်ဘာလများတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်မှုနှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့သည်။ ရက္ခိုင့်တပ်မတော်နှင့် ဆက်နွှယ်မှုရှိသည်ဟုစွပ်စွဲ၍ ဖမ်းဆီးခံရမှုများ မြင့်တက်လာသည့်အတွက် ယခုနှစ်၊ မတ်တွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် ထပ်မံနုတ်ထွက်ခဲ့ကြသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လစ်လပ်နေပြီး မဲစာရင်းများပင် မပြုစုနိုင်သည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။ မဲစာရင်းမပြုစုနိုင်၍ မြေပြင်တွင် မဲစာရင်းမကပ်နိုင်သည့် ကျေးရွာအရေအတွက်သည် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည့် အရေအတွက်ထက်ပင် များပြားနိုင်သည်ဟု ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းက ဆိုသည်။

“တကယ်တမ်းကတော့ ရွာပေါင်းရာချီပြီးတော့ မကပ်နိုင်လောက်ဘူး။ ပြီးတော့ ကျေးရွာတွေမှာက အုပ်ချုပ်ရေးမှူးရုံးတွေဆိုပြီး သတ်သတ်မှတ်မှတ်မရှိတော့ဘူး” ဟု ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Arakan Election Monitoring and Observation Consortium အဖွဲ့ကတာဝန်ခံ ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ၎င်းက ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များတွင် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသည့် ကျေးရွာအများအပြားရှိသည်ဟု ဆိုသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများမရှိခြင်းမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဓိကအခက်အခဲတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

မြေပုံမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းက ကျေးရွာအုပ်စုပေါင်း ၆၀ကျော်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရာထူးမှနုတ်ထွက်ခဲ့ကြ၍ မဲစာရင်းပြုစုရာတွင် ရပ်/ကျေးရုံးများက စာရေးများကိုသာ အဓိကအားထားခဲ့ရသည်ဟု မြေပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးဘတင်က ပြောသည်။

“ရပ်/ကျေးစာရေး တော်တော်များက မြို့ပေါ်ကဝန်ထမ်းတွေများတော့ မြို့ပေါ်မှာပဲနေကြတယ်။ နယ်ကိုမဆင်းနိုင်ဘူး။ သူတို့ကလည်း ပြောတယ်။ အန္တရာယ်ရှိတယ်တဲ့”ဟု ၎င်းက ပြောသည်။

သို့တိုင် ပဋိပက္ခကြောင့် နယ်မြေမလုံခြုံ၍ ဝန်ထမ်းများအတွက် တစ်နေရာမှတစ်နေရာသို့ သွားလာရေးသည် ကြီးမားသည့်စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး မဲစာရင်းပြုစုရာတွင် အခက်အခဲများရှိခဲ့သည်။

မြေပုံမြို့နယ်တွင် ရပ်ကွက်ကိုးခုနှင့် ကျေးရွာ ၆၄ခုအပါအဝင် ရပ်/ကျေးမဲဆန္ဒနယ်ပေါင်း ၇၃ခုရှိသည်။ သို့သော် မြို့နယ်ကော်မရှင်သည် နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို မြို့ပေါ်ရပ်ကွက် ကိုးခုတွင်သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးဘတင်က ဆိုသည်။

“တစ်နေရာမှာ တစ်ခုခုဖြစ်ရင် ကျန်တဲ့နေရာ (ပဋိပက္ခ)ကူးစက်မှာ စိုးရိမ်နေတော့ အကုန်လုံးမသွားရဲဘူးလေ။ ဘယ်ကျေးရွာအုပ်စုမှ မသွားရဲတော့ဘူး”ဟု ဦးဘတင်က ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် မြို့နှင့်ဝေးသည့်နေရာများကို မသွားရောက်နိုင်ခြင်း၏ ရလဒ်အဖြစ် ရွေးကောက်ပွဲအတွက် အခြားပြင်ဆင်မှုများကိုပါ နှောင့်နှေးစေတော့သည်။

“မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေလုပ်ဖို့ အခက်အခဲဖြစ်တာပေါ့။ မဲရုံတွေလုပ်ဖို့ လျာထားတဲ့နေရာတွေ သွားမကြည့်နိုင်ဘူး။ နောက် အဆင်ပြေစွာမဲပေးနိုင်ဖို့တို့ ကြိုတင်လျာထားတဲ့ဟာတွေ မလုပ်နိုင်ဘူး”ဟု အမ်းမြို့နယ်တွင် ရင်ဆိုင်နေရသည့်အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောပြသည်။ 

မြောက်ဦးနှင့် မင်းပြားမြို့နယ်များရှိ နယ်မြေမငြိမ်းချမ်းသည့် ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် အခက်အခဲများရင်ဆိုင်နေရကြောင်း သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း နယ်မြေကွင်းဆင်း၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ အခြေအနေကြည့်၍သွားလာနေရသည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူး ဦးထွန်းဝင်းက ဆိုသည်။

“မထင်မှတ်ဘဲနဲ့ လမ်းမှာမိုင်းထိသွားတာတို့၊ တိုက်ပွဲဖြစ်သွားတာတို့ဖြစ်နေတယ်။ အဲဒီတော့ ဒီရွာကို သွားလို့ရတယ်လို့ တိတိကျကျ မှတ်သွားလို့မရဘူး။ မထင်မှတ်ဘဲနဲ့ တိုက်ပွဲဖြစ်နေပြီဆို အဲဒီရွာထဲကို သွားလို့မရတော့ဘူး”ဟု မြောက်ဦးမြို့ပေါ်တွင် နေထိုင်သည့် ၎င်းက ပြောသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖရွန်းတီးယားမြန်မာက သြဂုတ်လလယ်က ဆက်သွယ်မေးမြန်းခဲ့ရာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။

စက်တင်ဘာ၄ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ​ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲဖြစ်သည့် အချို့နေရာများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးအရစိုးရိမ်ရသည့်အနေအထားရှိသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အသိပေးထားသည်ဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် အခြေအနေများပြောင်းလဲသွားနိုင်ကြောင်း၊​ ယင်းသို့ဖြစ်လာပါကလည်း ကော်မရှင်ကို လုံခြုံရေးနှင့်ပတ်သက်၍ အကြံပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အရေးကြီးဆုံးမှာ နယ်မြေလုံခြုံရေးဖြစ်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိ၊ မရှိကို တိတိကျကျ ပြောရန်ခက်ကြောင်း မြေပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ​ဥက္ကဋ္ဌ ဦးဘတင်ကဆိုသည်။

“နယ်မြေမလုံခြုံရင်တော့ ရွေးကောက်ပွဲက ဘယ်လိုမှလုပ်ဖို့ အခြေအနေမရှိဘူး”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.