မတ်၁၀ရက်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေသည့် မြောက်ဥက္ကလာပမြို့ခံများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နေ့ဘက်နှိမ်နင်းမှု၊ ညဘက်လူဖမ်းပွဲများနှင့် မလုံခြုံမှုကြားက မြောက်ဥက္ကလာပပြည်သူများ

မြောက်ဥက္ကလာပမြို့နယ်တွင် မတ်၁၁ရက်က ရဲနှင့်စစ်တပ်က ညပိုင်းတွင် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဆန္ဒပြပွဲများတွင် လူမစုမိစေရန် လက်နက်ကိုင်ဆောင်ထားသည့် စစ်သားများနှင့်ရဲများသည် မြို့နယ်အနှံ့ လုံခြုံရေးတင်းကျပ်စွာ ရယူထားပြီး လမ်းသွားလမ်းလာများကို ပိုက်စိပ်တိုက် စစ်ဆေးလျက်ရှိသည်။

ဖရွန်းတီးယားမြန်မာ

မြောက်ဥက္ကလာပမြို့နယ်တွင် မတ်၁၁ရက်၊ ည၁၀နာရီခွဲအချိန်မှ စတင်၍မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကားများမောင်းနှင်ကာ လမ်းမပေါ်ရှိအတားအဆီးများကို ဖယ်ရှားခြင်း၊ ရပ်ကွက်နေပြည်သူများကို ဖမ်းဆီးခြင်းနှင့် နေအိမ်နှင့်ရုံးခန်းများကို ဝင်ရောက်ရှာဖွေခဲ့သည်။

ဆေးတက္ကသိုလ်(၂) ဝန်ထမ်းအိမ်ရာတွင် နေထိုင်၍ ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်း (CDM)လှုပ်ရှားမှုတွင် ပါဝင်နေသော ငွေစာရင်းစစ်ဝန်ထမ်းအမျိုးသမီး ဒေါ်ဌေးဌေးတင် (အသက်၄၅နှစ်)ကို ည၁၂ နာရီ ၃၀မိနစ်ခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဒေါ်ဌေးဌေးတင်သည် ဖေဖော်ဝါရီ၊ ဒုတိယအပတ်ကစတင်၍ CDMလှုပ်ရှားမှုတွင်သာပါဝင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်မှုမရှိဟု ၎င်း၏အမျိုးသားက ပြောသည်။

အဆိုပါရပ်ကွက်ထိပ်တွင် ပိတ်ထားသည့် ခြံဝန်းတံခါးကို စစ်ယူနီဖောင်းဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျော်ခွဝင်ရောက်လာပြီး သော့ကိုဖျက်လာချိန်တွင် ကင်းစောင့်နေသူများလည်းထွက်ပြေးခဲ့ရသည်ဟု မျက်မြင်တွေ့သူများကပြောသည်။

“အိမ်နံပါတ်နဲ့ အတိအကျလာရှာတာ။ အိမ်နံပါတ်-၁၁မှာရှိရင်ရှိ၊ မရှိရင် ၃၂မှာရှိမယ်လို့ သတင်းအတိအကျနဲ့ လာတာ။ အိမ်နံပါတ်-၁၁က မိဘအိမ်၊ ကျွန်တော်တို့က ၃၂မှာနေတာ”ဟု ဒေါ်ဌေးဌေးတင်၏ အမျိုးသားက ပြောသည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်၊ သန္တာရပ်ကွက်ရှိ အသက်၅၀အရွယ် ဒေါ်မြင့်မြင့်ဌေးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဒေါ်မြင့်မြင့်ဌေးမှာ သာမန်စျေးသည်တစ်ဦးသာဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်း၏အမျိုးသားမှာ မြောက်ဥက္ကလာပ​မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ရုံးအတွက် မိမိနေအိမ်ကို ငှားရမ်းထားသူဖြစ်ပြီး အခြားမြို့နယ်တစ်ခုတွင် နေထိုင်လျက်ရှိသည်။ ခင်ပွန်းသည်ကို မတွေ့သဖြင့် ဒေါ်မြင့်မြင့်ဌေးကို ဖမ်းဆီးသွားဟန်တူသည်။

ထို့ပြင် (ည)ရပ်ကွက်ရှိ CDMလှုပ်ရှားမှုတွင်ပါဝင်သူ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကိုလည်း ၎င်း၏နေအိမ်တွင် ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ္စည်းအချို့ကို ဖျက်ဆီးကာ လူငယ်တစ်ဦးကို ဖမ်းဆီးသွားသည်ဟု ရပ်ကွက်နေသူများက ပြောသည်။

လက်နက်ကိုင်ဆောင်ထားသည့် စစ်သားနှင့်ရဲများသည် ထိုညတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း လှည့်ပတ်သွားလာနေခဲ့သည်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ဦးသန်းအောင်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့ပြီး စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် လမ်းမများကို ပိတ်ဆို့၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ကျင်းပကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်စည်ပင်ကော်မတီဝင် အင်န်အယ်လ်ဒီပါတီဝင်ဟောင်း ဒေါ်နုနုလွင်၏ရုံးခန်းသို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝေလု၏ နေအိမ်သို့လည်းကောင်း ဝင်ရောက် ရှာဖွေခဲ့သည်။ သို့သော် ၎င်းတို့အားလုံးကို ဖမ်းဆီးရမိခဲ့ခြင်းမရှိပေ။

မြောက်ဥက္ကလာပမြို့နယ်အတွင်း ဝေဘာဂီဆေးရုံဝင်းတွင် မတ်၇ရက်မှစ၍ စစ်တပ်နှင့်ရဲအင်အား အလုံးအရင်း နေရာယူပြီးနောက် မြို့နယ်အတွင်း ရှာဖွေဖမ်းဆီမှုများ ပိုမိုမြင့်တက်လာသည်။ ညစဉ် စစ်ကားများ လှည့်လည်သွားလာနေပြီး အချို့နေရာများတွင် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ရပ်ကွက်အချို့တွင် နေထိုင်သူများက ဆိုသည်။

“ညဆို စစ်ကားတွေ ပတ်မောင်းပြတယ်။ နေ့လယ်ဘက်ဆို လမ်းဆုံလမ်းခွတွေမှာရပ်နေတယ်။  အရင်က လမ်းမကြီးက သွားနေကျက အခုရပ်ကွက်လမ်းသွယ်တွေအထဲ ပတ်မောင်းတာ”ဟု မြောက်ဥက္ကလာပမြို့နယ် ဥဇ္ဇနာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မတ်၈ရက်တွင် ပြည်သူများက ရပ်ကွက်အတွင်း အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ သွားလာနေသော စစ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထိုစစ်သားကို ဥဇ္ဇနာရပ်ကွက်ဓမ္မာရုံတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေစဉ် စစ်သားအယောက်၃၀ထက်မနည်း ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမေးအမြန်းမရှိ ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထို့ပြင် ပုန်းအောင်းနေရာမှ မိသွားသော ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး စစ်ဆေးမေးမြန်းခံရသည့် အရပ်ဝတ်နှင့်စစ်သားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခေါ်ဆောင်သွားသည်။

မတ်၁၀ရက်က ပြုလုပ်ခဲ့သည့် ကန်သာယာသပိတ်ကို ရဲနှင့်စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့သည်။ ထို့ပြင် ဆန္ဒပြပွဲတွင်ပါဝင်သော ပြည်သူ၁၅၀ကျော်ကို ပုန်းခိုနေသော နေအိမ်များအတွင်းထိ လိုက်လံဖမ်းဆီးခဲ့သည်။ နေအိမ်များအတွင်းသို့ အသံဗုံးများပစ်ထည့်ပြီး ရာဘာကျည်များဖြင့်လည်း ပစ်ခတ်ခဲ့ကာ နေအိမ်အချို့ကို ဖျက်ဆီးခဲ့သည်။

ဝေဘာဂီဆေးရုံဝင်းအတွင်း စတင်အခြေချပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်တွင်းရှိ အခြားနေရာများသို့ အလွယ်တကူ ဝင်ထွက်သွားလာနေပြီး ဖြိုခွဲမှုများကိုလည်း မြန်မြန်ဆန်ဆန်ပြုလုပ်လာနေကြောင်း ဥဇ္ဇနာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသူရထွန်းက မတ်၁၀ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

“သူတို့က အထိုင်ချပြီး ညှပ်ပူးညှပ်ပိတ်ဖမ်းနိုင်နေပြီ။ ဘယ်လမ်းကြောင်းကဝင်မယ်။ ဘယ်က ပြန်ထွက်မယ်ဆိုတာ သိနေပြီ။ သူတို့ထဲမှာ မြို့နယ်ထဲက ဒလံတွေပါတယ်ဆိုတာ ကျိန်းသေတယ်”ဟု ၎င်းက ပြောသည်။

မတ်၁၀ရက်ဆန္ဒပြပွဲကို ဖြိုခွင်းရာတွင် လူငယ်အများအပြား ဦးသူရထွန်း၏ အိမ်အတွင်းသို့ ဝင်ပြေးပုန်းကြရာ ၎င်းတို့အားလုံးကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်၍ ဖမ်းဆီးခဲ့ပြီး ဦးသူရထွန်း၏ ညီဖြစ်သူကိုလည်း ဖမ်းဆီးသွားသည်။ ထို့ပြင် ၎င်း၏ဖခင်ဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ကြောင်း ဦးသူရထွန်းက ဆိုသည်။

မတ်၁၁ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်သည် မြောက်ဥက္ကလာပမြို့နယ်၏ လူစည်ကားရာ အရပ်ဖြစ်သော မေဓါဝီလမ်းဆုံတွင် ကားရပ်ထား၍ ဖြတ်သွားဖြတ်လာ ပြည်သူများကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဖမ်းဆီးမိသူများကို လမ်းမပေါ်တွင် ပိတ်ချထားသည့် အကာအရံများကိုလည်း အတင်းအဓမ္မ ဖယ်ရှားစေခဲ့ကြောင်း ယင်းသို့စေခိုင်းခံခဲ့ရသူများက ဆိုသည်။

“ကျွန်တော်က ဓာတ်ဆီဝယ်မလို့ သွားတာ။ အဲဒါကို မင်းလာခဲ့လို့ ဂုတ်ကနေဆွဲပြီး ဖမ်းတယ်။ ပြီးတော့ ကျောက်တုံး၊ သဲအိတ်တွေကို မင်းတို့လုပ်ထားတာ မင်းတို့ပြန်ရှင်းပေးဆိုပြီး ရှင်းခိုင်းတယ်”ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ လူငယ်တစ်ဦးကပြောသည်။

“ကျွန်တော်တို့က လူလေးငါးယောက်လောက်ပဲရှိတာကို အတင်းခိုင်းတာ။ သဲအိတ်တွေက အများကြီး။ ပိုက်လုံးတွေက အကြီးကြီးတွေ။ မလုပ်နိုင်ဘူး ပြောချင်တယ်။ ဒါပေမဲ့ မရဘူး”ဟု အဆိုပါလူငယ်က ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း လုံခြုံရေးပိုမိုတင်းကျပ်လာသဖြင့် နေ့စဉ်စုဝေး၍ ဆန္ဒပြရာအရပ်ဖြစ်သည့် ကန်သာယာလမ်းဆုံတွင် သပိတ်သည် တစ်နေ့တစ်ခြား လူအင်အား လျော့ပါးလာပြီး အချို့နေ့များတွင် သပိတ်ကို အချိန်စော၍ သိမ်းဆည်းကာ လူစုခွဲရကြောင်း သပိတ်တွင်ပါဝင်သူ ကိုသန့်သူရက ပြောသည်။

“ကျွန်တော်တို့ဆီကို အဘက်ဘက်က ကားတွေဆင်းလာတတ်တယ်။ တစ်နေ့နဲ့ တစ်နေ့ လမ်းကြောင်းမတူဘူး ခံတပ်တွေပိတ်ထားရင် ရပ်ကွက်တွေဘက်က လှည့်ဝင်တယ်။ အရှိန်နဲ့မောင်းဝင်လာတယ်။ လူစုမခံဘူး ဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

ဖမ်းဆီးမှုများ. ပိုမိုကြုံတွေ့လာနေသည့် မြောက်ဥက္ကလာပမြို့နယ်က မြို့တွင်းတစ်နေရာကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း “ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့သည်။ မြို့နယ်တစ်ဝှမ်းရှိ ရပ်ကွက်အားလုံးတွင် အနည်းဆုံး လူငါးဦးမှ ၁၀ဦးအထိပါဝင်သော အဖွဲ့များ ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါအဖွဲ့ဝင်ဦးရေမှာ ၁၃၀ကျော်ပြီဖြစ်သည်။ ထိုအဖွဲ့ဝင်များအနက် အချို့မှာ နုတ်ထွက်ပြီးဖြစ်သော်လည်း ကျန်အဖွဲ့ဝင် အရပ်သားများမှာ ဆက်လက်ပါဝင်နေဆဲဖြစ်သည်။

“မြို့နယ်ထဲမှာ ဒီလိုအဖွဲ့တွေရှိတာကြောင့် လက်နက်ကိုင်တွေက တင်းတင်းကျပ်ကျပ်နဲ့ပိုပြီး ဖိလာသလို ရပ်ကွက်တွေထဲအထိ ပေါ်တင်ခြောက်လှန့်နေကြတာဖြစ်တယ်။ ပြောရမယ်ဆို ကျွန်တော်တို့ ရပ်ကွက်အချင်းချင်း မချိတ်ဆက်မိခင်၊ မစည်းလုံးခင်မှာဘဲ မြို့နယ်ကို အတင်းအကျပ်ဖိတာ”ဟု မြောက်ဥက္ကလာပ၊ ၈၈မျိုးဆက် ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုသန်းအောင်ကပြောသည်။

“ကျွန်တော်တို့ အားတစ်ခုယူဖို့ အချိန်ပြန်စောင့်ရလိမ့်မယ်။ ဒီအတွင်းမှာ အချင်းချင်းချိတ်ဆက်ဖို့ အောက်ဆုံးအဆင့်က ပြောရင်ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်အတွင်းမှာ ဘယ်သူတွေက စစ်ကောင်စီ သတင်းပေးလဲဆိုတာ သိဖို့လိုသလို အချင်းချင်းညီညွှတ်မှုတည်ဆောက်ဖို့ကို တစ်ပြိုင်တည်းလုပ်ရမယ်”ဟု ၎င်းက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် လက်ရှိအချိန်ထိ စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးသူ ၁၀ဦးခန့်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူအမြောက်အမြားရှိနေသည်။ ဖမ်းဆီးခံရသူလည်း ၂၀၀ ထက်မနည်းရှိနေပြီး မတ်၁၁ရက်က ဖမ်းဆီးခဲ့သူများအနက် လူ၂၀ခန့်ကိုသာ ပြန်လွှတ်ပေးခဲ့သည်။ တည်ငြိမ်အေးချမ်းစွာဖြင့် လူအများအပြား နေ့စဉ်လှုပ်ရှားစည်ကားနေသော မြောက်ဥက္ကလာမြို့နယ်သည် အန္တရာယ်ပတ်လည်ဝိုင်းနေသောဇုံတစ်ခုအဖြစ်သို့ ရက်ပိုင်းအတွင်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.