ဖေဖော်ဝါရီ၂၂ရက်၊ ၂ငါးလုံးအထွေထွေသပိတ်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် နေပြည်တော်က အင်ဂျင်နီယာများ။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အားပျော့သွားတဲ့ နေပြည်တော်က ဆန္ဒပြပွဲများ

အရင်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖို့ကြွေးကြော်သံတွေ ဆူညံခဲ့ပေမဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြုံတွေ့လာတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော်မှာ ဒီမိုကရေစီအရေးတောင်းဆိုသံတွေ အင်အားလျော့နည်းသွားပါတယ်။

ဖရွန်းတီးယားမြန်မာ

စစ်အာဏာသိမ်းမှု နှစ်လတာကြာမြင့်လာချိန် ရန်ကုန်နဲ့ မန္တလေးတို့ထက် လူဦးရေနည်းပါးပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာတော့ အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြကြွေးကြော်သံတွေက တစ်ဖြည်းဖြည်းလျော့နည်းလို့လာပါတယ်။

နေပြည်တော်မှာ ဆန္ဒပြပွဲတွေ သိသိသာသာလျော့နည်းသွားတာဟာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် အင်အားသုံးအကြမ်းဖက်ဖြိုခွင်းတာတွေအပြင် ဖမ်းဆီးဖိနှိပ်မှုတွေအများအပြားလုပ်ဆောင်ခဲ့ ကြောင့်လို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။ ဒါ့​ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြလို့မရအောင် နေရာအနှံ့အပြားမှာ နေရာယူထားတာကိုလည်းတွေ့ရပါတယ်။

သို့ပေမဲ့ တစ်ခါတစ်ရံ လူအနည်းငယ်ပါဝင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို တွေ့ရလေ့ရှိပါတယ်။ မိနစ်ပိုင်းအတွင်းရောက်လာတဲ့ လုံခြုံရေးအဖွဲ့တွေကြောင့် ရှေ့မဆက်နိုင်ဘဲ ခပ်မြန်မြန်လူစုခွဲခဲ့ရပါတယ်။

“ဖမ်းဆီးတာတွေများတော့ လူတွေက ကြောက်သွားကြတာ။ ဒီက ဝန်ထမ်းတွေများတော့ လမ်းပေါ် သိပ်မထွက်ရဲကြတာလည်းပါတယ်။ ပျဉ်းမနားဘက်တော့ (ဆန္ဒပြပွဲတွေ)လုပ်နေတာ ကြားမိသေးတယ်”လို့ ဆန္ဒပြတိုင်းပါဝင်လေ့ရှိတဲ့ သပြေကုန်းရက်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တခြားမြို့နယ်တွေလိုပဲ ဖေဖော်ဝါရီ၆ရက်ကစပြီး ပျဉ်းမနားမြို့နယ်က ဒေသခံအများအပြားလည်း ဆိုင်ကယ်တွေနဲ့မြို့ထဲပတ်ပြီး စတင်လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ နေပြည်တော်ရဲ့နေရာအနှံ့မှာ ဆန္ဒပြပွဲတွေအများအပြား ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။

ပြည်လုံးကျွတ်ဆန္ဒပြတွေ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ၈ရက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ရှိရာ  သပြေကုန်းအဝိုင်းမှာ လူအင်အားသိန်းချီစုဝေးပြီး ဆန္ဒပြခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က အင်းအားသုံးပြီးဖြိုခွင်းခဲ့ပါတယ်။

ဖေဖော်ဝါရီ၉ရက်မှာတော့ ဆန္ဒပြတဲ့လူထုကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ဖြိုခွင်းပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်းမှာ အသက်၂၀နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်တစ်ယောက် ဦးခေါင်းကျည်အစစ်နဲ့ အပစ်ခံခဲ့ရပြီး နောက်ပိုင်းဆရာဝန်တွေက ကုသပေးပေမဲ့ အသက်သေဆုံး သွားခဲ့ပါတယ်။ သူဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံးသေဆုံးခဲ့သူလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ၉ရက်က နေပြည်တော်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်ကို အောက်မေ့သတိရသည့်အနေဖြင့် ရန်ကုန်တွင် ဆန္ဒပြသူများက ပန်းစည်းများချပြီး ဝမ်းနည်းကြောင်း ပြသခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အခုလို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နေပြည်တော်က ဆန္ဒပြပြည်သူတွေဟာ အားမလျှော့သေးပဲ ဆန္ဒပြပွဲတွေ ဆက်လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေများလာလေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကလည်း ပိုမိုပြင်းထန်လာလေပါ။ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့အပြင် ဆန္ဒပြပွဲမှာပါဝင်သူတွေ၊ ဦးဆောင်သူတွေကိုပါ စတင်ဖမ်းဆီးလာပါတယ်။

ဖေဖော်ဝါရီ၁၈ရက်၊ သပြေကုန်အဝိုင်းအနီးဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းပြီး လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့ပြင် ဆန္ဒပြသူတွေရဲ့ မော်တော်ဆိုင်ကယ်နဲ့ကားတွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း ဖေဖော်ဝါရီ၁၉ရက်ကစပြီး နေပြည်တော်မှာ လုံခြုံရေး ပိုမိုတင်းကျပ်လာသလို လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ သိသိသာသာလျော့နည်းသွားခဲ့တာဟာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးအထွေထွေသပိတ်အဖြစ်ဆင်နွှဲခဲ့ကြတဲ့ ၂ငါးလုံးအရေးတော်ပုံနေ့ (ဖေဖော်ဝါရီ၂၂ရက်)မှာတော့ ပျဉ်းမနားမြို့နယ်၊ ရာဇဌာနီလမ်းပေါ်က နှင်းဆီးပန်းအဝိုင်းအနီးမှာ လူအင်အားသောင်းချီစုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ထုံးစံအတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင်တော့ နေပြည်တော်မှာ ရဲတွေဟာ လမ်းမတွေပေါ်ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေတင်မဟုတ်ဘဲ လူအင်အားအနည်းငယ်နဲ့ ရပ်ကွက်လမ်းလေးတွေပေါ် ထွက်ပြီး လှည့်လည်ဆန္ဒပြတာကိုတောင် လိုက်လံပြီး အင်အားသုံး၊ အကြမ်းဖက်ဖြိုခွင်းလာပါတယ်။

“ကျနော်တို့မကြာမကြာ ဆိုင်ကယ်တွေနဲ့လှည့်ပြီး ဆန္ဒပြတုန်းပါပဲ။ အရင်ကလောက်တော့ အင်အားမများဘူး။ ရဲတွေနဲ့လည်း ထိပ်တိုက်မတွေ့အောင်ရှောင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့စုပြီး ထွက်တယ်”လို့ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ ပျဉ်းမနားမြို့က ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ဒါ့ပြင် လုံခြုံရေးထူထပ်စွာချထားတာကြောင့် တခြားမြို့တွေမှာလို လမ်းမကြီးတွေပေါ်မှာ ဒီမိုကရေစီလိုလားကြောင်း စာတန်းရေးထိုးခြင်းတွေလည်း မတ်၁၈ရက်အထိ အောင်မြင်အောင် မလုပ်ဆောင်နိုင်သေးပါဘူး။

ရဲကားတွေကလည်း အခုချိန်ထိ လူစုလူဝေးနဲ့ ဆန္ဒပြလေ့ရှိတတ်တဲ့ နေရာတွေမှာ နေ့စဉ်လုံခြုံရေး ယူထားပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေ မကြာခဏထွက်လေ့ရှိတဲ့ ပျဉ်းမနားမြို့နယ်က နေရာအနှံ့မှာ ရဲတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ လှည့်လည်စောင့်ကြည့်နေပါတယ်။ နေပြည်တော် သပြေကုန်းဘက်က ပိတောက်လမ်း မီးပွိုင့်အနီးမှာ အချုပ်ကားတစ်စီး၊ ရဲကားနှစ်စီးနဲ့ ရဲတပ်သားလေးဦးတို့ အသင့်နေရာယူထားတာကို နေ့တိုင်းလိုလို မြင်တွေ့နေရပါတယ်။

ဖမ်းဆီးမှုနဲ့သိမ်းဆည်းခံရတဲ့ ပစ္စည်းများ

နေပြည်တော်မှာ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်ဖြိုခွင်းခံရလို့ အသက်ဆုံးရှုံးသူဦးရေဟာ အခုအချိန်ထိ နှစ်ဦးသာရှိပါသေးတယ်။ တစ်ဦးကတော့ မမြသွဲ့သွဲ့ခိုင်ဖြစ်ပြီး နောက်တစ်ဦးကတော့ ဧပြီ၄ရက်က ဆိုင်ကယ်သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြိုခွင်းစဉ်က သေဆုံးခဲ့တဲ့ နောက်ထပ်လူငယ်တစ်ဦးဖြစ်ပါတယ်။

“လိုက်ပစ်လို့ လမ်းကြောင်းတွေကွဲမှ ထိတယ်လို့ သိရတယ်။ကျဆုံးတာ နှစ်ဦးလို့ကြားပေမယ့် ကျွန်တော်တို့သိတာကတော့ ပျဥ်းမနားမှာ​နေတဲ့ တစ်ဦးပဲ။တစ်ဦးက အလောင်းလုခံရမှာကြောင့် တိုးတိုးတိတ်တိတ် လုပ်လိုက်တယ်လို့လည်း ကြားတယ်”လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

တခြားမြို့တွေနဲ့ယှဉ်ရင် ကျဆုံးသူနှစ်ဦးသာရှိပေမဲ့ ဖမ်းဆီးခံရတဲ့ဆန္ဒပြသူအရေအတွက်က ရက်အနည်းငယ်အတွင်းမှာ ရာနဲ့ချီရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်၊ ၁၈ရက်၊ ၂၂ရက်နဲ့ ၂၆ရက်တို့မှာ  ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူဦးရေ ၃၀၀နီးပါး ရှိခဲ့ပါတယ်။ ဖမ်းခံရသူအများစု ပြန်လွတ်ခဲ့ပေမဲ့ ဆန္ဒပြပွဲဦးဆောင်လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာအာခံခြင်းလှုပ်ရှားမှု (CDM)မှာပါဝင်တဲ့သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြန်မလွှတ်ဘဲ အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

“၃၆ ယောက် ဖမ်းခံရတဲ့ထဲမှာ အကုန်လုံးက လွတ်လာပြီ။ ကျနော့်သားနဲ့ တခြားကောင်လေး တစ်ယောက်ပဲကျန်ခဲ့တာ။ အခု နေပြည်တော်အချုပ်ထောင်မှာ။ အဖမ်းခံရတဲ့သူတွေကို စစ်ဆေးတော့ ဒီနှစ်ယောက်ကဦးဆောင်သူတွေဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်တယ်ဆိုပြီး ဖမ်းထားတာ”လို့ ဖေဖော်ဝါရီ၁၅ရက်က ဖမ်းဆီးခံရသူလူငယ်တစ်ဦးရဲ့ဖခင် ဦးထွန်းမွှေးကပြောပါတယ်။

သားဖြစ်သူဟာ လက်ရှိအချိန်မှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲဆိုခံထားရတယ်လို့ ဦးထွန်းမွှေးကပြောပါတယ်။

အဖမ်းခံရသူအများစုဟာ ပြန်လွတ်လာပေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ ဆိုင်ကယ်၊ ကားနဲ့ မိုဘိုင်းဖုန်းတွေ ပြန်မရကြသေးပါဘူး။ ၂ငါးလုံးအရေးတော်ပုံနေ့နဲ့ ဖေဖော်ဝါရီ၂၆ရက်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုအတွင်း သိမ်းဆည်းခဲ့တဲ့ ဆိုင်ကယ်၊ ဖုန်းတွေဆိုရင် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်ရှိအချိန်အထိ ပိုင်ရှင်တွေကို ပြန်မပေးသေးဘူးလို့ ပစ္စည်းအသိမ်းခံရသူတစ်ချို့က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ သိမ်းဆည်းခံထားရတဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေကို အခကြေးငွေပေးပြီး ပြန်ရွေးလို့ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အဲဒီပစ္စည်းတွေကို ထိန်းသိမ်းတဲ့နေရာကိုတောင် စုံစမ်းလို့မရကြောင်း ပစ္စည်းပိုင်ရှင်တွေက ပြောပါတယ်။

“ငါးသောင်း၊ တစ်သိန်း၊ သုံးသောင်းဆိုပြီး ရွေးလို့ရတယ်လို့ပြောနေကြတာ။ တကယ်ကျတော့  ပိုက်ဆံပေးရွေးပါ့မယ်ဆိုပြီး လိုက်စုံစမ်းတာတောင် တစ်နေရာနဲ့တစ်နေရာ လွှဲချနေကြတာ။ ရှေ့နေတွေလည်း စုံးစမ်းပြီး ပြန်ပြောပေးမယ်ပြောထားတာ ကြာပြီ။ ခုထိဘာမှ ပြန်မပြောဘူး”လို့ ပျဉ်းမနားမြို့နယ်က ဆိုင်ကယ်သိမ်းယူခံလိုက်ရသူတစ်ဦးက ပြောပါတယ်။

၂ငါးလုံးအရေးတော်ပုံနေ့မှာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ရွှေကြာပင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကတော့ ထိန်းသိမ်းခံထားရတဲ့ ပစ္စည်းတွေအမြန်ပြန်ရချင်တယ်လို့ဆိုပါတယ်။

“လူကတော့ ပါသွားတာ ထားပါတော့။ ပစ္စည်းတွေကတော့ ဘာမှမဆိုင်တဲ့အတွက် ပြန်လိုချင်တယ်။ ကျမတစ်ယောက်တည်းအတွက်မဟုတ်ဘဲနဲ့ ဖမ်းခံရတဲ့သူတွေရဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ အကုန်ပြန်ရစေချင်တယ်”လို့သူက ပြောပါတယ်။

နေပြည်တော်က ရဲတွေဟာ ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့အခါ လူတွေကို အချုပ်ကားနဲ့တင်ဆောင်ပြီး ဖမ်းဆီးခံရသူတွေရဲ့ ယာဉ်တွေနဲ့အနီးအနားကကားတွေကို ကရိန်ကားနဲ့တင်ပြီး သယ်ဆောင်သွားလေ့ရှိပါတယ်။

နေပြည်တော်က စစ်အာဏာရှင်စနစ်ကန့်ကွက်လှုပ်ရှားမှုများ အားကောင်းခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် အင်ဂျင်နီယာများကလည်း ပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

CDM လှုပ်ရှားမှု

ဝန်ကြီးဌာနတွေ အခြေစိုက်ရာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ အများစုနေထိုင်တဲ့ နေပြည်တော်မှာ ဖေဖော်ဝါရီလဆန်းပိုင်းလောက်က ဝန်ထမ်းတွေကိုယ်တိုင် လမ်းပေါ်ထွက်ဆန္ဒပြပြီး CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အထူးသဖြင့် ရုံးကားတွေ အများဆုံးဖြတ်သန်းသွားလာတဲ့ သပြေကုန်း၊ မြို့မဈေးမီးပွိုင့်အနီးမှာ CDMလှုပ်ရှားမှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ အများဆုံး ပြုလုပ်ခဲ့ပါတယ်။

အခုချိန်မှာတော့ ပြည်သူတွေရဲ့လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနည်းပါးလာသလို ဝန်ထမ်းတွေရဲ့ လမ်းမပေါ်က CDM လှုပ်ရှားမှုတွေလည်း ပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ ရဲကားတစ်စီးကတော့ မြို့မဈေးမီးပွိုင့်အနီးကို နေ့တိုင်းမပျက်မကွက် ဆန္ဒပြသူတွေကို လာရောက်စောင့်ဆိုင်းနေလေ့ ရှိပါတယ်။

အစပိုင်းမှာ နေပြည်တော်က ဝန်ထမ်းတွေရဲ့ CDMမှာပါဝင်မှုက တော်တော်လေးအားကောင်းခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် တစ်ချို့ကလည်း ရုံးပြန်တက်နေကြပြီလို့ CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကပြောပါတယ်။

လက်ရှိအချိန်အထိ CDMဆက်လုပ်နေတဲ့သူတွေထဲမှာ  စစ်ကောင်စီရဲ့ ဖမ်းဆီးခြိမ်းခြောက်မှုကြောင့်  မိမိတို့ရဲ့ နေရပ်ဒေသတွေဆီ ပြန်သွားတဲ့သူတွေရှိသလို လုံခြုံမယ့်နေရာတွေကို တိမ်းရှောင် နေထိုင်သူတွေလည်း ရှိပါတယ်။

အခုဆိုရင် CDMမှာပါဝင်လို့ ရာထူးကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းလိုင်းခန်း၊​ အိမ်ရာတွေကနေ ဖယ်ပေးဖို့ သတိပေးတာမျိုးတွေလည်းရှိနေပါပြီ။

“ပြီးခဲ့တဲ့ စနေနေ့(မတ် ၁၃ ရက်)ရက်နေ့ပေါ့။ ကျန်နေတဲ့သူတွေကို အခန်းချိတ်ပိတ်မယ်ကြားတော့ ပစ္စည်းတွေသိမ်းနေတုန်းရှိသေးတယ် မနက်၁၁နာရီလောက်မှာ ရုံးကညွှန်မှူးနဲ့အဖွဲ့ ရောက်လာပြီး  နေ့လယ်၂နာရီ အခန်းပိတ်မယ်လို့ပြောတယ်။ ကျနော်လည်း ပစ္စည်းတွေသိမ်းပြီး ထွက်လာခဲ့လိုက်တယ်”လို့ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်က ဝန်ထမ်းအိမ်ရာကနေ ထွက်ခွာလာတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ သူဟာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက CDMမှာပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

CDM ပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ အခန်းတွေကို ချိတ်ပိတ်မယ်ဆိုတာ စာနဲ့ကြိုတင်အသိမပေးဘဲ ဌာနတွင်းစစ်ဆေးမှုလုပ်မယ်၊ တာဝန်ကနေ ယာယီရပ်ဆိုင်းမယ်ဆိုတဲ့အကြောင်းတွေသာ စာနဲ့အကြောင်းကြားလာတယ်လို့လည်း သူကဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည့် နေပြည်တော်က ကျောင်းဆရာ၊ ဆရာမများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အခန်းကို ချိတ်ပိတ်တာ၊ ဌာနအတွင်း စစ်ဆေးတာ၊ တာဝန်က ယာယီရပ်ဆိုင်းတာတွေအပြင် ဝန်ထမ်းဖြစ်သူခင်ပွန်းက CDMမှာပါဝင်နေရင် ဇနီးဖြစ်သူကို လုပ်ငန်းလိုအပ်ချက်အရလို့ အကြောင်းပြပြီး အောက်ခြေအဆင့်ဌာနတွေကို ပြောင်းရွှေ့ခံရတာတွေ ရှိလာတယ်လို့ CDMဝန်ထမ်းတစ်ချို့က ဆိုလာပါတယ်။

CDM ဝန်ထမ်းတွေကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာက အစိုးရက လခနှစ်လစာ ကြိုထုတ်ချေးပေးထားတဲ့ အတိုးမဲ့ချေးငွေကိုပါ ပြန်ဆပ်ဖို့ အကြောင်းကြားလာတယ်လို့ CDM ဝန်ထမ်းတစ်ချို့က ပြောပါတယ်။

နေပြည်တော်မှာ CDM လုပ်တဲ့ဝန်ထမ်းအရေအတွက်ကို အတိအကျမသိနိုင်ပေမဲ့ CDMကူညီထောက်ပံ့ရေးအဖွဲ့(နေပြည်တော်) တာဝန်ရှိသူတစ်ဦးက သူတို့ဆီ ဆက်သွယ်လာတဲ့ အချက်အလက်တွေအရ ပညာရေးဝန်ထမ်းများမှအပ ဝန်ကြီးဌာနပေါင်းစုံက CDM လုပ်ဆောင်သူအရေအတွက်က ၃,၄၀၀ဦးကျော်ရှိတယ်လို့ ဆိုပါတယ်။

လွှတ်တော်ကဏ္ဍမှာဆိုရင် CDM ဝန်ထမ်းဦးရေက ပြည်ထောင်စုလွှတ်တော်ရုံးမှာ ၄၈ဦး၊ အမျိုးသားလွှတ်တော်ရုံးမှာ ၁၈ဦးနဲ့ ပြည်သူ့လွှတ်တော်ရုံးမှာ ၁၇ဦးရှိပါတယ်။ သူတို့အားလုံးကို တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားတယ်လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ မတ်လဆန်းမှာ CDMမှာ ပါဝင်လာတဲ့ လွှတ်တော်ဝန်ထမ်းတွေကိုတော့ မတ်၁၈ရက်အထိ တာဝန်ကနေယာယီမရပ်ဆိုင်းသေးဘဲ  ရုံးပြန်တက်ဖို့ကိုသာ တာဝန်ရှိသူတွေက တိုက်တွန်းနေတယ်လို့ CDM ဝန်ထမ်းတချို့က ပြောပါတယ်။

တာဝန်က ယာယီရပ်ဆိုင်းခံထားရတဲ့ ပြည်သူ့လွှတ်တော်အမျိုးသမီး ဝန်ထမ်းတစ်ဦးက လွှတ်တော်ဆိုတာ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖော်ဆောင်ပေးရတဲ့နေရာဖြစ်တဲ့အတွက် ပြည်သူ့အစိုးရတက်မှာသာ တာဝန်ပြန်လည်ထမ်းဆောင်မယ်လို့ပြောပါတယ်။

တစ်ဘက်မှာ အမှုဖွင့်ခံထားရတဲ့ CDM ဝန်ထမ်းတွေလည်းရှိနေပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း၁၁ဦးကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုထားပါတယ်။ ဒါ့ပြင် ရာဇသတ်ကြီး ပုဒ်မ၁၈၈ နဲ့တရားစွဲဆိုခံထားရတဲ့ သမဝါယမဦးစီးဌာန ဝန်ထမ်းရှစ်ဦးကိုလည်း မတ်၁၁ရက်နေ့မှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နေပြည်တော်ရှိဆန္ဒပြပွဲများသည် ဖေဖော်ဝါရီလအတွင်း အင်အားပျော့သွားသည်။ ယင်းသို့ လုံခြုံရေးထူထပ်သည့်ကြားမှ မတ်၁၇ရက်က ပျဉ်းမနားမြို့ခံအချို့စုဝေး၍ ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နေပြည်တော်မှာလည်း တခြားဒေသတွေကလိုပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေဟာ နေ့တိုင်း၊ ည၈နာရီထိုးတာနဲ့ သံပုံးတီးလေ့ရှိပါတယ်။

ဖေဖော်ဝါရီ၂၅ရက်၊ ည၈နာရီသံပုံးတီးနေချိန်မှာ ဇမ္ဗူသီရိမြို့နယ်က သပြေကုန်းနဲ့ ရွှေကြာပင်ရပ်ကွက်တို့မှာ လုံခြုံရေးကားတွေ လှည့်လည်ပြီး သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒေသခံတချို့ကတော့ အခုလိုသံပုံးတီးချိန်နဲ့ အချိန်ကိုက်လာပြီး သေနတ်ပစ်ဖောက်တာဟာ လူထုကိုသံပုံးမတီးဖို့ သတိပေးတဲ့မျိုးဖြစ်တယ်လို့ ဆိုပါတယ်။၊ နောက်ပိုင်းမှာတော့ သံပုံးတီးသံတွေက အရင်လောက်မကျယ်လောင်တော့ပါဘူး။

“ညဘက်သံပုံတီးတာတွေ ရှိတော့ရှိတယ်။ဒါပေမဲ့ အရင်ကလိုတော့ အသံတွေသိပ်မကြားရဘူး”လို့ ရွှေကြာပင်ရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.