နေပြည်တော်၏ ဆွဲဆောင်မှုအသစ်

နေပြည်တော်သည် သံတမန်အသိုင်းအဝိုင်းနှင့် အစိုးရမဟုတ်သောအဖွဲ့များ အသိုင်းအဝိုင်းတို့၏ နှစ်ပေါင်းများစွာ ရှောင်ရှားခံရပြီးနောက်တွင် အင်န်အယ်လ်ဒီအစိုးရတစ်ရပ် ဖွဲ့စည်းသွားမည့်နေရာ ဖြစ်သဖြင့် အထူးဂရုပြုစရာနေရာ တစ်နေရာ ဖြစ်လာခဲ့သည်။ 

ပီတာ ဂျင်ဆင် နှင့် စိုးသန်းလင်းတို့ ရေးသားသည်။ 

ဦးကျော်မင်းနှင့် မိသားစုတို့သည် ပြည်ပမှ လာနေထိုင်ကြမည့် အိမ်နီးနားချင်းများ ရရှိလာတော့မည် ဖြစ်သည်။ အသက် ၆၇ နှစ် အရွယ် ဦးကျော်မင်းသည် နေပြည်တော်ကို နိုင်ငံမြို့တော်အဖြစ် ၂၀၀၅ ခုနှစ်၌ မသတ်မှတ်မီ သံတမန်ဇုန်အဖြစ် သတ်မှတ်ထားသော မြေဧက ၁,၀၀၀ ကို စစ်အစိုးရက သိမ်းဆည်းသည့်အခါ သူ၏ ပဲခင်းများကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ စစ်အစိုးရက အခြားလယ်သမားမိသားစုများအား တစ်ဧကလျှင် ကျပ် ၁၀၀,၀၀၀ နှင့် ၂၀၀,၀၀၀ အကြား ပမာဏရှိနစ်နာကြေးများကို ပေးအပ်ခဲ့သည့်အပြင် ၎င်းတို့အတွက် ယာမြေများ ပေးအပ်မည်ဟုလည်း ကတိပေးခဲ့သည်။ ယင်းကတိအားလုံး မတည်ခဲ့ချေ။

 “ကျွန်တော်တို့မှာ ယာမြေဧက ၃၀ လောက်ရှိပေမဲ့ ၁၅ ဧကလောက်ပဲ လျော်ကြေးရခဲ့ပါတယ်။ အစိုးရက ကျွန်တော်တို့အတွက် တခြားစိုက်ပျိုးမြေနေရာ ဘယ်တုန်းကမှ ပြန်မပေးခဲ့ပါဘူး”ဟု ဦးကျော်မင်းက Frontier ကို ပြောသည်။ “ကျွန်တော်တို့ နေနေတယ်ဆိုတာက ကျွန်တော်တို့ မထွက်ခွာခင်မှာ ကျွန်တော်တို့ရဲ့ နစ်နာကြေးကို အပြည့်အဝ ရချင်လို့ပါ”ဟုလည်း သားသမီးများနှင့် ဆွေမျိုးများ ဝန်းရံထားသဖြင့် သူတို့အလယ်တွင် ရောက်ရှိနေသော ဦးကျော်မင်းက ဆိုသည်။ ဦးကျော်မင်း မိသားစုက နေပြည်တော် စည်ပင်သာယာရေးကောင်စီကို နစ်နာကြေးရလိုမှုဖြင့် တရားရုံး၌ တရားစွဲဆိုထားသည်။ ဦးကျော်မင်း၏ မိသားစုအဖွဲ့ဝင်များမှာ သံတမန်ဇုန်တွင် နေထိုင်လုပ်ကိုင်နေသူ ၄၀၀ ဝန်းကျင်အနက် နောက်ဆုံးလက်ကျန်များ ဖြစ်ကြသည်။ လွန်ခဲ့သောကိုးနှစ်အတွင်းတွင် ထိုဇုန်အတွင်း၌ မည်သည့်သံရုံးကမျှ မြေနေရာ ရှာဖွေခြင်းများ မပြုလုပ်ခဲ့သော်လည်း ယင်းအခြေအနေမှာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

 “လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်အတွင်းမှာ တရုတ်သံရုံးက အေစီအီး ရိပ်သာခြံဝင်းအတွင်း ယာယီရုံးခန်းတစ်ခန်း ဖွင့်ခဲ့ပါတယ်။ ပြီးတော့ အဲဒီသံတမန်ဇုန်မှာ အမြဲတမ်းရုံးခန်းတစ်ခန်း တည်ဆောက်ဖို့လည်း ပြင်ဆင်နေပါတယ်”ဟု အမည်ထုတ်ဖော် မပြောလိုသောအစိုးရအရာရှိတစ်ဦးက  ပြောသည်။

အေစီအီး ဆောက်လုပ်ရေးကုမ္ပဏီကို အားကစားဝန်ကြီး ဦးတင်ဆန်းက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး လွှတ်တော်များနှင့် သမ္မတရုံးခန်းအပါအဝင် နေပြည်တော်ရှိ အများပြည်သူပိုင် အဆောက်အအုံများစွာကို ထိုကုမ္ပဏီကပင် တည်ဆောက်ပေးခဲ့သည်။

နေပြည်တော်တွင် အမြဲတမ်းနေရာ ထားရှိရန် စိတ်ဝင်စားနေသည့် နိုင်ငံများထဲတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့လည်း ပါဝင်သည်။ နေပြည်တော်၌ ရုံးစိုက်ရန် သံတမန်ရေးရာအရ ချက်ချင်းလက်ငင်း စိတ်ဝင်စားလာခြင်းမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်နှင့် ဆက်နွှယ်နေသည်။ ထိုရွေးကောက်ပွဲများတွင် ဧပြီလ ၁ ရက် နောက်ဆုံးထား၍ အာဏာလွှဲပြောင်းယူမည့် အစိုးရသစ်၏ အာဏာရပါတီ အခန်းကဏ္ဍကို အာမခံပေးထားသော လွှတ်တော်အမတ်နေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံရေးတမန်ရေး တာဝန်ရှိသူများနှင့် နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံခဲ့သည်။ နိုင်ငံခြားသံရုံးအားလုံးမှာ မြို့တော်ဟောင်း ရန်ကုန်တွင် ရုံးစိုက်လျက်ရှိပြီး အချို့က သံရုံးငှားခအတွက် ငွေကြေးအမြောက်အမြား အသုံးပြုနေရသည်။ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံအတွက် မလိုအပ်သော စရိတ်စခများ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်များစွာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။ အင်န်အယ်လ်ဒီဦးဆောင်သောအစိုးရက အစိုးရရုံးစိုက်ရာမြို့တော်ကို ရန်ကုန်သို့ ပြန်ရွှေ့ရန် စဉ်းစားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ထိုသို့ ဖြစ်မလာခဲ့ပေ။

“မိမိတို့အနေနဲ့ နေပြည်တော်မှာ ရင်းနှီးမှုအများကြီး ပြုလုပ်ခဲ့ပြီး ဖြစ်တာကြောင့် ရန်ကုန်ကို ပြန်ရွှေ့ဖို့အတွက် အတော်လေး အကုန်အကျ များလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ အင်န်အယ်လ်ဒီခေါင်းဆောင်သည် သံရုံးများကို နေပြည်တော်တွင် ရုံးခန်းဖွင့်ရန် ညွှန်ကြားခဲ့ခြင်း မရှိသကဲ့သို့ ထိုနေရာသို့ ပြောင်းရွှေ့ခြင်းအပေါ် ကန့်ကွက်မှုလည်း မပြုလုပ်ခဲ့ဟု သတင်းရင်းမြစ်များက ဆိုသည်။ တရုတ်နိုင်ငံမှ ယင်း၏ “အကြံပေးအရာရှိရုံး”ဖွင့်လှစ်ခဲ့သော ACE ၏ ရိပ်သာမှာ မည်သည့်အခါကမျှ ရှိမလာသည့် သံရုံးများနှင့် စီးပွားရေးလုပ်ငန်းများ စုပြုံကျရောက်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖော်ထုတ်ခဲ့သည့် နေပြည်တော်မှ လူသူမရှိသည့် ခြံဝင်းကျယ်ကြီးများအနက်မှ တစ်ခုဖြစ်သည်။ ယခုတော့ မျှော်လင့်ချက် စတွေ့နေရသော်လည်း မရေမရာ ဖြစ်နေဆဲပင်။

 “နေပြည်တော်မှာသာ အမြဲတမ်းရုံး တစ်နေရာရှိခဲ့မယ်ဆိုရင် ဒါဟာ နောက်တက်လာမယ့် အစိုးရနဲ့ ဆက်သွယ်ရေးကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိသာကြီးပါ” ဟု အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့သော တည်ရှိမှုမှာ သံရုံးများအတွက် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်တော့ မဟုတ်ပေ။ ကုလသမဂ္ဂအဖွဲ့များနှင့် အခြားအကူအညီပေးရေး အဖွဲ့အစည်းများမှာလည်း နေပြည်တော်၌ အမြဲတမ်းရုံး တစ်ရုံးထားရှိခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ ဆယ်စုတစ်စု ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နေပြည်တော်ကို တရားဝင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှစတင်ကာ နိုင်ငံမြို့တော်နှင့် ရန်ကုန်အကြားရှိ ပို့ဆောင်ဆက်သွယ်ရေးလမ်းများမှာ သိသိသာသာ တိုးတက်ခဲ့ပြီး ဖြစ်သည်။ ထိုမြို့နှစ်မြို့ကို ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမမှာ မြန်မာနိုင်ငံအတွင်းရှိ အကောင်းဆုံးသော လမ်းမကြီးတစ်ခု ဖြစ်သည်။ သို့သော်ငြားလည်း ယင်းလမ်းမမှာ ပျင်းရိဖွယ်အကောင်းဆုံးသော လမ်းမကြီးတစ်ခုလည်း ဖြစ်နေပြန်သည်။

ထို့အတူ နေပြည်တော်နှင့် ရန်ကုန်အကြား ပြေးဆွဲနေသည့် နေ့စဉ်လေကြောင်းပျံသန်းမှုများ ရှိနေရုံမျှမက အပြိုင်အဆိုင်ဖြစ်နေသော ကုမ္ပဏီများက ခြောက်နာရီပင် မကြာသည့် အကွာအဝေးအတွက် သင့်တင့်မျှတသော အဖိုးအခဖြစ်သော ကျပ် ၇,၀၀၀ နှင့် ကျပ် ၈,၀၀၀ ကြား ပမာဏဖြင့် ပြေးဆွဲနေသော လေအေးပေး မှန်လုံဘတ်စ်ကားများစွာလည်း ရှိနေသည်။ သို့သော် မကြာမီဆင်းရတော့မည့် အစိုးရလက်အောက်မှ မလိုအပ်သော ကုန်ကျစရိတ်ဟု ထင်မြင်ယူဆရသောအရာမှာ လိုအပ်သော ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

 “ဒီနေရာမှာ တည်ရှိနေခြင်းအတွက် အမှတ်သင်္ကေတပြတန်ဖိုး တစ်ရပ်တော့ ရှိပါတယ်”ဟု အနောက်တိုင်း သံတမန်တစ်ဦးက အသိအမှတ်ပြုခဲ့သည်။ ထိုထက်ပိုသည့်အချက်မှာ ယခုအခါတွင် တရုတ်နိုင်ငံမှ ပထမဆုံး လှုပ်ရှားလိုက်ခဲ့ခြင်းပင် ဖြစ်သည်။

နိုင်ငံတကာငွေကြေးအဖွဲ့အချို့မှာမူ နေပြည်တော်၌ ရုံးခန်းများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်သည် နေပြည်တော်ရှိ Park Royal တွင် ရုံးခန်းတစ်ခန်း ဖွင့်လှစ်ထားပြီး ကမ္ဘာ့ဘဏ်မှာမူ Hilton Hotel တွင် အခန်းငှားထားသည်။ ထိုအဖွဲ့ နှစ်ဖွဲ့စလုံးမှာ အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး၏ ထိပ်သီးအစည်းအဝေးပွဲကို မြန်မာနိုင်ငံက လက်ခံကျင်းပရန် ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် MICC (Myanmar International Convention Center) ပတ်လည်ရှိ နိုင်ငံတော်အဆင့် ဧည့်ဂေဟာဇုန်ရှိ ကြယ်ငါးပွင့်အဆင့်ရှိသော အဆောက်အအုံများ ဖြစ်ကြသည်။

ထိုထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်လာကြသူများတွင် Kempinski ဟိုတယ်ခြံဝင်းအတွင်းရှိ အိမ်ခန်းလေးခန်းပါ Grand Royal Suite တိုက်ခန်း၌ တည်းခိုခဲ့သော အမေရိကန်သမ္မတအိုဘားမားလည်း ပါဝင်သည်။

Kempinski မှာ ယင်း၏ အဆောက်အအုံတွင် ရုံးခန်း တစ်ခန်း ဖွင့်လှစ်ရန် သံရုံးများကို တက်တက်ကြွကြွ ဆွဲဆောင်လျက်ရှိသည်။

 “ကျွန်မတို့မှာ အရှည်သဖြင့် နေထိုင်မယ့် ဧည့်သည်တွေကို ဆွဲဆောင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်” ဟု Kempinski နေပြည်တော်၏ အရောင်းနှင့် ရောင်းအားမြှင့်တင်ရေး ဒါရိုက်တာမဖြူဖြူခိုင်က ပြောသည်။ ဟိုတယ်၏ ဆယ်ရာခိုင်နှုန်းမျှရှိသော ဧည့်သည်များအား အရှည်သဖြင့် နေထိုင်သူများအဖြစ် အမျိုးအစား သတ်မှတ်ထားပြီး ဖြစ်သည်။ အိန္ဒိယသံရုံးသည်လည်း ထိုခြံဝင်းအတွင်းတွင် ရုံးခန်း တစ်နေရာ ငှားရမ်းရန် စိတ်ဝင်စားမှုရှိကြောင်း ပြသထားပြီး ဖြစ်သည်။ သို့သော် ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်နေဆဲပင် ဖြစ်သည်။ 

U Kyaw Minn points out the farmland he refuses to vacate. (Soe Than Lynn / Frontier)

U Kyaw Minn points out the farmland he refuses to vacate. (Soe Than Lynn / Frontier)

နေပြည်တော်တွင် ထူးဆန်းစွာ လစ်ဟာနေသောအရာများမှာ  ကုလသမဂ္ဂအဖွဲ့များ၏ ရုံးခန်းများပင် ဖြစ်သည်။ ဥတ္တရသီရိမြို့နယ်တွင် ရုံးခန်း တစ်ခန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် ကုလဖွံ့ဖြိုးရေးအစီအစဉ်မှလွဲ၍ ပြောင်းရွှေ့ပြီးသော၊ သို့မဟုတ် ပြောင်းရွှေ့လိုဟန်ရှိသော ကုလအဖွဲ့အစည်း အနည်းငယ်မျှပင် မရှိခဲ့ပေ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ မိမိတို့ရုံးတွေကို နေပြည်တော်ကို ရွှေ့၊ မရွှေ့ကိစ္စအတွက် ကုလအဖွဲ့တွေ အကုန်လုံး တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အားလုံးက မိမိတို့မှာ အခုလိုလုပ်ဖို့ အနာဂတ်အစီအစဉ်တွေ မရှိဘူးလို့ ပြောကြားခဲ့ကြပါတယ်”ဟု နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ 

 “အဲဒီနေရာမှာ ကျွန်တော်တို့ရဲ့တည်ရှိနေမှု တိုးမြှင့်ဖို့ နည်းလမ်း ရှာနေပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ အမျိုးမျိုး ရှိနေပါတယ်”ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းက ဖြေကြားခဲ့သည်။ နေပြည်တော်တွင် တပ်မတော်၊ သို့မဟုတ် အမည်ပျက်စာရင်းဝင် ခရိုနီတစ်ဦးဦးက မပိုင်ဆိုင်သော အဆောက်အအုံ တစ်လုံးကို ရှာဖွေခြင်းကဲ့သို့သော စိန်ခေါ်ချက်များ ရှိသော်လည်း ပြောင်းရွှေ့မှုမှာ အဆောက်အအုံငှားရမ်းခအတွက် အလွန်သက်သာသွားမည်မှာ သေချာလှသည်။ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့(UNICEF) မှာ ရန်ကုန်မြို့ရှိ ရုံးခန်းတစ်နေရာအတွက် တစ်လလျှင် ကန်ဒေါ်လာ ၈၀,၀၀၀ ဝန်းကျင်ဖြင့် ကျော်မကောင်း ကြားမကောင်း ငှားရမ်းခဲ့ရဖူးသည်။ နေပြည်တော်ရှိ ဈေးနှုန်းများမှာ ယေဘုယျအားဖြင့် ရန်ကုန်ဈေးနှုန်းများ၏ ထက်ဝက်ခန့် ဖြစ်ပြီး မြို့အတွင်း သွားလာရာတွင်လည်း နေပြည်တော်၏ ကျော်ကြားသော ၁၆ လမ်းသွား အဝေးပြေးလမ်းမကြောင့် အချိန်များစွာ သက်သာစေမည် ဖြစ်သည်။

 “ဖွံ့ဖြိုးရေးအေဂျင်စီတွေ နေပြည်တော်မှာ ရှိနေဖို့က အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကတည်းက ဥတ္တရသီရိမြို့နယ်ကို ကိုယ်စားပြုသည့် အင်န်အယ်လ်ဒီလွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

“ဒီကို ပထမဆုံးအကြိမ် ရောက်လာတုန်းက နေပြည်တော်ကို မလိုအပ်ဘူးလို့ ကျွန်တော်ထင်ခဲ့တာ။ တပ်မတော်အာဏာ ဆက်လက်တည်မြဲဖို့အတွက် တခြားနည်းလမ်းတစ်ခုမျှသာ ဖြစ်တယ်လို့ ထင်ခဲ့တာပါ။ ပြီးတော့ မြေယာနဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေကို လုံလောက်မှုမရှိတဲ့ နစ်နာကြေးတွေသာ ပေးအပ်ပြီး ဒီနေရာမှာ ခရိုနီတွေသာ ဝင်ငွေပိုရမယ့် အခွင့်အလမ်း အများကြီးရှိနေတဲ့ အချက်တွေလို တခြားကိစ္စရပ်တွေလည်း ရှိပါသေးတယ်”ဟု ဦးမင်းသူက Frontier ကို ပြောကြားသည်။

“ဒါပေမယ့် အခုအခါမှာတော့ ကျွန်တော့်ရဲ့ အမြင်သဘောထား ပြောင်းသွားခဲ့ပါပြီ။ ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရန်ကုန်မှာထက် နေပြည်တော်မှာ အလုပ်လုပ်ရတာက အများကြီး ပိုလွယ်ပါတယ်။ သက်သာလွယ်ကူစေရေးက အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးပါတယ်။ ရန်ကုန်မှာဆိုရင် လူတွေက သူ့ဆီကို အလည်လာရာမှ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မကြာခဏ နောက်ကျလေ့ရှိပါတယ်”ဟုလည်း ၎င်းက ပြောသည်။

သက်သာလွယ်ကူမှုအပြင် ရှည်လျားဖြောင့်မတ်သော အဝေးပြေးလမ်းများ ရှိနေသည့် နေပြည်တော်၏ ခန့်ညား ထည်ဝါသော ပုံရိပ်ကို အသေအချာ စီစဉ်ထားသောဇုန်များနှင့် (ယနေ့အချိန်အထိ) နိုင်ငံရေးအရ ဆန္ဒပြမှုများ မရှိသလောက် နည်းပါးခြင်းတို့မှာ အင်န်အယ်လ်ဒီ ဦးဆောင်သော အစိုးရတစ်ရပ်က အပြောင်းအလဲ ပြုဖို့ရာ  စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သူငယ်ချင်းဖြစ်သူ ဦးသိန်းညွန့် ဦးဆောင်သည့် နေပြည်တော် စည်ပင်သာယာရေးကောင်စီက နေပြည်တော်ကို လွန်ခဲ့သည့် ငါးနှစ်အတွင်းမှာ စစ်ရေးအမြင်ဖြင့် အုပ်ချုပ်ပြီးခဲ့ပါပြီ။ ကောင်စီဥက္ကဋ္ဌသစ်တစ်ဦးအား ဖွဲ့စည်းတော့မည့် အင်န်အယ်လ်ဒီအစိုးရက  ခန့်အပ်သွားလိမ့်မည် ဖြစ်သည်။

 “အင်န်အယ်လ်ဒီလက်အောက်မှာ နေပြည်တော်က ပြည်သူဗဟိုပြုတဲ့ မြို့တော် ဖြစ်လာပါလိမ့်မယ်။ တပ်မတော် ဗဟိုပြုတဲ့မြို့တော် မဟုတ်တော့ပါဘူး”ဟု ဦးမင်းသူက ဆိုလိုက်သည်။ “ကျွန်တော်တို့က နေပြည်တော်သစ်မှာ သစ်ပင်တွေ ပြန်စိုက်ချင်ပါတယ်။ လယ်သမားတွေကိုလည်း သူတို့စိုက်ပျိုးနေကျ ကောက်ပဲသီးနှံတွေ၊ ကြံတွေ ပြန်စိုက်ခွင့် ပြုပါမယ်”ဟုလည်း ၎င်းက ပြောသည်။

ဤအချက်မှာ သံတမန်ဇုန်အတွင်းရှိ ၎င်းမြေယာ နစ်နာကြေးအတွက် တရားရုံးအမိန့်ကို စောင့်နေသည့်  တောင်သူကြီး ဦးကျော်မင်းအတွက် သတင်းကောင်းပင် ဖြစ်သည်။

ဓာတ်ပုံ – စိုးသန်းလင်း/ Frontier

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.