နေပြည်တော်ဂယက် ဘောလုံးလောကကို ရိုက်ခတ်

ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ ပျက်ကွက်ခဲ့တဲ့ နေပြည်တော်အသင်းကို မြန်မာနေရှင်နယ်လိဂ်ကနေ ထုတ်ပယ်ဖို့ လိဂ်ကော်မတီ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် ကလပ်အသင်းတချို့ဟာ လိဂ်ပြိုင်ပွဲဝင်တာကို ရပ်ဆိုင်းခဲ့ပြီး ချန်ပီယံပြေးလမ်းပေါ်က အသင်းတွေအကြား မညီမျှမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ထွန်းခိုင် ရေးသားသည်။

“(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က) သူတို့လုပ်ချင်တာ လုပ်နေကြပဲ။ ဒီလိုမျိုးတွေ လျှောက်လုပ်နေလို့ မရဘူး။ ဘောလုံးမှာ ကမ္ဘာ့အဆင့်ဖြစ်ချင်တယ်ဆိုရင်တော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းမျဉ်းအတိုင်း လိုက်နာရမှာပဲ” လို့ ဒေါသထွက်နေတဲ့ ရတနာပုံနည်းပြချုပ်က ငြီးတွားလိုက်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကနေ နေပြည်တော်အသင်းကို ထုတ်ပစ်ပြီးတဲ့နောက်မှာ နေပြည်တော်နဲ့ ကန်ဖို့ကျန်နေသေးတဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲယှဉ်ပြိုင်စရာမလိုဘဲ သုံးမှတ်နဲ့ သုံးဂိုးပေးလိုက်တဲ့ လိဂ်ကော်မတီရဲ ့ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြို ဗိုလ်လုပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာရီနီ (René Oscar Desaeyere) က လူသိရှင်ကြား ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

နေပြည်တော်အထုတ်ခံရတဲ့ အကျိုးဆက်အဖြစ် လိဂ်ကနေ နုတ်ထွက်ဖို့ကြိုးစားကြတဲ့အသင်းတွေလည်း ထပ်ရှိလာသလို လိဂ်ချန်ပီယံပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပါတယ်။

အိမ်ကွင်းအဖြစ် ငှားရမ်းထားတဲ့ ပေါင်းလောင်းကွင်းကို မြို့ခံတွေက ပြန်တောင်းတာတွေ၊ ကစားသမားတွေကို လပေါင်းများစွာ လစာမပေးနိုင်တာတွေနဲ့ ကာလရှည်ကြာ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်ခဲ့ရတဲ့ နေပြည်တော်ကလပ်အသင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ မြန်မာနေရှင်နယ်လိဂ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေမှာ ကလပ်အသင်းတစ်သင်း ပြိုင်ပွဲက နုတ်ထွက်သွားရင် သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ရလာဒ်တွေအားလုံး ပယ်ဖျက်လေ့ရှိပေမဲ့ မြန်မာနေရှင်နယ်လိဂ်မှာတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖြေရှင်းခဲ့ပါတယ်။

အဲဒါကတော့ နေပြည်တော်နဲ့ ကန်ခဲ့တဲ့အသင်းတွေရဲ့ ရလာဒ်ကို ပယ်ဖျက်ခြင်းမပြုဘဲ ဆက်လက်ထားရှိတာနဲ့ ကန်ဖို့ရှိနေတဲ့ အသင်းတွေကို သုံးဂိုး၊ သုံးမှတ်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

သူနည်းပြနေတဲ့ ရတနာပုံအသင်းအနေနဲ့ နုတ်ထွက်သွားတဲ့ နေပြည်တော်နဲ့ ယှဉ်ပြိုင်စရာမလိုဘဲ သုံးဂိုးသုံးမှတ်ရမှာ ဖြစ်ပေမဲ့ ရတနာပုံရဲ့ အသက် ၇၀ အရွယ် ဘယ်လ်ဂျီယန်နိုင်ငံသားနည်းပြဖြစ်သူ ရီနီကတော့ ဒီဆုံးဖြတ်ချက်ဟာ နည်းလမ်းမကျဘူးလို့ ဝေဖန်ခဲ့ပါတယ်။

“ဒီလိုဆုံးဖြတ်ချက်ကြောင့် GFA အသင်းက ဆက်မကစားချင်တော့တာလေ”လို့ ရီနီကပြောပါတယ်။

နေပြည်တော်နဲ့ မကစားရသေးတဲ့အသင်းတွေဘဲ သုံးဂိုးသုံးမှတ်ရမှာဖြစ်တဲ့အတွက် GFA အသင်းဟာ နေပြည်တော်နဲ့ နှစ်ကျော့လုံး ကစားပြီးပြီဖြစ်တဲ့အတွက် ဒီအရေးပေးမှုဟာ သူတို့အတွက် အကျုံးမဝင်တော့ပါဘူး။

ပွဲစဉ် ၁၈ ပွဲ ကစားထားအပြီး ၁၀ မှတ်သာ ရထားသေးတဲ့ GFA အသင်းဟာ တန်းဆင်းရဖို့အတွက် ရာခိုင်နှုန်း များနေခဲ့ပါတယ်။

အခြားတစ်ဘက်မှာတော့ တန်းဆင်းဇုန်ထဲက တစ်သင်းဖြစ်တဲ့ ဟံသာဝတီအသင်းဟာ နေပြည်တော်နဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။

GFA က လက်ကျန်ပွဲအားလုံး အနိုင်ရပြီး ဟံသာဝတီက လက်ကျန်ပွဲအားလုံး ရှူံးခဲ့ရင်တောင် နေပြည်တော်ပြဿနာကြောင့် ဟံသာဝတီဟာ သုံးဂိုးသုံးမှတ်ရမှာဖြစ်ပြီး ရာသီကုန်ရင် ဟံသာဝတီက GFA အထက်မှာ အလိုလို ရပ်တည်နေမှာ ဖြစ်ပါတယ်။

“အမှတ်တွေ ခွဲဝေပေးတာကို အဓိကမကျေနပ်တာ။ မကျေနပ်တဲ့အတွက် စာရေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နေပြည်တော်နဲ့ ကစားပြီးပြီလေ။ ဒါမမျှတဘူးလို့ ထင်တယ်”လို့ GFA အသင်းရဲ့ အထွေထွေ မန်နေဂျာ ကေဘီရှန်ကျုံးလျန်က ပြောပါတယ်။

နေပြည်တော်အရေး ဆုံးဖြတ်ချက်အပြီးမှာတော့ GFA က လိဂ်ပြိုင်ပွဲတွေကိုဝင်ပြိုင်တာ ရပ်နားမယ်လို့ ထုတ်ပြောခဲ့ပါ တယ်။ စက်တင်ဘာ ၁၉ ရက်နေ့မှာကျင်းပတဲ့ လိဂ်ပွဲစဉ် ၁၉ ဖြစ်တဲ့ ရတနာပုံနဲ့ပွဲမှာ GFA အသင်းဟာ ကစားကွင်းကို ရောက်မလာခဲ့ပါဘူး။

GFA က ပြိုင်ပွဲကထွက်ခွာဖို့တောင်းဆိုတာကို လိဂ်ကော်မတီက လက်မခံခဲ့ပါဘူး။ လက်ကျန်ပွဲတွေကို ဆက်လက်ကစားပေးဖို့ လိဂ်ကော်မတီဘက်က တောင်းဆိုခဲ့တဲ့အတွက် GFA ဟာ လက်ကျန်ပွဲတွေကို ဆက်လက်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နေပြည်တော် ထုတ်ပယ်ခံရတဲ့ပြဿနာဟာ တန်းဆင်းဇုန်တင်မဟုတ်ဘဲ လိဂ်ချန်ပီယံဖြစ်ရေးအတွက် အဆုံးအဖြတ်မှာပါ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

ဓာတ်ပုံ- MNL

ဓာတ်ပုံ- MNL

သုံးပွဲပဲကျန်တော့တဲ့ မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ဟာ အပြိုင်အဆိုင်ဖြစ်နေခဲ့ပါတယ်။

ပွဲစဉ် ၂၂ ပွဲ ယှဉ်ပြိုင်ရမယ့် လိဂ်မှာ ပွဲစဉ် ၁၉ အထိယှဉ်ပြိုင်ပြီးချိန်မှာတော့ ရှမ်းယူနိုက်တက်က ၄၅ မှတ်နဲ့အဆင့် ၁၊ ရန်ကုန်ယူနိုက်တက်က ၄၃ မှတ်နဲ့ အဆင့် ၂၊ ရတနာပုံက ၄၁ မှတ်နဲ့အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ချန်ပီယံဆုအတွက် အသင်းသုံးသင်း အကြိတ်အနယ်ဖြစ်နေတဲ့အချိန်မှာ နေပြည်တော်အပြင် GFA ပါ နုတ်ထွက်မယ်ဆိုတဲ့အတွက် ထိပ်သီးသုံးသင်းကြားမှာ မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ချန်ပီယံပြေးလမ်းကြောင်းပေါ်က သုံးသင်းထဲမှာ ရတနာပုံဟာ ကံအကောင်းဆုံးဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ ရတနာပုံဟာ နေပြည်တော်၊ GFA တို့နဲ့ ကစားဖို့ရှိနေတာကြောင့် ပြိုင်ပွဲဝင်စရာမလိုဘဲ ၆ မှတ်၊ ၆ ဂိုးကို အဆင်သင့်ရမှာ ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာလည်း ပွဲစဉ် ၂၁ မှာ နေပြည်တော်နဲ့ ကစားဖို့ရှိတဲ့အတွက် ပြိုင်ပွဲဝင်စရာမလိုဘဲ ၃ မှတ်၊ ၃ ဂိုးကို အဆင်သင့်ရမှာဖြစ်ပါတယ်။

အနစ်နာဆုံးကတော့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရှမ်းယူနိုက်တက်အသင်းပဲ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်ဟာ နေပြည်တော်နဲ့ရော GFA နဲ့ပါ ကန်ပြီးပြီဖြစ်တဲ့အတွက် ဒီအရေးပေးမှုကို ရမှာမဟုတ်ပါဘူး။

ရှမ်းယူနိုက်တက်ဟာ နေပြည်တော်ကို နှစ်ကျော့စလုံးအနိုင်ရပေမဲ့ GFA ကို တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြစ်ခဲ့လို့ ရမှတ်တွေ ဆုံးရှုံးခဲ့ပါတယ်။

ရှမ်းယူနိုက်ရဲ့ နည်းပြချုပ် ဦးစိုးမြတ်မင်းက လိဂ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုမကြိုဆိုပေမဲ့ ပြင်းပြင်းထန်ထန် မှတ်ချက်ပေးတာမျိုးမရှိဘဲ ထိန်းထိန်းသိမ်းသိမ်း ဝေဖန်ခဲ့ပါတယ်။

“ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေရှိရင်ကောင်းမယ်”လို့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းက Frontier ကို ပြောပါတယ်။

ပြိုင်ဘက်အသင်းတွေ ပြိုင်ပွဲမကစားရဘဲ အသာရနေချိန်မှာ ပွဲစဉ်ဇယားရေးဆွဲမှုကလည်း ရှမ်းယူနိုက်တက်ကို ချန်ပီယံဖြစ်ရေးအတွက် အခက်အခဲတွေ တွေ့စေမှာဖြစ်ပါတယ်။

အောက်တိုတာ ၁၄ ရက်ကနေ ၂၉ ရက်နေ့အထိ ၁၅ ရက်အတွင်း ရှမ်းယူနိုက်တက်ဟာ လိဂ်နဲ့ ရှုံးထွက်ပွဲ ၄ ပွဲကနေ ၅ ပွဲအတွင်း ကစားရမှာ ဖြစ်ပါတယ်။

တစ်ချိန်ထဲမှာတော့ အနီးကပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံတို့ကတော့ နေပြည်တော်နဲ့ တွေ့ဆုံဖို့ရှိတဲ့အတွက် တစ်ပွဲစီ လျှော့ကစားရမှာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်ဟာ သူတို့ရဲ့ နောက်ဆုံးပြိုင်ပွဲတွေကို တောင်ကြီး၊ ပုသိမ်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ကစားရမှာဖြစ်တဲ့အတွက် ၁၅ ရက်အတွင်း မိုင်ပေါင်း ၁,၈၀၀ လောက်ရှိတဲ့ တောင်ကြီး-ရန်ကုန်-ပုသိမ်-ရန်ကုန်-မန္တလေး-ရန်ကုန်-တောင်ကြီးခရီးစဉ် ကိုလွန်းထိုးသွားလာရမှာ ဖြစ်ပါတယ်။

ပွဲစဉ်ဇယားရေးဆွဲမှုနဲ့ နေပြည်တော်ကို ထုတ်ပယ်မှုတို့ရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့အကျိုးဆက်ကြောင့် ချန်ပီယံဖြစ်ရေးမှာ အမှားမခံတဲ့ အခြေအနေဖြစ်နေတယ်လို့ ရှမ်းယူနိုက်ရဲ့ နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောပါတယ်။

“ဖြစ်လာတဲ့အခြေအနေတွေကြောင့် ကျွန်တော်တို့လည်း တော်တော်လေးခေါင်းခဲနေရတယ်”လို့ ဦးစိုးမြတ်မင်းက ပြောပါတယ်။

ကစားသမားတွေ၊ နည်းပြတွေကို ပုံမှန်လစာမပေးနိုင်တာတွေ၊ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်တွေ နည်းပါးလာတာတွေနဲ့ အခက်အခဲတွေအကြား ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဖြတ်သန်းခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ဟာ ပွဲစဉ်ရေးဆွဲရေးအပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာတွေအတွက် ဝေဖန်မှုတွေ ဆက်လက် ရင်ဆိုင်နေခဲ့ရပါတယ်။

မြန်မာ့ဘောလုံးလောကမှာ လူသိများတဲ့ လက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်၊ ရှမ်းယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်လည်းဖြစ်တဲ့ ဦးစိုးမြတ်မင်းကတော့ လာမယ့်နှစ်တွေမှာ ဒီလိုပြဿနာတွေမဖြစ်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လေ့ကျင့်နေကြတဲ့ ရှမ်းယူနိုက်တက်အသင်း။ ဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.