နေပြည်တော်က ရွှေတောင်ကြား

ဆင်းရဲသောတိုင်းပြည်မှ အခမ်းနားဆုံးသော အဆောက်အအုံများသည် နေပြည်တော်တွင်ရှိနေသည်။ကြီးကျယ်ခမ်းနားလှသောလွှတ်တော်အဆောက်အအုံများနှင့်သမ္မတအိမ်တော်ဝန်းသည်မြန်မာနိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တစ်ခုဟူသော အတွေးကိုတဒင်္ဂမေ့ဖျောက်ပစ်နိုင်သည်။ဦးသန်းရွှေ၏နေပြည်တော်စီမံကိန်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများနေထိုင်ရန်အတွက် အိမ်ကြီးအိမ်ကောင်းများလည်းပါဝင်ခဲ့သည်။

နန္ဒနှင့်ရဲမွန်

ဓာတ်ပုံ-ခွန်လတ်

စက်ရုပ်မြို့တော်၊တစ္ဆေမြို့တော်စသဖြင့်နာမည်ကြီးသော မြန်မာပြည်၏မြို့တော်နေပြည်တော်ကို “ဦးသန်းရွှေမြို့”ဟု အချို့ကသမုတ်ကြသည်။ သူစိတ်ကြိုက်ပုံဖော်ထားသော နေပြည်တော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုတပည့်တစ်သိုက်ထံခွဲဝေအပ်နှံပြီးနောက် အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် သူ၏အာဏာရှင်တစ်ခေတ်ကို အေးချမ်းစွာအဆုံးသတ်ခဲ့သည်။

အရပ်သားနိုင်ငံရေးသမားဝတ်စုံပြောင်းလာသောဗိုလ်ချုပ်ကြီးများက အငြင်းပွားမှုများရှိခဲ့သော ၂ဝ၁၀ရွေးကောက်ပွဲရလဒ်ဖြင့် နေပြည်တော်မှ တိုင်းပြည်ကို ၅ နှစ်အုပ်ချုပ်ခွင့်ရခဲ့သည်။
သို့သော် ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ပြည်သူများ၏ဆုံးဖြတ်ချက်အရ အိမ်ကြီးအိမ်ကောင်းများသည် ပိုင်ရှင်ပြောင်းသွားကြသည်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးစုစုပေါင်း လူတစ်ရာကျော်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည်ဝန်ကြီးဌာနများကိုပေါင်းစပ်ပြင်ဆင်ဖွဲ့စည်းလိုက်ရာလူငါး ဆယ်ပင်မပြည့်ပေ။ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့ထက် လူထက်ဝက်ခန့်လျော့နည်းသည့်သဘောလည်းဖြစ် သည်။

သို့ဖြစ်ရာ ဝန်ကြီး၊ဒုဝန်ကြီးများနေအိမ်တစ်ဝက်ခန့်မှာပိုနေလိမ့်မည်ဖြစ်သည်။

အစိုးရသက်တမ်းသုံးနှစ်ခွဲပြည့်သည့်အောက်တိုဘာနှောင်းပိုင်းတွင် အဆိုပါအိမ်များ၏အခြေအနေကို Frontier ကနေပြည်တော်သို့သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။
 

သမ္မတအိမ်တော်ရှေ့ကရပ်ကွက်

typeof=

သမ္မတအိမ်တော်နှင့်လွှတ်တော်၏မျက်နှာချင်းဆိုင်တွင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများနေထိုင်သည့်ဇေယျာသိဒ္ဓိရပ်ကွက်ရှိသည်။

သမ္မတရုံးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဝန်ကြီးနေအိမ်မှာပင်နေသည်။သူမ၏နေအိမ်တည်ရှိရာတစ်ဘက်ပိတ်လမ်းဖြစ်သောမြနန်းဘုံသာလမ်းထိပ်တွင်၂၀၁၆ခုနှစ်ကစတင်ကာမောင်းတံဂိတ်တစ်ခုပြုလုပ်ပြီးလုံခြံရေးတင်းကြပ်ခဲ့သည်။

ကျန်သည့်လမ်းများမှာလွတ် လပ်စွာသွားလာ၍ရသည်။ လမ်းတိုင်းတွင် လုံခြုံရေးယူပေးနေသော ရဲကင်းတစ်ခုစီရှိသည်။ဖုန်းပွတ်နေသောရဲများကကားတစ်စီးဖြတ်လာလျှင်တစ်ချက်လှမ်းကြည့်ပြီးဖုန်းဆက်ပွတ်နေသည်။
ဇေယျာသိဒ္ဓိရပ်ကွက်မှာရန်ကုန်မြို့ရှိနာမည်ကျော်သူဌေးရပ်ကွက်ရွှေတောင်ကြားနှင့်အလားသဏ္ဍာန်တူပါသည်။

တောထဲကအိမ် အိမ်ထဲကတော

နေပြည်တော်၏တည်ရှိမှုကိုခေတ္တမေ့ထားပါကတောနက်ကြီးထဲတွင်အိမ်လာဆောက်ထားသည့်သဘောဖြစ် သည်။ပေတစ်ရာပတ်လည်ခန့်ကျယ်သည့်ခြံကျယ်ကြီးတစ်ခြံချင်းစီတွင်ပုံစံတူဆောက်ထားသောအိမ်ကြီး အိမ်ကောင်းများရှိနေသည်။
လူမနေသောအိမ်ကြီးအိမ်ကောင်းတချို့ကို Frontier ကတွေ့ရှိခဲ့သည်။ 

ခြံထဲတွင်မြက်ရိုင်းများကတောထနေသည်။နိုင်ငံတော်ပိုင်အိမ်များဖြစ်၍အိမ်တိုင်းတွင်အလံတိုင်ပါ သည်။သို့သော် လူမနေသည့်အိမ်များတွင် အလံလွှင့်မထားချေ။ခြံစောင့်တော့ရှိသည်။
သီးသန့်ရပ်ကွက်ဖြစ်၍ လမ်းပေါ်တွင် လူသူရှင်းလင်းလျက်။ သို့သော်ခွေးများကတော့ တစ်အုပ်တစ်မကြီးရှိနေသည်။ 

ဓာတ်ပုံ-ခွန်လတ်

ဓာတ်ပုံ-ခွန်လတ်

တစ်ချိန်က သာယာလှပခဲ့သော ခြံများထဲတွင် ခွေးကောင်းခွေးသန့်ကြီးများရှိခဲ့ကြသည်။ လူစိမ်းများကိုတစ်စစီဆွဲဖြဲလိုက်နိုင်သော ခွေးကြီးများရှိသကဲ့သို့ ချစ်စရာခွေးငယ်လေးများလည်းရှိခဲ့သည်။ယခုတော့ ခြံစောင့်မွေးထားသောခွေးလေးများက အိမ်အလွတ်များတွင်နေရာယူထားသည်။

ဝန်ကြီး၊ဒုဝန်ကြီးများနေထိုင်သောခြံထဲတွင်မြက်ရိုင်းများပေါက်နေခြင်း အိမ်များသန့်ရှင်းမှုမရှိခြင်းမှာ နေထိုင်သူများနှင့်သာသက်ဆိုင်ကြောင်း ဒုဝန်ကြီးတစ်ဦးကပြောသည်။

အိမ်ကြီးအိမ်ကောင်းများဖြစ်၍အလွတ်ထားမည့်အစားငှားရမ်းပါက အကျိုးရှိမည်ဟု နေပြည်တော်ရှိအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။သို့သော်ဥပဒေလုပ်ထုံးလုပ်နည်းအရထိုသို့ငှားရမ်း၍မရကြောင်း နေပြည်တော်ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကပြောသည်။

“ဝန်ကြီးအိမ်လွတ်နေတယ်ဆိုပြီးဒုဝန်ကြီးကတက်နေလို့မရဘူး။သူ့အဆင့်သူ့အဆောင်အယောင်နဲ့ပဲ။”ဟု ဦးရဲမင်းဦးကပြောသည်။
ဝန်ကြီး၊ဒုဝန်ကြီးများ၏နေအိမ်အလွတ်အတော်များများရှိကြောင်း သူကအတည်ပြုသည်။

နိုင်ငံတော်ပိုင်အိမ်များကို အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့်ငှားရမ်း၍ရသည်ဟု နားလည်ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက်သမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကပြောသည်။

သို့သော် ဝန်ကြီးများနေအိမ်များနားသို့ အပြင်လူများဝင်ရောက်လာသည့်ကိစ္စမှာလုံခြုံရေးအရရောအခြားကိစ္စရပ်များအတွက်ပါစဉ်းစားစရာဟုသူကပြောသည်။

အဆိုပါဝန်ကြီးနေအိမ်များမှာနေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ထိန်းသိမ်းမှုအောက်တွင်ရှိ ပါသည်။

ဝန်ကြီး(သို့မဟုတ်)ဒုဝန်ကြီးတစ်ဦး ခန့်အပ်ခြင်းခံရပါက စည်ပင်သည် လွတ်နေသည့်အိမ်များကိုပြသပြီးရွေးချယ်စေသည်။ အိမ်ပြင်ရန်ဘတ်ဂျတ်ရရှိမှုမှာ ဝန်ကြီးကသိန်း ၃၀ ဖြစ်၍ ဒုဝန်ကြီးကသိန်း ၂၀ ဖြစ်သည်။
အိမ်များကိုလေ့လာရာတွင် လူနေ၊မနေမှာ အိမ်ထဲတွင်ကားရှိမရှိနှင့်အလံတိုင်ရှိအလံသစ်လွင်မှုရှိမရှိဖြင့်သာ ဆုံးဖြတ်နိုင်လေသည်။ ခြံထဲရှိမြက်ပင်ရှည်များကြောင့် အိမ်အလွတ်များနှင့်လူနေထိုင်လျက်ရှိသော အိမ်များမှာ အပြင်မှကြည့်ပါက ကွာဟမှုသိပ်မရှိလှပါ။

ဒုဝန်ကြီးတစ်ဦးနေထိုင်လျက်ရှိသောအိမ်တစ်လုံး။ ဓာတ်ပုံ-ခွန်လတ်

ဒုဝန်ကြီးတစ်ဦးနေထိုင်လျက်ရှိသောအိမ်တစ်လုံး။ ဓာတ်ပုံ-ခွန်လတ်

ခြံထဲတွင် လူတစ်ရပ်နီးပါးမျှမြင့်သော မျက်ရိုင်းများပေါက်နေသည့် နေအိမ်တစ်လုံးကိုလူမနေသောအိမ်ဟုယူဆပြီး Frontier ကဝင်ရောက်စူးစမ်းရာ ဧည့်ခန်းတွင်ပလပ်စတစ်ထိုင်ခုံတစ်လုံးပေါ်ထိုင်ပြီးအစိုးရသတင်းစာဖတ်နေသူတစ်ဦးနှင့်တွေ့ခဲ့ရသည်။
သူကလက်ရှိဒုဝန်ကြီးအဆင့်နေထိုင်သောအိမ်ဟုအဖြေပေးသော်လည်း ဒုဝန်ကြီးအမည်ကိုထုတ်ဖော်မပြောချေ။ 

ဧည့်ခန်းတွင်ဆက်တီပင်မရှိပေ။ဧည့်ခန်းမှလှမ်းမြင်နေရသော မီးဖိုချောင်တွင် ထမင်းစားစားပွဲတစ်လုံးသာရှိသည်။
ဒုဝန်ကြီးအိမ်ရာတွင်တော့ ခြံထဲတွင်တောထသောနေအိမ်အလွတ်အတော်များများကို တွေ့ခဲ့ရပါသည်။

“လက်ရှိဝန်ကြီး၊ ဒုဝန်ကြီးတွေရဲ့ လစာနဲ့ ဘာပင်မှ မစိုက်နိုင်ဘူးဆိုရင်တော့ ချုံရှင်း၊ မြက်ရှင်းတဲ့လူတော့ ငှားလို့ရပါတယ်။”ဟု ဦးရဲထွဋ်ကပြောသည်။
နေပြည်တော်စတည်ကထဲကနေထိုင်သော အစိုးရဝန်ထမ်းတစ်ဦးကိုမေးမြန်းရာ ယခင်အစိုးရလက်ထက်ကအိမ်တော်များ၏ခမ်းနားမှုနှင့် လက်ရှိအိမ်များမှာကွာခြားလွန်းလှကြောင်းပြောသည်။

 ခြံထဲရှိမြက်ပင်ရှည်များကြောင့် အိမ်အလွတ်များနှင့်လူနေထိုင်လျက်ရှိသော အိမ်များမှာ အပြင်မှကြည့်ပါက ကွာဟမှုသိပ်မရှိလှပါ။ ဓာတ်ပုံ-ခွန်လတ်

ခြံထဲရှိမြက်ပင်ရှည်များကြောင့် အိမ်အလွတ်များနှင့်လူနေထိုင်လျက်ရှိသော အိမ်များမှာ အပြင်မှကြည့်ပါက ကွာဟမှုသိပ်မရှိလှပါ။ ဓာတ်ပုံ-ခွန်လတ်

“အခုက အရမ်းကြီးခမ်းနားနေရင်အဂတိလိုက်စားတယ်လို့အထင်ရမှာစိုးတာမျိုးတော့ရှိတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါအတွေးအခေါ်ကိုတော့ ဒုဝန်ကြီးတစ်ဦးကသဘောမတူပါချေ။ 

“ဒါဆို အဂတိလိုက်စားတယ်အထင်ခံရမှာစိုးလို့ ကားကိုရွှံ့သုတ်ပြီးစီးရမှာလား။ငါ့ကားလာကြည့်ပြောင်နေတာပဲ။ငါ့အိမ်လာကြည့် သန့်ရှင်းနေတာပဲ”ဟု ဒုဝန်ကြီးကပြောသည်။
သို့သော် သူ၏အမည်ကိုတော့မဖော်လိုပေ။

အိမ်ပြောင်းအိမ်ရွှေ့ဇာတ်လမ်းဟောင်း

၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရကအာဏာလွှဲမပေးမည်ကို စိုးရိမ်မှုများရှိခဲ့ကြသော်လည်း ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။ မမျှော်လင့်သောအဖုအထစ်တစ်ခုမှာ ရာထူးစွန့်သွားသောဝန်ကြီးများက ၎င်းတို့ပိုင်ဆိုင်သမျှဘာတစ်ခုမှ ချန်မထားခဲ့ကြခြင်းအပေါ်အကြောင်းပြု၍ တစ်ဘက်နှင့်တစ်ဘက်တင်းမာခဲ့ကြသည်။

ဝန်ကြီးဟောင်းများသည် အလှစိုက်မြက်များနှင့်အပင်များပါယူသွားသည်ဟု ဒီချုပ်ဘက်မှအာဏာလွှဲပြောင်းရေးခေါင်းဆောင်ဦးဝင်းထိန်ကအပြစ်တင်ခဲ့သည်။ဦးသိန်းစိန်အစိုးရဘက်က အာဏာလွှဲပြောင်းရေးအဖွဲ့ဝင်ဖြစ်သူ ဦးရဲထွဋ်က အိမ်စတင်လက်ခံကထဲက အဲကွန်း ၂လုံးသာပါပြီး ကျန်တာဗလာဖြစ်၍ကိုယ့်ပစ္စည်းကိုယ်ပြန်ယူသွားခြင်းဖြစ်ကြောင်းပြန်လည်ချေပသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဝန်ကြီးဒုဝန်ကြီးအရေအတွက်လျှော့ချလိုက်သည့်အခါ အိမ်အလွတ်များထွက်လာသည်။

ဝန်ကြီးတစ်ဦးနေထိုင်လျက်ရှိသောအိမ်တစ်လုံး။ ဓာတ်ပုံ-ခွန်လတ်

ဝန်ကြီးတစ်ဦးနေထိုင်လျက်ရှိသောအိမ်တစ်လုံး။ ဓာတ်ပုံ-ခွန်လတ်

ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၃၆ ခုရှိခဲ့ရာမှဒီချုပ်အစိုးရဖွဲ့စည်းချိန်တွင်၂၁ခုသာ ထားရှိခဲ့ခြင်းဖြစ်သည်။
သမဝါယမဝန်ကြီးဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊အားကစားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့ကို ဖျက်သိမ်းခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ၆ ခုရှိသည်ကို တစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်ကာ ဝန်ကြီးဌာနအချို့ကို အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဒီချုပ်၏ရည်ရွယ်ချက်က နိုင်ငံ့ဘဏ္ဍာမှ ဝန်ကြီးနှင့်ဒုဝန်ကြီးလစာများနှင့်ခံစားခွင့်များသက်သာသွားစေရန်ဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ အဆောင်အယောင်ဥပဒေအရ ဝန်ကြီးများ၏ရပိုင်ခွင့်မှာမနည်းလှပေ။

ပြည်ထောင်စုဝန်ကြီးတစ်ဦး၏လစာမှာကျပ်သိန်း၃၀ဖြစ်ပြီးဒုဝန်ကြီးကကျပ်သိန်း၂၀ဖြစ်သည်။အိမ်နှင့်ပတ်သက်သည့်အပိုင်းကိုကြည့်ပါက ဝန်ကြီးနှင့်ဒုဝန်ကြီးများသည်အစိုးရပိုင်အိမ်တွင်အခမဲ့နေထိုင်ခွင့်ရပြီး ရေ၊မီး၊ဖုန်း ဖိုးလည်းဆောင်စရာမလိုပေ။ဝန်ကြီးကလုံခြုံရေး၊ကိုယ်ရေးအရာရှိ၊အိမ်အကူနှစ်ဦးနှင့်ဥယျာဉ်လုပ်သားနှစ်ဦးပါသည်။ဒုဝန်ကြီးက လုံခြုံရေး၊ကိုယ်ရေးအရာရှိ၊အိမ်အကူတစ်ဦးနှင့်ဥယျာဉ်လုပ်သားတစ်ဦးပါသည်။

အိမ်အလွတ်များတွင် ခြံစောင့်များကိုသာတွေ့ခဲ့ရသည်။ဒီချုပ်အစိုးရသည် လျှော့ချလိုက်သည့်ဝန်ကြီးများနှင့်သက်ဆိုင်သည့်ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ပြန်ခေါ်ခဲ့ပြီး သင့်တော်သည့်တာဝန်များပြန်ခွဲပေးခဲ့သည်။ ဝန်ကြီးအရေအတွက်နှင့်ဌာနအရေအတွက်လျှော့ချခဲ့သော်လည်း ဝန်ထမ်းများကိုမလျှော့ခဲ့ပါ။

မမြဲခြင်းတရားများ

Frontier သည် ဝန်ကြီးနှင့်ဒုဝန်ကြီးနေအိမ်များကို သုံးရက်ကြာသွားရောက်လေ့လာခဲ့သည်။ရိုးမတောထဲကားပတ်မောင်းနေရသည့်ခံစားချက်ဖြစ်သည်။သစ်ရိပ်ဝါးရိပ်ကအေးစိမ့်ပြီး ပတ်ဝန်းကျင်ကတိတ်ဆိတ်နေရာ နိုင်ငံ၏အရေးအရာများကိုစီမံခန့်ခွဲနေသည့် ဝန်ကြီးနေအိမ်များနှင့်မတူဘဲ တရားစခန်းနှင့်ပင်တူနေသေးသည်။

လက်တွေ့တွင်လည်းဝန်ကြီးတို့ရွာသည် မမြဲခြင်းတရားကိုပြပါသည်။ တစ်ချိန်ကသြဇာညောင်းခဲ့သောဝန်ကြီးများသည်သာမန်အရပ်သားများဖြစ်သွားကြသည်။သူတို့နေထိုင်သည့်အိမ်များတွင် ယခင်ကအရပ်သားများကဝန်ကြီးဖြစ်လာပြန်သည်။ ပြည်သူလူထု၏အဆုံးအဖြတ်ပင်ဖြစ်သည်။

သို့သော် လက်ရှိအစိုးရလက်ထက်တွင် တာဝန်မှအနားပေးခံရသည့် ဝန်ကြီးအချို့လည်း အိမ်ကြီးအိမ်ကောင်းများကိုစွန့်ခွာသွားခဲ့ရသည်။

နိုင်ငံပိုင်အိမ်အလွတ်များကို ငှားရမ်းခွင့်ရှိသည့်မူဝါဒတစ်ခုကို ပြီးခဲ့သည့်နှစ်ကုန်တွင် သမ္မတရုံးကထုတ်ပြန်သည်။သို့သော် ဝန်ကြီးအိမ်အလွတ်များသည်အဆိုပါအစီအစဉ်တွင်ပါဝင်ဖို့မရှိပါ။ ရွေးကောက်ပွဲကလာတော့မည်ဖြစ်သည်။

“လာမယ့်အစိုးရက အစိုးရအဖွဲ့ကိုဘယ်လိုဖွဲ့ဦးမယ်မသိဘူး။ဒီတော့ကျနော်တို့ကဒီအိမ်တွေကို သွားထိလို့မဖြစ်ဘူး”ဟု ဒုမြို့တော်ဝန်ကပြောသည်။

4e0a1207.jpg

ဒုဝန်ကြီးနေအိမ်အလွတ်တစ်လုံး။ ဓာတ်ပုံ-ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.