နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက ဥပဒေသစ်ကို သဘောကျလက်ခံ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့်ပတ်သက်ပြီး Frontier နှင့် တွေ့ဆုံပြောဆိုခဲ့သည်။

ကျော်ဖုန်းကျော် ရေးသားသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို အသစ်ပြန်လည်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြဋ္ဌာန်းမည် ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်သစ်များကို ဇွန်လတွင် ခန့်အပ်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည်။ မတ်လတွင် အစိုးရအလွှဲအပြောင်း ပြုလုပ်ပြီးနောက် ယခင် ကော်မရှင်ကို ဖျက်သိမ်းအပြီး၌ အသစ်ဖွဲ့စည်းလိုက်သော ကော်မရှင်သည် ယခင်အစိုးရ ထားခဲ့သော ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာ တပုံတခေါင်းကို ဦးဆုံး ကိုင်တွယ်ဖြေရှင်းရသည်။

ကော်မရှင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်နှင့် ကော်မရှင်အတွင်း မကြာသေးမီက အပြောင်းအလဲများကို Frontier ကို ပြောပြခဲ့သည်။

ခင်ဗျားက အရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟောင်းမှာလည်း ပါဝင်ခဲ့တယ်။ ကော်မရှင်နှစ်ခုရဲ့ ခြားနားချက်က ဘာတွေဖြစ်မလဲ။

ပထမဆုံး အပြောင်းအလဲကတော့ အဖွဲ့ဝင် အရေအတွက် မတူညီတော့တာပါ။ အရင် ကော်မရှင်ဟောင်းမှာတုန်းက အဖွဲ့ဝင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ကျွန်တော်အပါအဝင် ၁၃ ဦး ရှိတယ်။ အခုကော်မရှင်သစ်မှာတော့ အဖွဲ့ဝင်က ၁၁ ဦးပဲ ရှိတော့တယ်။ အရင် ကော်မရှင်မှာ အဖွဲ့ဝင် ၇ ဦးက အစိုးရဘက်က ဖြစ်ပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်နဲ့ ကျွန်တော်အပါအဝင်ပါ။ တခြား အဖွဲ့ဝင် ၆ ဦးက ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပါ။

အခု ကော်မရှင်မှာတော့ ဝန်ကြီးနှစ်ဦးပါမယ်။ ရှေ့နေချုပ်ပါတယ်။ သူတို့က နိုင်ငံရေးအရ ခန့်အပ်ခံရသူတွေပါ။ ပြီးတော့ အမြဲတမ်း အတွင်းရေးမှူး၊ တခြား အငြိမ်းစား အရာထမ်းတွေ၊ ပြီးတော့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCI က အဖွဲ့ဝင် တစ်ဦးပါမယ်။

အရင်ကော်မရှင်မှာ မူဝါဒ ချမှတ်တဲ့အခန်းကဏ္ဍက အဖွဲ့ဝင်တွေ လွှမ်းမိုးတယ်။ အခု ကော်မရှင်ကတော့ အလုပ်လုပ်ကိုင်မယ့်အဆင့်က လူတွေ ပိုများပါတယ်။

အရင် ကော်မရှင်မှာတုန်းက သဘောတူညီမှု ရရှိပြီးသား စီမံကိန်းတွေမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တယ်။ ဥပမာ တစ်ခုက ရွှေတိဂုံဘုရားနဲ့ မျက်နှာချင်းဆိုင်က စစ်တပ်ပိုင်တဲ့ ၂၈ ဟက်တာ မြေနေရာမှာ လုပ်ဆောင်မယ့် ဖွံ့ဖြိုးရေး စီမံကိန်း ၅ ခုကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အစိုးရက ဖျက်သိမ်းပစ်လိုက်ပါတယ်။ အဲဒီ စီမံကိန်းမှာ ကန်ဒေါ်လာ သန်း ၃၀၀ တန်တဲ့ Margo Landmark Development Company’s Dagon City 1 ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ပါဝင်ပါတယ်။ လုပ်ငန်းကလည်း စတင်နေပြီးမှ အစိုးရက ဖျက်သိမ်းခဲ့တာပါ။ ကော်မရှင်အသစ်မှာ ဒီလို အခြေအနေမျိုးတွေကို ဘယ်လို ရှောင်ရှားမလဲ။

စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းစဉ်တွေက အရင် ကော်မရှင်နဲ့ အတူတူပါပဲ။ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့က အဆိုပြုချက်တစ်ခု ရပြီဆိုရင် ပထမဆုံး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောတူညီချက်ကို ရယူရပါတယ်။ ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရရဲ့ သဘောတူညီမှုကို ရယူရပါတယ်။

လိုအပ်ရင် ကျွန်တော်တို့က သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်ကို ရယူပါတယ်။ ဒီအဖွဲ့အစည်းတွေက သဘောတူညီပြီဆိုမှ ကော်မရှင်က စီမံကိန်းတစ်ခုကို သဘောတူညီတာပါ။ မလိုလားအပ်တဲ့ အကျိုးဆက်တွေ မရှိဘူးလို့ ယူဆတဲ့အခါမှ စီမံကိန်းတွေကို သဘောတူညီတာပါ။ Marga Landmark စီမံကိန်း ကိစ္စရပ်မှာလည်း ကျွန်တော်တို့ ဒီနည်းအတိုင်းပဲ လုပ်ဆောင်ခဲ့တာပါပဲ။ ဒါပေမဲ့ အများပြည်သူဘက်က မမျှော်လင့်ဘဲ ကန့်ကွက်မှုတွေ ပေါ်လာလို့ အစိုးရက စီမံကိန်းကို ရပ်ဆိုင်းလိုက်တာပါ။

အရင်နဲ့ အခု ကော်မရှင်ရဲ့ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ အရင်သက်တမ်းကနေပြီး ကျွန်တော်တို့ သင်ခန်းစာ အများအပြား ရလိုက်တယ်။ ဥပမာ Marga လို ကိစ္စရပ်မျိုးပေါ့။ ဒီလို အကျိုးဆက်တွေကို ရှောင်ရှားဖို့ ကျွန်တော်တို့က စီမံကိန်းတွေကို ထပ်ခါတလဲလဲ သုံးသပ်စိစစ်ပြီး ဒီလိုအငြင်းပွားမှုတွေ မဖြစ်အောင် လုပ်ဆောင်ပါတယ်။

အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ခုပေါင်းပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို ကော်မရှင်က International Financial Corporation ရဲ့ အကူအညီနဲ့ ရေးဆွဲခဲ့တာပါ။ ဥပဒေသစ်နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်က ဘယ်လိုရှိမလဲ။

သီးခြား ဥပဒေ နှစ်ခုရှိတုန်းက ပြည်တွင်း စီးပွားရေးသမားတွေက ဥပဒေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးထားတယ် ထင်ကြတယ်။ နိုင်ငံခြားသားတွေကလည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးထားတယ် ထင်ကြတယ်။

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတုန်းက အာဆီယံနိုင်ငံတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့ရတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက OECD (Organization for Economic Cooperation and Development) အဖွဲ့နဲ့ အစိုးရက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေမှာ အားနည်းချက်တွေကို ရှာဖွေခဲ့ကြတယ်။ OECD က ပြောခဲ့တာက ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြည်တွင်းနဲ့ နိုင်ငံခြား နှစ်ခုခွဲခြားထားတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ အခက်တွေ့စေတယ်လို့ ဆိုတယ်။

ဒီဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပူးပေါင်းခဲ့တာပါ။ ဥပဒေဟောင်းတွေမှာ အပြစ်အနာအဆာ တချို့လည်း တွေ့ခဲ့ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဥပဒေမှာ အားနည်းချက်က အခွန်မက်လုံး ပေးတဲ့နေရာတွေမှာ မထိုက်တန်တဲ့ လုပ်ငန်းတွေက ခံစားခွင့်ရနေတာပဲ။ နောက်တစ်ချက်က လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးတာပါ။ ရင်းနှီးမြှုပ်နှံမှု တစ်ခုကို သဘောတူညီမှု ရဖို့ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ ဒီတော့ ရှည်လျားထွေပြားတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်နေပါတယ်။

ဗီယက်နမ် နိုင်ငံမှာဆိုရင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်အားလုံး ပြီးစီးဖို့ သုံးရက်လောက်ပဲ ကြာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သုံးလနဲ့တောင် ပြီးစီးနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီမှာက စီမံကိန်းတွေကို သဘောမတူညီခင် သုံးသပ်စိစစ်တာ များတယ်။ စီမံကိန်း စတင်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ဖို့ အရေးယူတာတွေ မရှိပါဘူး။ အမှန်ကတော့ စီမံကိန်းတွေကို စတင်လုပ်ဆောင်ပြီးတဲ့အခါမှ ထိန်းကျောင်းပေးသင့်ပါတယ်။ စီမံကိန်းမစခင် စက္ကူပေါ် ရေးထားတဲ့ အချက်အလက်တွေကို သုံးသပ်နေလို့ မရပါဘူး။

ဒီအပြစ်အနာအဆာတွေကို သိသွားပြီဆိုတော့ ဥပဒေသစ်ကို ပြုပြင်ရေးဆွဲတဲ့အခါမှာ ဖြေရှင်းချက်ကို ရှာဖွေခဲ့ပါတယ်။ ကျွန်တော်တို့က လုပ်ငန်းစဉ်တွေကို လိုအပ်ချက်နဲ့အညီဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ကန့်သတ်ခံထားရတာမျိုး မရှိရင် ကော်မရှင်ကို လျှောက်လွှာတင်ဖို့ မလိုအပ်တော့ပါဘူး။ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက် ရရှိပြီးရင် လုပ်ငန်းစတင်လို့ ရပါတယ်။

အရင်က အခွန်မက်လုံးတွေကို လုပ်ငန်းအားလုံးကို ပေးထားပါတယ်။ ဒါပေမဲ့ ဥပဒေသစ်မှာတော့ နိုင်ငံနဲ့ လူမျိုးကို အကျိုးရှိစေမယ့် လုပ်ငန်းတွေကိုပဲ အခွန်မက်လုံး ပေးထားပါတယ်။ အခွန်မက်လုံးတွေကို မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို ပိုမိုကြီးမားစွာ ပေးထားပါတယ်။

ဥပဒေသစ်မှာ ၅၀ ရာခိုင်နှုန်းက ဥပဒေဟောင်းထဲက ပြန်လည်အသုံးပြုထားပြီး ၅၀ ရာခိုင်နှုန်းက အသစ်တွေပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ဥပဒေသစ်ကို သဘောကျမယ်လို့ ထင်မြင်ပါတယ်။

မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့အတွက် အခွန်မက်လုံးတွေ ပေးထားတယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးနဲ့ လျှပ်စစ် မရရှိနိုင်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရန် ခက်ခဲမယ်လို့ ထင်ပါသလား။

မထင်ပါဘူး။ လိုအပ်ချက်ကို အခွင့်အလမ်း တစ်ခုအနေနဲ့ မြင်လို့ရပါတယ်။ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ဒါက အခွင့်အလမ်း တစ်ခုပါ။ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူအတွက် မြန်မာနိုင်ငံက အခွင့်အလမ်းကောင်းပါ။

အခြေခံ အဆောက်အအုံ ကင်းမဲ့မှုက နိုင်ငံအတွက် လိုအပ်ချက် တစ်ခုဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းကောင်းပါ။ ကျွန်တော်တို့က မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်မက်လုံး ပိုပေးမယ်ဆိုလို့ ဖွံ့ဖြိုးပြီးတဲ့ ဒေသတွေမှာ အခွန်မက်လုံး မရှိဘူးလို့ မဆိုလိုပါဘူး။ သူတို့ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင်တောင် အားပေးမြှင့်တင်ထားတဲ့ ကဏ္ဍတွေအတွက်ဆိုရင် အခွန်မက်လုံး ရနိုင်ပါသေးတယ်။

အားပေးမြှင့်တင်ပေးမယ့် ကဏ္ဍတွေက ဘာတွေလဲ။ ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံရဲ့ ဘယ်နေရာတွေကို ဦးစားပေးမလဲ။

ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးတဲ့အခါ အစိုးရက ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေနဲ့ ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု ဦးစားပေးချက်အရ ဇုန် ၁၊ ဇုန် ၂၊ ဇုန် ၃ ဆိုပြီး အတန်းအစား ခွဲထားမှာပါ။ အားပေးမြှင့်တင်ပေးမယ့် ကဏ္ဍတွေက အချိန်ကြာလာတာနဲ့ ပြောင်းလဲသွားနိုင်ပါတယ်။ နိုင်ငံက လျှပ်စစ်ကို လိုအပ်ရင် အစိုးရက ဒီကဏ္ဍကို ဦးစားပေးပါလိမ့်မယ်။ နိုင်ငံက ထိုင်းနိုင်ငံလို ဖြစ်လာပြီဆိုရင်တော့ လျှပ်စစ်ကဏ္ဍကို ဦးစားပေးစရာ မလိုတော့ဘူးပေါ့။

ဒီတော့ အားပေးမယ့် ကဏ္ဍတွေက တသမတ်တည်း မရှိပါဘူး။ နိုင်ငံရဲ့ လိုအပ်ချက်အရ ပြောင်းလဲမှာပါ။

အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်မက်လုံးတွေ ရရှိမှာပါ။ နိုင်ငံက အခြေခံ အဆောက်အအုံကို လိုအပ်နေလို့ပါ။ လုပ်အားအခြေပြု ကဏ္ဍတွေကလည်း အားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ပါဝင်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍကလည်း တိုးတက်ဖို့ လိုပါတယ်။ ဒါကလည်း အားပေးတဲ့ ကဏ္ဍတစ်ခုပါပဲ။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို မကြာမီ ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဥပဒေခွဲတွေ လိုအပ်နေသေးတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ကုမ္ပဏီအက်ဥပဒေနဲ့ နိုင်ငံခြားသား အလုပ်သမား ဥပဒေတွေလည်း ပြဋ္ဌာန်းဖို့ လိုပါသေးတယ်။ ဒါတွေပြီးစီးဖို့ ဘယ်လောက် အချိန်ယူရမယ်ထင်လဲ။

ကုမ္ပဏီ အက်ဥပဒေကို ဝန်ကြီးဌာနက အပြီးသတ်ပြီးပါပြီ။ ၂၀၁၇ ခုနှစ် အစောပိုင်း ကျင်းပမယ့် လွှတ်တော်မှာ ဆွေးနွေးသွားမှာပါ။ လွှတ်တော်က ချက်ချင်းပဲ အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် ဥပဒေခွဲတွေက ၂၀၁၇ ခုနှစ်မှာ ထွက်လာပါလိမ့်မယ်။ တခြား ဝန်ကြီးဌာနတွေက ရေးဆွဲတဲ့  ဥပဒေတွေနဲ့ပတ်သက်ပြီး ဘယ်တော့ ပြီးစီးနိုင်မယ် ကျွန်တော် မပြောနိုင်ပါဘူး။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးရင် MIC ကို ပြောင်းလဲဖွဲ့စည်းဦးမှာလား။

ပြောင်းလဲမယ် မထင်ပါဘူး။ ဥပဒေက ပြောင်းလဲသွားတော့ MIC ကို အသစ်ပြန်ဖွဲ့ရမယ်လို့ အဓိပ္ပာယ်ရတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေ ပြောင်းလဲသွားမယ်လို့တော့ မထင်ပါဘူး။ MIC က အခုမှ ဖွဲ့စည်းပြီးတာ မကြာသေးဘူး။ ဒါကြောင့် သူတို့ ထပ်ပြောင်းမယ် မထင်ပါဘူး။

MIC က စီမံကိန်း တစ်ခုကို သဘောတူညီပြီးရင် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်အောင် ထိန်းကျောင်းပေးမှု မရှိဘူးလို့ ခင်ဗျားပြောတယ်။ တာဝန်မသိတဲ့ ကုမ္ပဏီတွေနဲ့ဆိုရင် ဒီလို ထိန်းကျောင်းမှုက လိုအပ်ပါတယ်။ ထိန်းကျောင်းနိုင်ဖို့ ဘာတွေလိုအပ်မလဲ။

ထိန်းကျောင်းပေးဖို့ ကိစ္စက MIC တစ်ဦးတည်း လုပ်လို့မရဘူး။ ကျွန်တော့်ကို မီဒီယာတွေက ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လာမေးကြတယ်။ ကျွန်တော်က ဒါ MIC ရဲ့ တာဝန်မဟုတ်ဘူးလို့ ပြောပြရတယ်။ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ရရှိထားတဲ့ လုပ်ငန်းတွေအတွက်သာ MIC မှာ တာဝန်ရှိတာပါ။ ကုမ္ပဏီ အက်ဥပဒေကို ချိုးဖောက်မှု ရှိတဲ့အခါမှသာ MIC မှာ တာဝန်ရှိတာပါ။

လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ချိုးဖောက်မှုတွေက တခြား ဝန်ကြီးဌာနတွေရဲ့ တာဝန်ပါ။ တာဝန်မသိတဲ့ ကုမ္ပဏီတွေကို ကိုင်တွယ်ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်လိုက်အပြီးမှာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အလားအလာက ဘယ်လိုရှိမလဲ။

အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်လိုက်တာ နိုင်ငံအတွက် ကောင်းပါတယ်။ အရင်က ကုမ္ပဏီတွေက တခြားနိုင်ငံတွေကတဆင့် ရင်းနှီးမြှုပ်နှံရတယ်။ အခုတော့ မြန်မာနိုင်ငံမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံပြီး ရောင်းဝယ်ဖောက်ကားလို့ ရပါပြီ။

နောက်တစ်ခုက Generalised System of Preferences အရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပေးအပ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ကို မြန်မာနိုင်ငံကို ပြန်ပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက GSP အတွက် အသင့်ဖြစ်ဖို့ အများကြီး လိုပါသေးတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက သူတို့ဈေးကွက်အတွက် အရည်အသွေး ပြည့်မီဖို့ လိုပါတယ်။

အမေရိကန်နဲ့ စီးပွားရေး လုပ်ကိုင်ရာမှာ မြန်ဆန်ပြီး လွယ်ကူစေဖို့လည်း ကျွန်တော်တို့က ပြင်ဆင်နေပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံကို ကုန်တင်ပို့တဲ့အခါမှာ လိုအပ်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး စီးပွားရေးသမားတွေအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ စီစဉ်နေပါတယ်။ MIC ကလည်း အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်မယ့် ကိစ္စရပ်အတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ပိုမိုတိုးတက်လာတဲ့အခါမှာ အလိုက်သင့် ဖြစ်စေဖို့ ချိန်ညှိမှုတွေ လိုအပ်ပါလိမ့်မယ်။

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းနဲ့ ထိရောက်မှုဆိုင်ရာလေ့လာချက် Doing Business Survey အရ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ မြန်မာနိုင်ငံက ၁၆၈ အဆင့်မှာ ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အဆင့် တိုးတက်လာဖို့အတွက် MIC က ဘာလုပ်ပေးနိုင်သလဲ။

Doing Business အဆင့်ကို သတ်မှတ်တဲ့ နေရာမှာ သူတို့က အချက် ၁၀ ချက်ကို ထည့်သွင်း စဉ်းစားပါတယ်။ အဲဒါတွေထဲမှာ လုပ်ငန်းစတင်တာ၊ ရှယ်ယာအနည်းငယ်သာ ပိုင်ဆိုင်တဲ့လူတွေကို ကာကွယ်ပေးတာ၊ ဆောက်လုပ်ရေး ခွင့်ပြုချက် ဘယ်လောက်မြန်မြန် လွယ်လွယ်ရနိုင်တယ်ဆိုတာ၊ လျှပ်စစ် ရရှိနိုင်မှုတို့ ပါဝင်ပါတယ်။ MIC နဲ့ DICA (Department of Investment and Company Administration) အဖွဲ့ နှစ်ခုက လုပ်ငန်းစတင်တဲ့ ကိစ္စရပ်မှာ တိုက်ရိုက်ပတ်သက်နေတယ်။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက Doing Business Survey မှာ စတင်ပါဝင်တုန်းက မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၉ နဲ့ နောက်ဆံုံးမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ကျွန်တော်တို့က မလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို လျှော့ချပစ်လိုက်တယ်။ စက္ကူပေါ် လုပ်ဆောင်ရတာတွေ လျှော့ချပစ်တယ်။ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို သုံးရက်နဲ့အပြီး လုပ်ဆောင်နိုင်လာပါတယ်။ ကမ္ဘာ့ဘဏ်က ကျွန်တော်တို့ရဲ့ တိုးတက်မှုကို အသိအမှတ်ပြုခဲ့ပြီး ကျွန်တော်တို့ အဆင့်တက်လာခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကျွန်တော်တို့က မလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ထပ်လျှော့ချမှာဖြစ်လို့ ဒါထက် ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

အသစ်ပြဋ္ဌာန်းမယ့် ကုမ္ပဏီအက်ဥပဒေမှာ ရှယ်ယာအနည်းငယ်သာ ပိုင်ဆိုင်သူတွေအတွက် ကာကွယ်ပေးမှုတွေကို တိုးမြှင့်ပေးထားပါတယ်။ ဒီဥပဒေကို အတည်ပြုပြီးရင် ကျွန်တော်တို့က ကုမ္ပဏီတွေကို အွန်လိုင်းကနေ မှတ်ပုံတင်လို့ရအောင် လုပ်ပေးပါမယ်။ ဒါဆိုရင် အခု သုံးရက်ကြာတဲ့ လုပ်ငန်းစဉ်က မိနစ်ပိုင်းပဲ ကြာတော့မှာပါ။ ကျွန်တော်တို့ တိုးတက်လာမှာပါ။ ဒါပေမဲ့ တချို့အချက်တွေက ကျွန်တော်တို့ မတတ်နိုင်တဲ့ အရာတွေပါ။ တစ်ခုကတော့ လျှပ်စစ်ရရှိနိုင်မှုပါပဲ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ လွှမ်းမိုးနေခဲ့တာ ကြာပါပြီ။ တရုတ်နိုင်ငံက အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူပါ။ ရင်းနှီးမြှုပ်နှံမှု ပုံစံတွေက အနာဂတ်မှာ ပြောင်းလဲသွားဖို့ ရှိပါသလား။

လက်ရှိအချိန်မှာတော့ ရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာပါ။ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှုတွေကို ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေပါတယ်။ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေး ကဏ္ဍတွေကိုလည်း မြှင့်တင်သွားဖို့ ရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့က သဘာဝရင်းမြစ်တွေကို ကုန်အောင် ထုတ်ယူသုံးစွဲရတဲ့ ကဏ္ဍတွေကို အားမပေးတော့ပါဘူး။

ရေနံနဲ့ သဘာဝဓာတ်ငွေ့က ထိပ်ဆုံးကတော့ ရှိနေဦးမှာပဲ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းတော့ မရှိနိုင်တော့ပါဘူး။ စက်မှုကဏ္ဍက ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာလိမ့်မယ်။ အခုတော့ ၁၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အစီအစဉ်ကို လာမယ့် သုံးနှစ်မှာ အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် အချိုးအစားက မျှခြေ ဖြစ်သွားပါမယ်။

အရေးယူ ပိတ်ဆို့မှုတွေကြောင့် တရုတ်က အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေတယ်။ နိုင်ငံရဲ့ စီးပွားရေးကို ဖွင့်လှစ်လိုက်လို့ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွဲဆောင်လာနိုင်တယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သက်တမ်းကာလတုန်းက ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖြစ်တယ်။ အခုတော့ ၂၈ ရာခိုင်နှုန်းကို လျော့ကျသွားပြီ။ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်လိုက်တဲ့အခါ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ပေးနိုင်ရင် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံစာရင်းတွေက ဖြန့်ကျက်လာလိမ့်မယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက လာမယ့် နှစ်အနည်းငယ်အထိ ထိပ်ဆုံးက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေဦးမှာပါပဲ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။ 

Title photo: Steve Tickner / Frontier

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.