နိုင်ငံခြားသံရုံးတွေ နေပြည်တော်ကို ပြောင်းကြတော့မှာလား

နေပြည်တော်သို့ နိုင်ငံတကာသံရုံးများ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရက စီစဉ်ပေးထားသော်လည်း အခက်အခဲများရှိနိုင်သေးသည်ကို အစိုးရက လက်ခံထားသည်။

ဆုမြတ်မွန် ရေးသားသည်။

ကုလသမဂ္ဂအေဂျင်စီများ၏ ရုံးခန်းများကို မြန်မာနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် နေပြည်တော်တွင် ယခုလအစောပိုင်းက ပထမဆုံး ဖွင့်လှစ်လိုက်သည်။ နိုင်ငံတကာ သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ရုံးများအား ရန်ကုန်မြို့တွင်သာ အခြေစိုက်ထားရာမှ အစိုးရရုံးစိုက်ရာ မြို့တော်သို့ စတင်လိုက်ပါ ပြောင်းရွှေ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လျှို့ဝှက်စွာ တည်ဆောက်ခဲ့ပြီးနောက် ၂ဝဝ၅ ခုနှစ်တွင် အစိုးရ ဝန်ကြီးဌာနများအားလုံးကို နေပြည်တော်သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂရုံးများမှာ ရန်ကုန်မြို့၌ပင် ဆက်လက် တည်ရှိခဲ့သည်။ သို့သော် ယခုအခါ နိုင်ငံတကာ သံရုံးများအနေဖြင့် နေပြည်တော်သို့ လိုက်ပါ ပြောင်းရွှေ့ဖွင့်လှစ်ရန် အချိန်ကျပြီလားဆိုသည့် မေးခွန်းများ ပေါ်ထွက်လာပြီဖြစ်သည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရက ဆက်လက် လုပ်ဆောင်နေသည်။ ဘရူနိုင်းဒါရုဆလမ်နိုင်ငံကလည်း ၎င်း၏သံရုံးနေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးကို မူအားဖြင့် သဘောတူကြောင်း ယခုနှစ်အစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

နှစ်နိုင်ငံသံရုံးများ ဆောက်လုပ်ရေးအတွက် အပြန်အလှန်မြေလဲလှယ်ရန် သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း သံအမတ်ကြီး Mr. Abdu’s Rahmani bon Dato Paduka Haji Basir နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူတို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသဘောတူညီချက်သည် ဘရူနိုင်းဒါရုဆလမ်သံရုံးကို နေပြည်တော်ရှိ သံတမန်ဇုံသို့ ပြောင်းရွှေ့နေရာချထားရေးအတွက် အထောက်အပံ့ပေးရန် ရည်ရွယ်သည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် အစိုးရပိုင် Globel New Light of Myanmar သတင်းစာက ရေးသားထားသည်။ လက်ရှိအချိန်တွင် ဘရူနိုင်းသံရုံးသည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းတွင် တည်ရှိသည်။

သို့သော် ဘရူနိုင်းသံအမတ်ကြီးက သံရုံး ရွှေ့ပြောင်းမည့်နေရက်ကို မသတ်မှတ်ရသေးကြောင်း Frontier ကို ထိုအချိန်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား အစိုးရများအား ၎င်းတို့၏ သံရုံးများကို နေပြည်တော်သို့ ပြောင်းရွှေ့ကြရန် တိုက်တွန်းခဲ့သည်။ မြန်မာအစိုးရ ဝန်ကြီးဌာနရုံးများနှင့် အထက်တန်း၊ အရာထမ်းအားလုံးမှာ နေပြည်တော်တွင် ရုံးထိုင်ကြရမည်ဖြစ်သောကြောင့် သံရုံးများအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်လိမ့်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စစ်အစိုးရက ၂ဝဝ၅ ခုနှစ်တွင် မြို့တော်ကို ရန်ကုန်မှ ရွှေ့ပြောင်းသွားပြီးနောက် နေပြည်တော်တွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ရဦးမည်ဟုလည်း ၎င်းက ပြောသည်။

ဘရူနိုင်းသံအမတ်ကြီးကမူ နေပြည်တော်သို့ သံရုံး မပြောင်းရွှေ့မီ နေပြည်တော်၌ နိုင်ငံတကာကျောင်းနှင့် ဆေးရုံများ ရှိရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“သူတို့နေပြည်တော်မှာ နိုင်ငံတကာ ကျောင်းတစ်ကျောင်း ဖွင့်ဖို့ လုပ်နေတယ်လို့ ကြားပါတယ်။ အဲဒါ ကောင်းပါတယ်။ သံအမန်အဖွဲ့တွေ အားလုံး နေပြည်တော် ပြောင်းမသွားမီ ဒါမျိုးတွေ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို တလျှောက်လုံး ပြောနေခဲ့တာပါ၊ မြန်မာအစိုးရကလည်း ဒါတွေကို အလေးထား စဉ်းစားပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လုပ်နေတယ်လို့ ထင်ပါတယ်။ နောက်တော့ ဖြစ်လာမှာပါ” ဟု ၎င်းက ပြောကြားသည်။

နေပြည်တော်တွင် သံတမန်ဇုန်တစ်ခုကို သတ်မှတ်စီစဉ်ပေးထားပြီး ဖြစ်သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

နေပြည်တော်တွင် သံတမန်ဇုန်တစ်ခုကို သတ်မှတ်စီစဉ်ပေးထားပြီး ဖြစ်သည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သံရုံးများအတွက် နေရာများကို နေပြည်တော်စတင် တည်ဆောက်စဉ်ကပင် စစ်အစိုးရက စီစဉ်ပေးထားခဲ့ပြီးဖြစ်သည်။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တစ်ကွက်လျှင် ၂ ဒသမ ၃ ဟက်တာ (၅ ဒသမ ၇ ဧက) ရှိသည့် မြေကွက်ပေါင်း ၁၂ဝ အား သံရုံးများအတွက် သီးသန့် ဖယ်ထားပေးခဲ့သည်။ ထို သံတမန်ဇုန် မြေနေရာသည် ရာဇသင်္ဂဟလမ်းမပေါ်ရှိ Junction Center Supermarket ၏ အနောက်ဘက်တွင် တည်ရှိသည်။

လက်ရှိအချိန်တွင် ထိုသံတမန်ဇုန်နေရာတွင် လူ ၁ဝဝ ခန့် နေထိုင်နေကြသည်။ အသက် ၄၈ နှစ်အရွယ် ဦးအောင်ကိုလတ်သည် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်မှ လွန်ခဲ့သော ၁ဝ နှစ်ကတည်းက ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏အိမ်အား အာဏာပိုင်များက ရုတ်တရက် ကြိုတင်သတိပေးခြင်းမရှိပဲ လာရောက်ဖျက်စီး ဖယ်ရှားခဲ့သည်ဟု ဦးအောင်ကိုလတ်က ပြောသည်။ ၎င်းက အိမ်ကိုပြန်လည်တည်ဆောက်ခဲ့သော်လည်း ဖယ်ရှားပေးရန် အာဏာပိုင်များက လာရောက်ပြောကြားသည့်အတွက် ဇုန်အတွင်းရှိ အခြားတစ်နေရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“အခုထိတော့ ဘာမှ လာမပြောသေးဘူး။ ပြောင်းခိုင်းတော့လည်း ပြောင်းရမှာပေါ့” ဟု ၎င်းကပြောသည်။

နေပြည်တော်သို့ ပြောင်းရွှေ့လာမည့် သံရုံးများအတွက် မြေကွက်များ၊ လမ်းများ၊ ရေ၊ မီး အလုံအလောက်ကို အစိုးရက စီစဉ်ပေးထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်က ပြောကြားသည်။

“International School of Yangon က နေပြည်တော်မှာ ကျောင်းခွဲတစ်ခု ဖွင့်ဖို့ စီစဉ်နေပါတယ်။ သံတမန်တွေအနေနဲ့ ကျန်းမာရေးအတွက် နေပြည်တော် အထွေထွေဆေးရုံကြီးမှာလည်း ကျန်းမာရေး ဝန်ဆောင်မှု ရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ISY ကျောင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း နေပြည်တော်တွင် ကျောင်းတစ်ကျောင်းဖွင့်ဖို့ အလွန်စိတ်ဝင်စားကြောင်း ပြောကြားသည်။

နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် သံရုံးများအတွက် အဓိက အကျိုးအမြတ်မှာ အစိုးရနှင့် အဆက်အသွယ် အမြန်ပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ဦးသန့်စင်က ပြောသည်။ “ဒါပေမယ့် အခက်အခဲတွေလည်း ရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

“သံရုံးတွေ လုံးဝ အသစ်ဖွင့်ဖို့ဆိုတာ သူတို့အတွက် အခက်အခဲတွေ ရှိနိုင်ပါတယ်၊ သံရုံးတွေအနေနဲ့ မြေနဲ့ အဆောက်အဦးတွေကို အပြတ်မဝယ်ဘဲ ငှားချင်တယ်ဆိုလဲ ငှားလို့ရပါတယ်” ဟု ၎င်းကပြောသည်။

နေပြည်တော်တွင် သံရုံးဖွင့်လှစ်ရန်အတွက် အစောဆုံး ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများမှာ ဘင်္ဂလားဒေရှ့်နှင့် မလေးရှားနိုင်ငံများ ဖြစ်ကြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂ဝ၁၂ ခုနှစ်ကတည်းက နေပြည်တော်တွင် မြေကွက် ဝယ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် သံရုံးပြောင်းရွှေ့ရန်ကိစ္စနှင့် ပတ်သက်၍မူ ဆုံးဖြတ်ချက်မချရသေးကြောင်း ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးမှ ပထမအတွင်းဝန် Mr. Mohammed Reyad Hossain က ပြောသည်။

ထို့ပြင် အခြား ၁၁ နိုင်ငံကလည်း သူတို့၏ သံရုံးများကို နေပြည်တော်သို့ ပြောင်းရွှေ့ရန် အဆိုပြုထားကြကြောင်း နေပြည်တော်ကောင်စီမှ သိရသည်။ ၎င်းတို့မှာ ရုရှား၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဆော်ဒီအာရေဗီယား၊ ကာတာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ တူရကီနှင့် ကူဝိတ်နိုင်ငံတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်က စတင်ကာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့် မေလတွင် တာဝန်ပြီးသွားခဲ့သည့် မစ္စတာအန်ဒရူး ပက်ထရစ်က တစ်ချိန်ကျလျှင် ရန်ကုန်မြို့မှ သံရုံးများအားလုံး နေပြည်တော်သို့ ပြောင်းရွှေ့ကြရမည်ဟု ထင်ကြောင်း Frontier နှင့် မေလက အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

“သံရုံးတစ်ရုံးကို မရွှေ့ခင် ခင်ဗျားစဉ်းစားရမယ့်  လက်တွေ့ကျတဲ့အရာတွေ အများကြီးရှိပါတယ်။ အချိန်တွေ ကြာပါတယ်။ ဗြိတိသျှစနစ်မှာတော့ များသောအားဖြင့် ၁ဝ နှစ်လောက် ကြာပါတယ်။ ဒါ့ကြောင့် ချက်ခြင်းကြီးတော့ မဖြစ်လာပါဘူး။ ရေရှည်မှာ တကယ်လို့ မြို့တော်က နေပြည်တော်ဖြစ်မယ်ဆို သံရုံးတွေ မြို့တော်ကို ရွှေ့သင့်ပါတယ်။ ဒါက သဘာဝကျပါတယ်။ အလုပ်ဖြစ်ပါတယ်။ ကျွန်တော် သေချာပြောနိုင်တာက ကျွန်တော်တို့အားလုံး ရန်ကုန်မှာလည်း ရုံးတွေရှိနေရမှာပဲ” ဟု ၎င်းကပြောကြားသည်။

“မြန်မြန်ဆန်ဆန်ကြီး ရွှေ့ရမယ်လို့တော့ ကျွန်တော်မထင်ပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.