နာမည်ထင်ရှား ကျော်ကြားသည့် မန္တလေး

မန္တလေးမြို့မှာ လူများစွာ မှတ်ထင်ရှုမြင်ထားသည့် အပူပိုင်းဇုန်မှ နိဗ္ဗာန်ဘုံတစ်ခု မဟုတ်သော်ငြားလည်း ဘုရားကျောင်းကန်များနှင့် ဦးပိန်တံတားမျှထက်တော့ ပိုနေပေသည်။

ဒေးဗစ် မစ်ဘာ့ခ် ရေးသားသည်။

တမူထူးခြားသော အင်းလေးကန်၊ သို့မဟုတ် ရှေးဟောင်း ပုဂံစေတီပုထိုးတို့၏ ကျော်ကြားမှုမျိုး မရှိသည့်တိုင် မြန်မာ့နောက်ဆုံးမင်းဆက်၏ မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တော်မှာ ကမ္ဘာလှည့်ခရီးသွား လမ်းကြောင်းပေါ်ရှိ အရေးပါသော တစ်ထောက်တစ်နေရာ ဖြစ်ပေသည်။

ယင်း၏ အမည်နာမ တစ်ခုတည်းဖြင့်ပင်လျှင် ဤမြို့ကို အမှတ်တမဲ့ ဖြစ်သွားသည့် ခရီးသွား မရှိသလောက် ရှားပေလိမ့်မည်။ မန္တလေးမြို့မှာ တပြည်ရပ်ခြား နေထိုင်နေသူများအကြားဝယ် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး မြို့တစ်မြို့ ဖြစ်ဖွယ်ရာရှိသည်။ သို့ရာတွင် ယင်းသို့သော ကျော်ကြားမှု အများစုမှာ လွဲမှားသော သရုပ်သကန်ပေါ်၌ တည်ရှိနေဟန်ရှိသည်။

 “မန္တလေး” မှာ ထူးခြားဆန်းပြားမှုအတွက် အတိုကောက်စာလုံး ဖြစ်လာခဲ့သည်။ ရုယာ့ဒ် ကစ်ပလင်သည် ၎င်း၏ အကျော်ကြားဆုံး ကဗျာတစ်ပုဒ်ကို မော်လမြိုင်တွင် စပ်ဆိုခဲ့သော်လည်း “မန္တလေး” ဟု အမည်ပေးထားသည်။ (ဂျော့ချ် အော်ဝဲလ်သည်လည်း ၎င်း၏ လူသိအနည်းဆုံး စာပေလက်ရာ တစ်ခုကို မန္တလေးတွင် စတင်ခဲ့သည်။ သို့သော်ငြားလည်း ခေတ်သစ် စာပေနယ်ပယ်တွင် ပါဝင်ခဲ့ခြင်း မရှိဟန်တူသော ဤစာပေလက်ရာမှာ လိင်လုပ်သားတစ်ဦးကို ဈေးဆစ်သည့်အကြောင်းနှင့်ပတ်သက်သည့် ကိုးရိုးကားယားနိုင်လှသော ရေးဖွဲ့သီကုံးမှုပင်ဖြစ်သည်။)

ကစ်ပလင်ကဗျာမှာ နောက်ပိုင်းတွင် သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖရန့် ဆင်နာထရာ (“ကြောင်များ” နှင့် “အမျိုးသမီးများ” အကြောင်း ကိုးကားရာ၌ သဘာဝအလျောက် လွဲမှားခဲ့သူ) အပါအဝင် အနုပညာရှင်များစွာ သီဆိုခဲ့ကြသည်။ သို့သော်ငြားလည်း ဤသီချင်းသည် မန္တလေးမြို့အမည်ကို များစွာ ပျံ့နှံ့စေခဲ့သည်။

မန္တလေးမြို့မှာ အနောက်တိုင်း ပရိသတ်များအကြား ဆက်လက်ထင်ရှားလျက်ရှိသည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် လားစ် ဗီးဂက်စ် ကမ်းမြှောင်ဒေသမှ အထပ် ၄၃ ထပ်ပါ “မန္တလေးဘေး” Mandalay Bay ကမ်းခြေအပန်းဖြေစခန်းအတွက် မန္တလေးအမည် သုံးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ယင်းအပန်းဖြေစခန်းတွင် ငါးမန်းကျောက်တန်း ငါးပြတိုက်၊ မိုက်ကယ်ဂျက်ဆင် တစ်ကိုယ်တော် ဖျော်ဖြေပွဲတို့ကို ဂုဏ်ယူစဖွယ် တင်ဆက်ခဲ့သော်လည်း မှည့်ခေါ်ထားသည့် မြို့တော်အမည်နာမနှင့် ဆက်စပ်ဟန် မရှိခဲ့ချေ။

ဥပမာအားဖြင့် မန္တလေးဘေးတွင် မြေ ၁၁ ဧက ကျယ်ဝန်းသောနေရာပေါ်၌ သဲတန်ချိန် ၂,၇၀၀ ခင်းထားသည့် လူလုပ်ကမ်းခြေ တစ်ခု ရှိနေသည်။ ယင်းပမာဏမှာ ပင်လယ်သမုဒ္ဒရာမှ ကီလိုမီတာ ရာနှင့်ချီ၍ ဝေးကွာသည့် မန္တလေးမြို့မှာထက် သဲတန်ချိန် ၂,၇၀၀ ခန့် ပိုများနေခြင်းဖြစ်သည်။

မြို့တော်၏ ချွတ်ချော်မှု မဟုတ်သည့်တိုင် မန္တလေးသည် တကယ်တမ်း၌ မည်သို့သောနေရာ ဖြစ်သည်ဆိုသော အမည်သတင်း ကျော်ဇောမှုမှာ တိမ်မြုပ်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းမှ တကယ့် အဂရာဘာ ဒေသမျိုးသို့ ပို့ဆောင်ခံရမည်ဟု မျှော်မှန်းထားသူ ခရီးသွားများအဖို့ အမြဲလိုလို စိတ်ပျက်ဖွယ်ရာရှိသော်လည်း မန္တလေးမြို့မှာ ရင်သပ်ရှုမောဖွယ် ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ် ရှိနေပြီး သွားရောက်လည်ပတ်ထိုက်သော ခရီးသွားနေရာအဖြစ်လည်း သူနည်းသူ့ဟန် တည်ရှိနေပြန်သည်။

ပြဿနာမှာ သာမန်ကာလျှံကာ ခပ်မြန်မြန် ကြည့်ရုံမျှဖြင့် မသိနိုင်ခြင်း ဖြစ်သည်။ မန္တလေးသည် ကျယ်ပြန့်၊ ဖုန်ထူပြီး လာလည်သူများ ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲသော နေရာ ဖြစ်နိုင်သည်။ ခရီးသွားလမ်းညွှန် ဝက်ဘ်ဆိုက် Lonely Planet ကို လက်ကိုင်ပြုကာ အလွန်အလှမ်းကွာလှသော ခရီးသွားနေရာအချို့သို့ သွားရောက် နေဆာလှုံတတ်သော ကမ္ဘာလှည့်ခရီးသွားများအား အခါအားလျော်စွာ သင်တွေ့ဖူးမည် ဖြစ်သော်လည်း တက္ကစီများ မရှိသလောက် ရှားပါးပြီး လမ်းပေါ်ဆင်းလျှောက်ရန်မှာလည်း ခက်ခဲသည်။

သို့တစေ မန္တလေးမြို့ကို စိတ်ဝင်စားဖွယ်ရာ မကောင်းသည့် ကွန်ကရစ်ပုံကြီးအဖြစ် ဖော်ပြခြင်းမှာ ယင်းကို အရှေ့တိုင်း အိုအေစစ်တစ်ခုသဏ္ဍာန် ဖော်ပြခြင်းကဲ့သို့ လွဲမှားမှုမျိုးပင် ဖြစ်တော့သည်။

ဦးပိန်တံတား၊ မန္တလေးတောင်တော်နှင့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကဲ့သို့သော နေရာအချို့မှာ ကမ္ဘာလှည့်ခရီးသွား နေရာများအဖြစ် အခိုင်အမာ တည်ရှိခဲ့ပြီးဖြစ်သော်လည်း အောက်ပါနေရာတို့မှာလည်း မန္တလေးသို့ နောက်တစ်ကြိမ် သွားမည့်သူများ ရောက်ရှိနိုင်စေရန် အကြံပြုချက်အချို့ကို တင်ပြပေးလိုက်သည်။

နောက်ထပ်တောင်တော် တစ်ခု

မန္တလေးတောင်တော်မှာ ယင်းမြို့၏ အထင်ကရ အရှိဆုံးနေရာ ဖြစ်ဖွယ်ရှိသည်။ မြို့အရှေ့ဘက် ခြောက် ကီလိုမီတာခန့်အကွာ ၁၉ လမ်းပေါ်တွင်ရှိသော ရန်ကင်းတောင်မှာ ပိုမိုသက်သောင့်သက်သာရှိပြီး လာရောက်လည်ပတ်သူ ပိုမိုနည်းပါးသောနေရာ ဖြစ်သည်။

ယင်းတောင်မှာ သဒ္ဒါထက်သန်စွာ တည်ထားသော ဘုရားဆင်းတုများ စံပယ်တော်မူရာ ပြန့်ပြူးသည့် တောင်ထိပ်နှင့်အတူ စိမ်းစိမ်းစိုစို ရှိလှပေသည်။ ယာမြေစိုက်ခင်းများ ဝန်းရံထားသည့် ယင်းနေရာမှာ မန္တလေးမြို့ပြင်၌ ရှိနေသည်ဆိုခြင်းထက် ရှမ်းတောင်တန်းများနှင့် ပိုမိုနီးစပ်သည်ဟု ခံစားရစေပြီး တောင်ထိပ်မနေ၍ ပိုမိုအံသြဖွယ်ရာ မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ပေသည်။ မန္တလေးတောင်တော်ကဲ့သို့ ဆူညံမနေဘဲ တိတ်ဆိတ်ကာ နေဝင်ချိန်ကို စောင့်ကြည့်ရန် တောင်ထိပ်သို့ အလုအယက် စုပြုံတက်လာကြမည့် ခရီးသွားများနှင့် ပြည့်နေသော ပစ်ကပ်ကားများလည်း မရှိချေ။

ရန်ကင်းတောင်ထိပ်သို့ ရောက်ရှိရန် လမ်းနှစ်သွယ် ရှိသည်။ မန္တလေးမှ ကား၊ သို့မဟုတ် မော်တော်ဆိုင်ကယ်ဖြင့် သွားပါက တောင်ကုန်းနောက်ကျောသို့ ရောက်ရှိသွားနိုင်ပြီး တောင်ထိပ်သို့ ရောက်ရန် လေတိုက်ကြမ်းသော လမ်းမှ သွားရပေမည်။ စိတ်ဝင်စားသည်ဆိုပါက အကျိုးပိုရှိမည့် အတွေ့အကြုံအတွက် တောင်အောက်တွင် ယာဉ်ရပ်ထားကာ အနောက်ဘက်ခြမ်း လှေကားများအတိုင်း တက်ရောက်ကြည့်ပါ။

ဒီးဒုတ်တွင် ချိန်းဆိုလည်ပတ်ခြင်း

မန္တလေးမြို့အပူချိန်နှင့် ဖုန်မုန့်များဘေးမှ လွတ်မြောက်ရန် အကောင်းဆုံးနည်းလမ်း တစ်ရပ်မှာ ဒီးဒုတ်ရေတံခွန်သို့ သွားရောက်လည်ပတ်ခြင်းပင်ဖြစ်သည်။ ရှမ်းတောင်ကုန်းပြင်မြင့်မှ စီးဆင်းလာသည့် ကြည်လင်ပြာလဲ့သော ရေများမှာ မြစ်ငယ်မြစ်အတွင်းသို့ မစီးဝင်မီ ယင်းနေရာကို ဖြတ်သန်းစီးဆင်းကာ ရှေးဟောင်းမြို့တော် အင်းဝ၏ မြေနိမ့်ဒေသများမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းခြင်းကြောင့် ဤနေရာမှာ ရင်သပ်ရှုမောဖွယ်ရာကောင်းပေသည်။

ယင်းနေရာ၌ နေ့ရက်အများစုမှာ တိတ်ဆိတ်အေးချမ်းလျက်ရှိသည်။ ခြောက်သွေ့ရာသီ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်တိုင် ပုံမှန်အားဖြင့် ပြာလဲ့လဲ့ရေအိုင်များထဲတွင် ရေစိမ်ရန် ရေ အလုံအလောက် ရှိနေသည်။ သို့သော် ဒီးဒုတ်ရေတံခွန်၏ နှစ်လိုဖွယ် ဆွဲဆောင်မှုမှာ သူငယ်ချင်းများနှင့် အပန်းဖြေသော နေရာ တစ်ခုဆိုသည်ထက်ပင် ပိုနေသေးသည်။ ဒေသခံ စွန့်ဦးတီထွင် စီးပွားရေးသမားများက ရေတံခွန်ဘေး၌ အစားအသောက်များ ရောင်းချပေးသော တဲများကို တည်ဆောက်ခဲ့ကြပြီးဖြစ်သည်။

ဒီးဒုတ်ရေတံခွန်ကို ရှာဖွေရသည်မှာ အတန်ငယ် ရှုပ်ထွေးသော်လည်း မဖြစ်နိုင်သော အရာတော့ မဟုတ်ပေ။ အထောက်အကူပြုသည်မှာ ယင်းကို ဂူးဂဲလ်မြေပုံပေါ်တွင် မှတ်သားထားခြင်းပင် ဖြစ်သည်။ မန္တလေးမှ ပြင်ဦးလွင်သို့ သွားရာလမ်းအတိုင်း ၄၅ မိနစ်ကြာ သွားလိုက်ပါ။ အဝေးပြေးလမ်းမှ တောင်တန်းများပေါ်  စတင်မတက်ရောက်မီ မြစ်ငယ်နှင့်အပြိုင် ပြေးနေသည့် လမ်းအတိုင်း တောင်ဘက်သို့ ကွေ့ချိုးလိုက်ရမည်ဖြစ်သည်။

ရေတံခွန်မှာ ထိုလမ်းမှ မော်တော်ဆိုင်ကယ်ဖြင့် ၁၅ မိနစ်မျှ သွားရသော အကွာအဝေးတွင် ရှိနေသည်။ အများစုမှာ ဒေါက်မြင့်ဖိနပ်ကဲ့သို့ အဆင်မပြေနိုင်သည့် ဖိနပ်များဖြင့် လာရောက်ဟန် ရှိကြသော်လည်း ကံကောင်းထောက်မစွာပင် ကြိုးသိုင်းဖိနပ်များ ရောင်းနေသော အမျိုးသမီးတစ်ဦးအား ထိုလမ်းပေါ်မှာပင် တွေ့ရှိရသည်။

သင့်ဆိုင်ကယ်ဖြင့်

မန္တလေးမြို့၏ နှစ်လိုဖွယ် ဆွဲဆောင်မှုများမှာ မြို့တွင်းအချက်အချာကျ နေရာများနှင့်ဝေးရာ မြို့စွန်သို့ ဦးတည်သည့် ပိုမိုတိတ်ဆိတ်သော နေရာများတွင် တည်ရှိနေသည်။ အခက်အခဲမှာ ထိုနေရာများသို့ အရောက်သွားရခြင်းဖြစ်သည်။

မန္တလေးမြို့မှာ တချိန်တခါက စက်ဘီးမြို့တော်ဖြစ်ခဲ့သော်ငြားလည်း ယနေ့မူ မော်တော်ဆိုင်ကယ် အရေအတွက်မှာ သိသိသာသာ ပိုမိုများပြားလျက်ရှိသည်။ နိုင်ငံခြားသားများအတွက် မန္တလေး မော်တော်ဆိုင်ကယ် အငှားနှင့် ခရီးသွားလုပ်ငန်းအပါအဝင် လုပ်ငန်းအချို့က မော်တော်ဆိုင်ကယ်များ ငှားရမ်းနေရာ ရန်ကုန်မြို့၌ အလွန်တရာ ယာဉ်ကြောကျပ်မှုကို တစ်နေ့တာအတွင်း ၃၇ နာရီခန့် ရင်ဆိုင်ရပြီးနောက်ဝယ်  မန္တလေးမြို့ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုခြင်းမှာ အလွန်ကောင်းမွန်သော အပန်းဖြေမှုတစ်ခု ဖြစ်တော့သည်။

အခြားရွေးချယ်မှုတစ်ခုမှာ Grasshopper Adventures လုပ်ငန်းနှင့်အတူ ဧည့်လမ်းညွှန်ပါသော ဆိုင်ကယ်ဖြင့် လှည့်လည်ခြင်းပင်ဖြစ်သည်။ ထိုကုမ္ပဏီသည် ဒေသန္တရ အစားအသောက်များကို ရှာဖွေခြင်းအတွက် စပါးခင်းများကို ဖြတ်သန်းရသည့် နေ့တစ်ဝက်တာ ခရီးစဉ်မှသည် ပုဂံသို့ သွားရောက်သည့် သုံးရက်ကြာ ခရီးစဉ်များအထိ အရာရာတိုင်းကို ကမ်းလှမ်းလျက်ရှိသည်။

ဧည့်လမ်းညွှန်ပါသော လှည့်လည်အပန်းဖြေရေးခရီးသည် သင် မတွေ့ရနိုင်သည့် မြို့၏ အခြားနေရာများသို့ သင့်ကို ဆောင်ကြဉ်းပေးနိုင်ပြီး တချိန်တည်းမှာပင် မန္တလေးမြို့၏ အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားရန်လည်း အထောက်အကူပြုသည်။

အသင့်ပြင်၊ နေရာယူ၊ သွားပေရော့

ရန်ကုန်မြို့ထက်ပင် မြစိမ်းရောင်နေရာ နည်းပါးသော မန္တလေးမြို့မှာ အပြင်ထွက် လှုပ်ရှားမှုများအတွက် ထင်ရှားလှသည့်နေရာ မဟုတ်ပေ။ ကျုံးဘေးတွင် နံနက်စောစော လမ်းလျှောက်ခြင်း၊ သို့မဟုတ် ညနေခင်းတွင် မန္တလေးတောင်ပေါ်တက်ခြင်းမှာ တကယ့်ကို နှစ်လိုဖွယ် လှုပ်ရှားမှုဖြစ်ပြီး ခြေလက်ဆန့်ဖို့ မြို့ပတ်ဝန်းကျင်တွင် ဂေါက်ကွင်းအနည်းငယ်လည်း ရှိနေသေးသည်။ မန္တလေးတောင်ခြေရှိ ဂေါက်ရိုက်လေ့ကျင့်ကွင်းမှာ ဆွဲဆောင်မှု ရှိကာ ဈေးနှုန်းလည်း သင့်မျှပေသည်။

မန္တလေးမြို့ရှိ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အပြင်ဘက် လှုပ်ရှားမှုမှာ Ant Paintball Club သို့ သွားရောက်ခြင်းပင်ဖြစ်သည်။ ရန်ကင်းတောင်အနီး မြင်းစီးကလပ်နှင့် နှစ်ခြံအကွာ ဟိုတစ်စု သည်တစ်စု ရှိနေသော လောင်စာဆီပေပါများနှင့် သံချေးတက်နေသော ကားများနှင့် ဝေဝေဆာဆာ ရှိလှသော နေရာပင်ဖြစ်သည်။ သွားပြီးမှ စိတ်မပျက်ရအောင် မသွားခင် ကြိုတင်ဖုန်းခေါ်ကြည့်ခြင်းမှာ အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

အောင်မင်း ဘာသာပြန်သည်။

ဤဆောင်းပါးကို Frontier ၏ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအကြောင်း ဖော်ပြသော Discover Myanmar အထူးကဏ္ဍ အချပ်ပို၌ ကနဦးဖော်ပြခဲ့သည်။ ခေါင်းစီးဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.