နာဂဒေသကို ဆက်လက် ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ကပ်ဆိုးတွေ

ဝက်သက်ရောဂါဟာ ကာကွယ်ကုသလို့ရတဲ့ ရောဂါဖြစ်ပေမယ့် ပြီးခဲ့တဲ့ လတွေမှာ ဒီရောဂါကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်က နာဂဒေသရဲ့ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အခြေအနေကို မီးမောင်းထိုးပြလိုက်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးပါနွမ်းတယောက် ရက်အတန်ကြာ နေမကောင်းဖြစ်ပြီးတဲ့နောက်မှာ သူရဲ့ မိသားစုနဲ့ မွေးရပ်မြေကို အပြီးအပိုင် စွန့်ခွာသွားပါတော့တယ်။

အဲ့ဒိနောက် ရက်အနည်းကြာတော့ တောင်တန်းများထူထပ်ပြီး သွားလာရခက်ခဲတဲ့ မြန်မာနိုင်ငံ အနောက် မြောက်ဘက် နာဂတောင်တန်းပေါ်က ဦးပါနွမ်းရဲ့ ဈာပနအခမ်းအနားဟာ နာဂလူမျိုးစုတွေရဲ့ ရိုးရာ အစဉ်အလာတွေအတိုင်း ကျင်းပပြီးစီးသွားခဲ့ပါတယ်။

လဟယ်မြို့ကနေ မိုင် ၄၀ (၆၄ကီလိုမီတာ)လောက်ဝေးတဲ့ ထန်ခေါ်လားမားကျေးရွာက ဒီဈာပနအခမ်းအနားဟာ နောက်ရက်အနည်းငယ်အတွင်း ရွာမှာဒါဇင်နဲ့ချီပြီး ကျင်းပရမယ့် ဈာပနအခမ်းအနားတွေရဲ့အစဆိုတာတော့ ဘယ်သူမှ ကြိုမသိခဲ့ပါဘူး။

ဦးပါနွမ်းသေဆုံးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်ကနေ နောက်နှစ်လဖြစ်တဲ့ သြဂုတ် ၄ ရက်အထိ လူဦးရေ ၃၄၃ ယောက်ရှိတဲ့ ထန်ခေါ်လားမားကျေးရွာမှာ ဦးပါနွမ်း ခံစားရတဲ့ဝေဒနာနဲ့ပဲ အသက်ငါးနှစ်အောက် ကလေး ၁၈ ယောက်အပါအဝင် နောက်ထပ် ၂၄ ယောက် ထပ်မံ သေဆုံးသွားပြန်ပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်တဲ့ မြန်မာနိုင်ငံက အဆင်းရဲဆုံးဒေသတွေထဲမှာ တစ်ခုဖြစ်နေတဲ့ နာဂဒေသမှာ ပြီးခဲ့တဲ့ ဇွန်လလယ်ကစပြီး သြဂုတ်လလယ်အထိ နှစ်လကျော်အတွင်း ဝက်သက်ရောဂါကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ဒေသခံတွေ ရောဂါဝေဒနာ ခံစားခဲ့ရပါတယ်။ သေဆုံးသူအများစုက ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

လာဟယ်မြို့နယ်ရှိ ထန်ကော်လားမားကျေးရွာတွင် ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေကြသည့် ဒေသခံများ။ ဓာတ်ပုံ-ဒေါက်တာထူးမြင့်ဆွေ

လာဟယ်မြို့နယ်ရှိ ထန်ကော်လားမားကျေးရွာတွင် ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေကြသည့် ဒေသခံများ။ ဓာတ်ပုံ-ဒေါက်တာထူးမြင့်ဆွေ

ဝက်သက်ရောဂါဟာ ကာကွယ်ကုသလို့ရတဲ့ရောဂါဖြစ်ပေမယ့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့ အဲဒီအဖြစ်အပျက်ဟာ နာဂဒေသရဲ့ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အခြေအနေကို မီးမောင်းထိုးပြလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နာဂမျိုးနွယ်စုတွေ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးထဲက လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး အစိုးရက သတ်မှတ်ပေးခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပေမယ့် နာဂဒေသဟာ အစိုးရလက်လှမ်းမမှီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အောက်မှာပဲ ရှင်သန်နေခဲ့ရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကလည်း ဝေးလံတဲ့ နာဂဒေသကိုဆိုရင် မသွားချင်ကြပါဘူး။ အစိုးရဖွဲ့စည်းပုံအရ ကျန်းမာရေးဝန်ထမ်း ၃၀၉ ယောက်ရှိရမယ့် နာဂဒေသမှာ တကယ်တာဝန်ထမ်းဆောင်နေတာက ဖွဲ့စည်းပုံရဲ့ သုံးပုံတစ်ပုံတောင်မရှိဘူးလို့ နာဂအမျိုးသားရေးရာကောင်စီက ထောက်ပြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လဟယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူရဲ့ အဆိုအရ ၂၀၁၂ တုန်းကဆိုရင် လဟယ်မြို့က ဒေသခံတွေဟာ သူတို့ ကျန်းမာရေးအတွက် အစိုးရဘက်က ခန့်ထားတဲ့ တစ်ဦးတည်းသော ဆရာဝန်ကိုသာ အားကိုးနေရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၃,၀၀၀ ကျော်ရှိတဲ့ အဲဒီမြို့ကလူတွေဟာ မြို့က တစ်ဦးတည်းသော ဆရာဝန်နဲ့ မကုသချင်ဘူးဆိုရင် လဟယ်ကနေ တစ်ညအိပ်ခရီးသွားရတဲ့ ခန္တီးနဲ့ နှစ်ညအိပ် သုံးရက်ခရီးသွားရတဲ့ မန္တလေးတို့ကို သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူရပါတယ်။

နာဂဒေသအတွက်တော့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကပ်ရောဂါတွေကြောင့် လူတွေအစုလိုက်၊ အပြုံလိုက် သေဆုံးရတာ ဒီတစ်ခါက ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ နာဂဒေသမှာ ဆယ်စုနှစ် သုံးခုနီးပါး ခရစ်ယာန် သာသနာပြုလုပ်ငန်းတွေလုပ်လာတဲ့ သိက္ခာတော်ရဆရာတော် စီမူတောင်းက ပြောပါတယ်။

၁၉၈၀ ကနေ ၁၉၉၀ ပြည့်နှစ်အထိ ၁၀ နှစ်အတွင်း အနည်းဆုံးနှစ်ကြိမ်ထက်မနည်း လူတွေအစုလိုက် အပြုံလိုက် သေတာတွေကို သူတွေ့ကြုံခဲ့ရတယ်လို့ ဆရာတော်စီမူတောင်းက ပြောပါတယ်။

“အစာအဟာရ ချို့တဲ့နေတဲ့အချိန်မှာ ဝမ်းရောဂါကျပြီး တစ်ခါထဲ လူ၂၀၀၊ ၃၀၀ သေတယ်။ တစ်ချို့ရွာတွေဆိုရင် အိမ်ခြေ ၂၀-၃၀ သေပြီး အလောင်းတွေကို မြေကျင်းအကြီးကြီးတူးပြီး မြုပ်ခဲ့ရတဲ့အချိန်တွေလဲ ရှိခဲ့ဖူးတယ်”လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေပြီး သတင်းအမှောင်ချထားတဲ့ အဲဒီကာလတွေက လူသူအရောက်အပေါက်နည်းလှတဲ့ နာဂဒေသမှာ လူတွေအစုလိုက် အပြုံလိုက်သေတယ်ဆိုတဲ့သတင်းဟာ ကောလာဟာလတစ်ခုအဖြစ်နဲ့တောင် လူကြားထဲမရောက်ခဲ့ပဲ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရပါတယ်။

“အဲဒီတုန်းက ဒီလောက် အဆက်အသွယ်မရှိတဲ့ကာလဆိုတော့ အစိုးရကလဲ (ကျနော်တို့ သတင်းပို့ရင်) ဟုတ်သလားဆိုပြီးပဲ ပြန်ပြောခဲ့တဲ့အချိန်တွေ၊ ဘာတစ်ခုမှ အကူအညီမပေးခဲ့တဲ့ အချိန်တွေလည်း ရှိတယ်”လို့ ဆရာတော်စီမူတောင်းက ပြောပါတယ်။

နာဂလက်နက်ကိုင်တွေနဲ့ အစိုးရအကြား တိုက်ခိုက်မှုတွေရှိနေခဲ့တဲ့ အဲဒီအချိန်တွေတုန်းက တစ်ချို့ရွာတွေဆိုရင် ပြင်ပကမ္ဘာက လူတစ်ယောက်ရောက်လာဖို့အတွက် ဆယ်စုနှစ်တွေချီပြီး ကြာတတ်တယ်လို့လည်း သူက ဆိုပါတယ်။

လာဟယ်မြို့နယ်ရှိ ထန်ကော်လားမားကျေးရွာတွင် ကာကွယ်ဆေး ထိုးနှံပေးနေစဉ်။ ဓာတ်ပုံ-ဒေါက်တာထူးမြင့်ဆွေ

လာဟယ်မြို့နယ်ရှိ ထန်ကော်လားမားကျေးရွာတွင် ကာကွယ်ဆေး ထိုးနှံပေးနေစဉ်။ ဓာတ်ပုံ-ဒေါက်တာထူးမြင့်ဆွေ

အခုလဲ နာဂဒေသမှာ ဆရာတော်စီမူတောင်းပြောပြခဲ့တဲ့ အခြေအနေတွေအတိုင်း မပြောင်းလဲသေးတာတွေ ရှိနေဆဲပါ။

နာဂဒေသအတွက် တစ်နေရာနဲ့ တစ်နေရာကို ဆက်သွယ်ဖို့ဆိုတာ အလွန်ခက်ခဲလှတဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့ အချိန်တုန်းကဆိုရင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ  တယ်လီဖုန်းအလုံး ၁,၂၀၀ လောက်ပဲရှိပါတယ်။ သန်းခေါင်စာရင်းအရ အဲဒိဒေသမှာ ဖုန်းတစ်လုံးကို လူ ၁၀၂ ယောက်နှုန်း အသုံးပြုခဲ့ရပါတယ်။

မကြာမီက ဖြစ်ရပ်မှာလည်း ကူးဆက်ရောဂါကြောင့် နာဂဒေသမှာ လူတွေ သေနေဆုံးနေတဲ့အကြောင်းကို ပြင်ပကမ္ဘာကလူတွေ သိဖို့အတွက် ရက်တွေအများကြီး ကြာမြင့်ခဲ့ပါတယ်။

နာဂအမျိုးသားရေးရာကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းရဲ့ အဆိုအရ ပထမဆုံး သေဆုံးခဲ့တဲ့ ဦးပါနွမ်း သေဆုံးခဲ့ပြီး နောက် ၃၃ ရက်ကြာမှ အဲဒီသတင်းဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအရာရှိတွေဆီကို ရောက်ခဲ့ပါတယ်။

ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ထန်ခေါ်လားမားကျေးရွာကို အစိုးရက စေလွှတ်တဲ့ ပထမဆုံးဆေးအဖွဲ့ ရောက်ဖို့အတွက်ကတော့ ၄၈ ရက် ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ထန်ခေါ်လားမားကျေးရွာမှာ သေဆုံးသူ ၁၆ ယောက်အထိ ရှိသွားခဲ့ပါပြီ။

ဒီကူးဆက်ရောဂါကို အစိုးရက တုန့်ပြန်ဆောင်ရွက်တာ နှေးကွေးလွန်းတယ်လို့လည်း နာဂလူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“အယောက် ၄၀ နီးပါး သေနေတဲ့အချိန်အထိ ဘာအကူအညီမှ မရဘူး”လို့ သြဂုတ် ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂအမျိုးသားရေးရာကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက ပြောပါတယ်။

နာဂဒေသမှာ ကူးဆက်ရောဂါကြောင့် လူ ၂၅ ယောက်လောက် သေနေပြီဆိုတဲ့သတင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်၂၀ ရက်နေ့မှ ရရှိခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက အစိုးရသတင်းဌာနတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နောက်နှစ်ပတ်လောက်ကြာတော့ အဲဒီကူးဆက်ရောဂါကို ဝက်သက်ရောဂါလို့ အစိုးရက အတည်ပြုခဲ့ပါတယ်။ နောက်ပြီး ရောဂါကို ထိန်းချုပ်နိုင်ပြီလို့လည်း ကြေညာခဲ့ပါတယ်။

ရောဂါခံစားနေရသည့် ကလေးများ၏ ဓာတ်ပုံကို နာဂရေးရာကောင်စီ ရုံးခန်းတွင် ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက ပြသနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ရောဂါခံစားနေရသည့် ကလေးများ၏ ဓာတ်ပုံကို နာဂရေးရာကောင်စီ ရုံးခန်းတွင် ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက ပြသနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“MOI (ပြန်ကြားရေးဝန်ကြီးဌာန) ဖေ့ဘုတ်စာမျက်နှာမှာ ရောဂါကို ထိန်းချုပ်နိုင်ပြီဆိုပြီး သြဂုတ် ၆ ရက်နေ့မှာ ကြေညာတယ်။ အဲဒီနေ့ပဲ နှစ်ယောက်ထပ်သေတယ်။ မြေပြင်အခြေအနေနဲ့ေတော့ လွဲနေတယ်”လို့ နော်အောင်ဆန်းက ပြောပါတယ်။

အခုရောဂါဖြစ်ပွားနေတဲ့ နေရာတွေဟာ မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာဖြစ်ပြီး အိန္ဒိယဘက်အခြမ်းမှာလဲ မြန်မာပြည်မှာ ဖြစ်တာထက် တစ်လလောက်စောပြီး မေလအတွင်းက ဖြစ်ပွားခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး ဝက်သက်ရောဂါက နောက်ဆက်တွဲအနေနဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းတွေကို ဖျက်ဆီးစေတဲ့အတွက် တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့တွေကိုလည်း စေလွှတ်ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပါသေးတယ်။

ဒါပေမယ့် ကံမကောင်းတဲ့ နာဂတွေအတွက် နောက်ထပ် ကံဆိုးမိုးမှောင်မှုတွေ ထပ်မံကျရောက်ခဲ့ပြန်ပါတယ်။

ကူးဆက်ရောဂါဖြစ်ပွားနေတဲ့ မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာ အိန္ဒိယစစ်တပ်နဲ့ နာဂလက်နက်ကိုင်တွေ တိုက်ပွဲဖြစ် ပွားခဲ့တာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေ ဆိုင်းငံ့လိုက်ရပါတယ်။

“(တိုက်ပွဲဖြစ်တဲ့နေရာက) မိုင်တိုင် ၁၅၁ ဆိုရင်တော့ လဟယ်မြို့နယ်ထဲမှာပဲ။ အခုလက်ရှိ ရောဂါဖြစ်ပွားနေတဲ့ နေရာနဲ့ သိပ်မဝေးတော့ဘူးပေါ့” လို့ နော်အောင်ဆန်းက ပြောပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ ယမ်းကြိမ် ကျေးရွာအနီးမှာ အိန္ဒိယစစ်တပ်နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K  တို့အကြား သြဂုတ် ၁၉ ရက်နေ့၊ နံနက်အရုဏ်တက်ချိန်မှာ  တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက်  အဲဒီဒေသကိုသွားဖို့အတွက် ပြင်ဆင်နေတဲ့ ကူညီကယ်ဆယ်ရေး ဆိုင်ကယ်ယာဉ်တန်းဟာ အစီအစဉ်ကို ဖျက်ခဲ့လိုက်ရပါတယ်။

ကြိုတင်ကာကွယ်လို့ရတဲ့ ဆေးဝါးတွေရှိနေတဲ့ အခုလို အချိန်မျိုးမှာ နာဂဒေသက လူတွေအတွက်တော့ ဝက်သက်ဆိုတာ အသက်သေဆုံးတဲ့အထိ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်နေဆဲပါပဲ။

ခေါင်းစီးဓာတ်ပုံ- နာဂဒေသတွင် ဝက်သက်ရောဂါကြောင့် ကလေးငယ်များအပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ ဓာတ်ပုံ-ဒေါက်တာထူးမြင့်ဆွေ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.