ဓာတ်ပုံတစ်ပုံကြောင့် Rebel Riot အဖွဲ့က မဘသ ဘုန်းတော်ကြီးများထံ တောင်းပန်ခဲ့ရ

ရန်ကုန်၊ မတ် ၂၉

ပြည်တွင်း ပန့်ခ်ဂီတအဖွဲ့တစ်ခုဖြစ်သည့် Rebel Riot အဖွဲ့က ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာတို့၏ ဘာသာရေးဆိုင်ရာ အဝတ်များဝတ်ဆင်၍ ဓာတ်ပုံရိုက်ကူးခဲ့သည့်ကိစ္စအား ဗုဒ္ဓဘာသာဝင်များက မကျေနပ်ဟုဆိုသဖြင့် ယင်းအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ- ဗဟို) ရုံးစိုက်ရာ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ဘုန်းတော်ကြီးများထံ ဝန်ချ တောင်းပန်ခဲ့ရသည်။

Rebel Riot အဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်စဉ် အဖွဲ့ဝင်နှစ်ဦးက ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများကဲ့သို့ ဝတ်စားသလို ကျန်တစ်ဦးက ဟိန္ဒူနတ်ဘုရားတစ်ပါး၏ အသွင်ပြင်ဆင်၍ ဓာတ်ပုံများ ရိုက်ကူးပြီး ယခုလ ၂၀ ရက်နေ့တွင် Facebook တွင် တင်ခဲ့သည်။

Rebel Riot က Facebook တွင် တင်ခဲ့သည့် ဓာတ်ပုံ။

Rebel Riot က Facebook တွင် တင်ခဲ့သည့် ဓာတ်ပုံ။

အမျိုးသားရေးလှုပ်ရှားသူများအဖြစ် မိမိကိုယ်ကို ခေါ်တွင်သည့် မြန်မာအမျိုးသားရေးကွန်ယက်မှ ကိုဝင်းကိုကိုလတ်က ၎င်းတို့၏ ဓာတ်ပုံများအား Facebook ပေါ်တွင် တွေ့ရှိခဲ့ပြီး ထိုကိစ္စအား မဘသ ဆရာတော်များနှင့် တိုင်ပင်ပြီးနောက် တိုင်းသာသနာရေးဦးစီးမှူးထံသို့ စာရေးသား တိုင်တန်းခဲ့သည်။

ထို့ပြင် ထိုဓာတ်ပုံများကိုလည်း ၎င်း၏ Facebook စာမျက်နှာတွင် ပြန်လည်မျှဝေခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်တွင်လည်း အပြင်းအထန် ဝေဖန်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ထို့နောက်တွင် ဗုဒ္ဓဘာသာ ရဟန်းအသွင်ကဲ့သို့ ဝတ်ဆင်ခဲ့သည့် Rebel Riot အဖွဲ့ဝင် ကိုကျော်ကျော် (ခ) ကိုကျော်သူဝင်းက ကိုဝင်းကိုကိုလတ်အား ဖုန်းဖြင့်ဆက်သွယ်ကာ ဘာသာဝင်များအား စော်ကား လိုခြင်း မရှိကြောင်း၊ နားလည်မှုလွဲခြင်းဖြစ်ကြောင်း ပြောကြားသဖြင့် နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းပြီးနောက် ယခုကဲ့သို့ တောင်းပန်ပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ယနေ့ အခမ်းအနားတွင် ကိုဝင်းကိုကိုလတ်က ပြောသည်။

တောင်းပန်ပွဲအား ဗုဒ္ဓဘာသာဝင် ၂၀ ဦးခန့်တက်ရောက်ခဲ့ပြီး၊ မဘသဦးဆောင်ဆရာတော် ဦးသောပါကနှင့် ရန်ကုန်တိုင်း မဘသဥက္ကဋ္ဌ ဆရာတော် ဦးပညိန္ဒတို့နှစ်ပါးက ဦးဆောင်ခဲ့သည်။ ဆရာတော်များက ကိုကျော်ကျော်အား ဝန်ခံကတိစာချုပ်တွင် လက်မှတ်ရေးထိုးစေခဲ့သလို၊ နှုတ်အားဖြင့်ပါ အပြစ်ဝန်ခံစေကာ နောင်တွင် ထိုသို့မလုပ်ရန် အသိပေးပြောကြားခဲ့သည်။

Rebel Riot အဖွဲ့ဝင်များနှင့် မဘသဆရာတော်များ တွေ့ဆုံနေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Rebel Riot အဖွဲ့ဝင်များနှင့် မဘသဆရာတော်များ တွေ့ဆုံနေကြစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ဘုန်းကြီးတို့ ဘာသာမှာ အတွင်းရန်နဲ့ အပြင်ရန်ဆိုပြီး ရင်ဆိုင်နေရတယ်။ အပြင်ရန်က ဘာသာမတူ လူမျိုးမတူသူတွေပေါ့။ အတွင်းရန်ဆိုတာက ဘာသာတူ၊ လူမျိုးတူတွေရဲ့ စော်ကားမှုတွေပေါ့။ အခုက ဘောလုံးစကားလိုပြောရင် ဘုန်းကြီးတို့က ခံစစ်ကစားနေရတဲ့အချိန်မှာ ဘာသာတူ၊ လူမျိုးတူတွေက ကိုယ့်ဂိုး ကိုယ်သွင်းသလိုတွေ လုပ်နေကြတယ်”ဟု ဆရာတော် ဦးပညိန္ဒက အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

ကိုကျော်ကျော်ကလည်း ၎င်းသည် ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံသူဖြစ်သော်လည်း သူနားလည် လက်ခံထားပုံ ကွဲပြားမှုအား ပြန်လည်ရှင်းပြခဲ့သည်။

“တပည့်တော်နားလည်တာက အတွင်းရန်ဆိုတာက လောဘ၊ ဒေါသ၊ မောဟပါ။ ဒါတွေကိုပဲ အပြစ်လို့ မှတ်ယူပါတယ်”ဟု ကိုကျော်ကျော်က တုန့်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းဝတ်ဆင်ခဲ့သည်မှာ သင်္ကန်းအစစ် မဟုတ်ဘဲ ဖက်ရှင်ဆိုင်မှ အဝတ်စတစ်စသာဖြစ်သဖြင့် ထိုကိစ္စအား အပြစ်ဟု မမှတ်ယူကြောင်း၊ ၎င်း၏ ဓာတ်ပုံကြောင့် ဗုဒ္ဓဘာသာဝင်များ စိတ်ညစ်ညူး စိတ်မကောင်းဖြစ်စေခဲ့မှုကိုသာ ၎င်းက တောင်းပန်လိုခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

jtms_rebelriot-03.jpg

 title=

title=

သို့ရာတွင် ဆရာတော် ဦးသောပါကက ယခုပွဲသည် အပြစ်ဝန်ခံပွဲဖြစ်သဖြင့် အပြစ်ကို လက်မခံလျှင် ပွဲကို ဆက်လက်ကျင်းပစရာပင် မလိုတော့ကြောင်း သုံးကြိမ်ထက်မနည်း မိန့်ဆိုသလို ပရိသတ်အတွင်း မှလည်း မကျေနပ်သံများ ထွက်လာပြီးနောက် ကိုကျော်ကျော်က အပြစ်ကိုဝန်ခံကြောင်း စာချုပ်တွင် လက်မှတ်ထိုးခဲ့သလို နှုတ်အားဖြင့်လည်း ဝန်ခံခဲ့သည်။

၎င်းလက်မှတ်ရေးထိုးခဲ့သည့် ကတိပြုလွှာစာချုပ်တွင် “ဗုဒ္ဓဘာသာဝင်များအား စော်ကားလိုသော စိတ်အလျဉ်းမရှိဘဲ Performance (သရုပ်ဖော်) သက်သက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံပြီး ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ခဲ့ကြရသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း” ဖော်ပြထားသည်။

ထို့ပြင် နောင်တွင် ထိုသို့မလုပ်ရန်ကိုပါ ကတိပေးကြောင်းနှင့် ယခုဝန်ခံကတိပြုမှုသည်လည်း မည်သူကမှ ဖိအားပေးခြင်းကြောင့်မဟုတ်ကြောင်းလည်း ပါရှိသည်။

ယခုတောင်းပန်ပွဲသည် သာသနာရေးအဖွဲ့က ဥပဒေကြောင်းအရအရေးယူဆောင်ရွက်မည်၊ မဆောင်ရွက်မည်နှင့် မသက်ဆိုင်ကြောင်းလည်း ဆရာတော် ဦးသောပါက၏ မိန့်ဆိုချက်အရ သိရသည်။ သို့သော်ငြားလည်း တောင်းပန်ထားသည့် စာချုပ်စာတမ်းအထောက်အထားသည် တရားရင်ဆိုင်ရာတွင် အထောက်အပံ့ဖြစ်နိုင်ကြောင်းကိုမူ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဘာသာရေးတစ်ခုခုအား စော်ကားသည့်အပြုအမူသည် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်သော ပြစ်မှုဖြစ်သည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.