ဓါးစာခံတွေလား ….

မြန်မာ ရွှေ့ပြောင်းလုပ်သားများက ငါးဖမ်းသင်္ဘောပေါ်မှ ငါးများကို ချပေးနေကြစဉ်။

မြန်မာ ရွှေ့ပြောင်းလုပ်သားများက ငါးဖမ်းသင်္ဘောပေါ်မှ ငါးများကို ချပေးနေကြစဉ်။

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးသည် အငြင်းပွားဖွယ် ခိုတောင်ကျွန်း လူသတ်မှုကိစ္စတွင် သေဒဏ်ချမှတ်ခံရပြီးချိန်တွင်
အခြား မြန်မာနိုင်ငံသားလေးဦး မှာလည်း ၎င်းတို့ ကျူးလွန်ခဲ့သည်ဟု လူအများက မယုံကြည်ကြသော
လူသတ်မှုတစ်ခုအတွက် ရုံးတင်စစ်ဆေးမှုကို ခံယူနေကြရသည်။

Brennan O’ Connor ရေးသားသည်။

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၂ ဒသမ ၅ သန်းမှ သုံးသန်းခန့်အထိ ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့သည် အခက်ခဲဆုံးနှင့် အညစ်ပတ်ဆုံး အလုပ်များကို လုပ်ခလစာ အနည်းဆုံးဖြင့် လုပ်ကိုင်နေကြရသည်။ အထူးသဖြင့် စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကပ္ပလီပင်လယ် ကမ်းရိုးတန်းရှိ တံငါမြို့ဖြစ်သည့် ရနောင်း မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော်ခန့်ရှိရာ ထိုမြို့ရှိ ထိုင်းလူမျိုး ဦးရေထက်ပင် ပိုမိုများပြားနေသည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ထိုင်းမြို့များတွင် ရွှေ့ပြောင်းလုပ်သားများကို လူသားချင်းစာနာမှု အကူအညီများပေးသည့် အဖွဲ့အစည်းများ အများအပြား ရှိသည်။ သို့သော် တောင်ဘက်ပိုင်းရှိ ရနောင်းမြို့တွင် အကူအညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) မှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။

“လိုအပ်ချက်က ဒီနေရာမှာ ရှိနေတာပါ” ဟု Marist Mission Ranong ဟု ခေါ်ဆိုသော ကတ်သလစ် လူသားချင်းစာနာမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် Marist Asia Foundation ၏ ဒါရိုက်တာ ဖာသာကေဗင်က ပြောကြားသည်။

“ရနောင်းမြို့မှာ အခုအထိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် NGOs အဖွဲ့အစည်းတွေ မရှိဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုဖောင်ဒေးရှင်းက ရွှေ့ပြောင်းလုပ်သားများကို ပညာရေးနှင့် ကျန်းမာရေး အကူအညီများ ပေးလျှက်ရှိသည်။ ထို့ပြင် HIV-AIDS ရှိနေသော လူများကို ဆေးရုံမှ anti-retroviral ဆေးဝါးများ ရရှိအောင် လုပ်ဆောင်ပေးသည်။ နာမကျန်း ဖြစ်သောကြောင့် အလုပ်မလုပ်နိုင်သော လူများကိုလည်း အခြေခံ အစားအစာများ ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ပေးနေသည်။

“ကျွန်တော်တို့ရဲ့ အဓိကတာဝန်က လူနာတွေကို ဆေးရုံတက်ခွင့်ရအောင် လုပ်ဆောင်ပေးခြင်း ပါပဲ။ ဘာလို့လဲဆိုတော့ မြန်မာတွေအတွက် ဆေးရုံသွားရတာ တခြားကမ္ဘာတစ်ခုကို သွားရသလိုပါပဲ။ သူတို့က ကြောက်ကြတယ်။ သူတို့ရဲ့ ရောဂါအတွက် ရှက်ကြတယ်” ဟု ဖာသာကေဗင်က ပြောကြားသည်။ ၎င်းသည် ရနောင်းမြို့သို့ လာရောက်ပြီး Marist Mission Ranong ကို လုပ်ကိုင်နေသည်မှာ ကိုးနှစ်ခန့် ရှိပြီဖြစ်သည်။

“အေအိုင်ဒီအက်စ်ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အကူအညီတွေ မရရှိခင်တုန်းက သူတို့ အိပ်ခန်းထဲမှာ ဘယ်သူမှ မသိဘဲ သေသွားကြရတာ။ ဘယ်သူမှ သူတို့ကို ဂရုမစိုက်ကြဘူး” ဟု ဖာသာကေဗင်က ပြောကြားသည်။

ရနောင်းမြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား HIV-AIDS ရောဂါ ဖြစ်ပွားနှုန်း များပြားနေရခြင်းမှာ ငါးလုပ်ငန်းတွင် လုပ်ကိုင်ရခြင်း၏ အကျိုးဆက်တစ်ခုလည်း ဖြစ်နိုင်သည်။ ငါးလုပ်ငန်းသည် ရနောင်းမြို့ရှိ ရွှေ့ပြောင်းလုပ်သားများအတွက် အဓိက အလုပ်အကိုင်တစ်ခု ဖြစ်သည်။

“ငါးလုပ်ငန်းမှာ လုပ်ကိုင်တဲ့ ငါးဖမ်းသမားတွေက လေးငါးလလောက်ကြာအောင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှ နေကြရတယ်။ သူတို့ ကမ်းပေါ်ပြန်တက် လာတဲ့အခါမှာ လေးငါးလစာ လုပ်ခလစာကို ရရှိကြတယ်။ ဒီတော့ သူတို့က အရက် သောက်ကြတယ်။ မူးယစ်ဆေး သုံးကြတယ်။ ပြီးတော့ ပြည့်တန်ဆာတွေဆီ သွားကြ တယ်။ ပြည့်တန်ဆာတွေဆီ သွားပြီးတဲ့နောက်မှာ သူတို့ အေအိုင်ဒီအက်စ်ရောဂါ ရကြတော့တာပါပဲ။ ပြီးတော့ သူတို့က သူတို့ရဲ့ နေရပ်က ဇနီးသည်တွေဆီ ပြန်ကြတယ်။ သူတို့ရဲ့ ဇနီးသည်က ကိုယ်ဝန်ရှိလာပြီး ကလေးပါ HIV- AIDS ရောဂါ ရကြတော့တာပါပဲ။ တစ်ချို့ အမျိုးသားတွေကတော့ ဇနီးသည်အပြင် တခြား အမျိုးသမီး အဖေါ်တွေလည်း ရှိကြတယ်။ ဒီလိုနည်းနဲ့ ရောဂါပျံ့နှံ့ သွားတာပါ” ဟု ဖာသာကေဗင်က ပြောကြားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ငါးဖမ်းသင်္ဘောများတွင် အလုပ်လုပ်ကိုင်ကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ငါးဖမ်းသင်္ဘောများတွင် အလုပ်လုပ်ကိုင်ကြသည်။

ဖောင်ဒေးရှင်းက အကူအညီပေးခဲ့သော ရွှေ့ပြောင်းလုပ်သား အများစုသည် ထားဝယ်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးမှ တခြားမြို့တစ်ခုဖြစ်သည့် ကော့သောင်းမြို့ မှ လာရောက်ကြခြင်း ဖြစ်သည်။ ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိပြီး ရနောင်းမြို့မှ မော်တော် ခဏစီးနင်းရုံဖြင့် ရောက်ရှိနိုင်သည်။

ဖာသာကေဗင်က ၎င်း ထားဝယ်မြို့သို့ သွားရောက်လည်ပတ်ဖူးသဖြင့် ထိုမြို့မှ လူများ အဘယ်ကြောင့် ရနောင်းတွင် လာရောက် အလုပ် လုပ်ကိုင်ရသည်ကို နားလည်ကြောင်း ပြောသည်။

“ထားဝယ်မှာက စပါးစိုက်ခင်းတွေပဲ ရှိတယ်။ ခင်ဗျားက ငယ်ရွယ်တဲ့ အမျိုးသားတစ်ဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင် တစ်ဘဝလုံး စပါး စိုက်ပျိုးတဲ့ အလုပ်ကို ခင်ဗျား လုပ်ချင်မှာ မဟုတ်ဘူး။ ဒါကို နားလည်နိုင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ တွေ့ကြုံရသော ထိုင်းလူမျိုးများ၏ ခွဲခြားဆက်ဆံမှုနှင့် ချိုးနှိမ်မှုများသည် ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို စစ်ဆေးနေသကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော စမ်းသပ်မှုမျိုးမှာ ရွှေ့ပြောင်း လုပ်သားများကို အကူအညီပေးနေသာ ဖာသာကေဗင်နှင့် ၎င်း၏ လုပ်ဖေါ်ကိုင်ဖက် များပင် တွေ့ကြုံကြရသည်။

တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ယခင်က ရွှေ့ပြောင်းလုပ်သား တစ်ဦး ဖြစ်ခဲ့ဖူးသော ဦးထူးချစ်သည် ၂၀၀၀ ပြည့်နှစ်တွင် Foundation for Education and Development (FED) ဟူသော အဖွဲ့အစည်းကို တည်ထောင်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ကူညီဖြေရှင်း ပေးလျှက်ရှိသည်။ အဆိုပါ အဖွဲ့အစည်းသည် ရနောင်း မြို့တောင်ဘက် ဖန်င ခရိုင်ရှိ Takua Pa တွင် အခြေစိုက်ခြင်းဖြစ်ကာ ထိုမြို့နယ်တွင် ကွင်းဆင်းရုံးခန်း ဖွင့်လှစ်ထားသည်။

“မြန်မာရွှေ့ပြောင်းလုပ်သားတွေက ထိုင်းနိုင်ငံမှာ ဘေးဖယ်ထားခံရတဲ့ လူ့အဖွဲ့ အစည်း ဖြစ်တယ်။ သူတို့က D သုံးလုံးပါတဲ့ အလုပ်တွေကို လုပ်ကိုင်ရတယ်။ D သုံးလုံးကတော့ Difficult, Dirty and Dangerous၊ ညစ်ပတ်ပြီး ခက်ခဲသော အန္တရာယ်များသော အလုပ်တွေဖြစ်တယ်။ နေ့စဉ် သူတို့ဟာ လုပ်အား ခေါင်းပုံဖြတ်မှု တွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကြုံတွေ့နေရတယ်” ဟု ဦးထူးချစ်က ပြောသည်။

ဦးထူးချစ်သည် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့ပြီးနောက် သူ၏ ဇာတိမြေဖြစ်သည့် ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ထို့နောက် ကန်ချာဘူရီခရိုင်၊ ဆန်ကလာဘူရီမြို့တွင် FED ကို စတင်တည်ထောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဆူနာမီ ဖြစ်ပွားအပြီးတွင် FED ရုံးချုပ်ကို Phang Nga သို့ ပြောင်းရွှေ့ခဲ့ ပြီး သဘာဝ ကပ်ဘေးသင့် မြန်မာလူမျိုးများကို အကူအညီများ ပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ အဓိကအလုပ်က ရွှေ့ပြောင်းလုပ်သားတွေကို အကာအကွယ် ပေးဖိုနဲ့ သူတို့ရဲ့ ဘဝတွေကို မြင့်တင်ပေးဖို့ပါ။ ရွှေ့ပြောင်းလုပ်သားတွေ ဖွံ့ဖြိုးတိုး တက်ရေးဆိုတာက ကျွန်တော်တို့က ရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရဲ့ အခွင့် အရေးတွေ ရရှိနိုင်အောင် လုပ်ပေးတယ်။ တရားဝင်တဲ့ အကူအညီတွေ ပေးတယ်။ တရားရေးဆိုင်ရာအရ အထောက်အပံ့ ပေးတယ်။ ထိုင်းနိုင်ငံမှာ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖြစ်ပါတယ်” ဦးထူးချစ်က ပြောကြားသည်။

“Apple ရဲ့ မိဘတွေက လူသတ်မှု ဖြစ်ပွားတဲ့ညမှာ Apple က
သူ့သူငယ်ချင်းကို သွားတွေ့တယ်ဆိုတာ သိတယ်။
ဒါကြောင့် လူသတ်မှုကို Apple ရဲ့ သူငယ်ချင်းက ကျူးလွန်တာလို့ သံသယရှိကြတယ်”

FED သည် မကြာသေးမီက တရားဥပဒေရေးဆိုင်ရာ အကာအကွယ်ပေးရေး အဖွဲ့ တစ်ခုကိုဖွဲ့ပြီး Apple ဟု ခေါ်သော ထိုင်း မြန်မာ ကပြားမိန်းကလေးတစ်ဦးကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို အကာ အကွယ်ပေးနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ အသက် ၂၀ အရွယ်ရှိ Apple သည် ရနောင်းမြို့ ဇာတိဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီက ဓါးဖြင့် ၁၇ ချက် အထိုးခံရကာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုရွှေ့ပြောင်း မြန်မာလုပ်သား လေးဦးသည် ထိုလူသတ်မှုတွင် ပါဝင်ပတ်သက်မှု မရှိဟု FED က ယုံကြည်ကြောင်း ဦးထူးချစ်က ပြောသည်။

တရားစွဲဆိုခံထားရသူများတွင် အသက် ၁၅ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ကိုမိုးဇင်အောင်ဆိုသူပါဝင်ပြီး သူသည် အောက်တိုဘာ ၁၆ ရက်နေ့က ရနောင်း ဆိပ်ကမ်းဧရိယာအတွင်းရှိ သူ၏ အလုပ်ရုံအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရဲများ၏ အဆိုအရ သူ၏ ကိုယ်ခန္ဓာပေါ်မှ ပွန်းရှဒဏ်ရာများနှင့် အဝတ်များ စုတ်ပြဲနေခြင်းက သူသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်း သက်သေဖြစ်သည်ဟု ဆိုသည်။ ကိုမိုးဇင်အောင်ကမူ ထိုဒဏ်ရာများသည် အဖမ်းမခံမီ လွန်ခဲ့သည့် သီတင်းပတ်က ဆိုင်ကယ်တိုက်မှု ဖြစ်ပွားသောကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ Apple အသတ်ခံရသော အချိန်တွင် သူသည် အလုပ်တွင် ရှိနေသည်ဟု သူကဆိုသည်။ သူ၏ အလုပ်ရှင်နှင့် လုပ်ဖေါ်ကိုင်ဖက်များကလည်း ကိုမိုးဇင်အောင်သည် လူသတ်မှု ဖြစ်ပွားအပြီး တစ်နာရီအကြာ ည ၈ နာရီမှ အလုပ်က ဆင်းခဲ့သည်ဟု ပြောကြားကြသည်။

ကိုမိုးဇင်အောင်သည် တစ်ပတ်ကြာ ထိန်းသိမ်းခံနေရစဉ် နေ့စဉ် ရိုက်နှက်ခံနေရ သဖြင့် အပြစ်ကျူးလွန်ကြောင်း အောက်တိုဘာ ၂၂ ရက်နေ့တွင်  ဝန်ခံခဲ့ရသည်။ သူ ဝန်ခံလက်မှတ်ထိုးခဲ့ခြင်းမှာ ရဲများက ထိုသို့လက်မှတ်ထိုးလျှင် သူ့ကို လွှတ်ပေးမည်ဟု ပြောသောကြောင့် ထိုးခဲ့ရခြင်း ဖြစ်သည်ဟု ကိုပါကျော်ဆိုသူက ပြောသည်။ ကိုပါကျော်သည် ရနောင်းမြို့တွင် နာရေးအခမ်းအနားများကို အခမဲ့ ပြင်ဆင်ပေးနေသော အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာဖြစ်သည်။

ကိုမိုးဇင်အောင် ဝန်ခံလက်မှတ် ထိုးသောနေ့တွင်ပင်  အခြား သံသယရှိသူ သုံးဦးကိုလည်း ငါးဖမ်းသင်္ဘော တစ်ခုပေါ်တွင် ရဲများက ဖမ်းဆီးခဲ့သည်။ ထိုသူများ အားလုံးသည် လူသတ်မှု ဖြစ်ပွားသောနေ့က အလုပ်အပြီးတွင် ကိုမိုးဇင်အောင်၏ အိမ်တွင် ရှိနေကြခြင်းဖြစ်သည်။

Apple ၏ အသတ်ခံရမှုတွင် တရားစွဲဆိုခံထားရသော မြန်မာရွှေ့ပြောင်း လုပ်သား လေးဦးနှင့် မိသားစုဝင်များနှင့်အတူ ရနောင်းမြို့ ရဲစခန်းတွင် ရိုက်ယူထားသော ဓာတ်ပုံကို ကိုပါကျော်က ပြသနေစဉ်။ သူတို့၏ မိသားစုဝင်များနှင့် ဓါတ်ပုံ (ဘယ်မှ ညာသို့) ကိုမိုးဇင်အောင် (၁၅နှစ်)၊ စိန်ကတုံး (၁၈နှစ်)၊ ဝေလင်း (၂၀နှစ်)နှင့် ကျော်စိုးဝင်း (၁၅နှစ်)

Apple ၏ အသတ်ခံရမှုတွင် တရားစွဲဆိုခံထားရသော မြန်မာရွှေ့ပြောင်း လုပ်သား လေးဦးနှင့် မိသားစုဝင်များနှင့်အတူ ရနောင်းမြို့ ရဲစခန်းတွင် ရိုက်ယူထားသော ဓာတ်ပုံကို ကိုပါကျော်က ပြသနေစဉ်။ သူတို့၏ မိသားစုဝင်များနှင့် ဓါတ်ပုံ (ဘယ်မှ ညာသို့) ကိုမိုးဇင်အောင် (၁၅နှစ်)၊ စိန်ကတုံး (၁၈နှစ်)၊ ဝေလင်း (၂၀နှစ်)နှင့် ကျော်စိုးဝင်း (၁၅နှစ်)

ကိုပါကျော်က လူသတ်မှု ဖြစ်ပွားသော အချိန်တွင် ကိုမိုးဇင်အောင်မှာ အလုပ်ခွင်တွင် အလုပ်လုပ်နေကြောင်း သက်သေပြနိုင်မည့် CCTV ဗီဒီယိုဖိုင်မှာ ကိုမိုးဇင်အောင် အလုပ်လုပ်သော ရေထွက်ပစ္စည်း စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံပိုင်ရှင်၏ ကွန်ပျူတာထဲတွင် ရှိကြောင်း  ရဲများကို ပြောပြခဲ့သည်ဟု ဆိုသည်။ ရဲများက ထို CCTV ဗီဒီယိုဖိုင်ကို ကြည့်ရှု စစ်ဆေးရမည်ဆိုကာ အလုပ်ရှင်၏ ကွန်ပျူတာကို ယူဆောင်သွားခဲ့သည်။ ရဲများက ကွန်ပျူတာကို ပြန်လာပေးသောအခါ ထို CCTV ဗီဒီယိုဖိုင်ကို ဖျက်ထားသည်ကို တွေ့ရသည်ဟု ထိုင်းအလုပ်ရှင်က ကိုပါကျော်ကို ပြောကြားခဲ့သည်။

Apple ၏ မိခင်ဖြစ်သူ၏ သူငယ်ချင်းတစ်ဦးလည်းဖြစ်သူ ကိုပါကျော်က လူသတ်မှု ဖြစ်ပွားသောနေ့က အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ရနောင်း မြို့တစ်မြို့လုံး ကျယ်ကျယ်ပြန့်ပြန် သိရှိထားကြသည်ဟု ပြောသည်။

အဖြစ်အပျက်မှာ Apple နှင့် သူ၏ သူငယ်ချင်းတို့သည် ကောင်လေးတစ်ယောက်ကို အတူ ကြိုက်နှစ်သက်နေကြကြောင်း၊ ကောင်လေးက Apple ကို ပြန်ကြိုက်သဖြင့် Apple ၏ သူငယ်ချင်းက Apple ကို မနာလိုဝန်တို ဖြစ်နေကြောင်းနှင့် လူသတ်မှု ဖြစ်ပွားသော ညတွင် Apple ၏ သူငယ်ချင်းသည် Apple ကို သူ၏ အိမ်ပြင်တွင် လာတွေ့ပြီး ညစာအတူစားရန် ဖိတ်ခေါ်ခဲ့သည်ဟု ဆိုသည်။  Apple နှင့် သူ၏ သူငယ်ချင်းတို့ အငြင်းအခုန် ဖြစ်ပွားနေသည်ကို အခြား ရွှေ့ပြောင်းလုပ်သား အတော်များများလည်း တွေ့ခဲ့ကြကြောင်း၊ သို့သော် ရန်ဖြစ်သည်ကိုမူ မတွေ့ခဲ့ကြကြောင်း ကိုပါကျော်က ပြောကြားသည်။  

Apple ၏ သူငယ်ချင်းသည် ချမ်းသာကြောင်း၊ သူ၏ မိဘများသည် ပင်လယ်စာ ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခုကို ပိုင်ဆိုင်သည့်အပြင် သြဇာအာဏာရှိသော လူပုဂ္ဂိုလ်များနှင့်လည်း ရင်းနှီးကြောင်း၊ ထိုအထဲတွင် အထက်တန်း ရဲအရာရှိကြီးတစ်ဦးလည်း ပါဝင်သည်ဟု ကိုပါကျော်က ပြောသည်။

“ရနောင်းမြို့တစ်ခုလုံးက ဒီအမှုကို Apple ရဲ့ သူငယ်ချင်းက ကျူးလွန်တာလို့ သိနေကြတယ်” ဟု ကိုပါကျော်က ပြောသည်။

“Apple ရဲ့ မိဘတွေက လူသတ်မှု ဖြစ်ပွားတဲ့ညမှာ Apple က သူ့သူငယ်ချင်းကို သွားတွေ့တယ်ဆိုတာ သိတယ်။ ဒါကြောင့် လူသတ်မှုကို Apple ရဲ့ သူငယ်ချင်းက ကျူးလွန်တာလို့ သံသယရှိကြတယ်” ဟု ၎င်းကပြောသည်။

Apple ၏ သူငယ်ချင်းသည် ရနောင်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။ တစ်ချို့ကမူ Apple ၏ သူငယ်ချင်းသည် မလေးရှားသို့ ထွက်ပြေးသွားသည်ဟု ဆိုကြသည်။

Apple ၏ မိခင်ဖြစ်သူသည် ဘန်ကောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် Apple သေဆုံးပြီးနောက် ရနောင်းမြို့တွင် ဆက်လက် နေထိုင်လိုခြင်း မရှိတော့သောကြောင့် ဖြစ်သည်။ အခြား မိသားစုဝင်များသည်လည်း Apple ၏ အမေဖြစ်သူနောက်သို့ မကြာမီတွင် လိုက်သွားတော့မည် ဖြစ်သည်။

FED အဖွဲ့သည် ထိုင်း NGOs နှစ်ခုဖြစ်သည့် Human Rights Lawyers Association နှင့် Human Rights and Development Foundation အဖွဲ့တို့၏ အကူအညီကို ရယူပြီး တရားစွဲခံထားရသော ရွှေ့ပြောင်းလုပ်သားလေးဦးကို အကာအကွယ်ပေးရန် ကြိုးပမ်းလျှက်ရှိသည်။ ၎င်းတို့ကို ဇန်နဝါရီ ၄ ရက်နေ့တွင် ရုံးတင် စစ်ဆေးခဲ့သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဗြိတိသျှနိုင်ငံသားများဖြစ်သော Hannah Witheridge နှင့် David Miller တို့သည် ခိုတောင်ဒေသတွင် အသတ်ခံခဲ့ရသည်။ ခိုတောင်သည် ထိုင်းပင်လယ်ကွေ့အတွင်းရှိ အပန်းဖြေ ကျွန်းတစ်ခုဖြစ်သည်။ Witheridge သည် အဓမ္မပြုကျင့်ခံရအပြီး အသတ်ခံရခြင်းဖြစ်သည်။ ၎င်းအမှု အတွက် ငယ်ရွယ်သော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို တရားစွဲဆိုခဲ့ပြီး အနိုင်အထက်ပြုကာ ညှင်းပန်းနှိပ်စက်သဖြင့် ၎င်းတို့သည် ဝန်ခံလက်မှတ်ရေးထိုး ခဲ့ရသည်ဟု ဆိုသည်။

ထိုင်းလူမျိုး သေမှုသေခင်း စစ်ဆေးရေး ကျွမ်းကျင်သူ Dr. Pornthip Rojanasunand က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ၎င်းတို့ကို ရုံးတင်စစ်ဆေးမှုတွင် ဗြိတိန်နိုင်ငံသားများကို သတ်ဖြတ်သော လက်နက်ဟု ရဲများက စွပ်စွဲထားသော ဥယာဉ်ပန်းခြံသုံး ငန်းပြားတွင် ထိုသံသယရှိသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ဒီအင်န်အေကို မတွေရှိရဟု ထွက်ဆိုခဲ့သည်။

ရခိုင်လူမျိုးနှစ်ဦးဖြစ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး၏ ရုံးတင်စစ်ဆေးမှု သည် အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့ပြီး လူသတ်မှုကို စစ်ဆေးမှုတွင် အမှားအယွင်း များ ရှိနေသည်ဟု ယုံကြည်နေကြသည်။

မီဒီယာ သတင်းများက ဆိုရာတွင် ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော ထိုရုံးတင် စစ်ဆေးမှုတွင် ရဲများ အသုံးပြုခဲ့သော စကားပြန်သည် ရိုဟင်ဂျာလူမျိုး တစ်ဦးဖြစ်ပြီး ထိုင်းဘာသာစကားနှင့် ရခိုင်ဘာသာစကားကို အခြေခံမျှသာ တတ်သူဖြစ်သည်ဟု ဆိုသည်။

၎င်းအမှုကို ဒီဇင်ဘာဘ ၂၄ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ရာ ၎င်းတို့နှစ် သေဒဏ်အပေးခံခဲ့ရသည်။

ထို အစွပ်စွဲခံထားရသူ နှစ်ဦးကို FED က တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးလျှက် ရှိသည်ဟု ဦးထူးချစ်က ဆိုသည်။

Koh Tao လူသတ်မှုကို နိုင်ငံတကာ မီဒီယာများက အနီးကပ် စောင့်ကြည့်လျှက် ရှိကြခြင်းမှာ အသတ်ခံရသူများသည် ဗြိတိန်နိုင်ငံသားများ ဖြစ်သောကြောင့် ဖြစ်သည်။

“ဒါက Apple ရဲ့ အမှုနဲ့ နည်းနည်းတော့ ကွဲတယ်။ ဒါပေမဲ့ ဒီနှစ်မှုစလုံးမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဓါးစာခံအဖြစ် အလုပ်ခံကြရတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ဦးထူးချစ်က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.