ဒေါက်တာသက်သက်ခိုင် နုတ်ထွက်မှုက အင်န်အယ်လ်ဒီပါတီကို ထိခိုက်စေနိုင်မလား

ပါတီစည်းရုံးလှုပ်ရှားမှုယန္တရားကို ထိန်းချုပ်ရခက်စေမယ့် ဆောင်ရွက်ချက်မျိုး လုပ်ကိုင်လာသူတို့ကို အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းက ပြတ်ပြတ်သားသားတုံ့ပြန်တတ်ပါသည်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေရော၊ သာမန် ပြည်သူတချို့ပါ စိတ်ဝင်စားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အာဏာရ အင်န်အယ်လ်ဒီပါတီကနေ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ သက်သက်ခိုင်ကို နုတ်ထွက်ခွင့် ပေးလိုက်တဲ့ကိစ္စပါ။

အင်န်အယ်လ်ဒီပါတီဟာ လွှတ်တော်အမတ် ဒေါက်တာ သက်သက်ခိုင်ကို ၂၀၁၈ စက်တင်ဘာမှာ ပါတီတာဝန်တွေကနေ ရပ်ဆိုင်းမိန့် ထုတ်ပြန်ထားခဲ့ပါတယ်။ ပါတီဝင်အဖြစ်က ထုတ်ပယ်တာမျိုးတော့ မလုပ်ပါဘူး။ အဲဒီကနေ တစ်နှစ်ကျော်အကြာ ၂၀၁၉ အောက်တိုဘာ ၂၄ ရက်မှာ သူ့ကို ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်ပေးဖို့ စာတင်ခဲ့ပြီး တစ်ပတ်လောက်အကြာမှာ ပါတီဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ ဒေါက်တာသက်သက်ခိုင်ကို ပါတီကနေ နှုတ်ထွက်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီပါတီကနေ နုတ်ထွက်ပြီးနောက် သူဟာ ပါတီသစ် တစ်ခုထူထောင်ပြီး နိုင်ငံရေး ဆက်လုပ်မယ်လို့လည်း သတင်းဌာနတွေကို ပြောဆိုထားပါတယ်။ ဒေါက်တာ သက်သက်ခိုင် နုတ်ထွက်မှု အင်န်အယ်လ်ဒီပါတီကို ထိခိုက်မှု ရှိစေနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

အင်န်အယ်လ်ဒီကနေ နှုတ်ထွက်ရတာနဲ့ပတ်သက်ပြီး ဒေါက်တာ သက်သက်ခိုင်က အချက် သုံးချက် ပြောပါတယ်။ ပထမအချက်ကတော့ ပါတီတွင်းမှာ ဒီမိုကရေစီနဲ့ မညီညွတ်တဲ့ အုပ်ချုပ်မှုမျိုးနဲ့ အုပ်ချုပ်နေတယ်၊ ဒုတိယ အချက်ကတော့ သူ့ရဲ့လွှတ်တော်ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ကို ကန့်သတ်လာတယ်၊ တတိယအချက်ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ကို ပါတီအမတ်လောင်းအဖြစ် မရွေးချယ်တော့မှာ ၉၉ ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ သူ ထင်မြင်ယူဆလို့ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ အဲလို အခြေအနေအောက်မှာ သူ့အနေနဲ့ နိုင်ငံရေး ဆက်လုပ်ချင်တယ်၊ တိုင်းပြည်ထူထောင်တဲ့ဖြစ်စဉ်မှာ ပါဝင်ချင်တယ်၊ ဒါကြောင့် ပါတီသစ် တစ်ခုထောင်မယ်၊ အဲဒီလို ပါတီထောင်ဖို့အတွက် အချိန်မဆိုင်းဘဲ အင်န်အယ်လ်ဒီက နုတ်ထွက်လိုက်ရတာလို့ ဆိုပါတယ်။

ပုံမှန်အားဖြင့်ဆို အရည်အချင်းရှိတဲ့၊ အများပြည်သူကြား ထင်ရှားကျော်ကြားမှုလည်း အထိုက်အလျောက်ရှိတဲ့ ပါတီဝင်အမတ်တစ်ယောက် ပါတီကနေ နှုတ်ထွက်သွားတာ၊ နောက်ပြီး အပြိုင်အဆိုင်လုပ်မယ့် ပါတီသစ် တစ်ရပ် ထူထောင်တာမျိုးဆိုရင်တော့ သက်ဆိုင်ရာပါတီအတွက် နစ်နာမှုရှိနိုင်လိမ့်မယ်လို့ မှန်းဆရပါတယ်။ တဆက်တည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ တချို့မှာ အခက်အခဲ ဖြစ်နိုင်သလားဆိုပြီး တွက်ဆကြမှာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ရင် အင်န်အယ်လ်ဒီပါတီရဲ့ ရှေ့ပိုင်းမှတ်တမ်း တချို့ကို ပြန်ကြည့်ဖို့ လိုလိမ့်မယ်ထင်ပါတယ်။ အရင် စစ်အာဏာရှင်တွေဟာ သူတို့ဖာသာသူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို တရားဝင်ဖြစ်အောင် အတည်ပြုပြီး အဲဒီဖွဲ့စည်းပုံနဲ့အညီ ၂၀၁၀ မှာ ရွေးကောက်ပွဲ တစ်ခုလုပ်ပေးခဲ့ပါတယ်။ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ စိတ်ကြိုက်တာဝန်ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင် စတဲ့ အချက်တွေဟာ ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီ၊ တရားမျှတမှုလည်း မရှိတာကြောင့် အင်န်အယ်လ်ဒီပါတီဟာ ပါတီကို ပြန် မှတ်ပုံတင်တာ မလုပ်ဖို့၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကျင်းပချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ် အကျယ်ချုပ်ကျခံနေရပါတယ်။ အင်န်အယ်လ်ဒီပါတီရဲ့ အဲဒီဆုံးဖြတ်ချက်ကို ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးသိန်းညွန့်တို့ ဦးဆောင်တဲ့ အုပ်စုက လက်မခံဘဲ ပါတီကနေ ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဆိုတာကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါတယ်။

အဲဒီအချိန် စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အင်္ဂါစုံစုံလင်လင်နဲ့ ဖြစ်မြောက်အောင်၊ နိုင်ငံတကာကလည်း ကြည့်ကောင်းအောင် အကောင်အထည် ဖော်နေသူတွေရဲ့ ငွေကြေး၊ နိုင်ငံရေးသင်တန်း အပါအဝင် အခြား အားပေးကူညီမှုတွေကြောင့် အင်န်ဒီအက်ဖ်ပါတီဟာ အမတ်လောင်း ၁၆၃ ယောက်တောင် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခဲ့ပါတယ်။ တကယ့်လက်တွေ့ရလဒ်မှာတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ကွဲလွဲပြီး ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အတွက် ၁၂ နေရာ၊ တိုင်းနဲ့ ပြည်နယ်အဆင့်အတွက် ၄ နေရာ စုစုပေါင်း အမတ် ၁၆ နေရာပဲ အနိုင်ရခဲ့ပါတယ်။

နောက်ပိုင်း သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး၊ ဥပဒေတချို့ ပြင်ဆင်ပေးပြီး ၂၀၁၂ မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့အခါ အင်န်အယ်လ်ဒီဟာ ပြိုင်သမျှနေရာအားလုံး အနိုင်ရခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ အင်န်အယ်လ်ဒီပါတီကနေ ထိပ်ပိုင်းက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ နှုတ်ထွက်သွားသည့်တိုင်၊ ပါတီသစ် တစ်ခု ခွဲထောင်သွားသည့်တိုင်၊ ပါတီကို လုံး၀ထိခိုက်မှု မရှိခဲ့ဘူးဆိုတာ ပြသခဲ့တဲ့ သာဓကဖြစ်ပါတယ်။

အဲဒီအစား နောက်ပိုင်းမှာ အင်န်ဒီအက်ဖ်ပါတီထဲကနေ ဦးသိန်းညွန့် ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီ ပါတီသစ် ထပ်ပြီးထောင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အရောက်မှာတော့ အင်န်ဒီအက်ဖ်ပါတီက အမတ်လောင်း ၂၇၄ ယောက်၊ ဦးသိန်းညွန့်ရဲ့ပါတီက အမတ်လောင်း ၂၇ ယောက် ဝင်ပြိုင်ခဲ့ပေမဲ့ တယောက်တလေတောင် အရွေးမခံရတော့ပါဘူး။ အခု လက်ရှိအခြေအနေမှာတော့ အဲဒီအင်န်အယ်လ်ဒီ ခေါင်းဆောင်ဟောင်းတွေ ဖွဲ့ထားတဲ့ပါတီ ၂ ခုဟာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတွေတက်၊ ပူးတွဲကြေညာချက်တွေမှာ လက်မှတ်ထိုး ဆိုတဲ့အခြေအနေလောက်ပဲ ကျန်ရစ်ပါတော့တယ်။

အင်န်အယ်လ်ဒီပါတီ နောက်ထပ် ကြုံရတဲ့ အခြေအနေတစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲအကြိုမှာ ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက နာမည်ကြီး ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးကိုကိုကြီးနဲ့  ဦးဆောင်သူတွေ၊ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အမတ်ဖြစ်လာပြီး အမျိုးသမီး နိုင်ငံရေးသမားအနေနဲ့ နာမည်ကြီးလာတဲ့ ဒေါက်တာညိုညိုသင်းတို့ဟာ အင်န်အယ်လ်ဒီပါတီကို ကိုယ်စားပြုပြီး အမတ်အဖြစ်ဝင်ပြိုင်ဖို့ အင်န်အယ်လ်ဒီပါတီထဲ ဝင်ရောက်ခဲ့ကြပါတယ်။

သူတို့ ကိုယ်စားပြုနယ်မြေကနေ အင်န်အယ်လ်ဒီရဲ့ အမတ်လောင်းအဖြစ် ရွေးချယ်ပေးဖို့ ပါတီရဲ့ အမတ်လောင်း စိစစ်ရေးချယ်ရေးအဖွဲ့ဆီ တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးခြားတယ်လို့ပြောရမလား၊ အင်န်အယ်လ်ဒီပါတီက အမတ်လောင်းစိစစ်ရွေးချယ်သူတွေဟာ ၈၈ နာမည်ကြီးနိုင်ငံရေးသမား ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ၊ နာမည်ကြီး အမျိုးသမီးအမတ်ဟောင်း ဒေါက်တာညိုညိုသင်းတို့ကို အင်န်အယ်လ်ဒီရဲ့ အမတ်လောင်းတွေအဖြစ် မရွေးချယ်၊ ပယ်ချခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း နိုင်ငံရေးသမား အတော်များများဟာ အင်န်အယ်လ်ဒီရဲ့ အဲဒီဆုံးဖြတ်ချက်ကြောင့် ပါတီရဲ့စည်းရုံးရေး အားနည်းသွားမလား၊ ရွေးကောက်ပွဲရလဒ်ကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ့်တကယ် လက်တွေ့မှာ အများထင်မြင်ယူဆသလို ဖြစ်မလာဘဲ အင်န်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် အမတ် ၈၀ ရာခိုင်နှုန်းနီးပါးနဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ နောက်ပိုင်း အင်န်အယ်လ်ဒီရဲ့ အမတ်လောင်း ဖြစ်ပါရစေဆိုပြီး ပါတီထဲ ဝင်လာတဲ့ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင်တွေလည်း ပါတီကနေ ပြန်နှုတ်ထွက်သွားကြပါတော့တယ်။ ခုတော့ ပါတီသစ် တစ်ခု တည်ထောင်ပြီး လှုပ်ရှားနေပါပြီ။ ဒေါက်တာညိုညိုသင်းကတော့ အင်န်အယ်လ်ဒီပါတီကနေ ထွက်ပြီး တစ်သီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ ဝင်ပြိုင်ပေမဲ့ ရွေးကောက်ခံရခြင်း မရှိခဲ့ပါဘူး။

အလားတူ အင်န်အယ်လ်ဒီပါတီ အာဏာရလာပြီးနောက် ပါတီက နုတ်ထွက်သွားသူတွေ၊ နုတ်ထွက်ပြီးနောက် ပါတီသစ်ထူထောင်သူတွေ အနည်းအပါး ရှိခဲ့ပါတယ်။ ဒါတွေကလည်း အင်န်အယ်လ်ဒီပါတီကို ထိခိုက်စေတဲ့ အနေအထားရောက်တာမျိုး မတွေ့မမြင်ကြရပါဘူး။ ဒီနေရာမှာ ဒေါက်တာသက်သက်ခိုင် အင်န်အယ်လ်ဒီပါတီက နုတ်ထွက်၊ ပါတီသစ် ထူထောင်တဲ့ကိစ္စကို ပြန်လေ့လာကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ စီးပွားရေးဆိုင်ရာမူဝါဒ အစရှိတဲ့အချက်အလက်တွေအပေါ် အခြေမခံဘဲ ပါတီဝင်တွေရဲ့ သူ့အပေါ် ပြုမူ ဆက်ဆံပုံ၊ သဘောထား၊ တနည်းအားဖြင့် ပါတီ အတွင်းပိုင်း စည်းရုံးရေးဆိုင်ရာ ပြဿနာတွေအပေါ် အခြေခံတာ တွေ့မြင်ကြရပါတယ်။

ဒါကြောင့် အင်န်အယ်လ်ဒီပါတီထဲက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ လူသိများ ထင်ရှားတဲ့ အမတ်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ သက်သက်ခိုင် ပါတီကနေ နုတ်ထွက်ခြင်း၊ ပါတီသစ်ထူထောင်ခြင်း ဆိုတာတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ ကိစ္စအပါအဝင် အင်န်အယ်လ်ဒီပါတီကို ထိခိုက်စေနိုင်မယ့် အနေအထားမျိုး မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.