ဒုတိယကမ္ဘာစစ်ကို အမှတ်ရဖွယ် ဖြစ်စေမယ့် ခရီးစဉ်တွေ

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်းက Burma Campaign နှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများအတွက် သီးသန့်ခရီးစဉ်များကို ခရီးသွားလုပ်ငန်းအချို့က စီစဉ်ပေးလာကြသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီး တစ်ဖက်တွင်ရှိသော စစ်သချိုင်းတွင် နံနက်စောစော လမ်းလျှောက်နေကြသော မြန်မာလူငယ် နှစ်ဦးကို တွေ့ရသည်။ တန်းစီနေသော အမှတ်အသား ကျောက်တိုင်များအတိုင်း လမ်းလျှောက်နေကြပြီး တစ်ဦးက ကျောက်တိုင်တွင် ရေးသားထားသော စာတန်းများကို ဖတ်နေသည်။ “ကျွနု်ပ်သည် သင်၏ လက်ကိုတွဲရန် ရောက်ရှိလာခြင်း မဟုတ်ပါ။ တိုင်းတစ်ပါး မြေတွင် ဖြစ်နေသော်လည်း သင် ဆက်လက်သာ အိပ်စက်ပါ” ဟု ကျောက်တိုင်ပေါ်တွင် ရေးသားထားသည်။

“ငါတို့က ဒီနားက ဖြတ်သွားရင်း ဝင်လာတာပါ။ နေရာလေးက ဝင်ပြီး လျှောက်ကြည့်စရာ ကောင်းလို့ပါ” ဟု တစ်ဦးက ပြောသည်။ သူ့ကို ကျွန်တော်က ဒုတိယကမ္ဘာစစ် သမိုင်းကို သိသလား၊ အာရှပစိဖိတ် ဒေသ၏ အရေးအပါးဆုံးသော တိုက်ပွဲများသည် သူ၏ အမိမြေပေါ်တွင် ဖြစ်ပွားခဲ့သည်ကို သိရှိသလားဟု မေးမြန်းလိုက်ရာ သူက မသိရှိကြောင်း ဝန်ခံပြောကြားသည်။

“ဒါပေမဲ့ ကျွန်တော် လေ့လာချင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ” ဟု သူက ပြောသည်။

ရန်ကုန်စစ်သချိုင်းသည် Commonwealth War Graves Commission က ထိန်းသိမ်းထားသော မြန်မာနိုင်ငံရှိ စစ်သချိုင်း သုံးခုထဲမှ တစ်ခုဖြစ်သည်။ ယင်း အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၅၄ နိုင်ငံတွင် စစ်သချိုင်းနှင့် အမှတ်တရ နေရာပေါင်း ၂၃,၀၀၀ ခန့်ကို ထိန်းသိမ်းနေသည်။

ရန်ကုန်စစ်သချိုင်းသည် ဒုတိယကမ္ဘာစစ်တွင် မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော မဟာမိတ် တပ်သား ၁၃၈၁ ဦး၏ နောက်ဆုံး နားနေရာနေရာ ဖြစ်သည်။ ၎င်းတို့ထဲမှာ ၈၆ ဦးကို မည်သူမည်ဝါ မသတ်မှတ်နိုင်ဘဲ ၃၆ ဦးသည် ပထမကမ္ဘာစစ်အတွင်း ပါဝင်ခဲ့သူများ ဖြစ်သည်။

Burma Campaign သည် ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့က ကျူးကျော်ဝင်ရောက် လာသောအချိန်တွင် မဟာမိတ်တပ်များနှင့် ဂျပန်ဘုရင့်တပ်မတော်တို့ကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျူးကျော်ဝင်ရောက်လာသော ဂျပန်များနှင့် စစ်တောင်းတံတား၊ ပဲခူးနှင့် ပြည်တို့တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ကြသည်။ ၁၉၄၄ ခုနှစ်တွင် အိန္ဒိယနယ်စပ် အင်ဖာနှင့် ခိုဟိမ တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မဟာမိတ်တပ်များ အနိုင်ရမှုသည် Burma Campaign တွင် အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့သည်။ ဂျပန်များ ထွက်ပြေးခဲ့ရပြီးနောက် မဟာမိတ်တပ်များက ၁၉၄၅ ခုနှစ်၊ မေလ အစောပိုင်းတွင် ရန်ကုန်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာချိန်တွင် ကုမ္ဗဏီတစ်ချို့က Burma Campaign အား စိတ်ဝင်စားသော ခရီးသွားများအတွက် အထူးခရီးစဉ်များ စီစဉ်ပေးလျှက်ရှိသည်။

ဗြိတိန်အခြေစိုက် စစ်မြေပြင် အမှတ်တရ ခရီးသွားလုပ်ငန်းဖြစ်သော Spirit of Rememberance သည် ရန်ကုန်မှ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် Pegu Travels နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ ဒုတိယကမ္ဘာစစ် နေရာများသို့ ခရီးစဉ်များ စီစဉ်ပေးလျှက် ရှိသည်။

“အဓိက ပစ်မှတ်ထားတဲ့ ပရိသတ်တွေကတော့ မိသားစုသမိုင်းကြောင်း ရှာဖွေတဲ့ ခရီးသွားတွေပါပဲ။ မိသားစုဝင်တွေက ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံမှာ တိုက်ခိုက်သေဆုံးခဲ့ကြသူတွေရဲ့ သားသမီး၊ မြေးမြစ်တွေပါ” ဟု Spirit of Rememberance ၏ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Graeme Archer က ပြောသည်။ 

သမိုင်းတန်ဖိုးများနှင့် ပြည့်ဝနေသော နေရာများသို့ ဗဟုသုတ ရရှိစေရန် သွားရောက်လိုသော ခရီးသွားများလည်း ရှိသည်ဟု ဆိုပြီး ၎င်းတို့ အနေဖြင့် ထိုသို့ အမှတ်တရ သွားရောက်နိုင်သော ခရီးစဉ်တစ်ခု စီစဉ်နေပြီ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်ကလည်း ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်သည်။ ရန်ကုန်သည် ခရီးသွားများအတွက် ပထမဆုံး ဝင်ရောက်ရမည့် ဝင်ပေါက်ဖြစ်သည့်အပြင် Commonwealth War Graves Commission က ထိန်းသိမ်းထားသော စစ်သချိုင်း နှစ်ခုတည်ရှိရာ နေရာဖြစ်သည်။ ကမာရွတ်မြို့နယ်တွင်ရှိသော စစ်သချိုင်းအပြင် ရန်ကုန်မြို့၏ မြောက်ဘက် ၂၅ ကီလိုမီတာတွင် ထောက်ကြန့်စစ်သချိုင်းလည်း တည်ရှိနေသည်။

ရန်ကုန်စစ်သချိုင်းမှ အမှတ်တရ ကျောက်တိုင်တစ်ခု။ ဓာတ်ပုံ- မာရိုဗာလီ

ရန်ကုန်စစ်သချိုင်းမှ အမှတ်တရ ကျောက်တိုင်တစ်ခု။ ဓာတ်ပုံ- မာရိုဗာလီ

ထောက်ကြန့်စစ်သချိုင်းသည် ပိုမိုကြီမားပြီး ဂူသချိုင်း ၆၃၇ ခု ရှိကာ ဓနသဟာရ ကြည်းတပ်သား ၂၇,၀၀၀ ခန့်ကို ဂုဏ်ပြုထားသည်။ ၎င်းတပ်သားများ၏ အမည်များကို အမှတ်တရ ကျောက်တိုင်တွင် ကဗျည်းရေးထိုးထားသည်။

CWGC က သံဖြူဇရပ်မြို့နယ်တွင်လည်း စစ်သချိုင်းတစ်ခုကို ထိန်းသိမ်းထားသည်။ ၎င်းမှာ မွန်ပြည်နယ်တွင်ရှိသော သေမင်းတမန် ရထားလမ်းမကြီး Burma- Siam Death Railway တွင် ဖြစ်သည်။ ဂျပန်များက မဟာမိတ် စစ်သုံ့ပန်းများ၊ အာရှဒေသမှ မတရားခိုင်းစေခံရသော အလုပ်သမားများဖြင့် ခက်ခဲကြမ်းတမ်းသော အခြေအနေတွင် ရထားလမ်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ရာတွင် ခက်ခဲ ကြမ်းတမ်းလွန်းသဖြင့် လူပေါင်း သောင်းနှင့်ချီကာ သေဆုံးခဲ့ရသည်။

သေမင်းတမန် မီးရထားလမ်းပြတိုက်ကို ယခုနှစ် အစောပိုင်းက သံဖြူဇရပ် စစ်သချိုင်း အနီးတွင် ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ်မြို့တော် မော်လမြိုင်၏ တောင်ဘက် ၆၅ ကီလိုမီတာခန့်တွင် တည်ရှိပြီး ရန်ကုန်မှ ကားဖြင့်သွားလျှင် ၃၆၅ ကီလိုမီတာ ကွာဝေးသည်။ ထို သံဖြူဇရပ်စစ်သချိုင်းတွင် ဓနသဟာရ စစ်သား ၃,၁၄၉ ဦးနှင့် ဒက်ချ်စစ်သား ၆၂၁ ဦးတို့၏ ဂူသချိုင်းများ တည်ရှိသည်။

“အလွယ်တကူ ရောက်ရှိနိုင်တဲ့ နေရာတွေကတော့ ရန်ကုန်နဲ့ သံဖြူဇရပ်ပဲ ဖြစ်ပါတယ်” ဟု Pegu Travels မှ လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ဒါရိုက်တ Marcus Allender က ပြောကြားသည်။

“မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်နဲ့ ကရင်ပြည်နယ် မြို့တော်ဖြစ်တဲ့ ဘားအံမြို့တွေကိုပါ ဆက်လက် သွားရောက်နိုင်တယ်။ ရန်ကုန်မှာဆိုရင်တော့ ကိုလိုနီခေတ်က အဆောက်အဦးနဲ့ သမိုင်းတွေကို ဆက်လက်လေ့လာနိုင်တယ်” ဟု သူက ပြောကြားသည်။

Burma Campaign ၏ အဓိကတိုက်ပွဲများ အများစုသည် ဝေးလံခေါင်သီသော နေရာများတွင် ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်မှ Fort Hertz နှင့် ချင်းပြည်နယ်မှ Fort White တို့ကဲ့သို့သော နေရာများသည်လည်း ထိုသို့သော ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများရှိသည်ဟု သူကဆိုသည်။

“ချင်းပြည်နယ် မြောက်ပိုင်းက ယဉ်ကျေးမှုက မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းနဲ့ မတူပါဘူး” ဟု Mr Allender က ပြောကြားသည်။ “ချင်းပြည်နယ်က တောင်တန်းတွေပေါ်မှာ ဝင်လာတဲ့ ဂျပန်တွေကို တိုက်ခိုက်ရင်း ဗြိတိသျှလူမျိုးတွေ အများကြီး ကျဆုံးခဲ့တာပါ။ ချင်း ပြည်နယ်က သူ့ရဲ့ အလှအပကိုက ဆွဲဆောင်မှု ရှိပြီးသားပါ။ ဒါကို ခရီးသွားတွေက သမိုင်း အချက်အလက်တွေနဲ့ ပေါင်းစည်ပြီး လာရောက်လေ့လာနိုင်ပါတယ်” ဟု သူက ပြောကြားသည်။

John Boyd ၏ ဖခင်ဖြစ်သူနှင့် ဦးလေးနှစ်ဦးသည် ဂျပန်လက်ထက်ထဲသို့ စင်ကာပူ ကျရောက်သွားချိန်တွင် ဂျပန်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ John Boyd သည် မြန်မာနိုင်ငံနှင် ထိုင်းနိုင်ငံသို့ မကြာခဏ လာရောက်လည်ပတ်နေသူ ဖြစ်သည်။ သူ၏ ဦးလေးနှစ်ဦးထဲမှ တစ်ဦးဖြစ်သူ Bob Goodwin သည် သေမင်းတမန်လမ်းမကြီး Death Railway ဖောက်လုပ်ရာတွင် မတရား အလုပ်ခိုင်းစေခံခဲ့ရသူဖြစ်ပြီး သူ၏ အတွေ့အကြုံများကို စာအုပ် သုံးအုပ် ရေးသားခဲ့သည်။

“ဒီကို လာရောက်လည်ပတ်တိုင်း ကျွန်တော်တို့ လူမျိုးတွေအပေါ် ဂျပန်တွေ ပြုလုပ်ခဲ့တဲ့ နှိပ်စက်ကလူ ပြုမှုတွေကို အမြဲသတိရတယ်။ မျိုးဆက်သစ်လူငယ်တွေကလည်း ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သိချင်မှာပဲ” ဟု Mr Boyd က ပြောကြားသည်။

သေမင်းတမန်မီးရထားလမ်းမပြတိုက် (Death Railway Museum) ကို ဖွင့်လှစ်အပြီးတွင် သံဖြူဇရပ်သို့ သွားရောက်သော ခရီးစဉ်များ တိုးပွားလာမည့် အလာအလာကို ခရီးသွားလုပ်ငန်းများက မြင်တွေ့နေကြသည်။

Khiri Travel Myanmar ၏ အထွေထွေ မန်နေဂျာ Edwin Briel က ထိုပြတိုက်နှင့် ပတ်ဝန်းကျင် နေရာများသို့ သွားရောက်သော ခရီးစဉ်များ စီစဉ်လိုသည်ဟု ဆိုသည်။

“ဒီ ရထားလမ်းဟောင်းကြီးမှာ တစ်နေ့တာ လမ်းလျှောက်ရတဲ့ ခရီးစဉ်မျိုးဆိုရင် အရမ်းကောင်းမှာပါ” ဟု သူက ဆိုသည်။

ရန်ကုန်စစ်သချိုင်းမှ ခုံတန်လျား တစ်ခု ။ ရန်ကုန် စစ်သချိုင်းသည် Commonwealth War Graves Authority က ထိန်းသိမ်းစောင့်ရှောက်ထားသော မြန်မာနိုင်ငံရှိ စစ်သချိုင်း သုံးခုမှ တစ်ခု ဖြစ်သည်။ ဓာတ်ပုံ- မာရိုဗာလီ

ရန်ကုန်စစ်သချိုင်းမှ ခုံတန်လျား တစ်ခု ။ ရန်ကုန် စစ်သချိုင်းသည် Commonwealth War Graves Authority က ထိန်းသိမ်းစောင့်ရှောက်ထားသော မြန်မာနိုင်ငံရှိ စစ်သချိုင်း သုံးခုမှ တစ်ခု ဖြစ်သည်။ ဓာတ်ပုံ- မာရိုဗာလီ

ဘုရာသုံးဆူ တောင်ကြားလမ်းတွင် ထိုင်း-မြန်မာနယ်စပ်ကို ဖွင့်ပေးလိုက်ပါက ထိုင်းနိုင်ငံရှိ သေမင်းတမန် လမ်းမကြီး၏ ဂိတ်တစ်ခုဖြစ်သော ကန်ချာဘူရီ ၊ CWGC ၏ အခြား စစ်သချိုင်းနှင့် ကွေးမြစ်တံတားသို့ နှစ်စဉ် လာရောက်လည်ပတ်သော ခရီးသွားငါးသန်းကို မြန်မာနိုင်ငံက ခွဲဝေ ရယူနိုင်မည် ဖြစ်သည်ဟု သူကပြောသည်။

“ဒီ ခရီးသွားဧည့်သည်တွေက ပုဂံကို နှစ်စဉ်လာတဲ့ ဧည့်သည်တွေထက် အဆ ၂၀ ခန့် ပိုများပါတယ်။ သူတို့ထဲက ငါးရာခိုင်နှုန်းလောက်ပဲ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရင် အတော်အဆင်ပြေနေပါပြီ” ဟု Mr Briels က ပြောကြားသည်။

ထိုင်းနိုင်ငံဘက်တွင် ခရီသွားများကို ဆွဲဆောင်သော အရာများမှာ ပြတိုက်များ၊ လမ်းလျှောက်သွားရသော ခရီးစဉ်များနှင့် အမှတ်တရနေရာများ ပါဝင်သည်ဟု ၎င်းကဆိုသည်။

“မြန်မာနိုင်ငံဘက်မှာလည်း အဲဒီလို လုပ်ပေးနိုင်ရင် အဆင်ပြေမှာပါ။ နယ်စပ်ကို ဖွင့်ပေးလိုက်ဖို့က အဓိကကျပါတယ်” ဟု Mr Briels ဆိုသည်။

အခြားခရီးသွား လုပ်ငန်းများကမူ Burma Campaign နှင့်သာ သက်ဆိုင်သော ခရီးစဉ်များအား သီးသန့် စီစဉ်ပေးရန်မှာ အချိန်စောလွန်းနေသေးသည်ဟု ဆိုသည်။ Exotissimo Travels Myanmar မှ မန်နေဂျာ Thomas Barrows က ထောက်ကြန့်စစ်သချိုင်းကဲ့သို့သော နေရာများသို့ ဝင်ရောက်လေ့လာသည့် အစီအစဉ်မှာ ၎င်းတို့၏ ခရီးစဉ်များတွင် ပါဝင်နေပြီ ဖြစ်သော်လည်း ပဲခူး၊ ကျိုက်ထီးရိုးစသော ခရီးစဉ်များအတွင်း ခေတ္တ ဝင်ကြည့်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“သံဖြူဇရပ်မြို့နယ်က သေမင်းတမန် လမ်းမပြတိုက်သစ်က အလားအလာကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုလို့ မြင်ပါတယ်” ဟု Mr Barrows က ပြောသည်။ “ဒီ ရထားလမ်းဟောင်း ကြီးက The Bridge over the River Kwai ဆိုတဲ့ ရုပ်ရှင်ကြောင့် နာမည်ကြီးပြီးသားပါ။ ပြီးတော့ မော်လမြိုင်နဲ့လည်း မဝေးပါဘူး။ ရန်ကုန်နဲ့ မော်လမြိုင်ကို ပုံမှန် လေယာဉ်တွေ ပြေးဆွဲပေးမယ်ဆိုရင် ခရီးသည်တွေ များလာမှာပါ” ဟု Mr Barrows က ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.