“ဒီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်ဖို့ အလားအလာကောင်းတယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာလအရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ တိုင်းပြည်အဖြစ် မှတ်တမ်းဝင်နေရာကနေ ရုန်းထွက်နိုင်ဖို့ သက်ဆိုင်သူတွေ အသီးသီးက ကြိုးစားနေကြပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး မှီတင်းနေထိုင်တဲ့ တိုင်းပြည်အတွင်း အားလုံး ညီတူတန်းတူ အခွင့်အရေးမရခဲ့တာကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေကို ရပ်တန့်နိုင်ဖို့ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် အဖြေရှာနေကြချိန်လည်း ဖြစ်ပါတယ်။

သေနတ်သံတွေ တိတ်သွားစေဖို့ အမျိုးသားအဆင့် အပစ်ရပ်ရေးစာချုပ်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးပြီး အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အချို့အကြား သဘောတူညီနိုင်ခဲ့ကြတာ၊ တန်းတူအခွင့်အရေးမရှိတဲ့ အခြေအနေကနေ နိုင်ငံရေးအရ အဖြေရှာဖို့ ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်ဆိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပကြဖို့ လက်တွဲကြိုးပမ်းနေကြတာကလည်း အတိုင်းအတာတစ်ခုအထိ အကောင်အထည်ပေါ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွင်း တိုင်းရင်းသားတွေဖက်က ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတဲ့ Pa-Oh People’s Liberation Organization (PNLO) ရဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို Frontier က ဉာဏ်လှိုင်လင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ သူဟာ တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် ၁၉၇၂ ခုနှစ်ကတည်းကစပြီး တောခိုကာ အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း Joint Implementation Coordinating Meeting (J.IC.M) ရဲ့ အဖွဲ့ဝင်၊ Union Peace & Dialogue Joint Committee (U.P.D.J.C) ရဲ့ အကြံပေးတာဝန်တို့အပြင် Peace Process steering Team မှာလည်း ဦးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဆင့်သတ်မှတ်ပါဆိုရင် အခု ဘယ်အခြေအနေ ရောက်နေပြီလဲ။

ငြိမ်းချမ်းရေးဟာ ရှည်လျားတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အခုရောက်နေတဲ့အဆင့်ဟာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သုံးဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ အမျိုးသားအဆင့်ပေ့ါဗျာ။ ဒီသုံးဆင့်စလုံးကို ပါဝင်လက်မှတ်ထိုးပြီးတဲ့ အဖွဲ့ ရှစ်ဖွဲ့ရှိပါတယ်။ ဒီ ရှစ်ဖွဲ့လုံးနဲ့ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ်နဲ့ အညီ ၂၀၁၆ နှစ်ဦးပိုင်းမှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပါဝင်ပြီးကျင်းပခဲ့ပါတယ်။ ဒီညီလာခံဟာ အုတ်မြစ်ချတာဖြစ်ပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့တာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပီပီပြင်ပြင်လုပ်ဖို့ အစိုးရသစ်က တာဝန်ယူမယ်လို့ သိရတော့ အစိုးရဟောင်းကလည်း သူတို့လက်ထက်မှာ အုတ်မြစ်ချပေးပြီးရင် ကျန်တာဆက်သွားပါဆိုပြီး အစိုးရအာဏာ လွှဲပြောင်းတဲ့အထိ ရောက်လာပါတယ်။ ဧပြီ ၁ ရက်၊ အစိုးရအာဏာလွှဲပြောင်းပြီးတဲ့အခါကျတော့ အစိုးရသစ်အနေနဲ့ အလုပ်တွေ များပြားနေတာကြောင့် အခုအချိန်ရောက်မှ အပစ်ရပ်ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို ခေါ်ပြီးတော့ တရားဝင် တွေ့ဆုံတာပေ့ါ။ ဒါကြောင့် လုပ်ငန်းစဉ်နဲ့ ပြောရင် အပစ်ရပ်ရေး လုပ်ငန်းစဉ်ရှိတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ရဲ့ အဆက်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူဖို့ ပြင်ဆင်နိုင်တဲ့အချိန်မှာ ရောက်နေပါတယ်။

ငြိမ်းချမ်းရေးညီလာခံခေါ်နိုင်ဖို့ အရင်အစိုးရနဲ့ ဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ပြန်ပြင်ဖို့ လုပ်နေတယ်လို့ သိရတယ်။ ဘယ်လောက်တောင် ပြောင်းလဲသွားမှာလဲ။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်တဲ့အဖွဲ့မှာတော့ ကျွန်တော်မပါဘူး။ ကျွန်တော့်အဖွဲ့က တစ်ယောက်ကိုတော့ ကိုယ်စားလှယ်လွှတ်ထားတယ်။ မူလမူဘောင်ရေးဆွဲစဉ်ကတော့ ကျွန်တော်ပါတယ်။ မူဘောင်ရဲ့ မူရင်းမှာ ပြင်စရာအများကြီးတော့ မရှိဘူး။ ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ရမယ့် အစုအဖွဲ့စာရင်းကတော့ နည်းနည်း ပြောင်းသွားနိုင်တယ်။ ညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ လျော့သွားနိုင်တယ်။ ဒီနှစ်ခုကတော့ ပြန်လည်စဉ်းစားနေတဲ့ အခြေအနေပေ့ါ။ ပြန်လည်ဆွေးနွေးတဲ့အခါမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါလာဖို့ လုပ်နေတဲ့အခါကျတော့ ပထမတစ်ကြိမ်ပဲ လုပ်ဖြစ်သေးတယ်။  ဒုတိယအကြိမ်လုပ်တဲ့ အချိန်မှာတော့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေလည်း ပါလာဖို့ရှိတော့ ပါဝင်ဆွေးနွေးသူ ပိုများလာနိုင်တယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။

လက်ရှိအစိုးရက ညီလာခံမှာပါဝင်မယ့် အစုအဖွဲ့ပုံစံတွေ ပြောင်းလဲဖို့ စီစဉ်နေတယ်။ ဥပမာ အနိုင်မရပါတီတွေ ဆိုရင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဖိုရမ်မှာပဲ တက်သင့်တယ်လို့ ပြောထားတယ်။ တိုင်းရင်းသားတွေရဲ့ သဘောကရော။

ဒါကတော့ ညှိနှိုင်းတုန်းပဲ။ ဆွေးနွေးငြင်းခံရမယ့်အချက်လို့ သတ်မှတ်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့  မူဝါဒကတော့ နိုင်ငံရေးပါတီတွေဆိုတာ လူထုထောက်ခံရင် ကောင်းတယ်။ လူထုထောက်ခံမှုမရဘူးဆိုရင်တော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထဲမှာပဲ ဝင်ပြီးတော့ ဆွေးနွေးဖို့ပေ့ါ။ ဆုံးဖြတ်ပေးမယ့် နိုင်ငံရေးပါတီတွေ ရှိနေမယ့် ညီလာခံထဲတော့ မဝင်နဲ့ပေ့ါ။ အဲဒီလို မူချထားတာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီလိုချန်လိုက်မယ့်၊ အရွေးမခံရတဲ့ ပါတီကလေးတွေအများစုက တိုင်းရင်းသားပါတီတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေဖြစ်နေတယ်။ ဒါကြောင့် သူတို့ အဲဒီလိုကျန်နေလို့ သင့်၏ မသင့်၏ ဆိုတာကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကျွန်တော်တို့ အဖွဲ့တွေအတွက် စဉ်းစားစရာဖြစ်လာတယ်။ သူတို့လည်း ပါဝင်နိုင်မယ့် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ဝိုင်းဝန်း စဉ်းစားရဦးမှာပါ။ အစိုးရဲ့ မူဝါဒက တစ်ပိုင်းပေ့ါ။ ကြိုးစားကြည့်ရမှာပေ့ါ။ တိုင်းရင်းသားပါတီတွေကလည်း ခပ်များများဖြစ်နေတော့ သူတို့လည်း မနစ်နာအောင် ညှိနှိုင်းကြည့်ရမှာပေါ့။

ညီလာခံကို သြဂုတ်လ နောက်ဆုံးထားလုပ်မယ်လို့လည်း သိရတယ်။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်က ညီလာခံမတိုင်မီ ပြီးမှဖြစ်မယ်ဆိုတော့ လက်ကျန် နှစ်လအတွင်း ပြီးစီးအောင် ညှိနှိုင်းနိုင်ပါ့မလား။

ဟုတ်တယ်။ မူဘောင်ပြီးမှာ ဒီမူဘောင်နဲ့အညီ ညီလာခံခေါ်တာပေ့ါ။ ဒါကြောင့် မူဘောင်ကို ဇူလိုင်လကုန်မှာ မဖြစ်မနေ ပြီးအောင်လုပ်နိုင်မှ ဖြစ်မယ်မှန်းတယ်။ ဒါမှ ညီလာခံကျင်းပရေးကော်မတီက ဒီမူဘောင်ကို ကိုင်ပြီးတော့ ဖိတ်ခေါ်တာတို့ အစည်းအဝေးအစီအစဉ်တွေ ကြိုဆွဲတာတို့ လုပ်နိုင်မှာပေ့ါ။ ညီလာခံမတိုင်မီ အနည်းဆုံး တစ်လကြိုပြီးမှ ရမယ့် သဘောတော့ရှိတယ်။ အလုပ်တွေကတော့ အများကြီးလုပ်ရမှာပဲ။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိဘူး။ လုပ်တဲ့သူတွေက သံဓိဌာန်ချပြီးတော့ တစ်စိုက်မတ်မတ် လုပ်မယ်ဆိုရင်တော့ ရပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အတွေ့အကြုံကို ပြန်ကြည့်ရင် ၂၀၁၅ အောက်တိုဘာမှာ အမျိုးသားအဆင့် လက်မှတ်ထိုးပွဲ ကျင်းပပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၈ ရက်မှာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ်ကို ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ပါတယ်။ ဒါကြောင့် ဒီစာချုပ်ဟာ တရားဝင်မှုရှိရှိသွားပါတယ်။ အဲဒီလိုဆိုတော့ ဒီစာချုပ်အရ ရက်ပေါင်း ၆၀ အတွင်းမှာ ရှေ့လုပ်ငန်းစဉ် မူဘောင်တစ်ခုရအောင် လုပ်ရတယ်။ တစ်ကယ်တန်းကျတော့ ကြိုပြင်ထားတာရှိတော့ အချိန်တစ်လလောက်ပဲ ယူလိုက်ရတယ်။ နောက်တစ်ခုက ဒီပေါ်မှာမူတည်ပြီးတော့  ရက်ပေါင်း ၉၀ အတွင်းခေါ်ရမယ့် ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန်နဝါရီလမှာ ခေါ်လိုက်နိုင်တယ်။ အဲဒီတုန်းက လုပ်ရကိုင်ရတာ ပိုကြပ်ပါတယ်။ သို့သော် တစ်စိုက်မတ်မတ် သံဓိဌာန်ချပြီးတော့လုပ်ရင် အကောင်အထည် ပေါ်လာတာပါပဲ။ အခုက အရင်ထက်ပိုပြီး အချိန်အားဖြင့်လည်း လုံလောက်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီကိစ္စ စီစဉ်လာတာလည်း ကြာပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကလည်း တစ်စုံလုံးရေးတာမဟုတ်ဘူး။ ပုဒ်မအချို့ပဲ ပြင်မှာဆိုတော့ အချိန်ကောင်းကောင်းမီတယ်။ ကျွန်တော်တို့ ပြည်သူတွေ မျှော်လင့်နေတဲ့ ကွင်းဆက်တစ်ခုပေါ့။ နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အစိုးရအပြောင်းအလဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ရကိုင်ရတဲ့ အနေအထားအချို့ အပြောင်းအလဲ ဖြစ်သွားတာ တွေ့ရပါတယ်။ ဒီအပေါ် တိုင်းရင်းသားတွေဖက်က ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ကျွန်တော်တို့ဖက်ကတော့ ပူးပေါင်းဆောင်ရွက်မှု မလျော့ပါဘူး။ သမ္မတဦးသိန်းစိန်အစိုးရတုန်းက အဓိက ညှိနှိုင်းရေးမှူး ဦးအောင်မင်းနဲ့ အလုပ်လုပ်တုန်းကတော့ ပုံစံတစ်မျိုးပေ့ါ။ သူတို့နဲ့တော့ အမျိုးသားအဆင့် အပစ်ရပ်စာချုပ်တောင်မရှိသေးတဲ့ အခြေအနေကနေ ဒီအထိ ရောက်အောင်လုပ်ရတာကိုး။ စာချုပ်စလုပ်ခါစကလည်း မူကြမ်းတွေကို သူကတင်၊ ကိုယ်ကတင်လိုက်နဲ့ ရှုပ်နေတာပေါ့။ နောက်တော့ မူကြမ်းတွေအားလုံး ပယ်ပြီးတော့ တစ်စောင်တည်း ဝိုင်းရေးမယ်ဆိုပြီး လုပ်တော့လည်း ဖြစ်လာတာပါပဲ။ ၂၀၁၅ မတ်လမှ သမ္မတ ဦးသိန်းစိန်လက်ထဲ ထည့်လိုက်နိုင်တာပေ့ါ။ ပြောချင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရဟောင်းရဲ့ ကြိုးပမ်းမှုကလည်း တော်တော် အရေးပါပါတယ်။ ပထမ ဦးသိန်းစိန်အစိုးရကတော့ စစ်တပ်က အသွင်ပြောင်းလာတဲ့ အစိုးရဆိုတော့ သူ့ကိုယ်သူ ကမ္ဘာ့အသိအမှတ်ပြုမှုခံရဖို့၊ တရားဝင်မှုရဖို့ လုပ်ရတဲ့ ငါးနှစ်ကာလဆိုတော့ တစ်ဖက်ကလည်း သံခင်းတမန်ခင်းတွေချဲ့၊ တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကို ဦးဆောင်လုပ်ရတဲ့ အခြေအနေပေ့ါ။ အလုပ်ပိုများ ပိုကြပ်တဲ့ သဘောရှိတာပေ့ါ။ အခုကတော့ နိုင်ငံရေးပါတီတစ်ခုက ပြည်သူလူထုမဲနဲ့ အနိုင်ရပြီးတော့ တက်လာတဲ့ အစိုးရဖြစ်တဲ့အခါကျတော ဒီအစိုးရလက်ထက်မှာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်ဖို့ အလားအလာကောင်းတယ်လို့ ပြောနိုင်တာပေ့ါ။ အစိုးရဟောင်းရဲ့ ကောင်းမွေဆိုးမွေတွေကို ဆက်ခံပြီး ဆက်လုပ်နေရတဲ့အခါမှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဇောက်ချပြီး သံဓိဌာန်ချပြီးလုပ်မယ်ဆိုရင်တော့ ထိထိရောက်ရောက်လုပ်နိုင်တဲ့ အခြေအနေရှိ ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကလောက် တရားဝင်မှုရဖို့၊ အသိအမှတ်ပြုခံရဖို့ အထူးကြိုးစားဖို့မလိုတော့ဘူး။ ဒါကြောင့် သူတို့အတွက် နိုင်ငံရေးလုပ်မလား၊ တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ ပိုအချိန်ရတဲ့ အစိုးရဖြစ်တာကြောင့် ကျွန်တော်တို့ကတော့ အများကြီး မျှော်လင့်ထားပါတယ်။

ပြီးခဲ့သည့်ဇန်နဝါရီလက နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ

ပြီးခဲ့သည့်ဇန်နဝါရီလက နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တပ်မတော်ဖက်က ပူးပေါင်းပါဝင်မှု အနေအထားကရော အပြောင်းအလဲ ရှိလာသလား။

အစိုးရဟောင်းတုန်းကရော၊ အစိုးရသစ်လက်ထက်မှာရော ဒီတပ်မတော်ပါပဲ။ တပ်မတော်အသစ်အဟောင်း မရှိတဲ့အတွက် သူ့မူဝါဒက ဒီအတိုင်း သတ်သတ်မှတ်မှတ်ပဲ သွားပါတယ်။ တပ်မတော်အင်အားစုက အစိုးရအဟောင်းနဲ့ အသစ်အကြား မူဝါဒ အပြောင်းအလဲတွေမှာ ထိန်းညှိပေးတဲ့ အင်အားစုလို ဖြစ်လာတယ်။ အဲဒီ အခါကျတော့ အစိုးရဟောင်းနဲ့ တပ်မတော်အကြီးအကဲတွေ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်ရေးစာချုပ်မှာ လက်ရှိတပ်မတော်က လိုက်နာစောင့်ထိန်းရဖို့ ဖြစ်လာတယ်။ ဒီစာချုပ်ကို ဗဟိုပြုပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်လက်မှတ်ထိုးထားတာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်က တာဝန်ရှိသလို ဒီစာချုပ်အတိုင်း အကောင်အထည်ဖော်ဖို့ကိုလည်း တပ်မတော်က အာမခံဖို့ လိုလာတယ်။ အစိုးရသစ်အနေနဲ့ စိတ်ကူးကောင်းတွေ၊ ချည်းကပ်မှုအသစ်တွေနဲ့ ပြင်ဆင်မှုတွေ လုပ်မယ်ဆိုရင်လည်း တပ်မတော်က အပစ်ရပ်ရေးစာချုပ်လမ်းကြောင်းနဲ့ သွေဖီမသွားအောင် ထိန်းပေးတဲ့ အင်အားစုကြီး ဖြစ်လာတယ်။ လောလောဆယ်ဆယ်မှာ ဒီစာချုပ်ကို ဝိုင်းပြီး အကောင်အထည်ဖော်တဲ့နေရာမှာလည်း တပ်မတော်ဟာ တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့နဲ့ အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက် ဖြစ်လာတယ်။ အဲဒီကတစ်ဆင့် အစိုးရဦးဆောင်တဲ့ လုပ်ငန်းတွေမှာ ပါလာတယ်။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ တပ်မတော်က အပြန်အလှန် ထိန်းညှိတဲ့နေရာကို ရောက်လာတယ်လို့ ပြောနိုင်တာပေ့ါ။

အမျိုးသားအဆင့် အပစ်ရပ်ရေးစာချုပ်ပါ နောက်ဆက်တွဲလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့ အနေအထားက ရော ဘယ်လိုအခြေအနေရှိလဲ။

အပေါ်လွင်ဆုံးနဲ့ အထိရောက်ဆုံးကတော့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ပူးတွဲကော်မတီ ဖွဲ့တာပါပဲ။ ပြည်ထောင်စုအဆင့် ဖွဲ့ပြီးပြီ။ ပြည်နယ်အဆင့်မှာ ဖွဲ့နေတယ်။ ဒီအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ပြည်နယ်အသီးသီးမှာ အောက်ခြေအထိ ဆင်းပြီးတော့ အပစ်ရပ်တာကို ခိုင်မာအောင်နဲ့ မကျိုးပေါက်အောင် ထိန်းဖို့ ကော်မတီတွေ လိုက်ဖွဲ့တာရှိတယ်။ အဲဒါကို တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အောင်မြင်မှုလို့လဲ ပြောနိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုင်တွယ်ဖို့ လုပ်တဲ့အချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီအစုအဖွဲ့ကို အရင်တွေ့ပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ဝင်ပြီး ဦးဆောင်လာတာဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေလည်းပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကြီးကြပ်ပေးဖို့ ပူးတွဲကော်မတီပေါ့။ လက်ရှိမူအရ ဒီကော်မတီဟာ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကြီးကြပ်ကွပ်ကဲရမယ့် ဦးဆောင်ရမယ့် အဖွဲ့ပေ့ါ။

ဒီလိုအောင်မြင်မှုတွေရှိနေတဲ့အခြေအနေမှာ ဘာကြောင့် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ရှိနေရသေးတာလဲ။

ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျွန်တော် မှတ်ချက်မပေးချင်ဘူးဗျ။ ရှေ့လဆန်းမှာ သူတို့ လာပါလိမ့်မယ်။ သူတို့ ကိုယ်တိုင်ဖြေတာက ပိုကောင်းပါလိမ့်မယ်။ အရင်တုန်းကတော့ အစိုးရသစ်နဲ့မှ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ အခုအစိုးရသစ်က သုံးလသက်တမ်းရှိပြီ။ ပူးပေါင်းဆောင်ရွက်လာမှာလားဆိုတာကတော့ စောင့်ကြည့်ပေ့ါဗျာ။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုပ်ရင်းကိုင်ရင်းနဲ့ စောင့်မယ်။ ရပ်ပြီးတော့ စောင့်လို့တော့မရတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဖြစ်စဉ်တွေက ဆက်ပြီးသွားနေတာမို့ပါ။ သူတို့ ခပ်သုတ်သုတ်လိုက်လာရင် အကောင်းဆုံးပေ့ါ။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ လုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ထိပ်သီးညီလာခံ အကြောင်းလေးပြောပါဦး။

မိုင်ဂျာယန်ညီလာခံကတော့ လက်မှတ်မထိုးပဲ ကျန်နေတဲ့အဖွဲ့တွေရဲ့ အခင်းအကျင်းပေ့ါ။ သူတို့ ဆုံးဖြတ်ထားတာက ၂၁ ရာစုပင်လုံညီလာခံမှာ သူတို့ပဲဖြစ်ဖြစ်၊ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် လာမယ်။ အဲဒီလို မလာခင်မှာ၊ ဒီညီလာခံမတိုင်မီမှာ၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ အချင်းချင်း ပြန်လည်ညှိနှိုင်းမယ်ဆိုတဲ့ စိတ်ကူးပါ။ ကျွန်တော်တို့လည်း ကြိုဆိုလက်ခံပါတယ်။ ဒါကြောင့် ဝိုင်းလုပ်ကြရအောင်ဆိုပြီး သဘောတူထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံရဲ့ အဆုံးသတ်ဟာ တိုင်းရင်းသားတွေ တောင်းနေတဲ့ တန်းတူအခွင့်အရေးအတွက်ဆိုတော့ တစ်ချိန်မှာ အခြေခံဥပဒေကို ပြင်ရမယ့် အခြေအနေကို ရောက်လာမှာပေ့ါ။ အဲဒီအချိန်ကျရင်ရော တပ်မတော်နဲ့  ညှိနှိုင်းမှုတွေ အောင်မြင်မယ်လို့ မျှော်လင့်ထားလား။

တပ်မတော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အတိုင်းအတာတစ်ခုအထိတော့ ညှိပြီးလုပ်လို့ရမယ် ထင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်ဖက်ကလည်း ပြင်ဆင်ချင်တာ ရှိချင်ရှိမယ်။ မပြင်ဘူးလို့ သူတို့လည်းမပြောဘူး။ ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ရင် ဘယ်ပုဒ်မတွေ၊ ဘယ်ဟာတွေ ပြင်ဆင်မှာလည်း အနှစ်သာရက ဘာဖြစ်မလဲဆိုတာတွေ ညှိဖို့ အများကြီးရှိသေးတယ်။ တပ်မတော်ကတော့ တစ်ကွက်ချင်းကို စောင့်ကြည့်သွားမယ့် သဘောရှိတယ်။ အားလုံးကိုခြုံပြီး ကြိုက်တယ်။ မကြိုက်ဘူး ပြောမယ့် သဘောမရှိဘူးလို့ မြင်တယ်။ လက်မခံနိုင်ရင်လည်း လက်မခံနိုင်ဘူး ပြောလိမ့်မယ်။ အခုအချိန်ကတော့ ဒီအရွေ့မှာ ညီလာခံပြင်ဆင်ရေးတောင် အကောင်အထည် ပေါ်မလာသေးတဲ့အတွက် တပ်မတောာ်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးပေါ်မှာ မှတ်ချက်ပေးတာမျိုးတော့ ကျွန်တော်လည်းမတွေ့သေးဘူး။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.