ဒီလှိုင်းတို့ ဝါးမျိုခံမြေ

မုတ္တမပင်လယ်ကွေ့နှင့် ၎င်းအတွင်း စီးဝင်နေသော မြစ်များသည် ထူးခြားသော သဘာဝဝန်းကျင်ကို ဖန်တီးပေးလျက်ရှိသည်။ ထို့အတူ ထိုဝန်းကျင်တွင် နေထိုင်သူများကို အန္တရာယ်လည်းပေး၏။ 

ကွန်ရတ်စတေဟယ်လင် ရေးသည်။
ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ပဲခူးမြို့အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ တံတားဦးရွာလယ်တွင် နှစ်တစ်ရာကျော်သက်တမ်းရှိ အုတ်ကျောင်းကြီးတစ်ကျောင်းရှိသည်။ သို့သော် ယနေ့အချိန်တွင် တော့ ကျောင်းကြီးမှာ အုတ်မြစ်နှင့် နံရံတစ်ပိုင်းတစ်စမှလွဲ၍ ဘာမျှ မကျန်တော့ပေ။ အုတ်ကျောင်းသာ မဟုတ် လူဦးရေတစ်ထောင်ကျော်ရှိသော တံတားဦးရွာသူရွာသားများလည်း တစ်ဦးမျှမရှိကြတော့။ လွန်ခဲ့သော တစ်နှစ်ခွဲကပင် သူတို့သယ်နိုင်သမျှသယ်ကာ ရွာကို စွန့်ခွာသွားခဲ့ကြပြီ။ သစ်ဝါးဖြင့် ဆောက်ထားသော အိမ်များကို တစ်စစီဖြုတ်ယူသွားကြသည်။ ထို့အတူပင် အုတ်ကျောင်းကိုလည်း တစ်စစီ ဖြိုဖျက်ယူသွားခဲ့ကြပါသည်။ 
ရွာသားတို့က ဗုဒ္ဓရုပ်ပွားတော် အသေး သုံးဆူနှင့် အကြီးတစ်ဆူကိုတော့ အုတ်ကျောင်းထဲတွင် ဒီအတိုင်းထားခဲ့ကြသည်။ ရွာနားမှ ဖြတ်စီးသွားသော စစ်တောင်းမြစ်သည် အမြဲရေကြောင်း ပြောင်းလဲစီးဆင်းနေသည်ဖြစ်ရာ ရှင်တော်ဘုရား၏ ရုပ်ပွားတော်များက မြစ်ရေ တိုက်စားမှုအန္တရာယ်မှ ကာကွယ်နိုင်ကောင်းပါရဲ့။ 
သူတို့ဘိုးဘွားအစဉ်အဆက်ကို အလုပ်အကျွေးပြုခဲ့သော ဒီမြေကို တံတားဦးရွာသားတို့ စွန့်ခွာသွားစဉ်က စစ်တောင်းမြစ်သည် သူတို့နေအိမ်များ၏ အရှေ့ဘက် ကီလိုမီတာ အနည်းငယ်အကွာမှ စီးဆင်းနေဆဲဖြစ်ပါသည်။ သို့သော် ရွာနှင့်မြစ်အကြား ကြားခံနယ်အဖြစ်ရှိနေသော လယ်မြေကိုတော့ မြစ်ရေက အလျင်အမြန်ဝါးမြိုလျက်ရှိနေပြီ။ ရွာထဲမှ အုတ်တိုက် သုံးလေးလုံး၏ အုတ်မြစ်များကိုပင် ရေတိုက်စားစပြုနေပြီ။ စစ်တောင်းမြစ်က အုတ်ကျောင်းကြီး၏ ဘေးမှ ဖြတ်စီးနေသည်ဖြစ်ရာ မကြာမီပင် အုတ်ကျောင်း၏ အကြွင်းအကျန်တို့ မြစ်ရေထဲမျောပါတော့မည်။

ns-9.jpg

ယခင်က တံတားဦးရွာသားတို့အဖို့ ငါးဖမ်းခြင်းအလုပ်ကသာလျင် ပုံမှန်ဝင်ငွေရနိုင်သော အလုပ်ဖြစ်သော်လည်း….. ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

‘ကမ္ဘာမှာ ရေအနောက်ဆုံးနေရာလား’

တံတားဦးရွာသည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ စစ်တောင်းမြစ် စီးဝင်ရာ စစ်တောင်းမြစ်ဝ ရေလွှမ်းလွင်ပြင်ပေါ်တည်ရှိသည်။ ဤဒေသ၌ မြွေလိမ်မြွေကောက် အကွေ့အဝိုက် စီးဆင်းနေသော စစ်တောင်းမြစ်၏ မြင်ကွင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်လာသည့် လေယာဉ်ပေါ်မှ ခရီးသည်များကို ဖမ်းစားနိုင်သော မြင်ကွင်းဖြစ်သည်။ အထူးသဖြင့် နံနက်အာရုံတက်စအချိန်နှင့် ညနေဆည်းဆာအချိန်တို့တွင် အထူးကြည့်လို့ကောင်းလှပါသည်။ ဤကဲ့သို့သော ရေလွှမ်းလွင်ပြင်များတွင် မြစ်များ ကွေ့ဝိုက်စီးဆင်းတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ လေးလံသော အနယ်အနှစ်များ သယ်ဆောင်လာသော မြစ်ရေစီးကြောင်းသည် မြစ်ကမ်းဘေးနံရံကို ဗဟိုခွာအားဖြင့် ဖြေးဖြေးချင်းမနားမနေ တိုက်စားကာ အဝိုင်းပုံမြစ်ရေစီးကြောင်းကို ဖန်တီးသည်။ ထိုမှတဖန် ဖြတ်ဖောက်ကာ မြစ်ကျိုးအင်း များကို ဖြစ်ပေါ်စေသည်။
မြစ်ကမ်းပါးတိုက်စားမှုမှာ ခန့်မှန်းဖို့တော့ ခက်သည်။ အချို့ဒေသတွင် မြစ်ရေစီးကြောင်းသည် နှစ်အနည်းငယ်အတွင်းမှာပင် ကီလိုမီတာ လေးငါးကီလိုမီတာအတွင်း ရှေ့နောက် အပြန်အလှန် စီးဆင်းတတ်သည်။ အချို့ဒေသများတွင်မူ ဆယ်စုနှစ်များစွာကြာအောင် လားရာတစ်ခုတည်းသို့ပင် မှန်မှန်စီးဆင်းကြသည်လည်းရှိသည်။ ဤဖြစ်စဉ်တွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုမှာ အနည်းငယ်သာရှိသည်။ သို့သော် လာမည့်ဆယ်စုနှစ်များအတွင်း ပင်လယ်ရေမြင့်တက်လာလျင် သက်ရောက်မှုကြီးမားလာလိမ့်မည်။
ရေလွှမ်းလွင်ပြင်၏ မြေမျက်နှာသွင်ပြင်မြစ်များက ပြောင်းလဲပစ်သော နုန်းသည် နှစ်ပေါင်းရာပေါင်းများစွာကြာနိုင်သည်။ စစ်တောင်းမြစ်အောက်ပိုင်း တိုက်စားမှုသည် အလွန်းပြင်းထန်လှပေရာ အချိန်တိုအတွင်းမှာပင် အပြောင်းအလဲများကို ပြုလုပ်နိုင်စွမ်းရှိသည်။ စစ်တောင်းမြစ်ဖြစ်စဉ်တွင် အဓိကလွှမ်းမိုးမှုမှာ စစ်တောင်းမြစ်နှင့် မုတ္တမပင်လယ်ကွေ့တို့၏ တစ်ခုနှင့် တစ်ခု အပြန်အလှန်သက်ရောက်မှုပင်ဖြစ်သည်။ 
အရှေ့ဘက်တွင် မွန်ပြည်နယ်ရှိပြီး အနောက်ဘက်တွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ဖြင့် အနားသတ်ထားသော မုတ္တမပင်လယ်ကွေ့ဒေသသည် အမျိုးမျိုးသော လှုပ်ရှားမှုအကြောင်းတရားများကြောင့် ကမ္ဘာပေါ်တွင် အရေးပါသော ဒီတက်ဒီကျ ရွံ့လတာပြင်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စစ်တောင်းမြစ်သည် ဧရာဝတီမြစ်၊ ရန်ကုန်မြစ်၊ သံလွင်မြစ်တို့နှင့်အတူ မုတ္တမပင်လယ်ကွေ့အတွင်း သဲနုန်းအနည်အနှစ်များ ပို့ချသော မြစ်လေးစင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြစ်လေးစင်းအပြင် အားကောင်းသော ဒီရေများကလည်း အနည်အနှစ်တို့ကို သယ်ဆောင်ပို့ချပေးသည်။ 
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် NGO တစ်ခုဖြစ်သော “International Union of Conservation of Nature (IUCN) အဖွဲ့၏ အဆိုအရ မုတ္တမပင်လယ်ကွေ့တွင် ခုနစ်မီတာအလျားရှိ ဒီရေများသည် တစ်စက္ကန့် သုံးမီတာနှုန်းဖြင့် ဒီလှိုင်းများတွန်းပို့နေရာ အနည်ပို့ချမှုနှင့် တိုက်စားမှုပုံစံမှာ အမြဲမပြတ်ပြောင်းလဲနေသည်။ ဤမျှ နောက်ကျိပြီး ဤမျှလှုပ်ရှားနေသော ပင်လယ်ကွေ့မျိုး ကမ္ဘာပေါ်တွင် မရှိပါ” ဟုပင် မှတ်ချက်ပြုရေးသားခဲ့ပါသည်။ 

ns-25.jpg

“အနှစ် သုံးဆယ်အတွင်း ကျွန်မတို့ ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းခဲ့ရတာ သုံးကြိမ်ရှိပြီ” ဟု အသက် ၄၃ နှစ်အရွယ် ကလေး သုံးယောက်မိခင် မသော်ထွေးက ပြောသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြစ်ဝနှင့် သံလွင်မြစ်ဝအကြား စိတ်ကူးဖြင့် တားထားသော မျဉ်း၏ မြောက်ဘက်တွင် ပင်လယ်ကွေ့၏ ရေအနက်မှာ မီတာ (၃၀) ထက် မပိုတော့ပေ။ ထိုအကြောင်းကြောင့်ပင် Google Map ဂြိုလ်တုပုံရိပ်များ၌ ထိုနေရာသည် တောက်ပသော အပြာရောင်ဖြင့် လင်းလက်နေသည်။ မြစ်လေးစင်းက သယ်ဆောင်ပို့ချလာသော အနည်အနှစ်များနှင့် အာဟာရများကြောင့် များပြားလှစွာသော ငါးလေးများနှင့် ခွံမာ သတ္တဝါလေးများ ပေါများစွာဖြစ်ထွန်းသည်။ ထိုရေသတ္တဝါများကို  စားသောက်ရန် ရာသီပြောင်း ဆောင်းခိုငှက် တစ်သိန်းခွဲ ကျော်တို့ ဆောင်းရာသီတိုင်း ပင်လယ်ကွေ့ကမ်းခြေတစ်လျောက် ရောက်လာကြသည်။ ထိုငှက်များတွင် ဇွန်းပုံ နှုတ်သီးရှိ ရေညှောင့်ကောင်ငှက် (sandpipers) (Calidris pygmaea) လည်း အပါအဝင်ဖြစ်သည်။ ထိုငှက်မျိုးသည် အရေအတွက် အလျင်အမြန်လျော့နည်းလာနေသဖြင့် မျိုးတုန်းပျောက်ကွယ်တော့မည့် စာရင်းတွင်ပါဝင်သော ငှက်ဖြစ်သည်ဟု (IUCN) အစီရင်ခံစာတွင်ဖော်ပြထားသည်။ နောက်ဆုံးတွက်ချက်ခန့်မှန်းမှုအရ ထိုငှက်မျိုးမှာ ဖိုမစုံတွဲ (၁၂၀) သို့မဟုတ် ကောင်ရေ ၂၄၂ မှ ၃၇၈ အထိသာ ကျန်ရှိတော့သည်။
ပင်လယ်ကွေ့မှာ ရေတိမ်ပြီး ကန်တော့ပုံသဏ္ဌာန်ဖြစ်၍ ဒီလှိုင်းများမှာ အလွန်လျင်မြန်ပြီး ပမာဏလည်းကြီးမားသည်။ ထို့ကြောင့် စစ်တောင်းမြစ်ဝမှ ဒီလှိုင်းများအင်အားကြီးမားရခြင်းဖြစ်သည်။ အထူးသဖြင့် လပြည့်နေ့များတွင် ပို၍ကြီးမားသည်။ ဒီလှိုင်းလုံးကြီးများမှာ စစ်တောင်းမြစ်ဝမှ ကီလိုမီတာသုံးလေးဆယ်ထိရောက်ရှိတတ်ပြီး လှိုင်းစီးသူများက ၂၀၁၇ ခုနှစ်က နာရီဝက်ကြာအောင်ပင် စီးခဲ့ရကြောင်း ပြောပြဖူးသည်။

ns-17_4.jpg

အုတ်ပုံအပိုင်းအစအဖြစ်သာ ကျန်တော့သည့် တံတားဦးက အိမ်တစ်လုံး။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကုန်းတွင်းဘက်သို့ ပြောင်းပြီးရင်းပြောင်းရခြင်း

သံလျင်-ပဲခူးလမ်းမှ အရှေ့ဘက်သို့ ဦးတည်ပြီး ပင်လယ်ကွေ့ကမ်းခြေအထိ ပေါက်သော မြေလမ်းမှာ တဖြေးဖြေးပို၍ ဆိုးလာပြီးနောက်ဆုံးတွင် မော်တော်ဆိုင်ကယ်သာ သွား၍ရသော အခြေစိုက်သွားသည်။ ဇွန်လမှ အောက်တိုဘာလအတွင်း မိုးရာသီတွင် လှေ၊ မော်တော်ဘုတ်တို့ဖြင့်သာ သွားနိုင်သည်။ သို့သော် ကမ်းရိုးတန်းနှင့်နီးလာသော အခြေအနေတွေက ပိုမိုသန့်ရှင်းလတ်ဆတ်လာသည်။ ပင်လယ်လေကလည်း သန့်ရှင်းလတ်ဆတ်ပြီး ခြင်ကောင်တို့ကင်းသည်။ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်၊ ဆိတ်တို့သည် လမ်းကို ဖြတ်၍ သွားလာကျက်စားနေကြသည်။ တကယ်တော့ ကီလိုမီတာ (၅၀) လောက်သာ ကွာဝေးသော်လည်း ဖုန်တစ်လုံးလုံး၊ မီးခိုးတစ်လုံးလုံးနှင့် ကုန်ကားတွေ တန်းစီနေသော ပဲခူးမြို့နှင့်လည်းကောင်း၊ ကွန်ကရိတောကြီးထဲတွင် ပြွတ်သိပ်မွန်းကြပ်နေသော ရန်ကုန်မြို့လည်နှင့်လည်းကောင်း၊ ကမ္ဘာခြားသလို ခံစားရသည်။ အင်အားကြီးမားသော ဒီလှိုင်းများနှင့် ကမ်းခြေတိုက်စားမှု အန္တရာယ်များ၏ ခြိမ်းခြောက်မှုသာ မရှိခဲ့ပါက မုတ္တမပင်လယ်ကွေ့ထဲသို့ စစ်တောင်းမြစ်စီးဝင်ရာ ဤကျေးလက်ဒေသ၏ဘဝမှာ နေချင့်စဖွယ်ဖြစ်ပေလိမ့်မည်။ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ပါဝင်သော မုတ္တမပင်လယ်ကွေ့ပေါ်ရှိ ကမ်းရိုးတန်းကျေးရွာများတွင် လူဦးရေ ခြောက်သောင်းနှစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိပြီး ငါးဖမ်းခြင်း၊ လယ်ယာလုပ်ခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းတို့ဖြင့် အသက်မွေးကြသည်။

typeof=

သူတို့မှာ ခက်ထန်သော အနာဂတ်နှင့် ရင်ဆိုင်နေကြရသည်။ မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်သာမက သူတို့၏ လယ်ယာမြေများအတွင်း ပင်လယ်ရေများ ဝင်ရောက်မည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေကြရသည်။ လယ်မြေကွက်ထဲသို့ ပင်လယ်ဆားငန်ရေများ အကြိမ်ကြိမ်ဝင်ရောက်ပါက မည်သည့်သီးနှံမျှ စိုက်ပျိုးရတော့မည် မဟုတ်ချေ။ ဆားငန်ရေဝင်ထားသော မြေကို တိရစ္ဆာန်စားကျက်မြက်ခင်းအဖြစ် အသုံးပြု၍ မရပေ။ ကျွဲ၊ နွားများသည် ဆားငန်ဓာတ်ပါသော မြက်ကို မစားလိုကြသောကြောင့်ဖြစ်သည်။ တာရိုးဘောင်များဖြင့် ဒီတက်ချိန်တွင် ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုမှ ကာကွယ်နိုင်သော်လည်း မြစ်ရေတိုက်စားမှုကိုတော့ တာဘောင်များက ခံနိုင်ရည်မရှိကြပေရာ အချိန်ကြာသည်နှင့် တာရိုးကျိုးပေါက် ပျက်စီးသွားတော့သည်။
“အနှစ် သုံးဆယ်အတွင်း ကျွန်မတို့ ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းခဲ့ရတာ သုံးကြိမ်ရှိပြီ” ဟု အသက် ၄၃ နှစ်အရွယ် ကလေး သုံးယောက်မိခင် မသော်ထွေးက သူတို့၏ ဝါးတဲအိမ်ကလေးထဲတွင် Frontier ကို ပြောပြပါသည်။ 
လွန်ခဲ့သော သုံးနှစ်က သူမ၏ အိမ်မှာ ‘မမောက်ရွာ’ တွင် ရှိခဲ့သည်။ ‘မမောက်ရွာ’ ဒီရေလွှမ်းမည့် အန္တရာယ်ကြုံသဖြင့် အိမ်ကို တစ်စစီဖျက်ယူပြီး ကုန်းဘက် နှစ်ကီလိုမီတာအကွာ တံတားဦးရွာနားသို့ ပြောင်းရွှေ့ခဲ့ကြသည်။ 
ကုန်းဘက်ပြောင်းမလာမီက မသော်ထွေး၏ ခင်ပွန်းမှာ တံငါအလုပ်ကို လုပ်ကိုင်သူဖြစ်သည်။ နေရာသစ်တွင် အိမ်ဆောက်ရန် မြေလေးတစ်ကွက် ဝယ်ယူနိုင်ရန်အတွက် သူတို့၏ ငါးဖမ်းကိရိယာပစ္စည်းတွေ ထုတ်ရောင်းလိုက်ရသည်ဟု ပြောပါသည်။
သူမ၏ ခင်ပွန်းမှာ ရရာ နေ့စားအလုပ်ကို လုပ်ပြီး မသော်ထွေးကတော့ ဆေးလိပ်၊ ကွမ်းယာ၊ လက်ဖက်ရည်နှင့် ဘီယာတို့ကို ရောင်းသည်။ သူတို့အိမ်တွင် လျှပ်စစ်မီးမရှိပေ။ ယခင် တံတားဦးရွာသားတို့အဖို့ ငါးဖမ်းခြင်းအလုပ်ကသာလျင် ပုံမှန်ဝင်ငွေရနိုင်သော အလုပ်ဖြစ်သော်လည်း မသော်ထွေး ယောက်ျားကတော့ ငါးဖမ်းအလုပ်ကို စွန့်လွှတ်ခဲ့ရသည်။ ကလေးသုံးယောက်၏ ဖခင် ဦးမျိုးဇော်ဝင်းက ဘုန်းကြီးကျောင်းသစ်တွင် Frontier ကို ဧည့်ခံသည်။ နောက်တစ်ခါ ထပ်ပြောင်းကြရလျင် ဖြုတ်ယူလို့ရအောင် တံတားဦးရွာသားတွေက ဘုန်းကြီးကျောင်းသစ်ကို သစ်ဝါးတွေနဲ့ပဲ ဆောက်လုပ်ထားကြသည်။
“ကျွန်တော့် လယ်မြေလည်း ရေထဲပါသွားပြီ၊ ကျွန်တော်ကတော့ လယ်ပဲလုပ်ချင်တယ်၊ ဒါပေမယ့် လယ်လုပ်ဖို့ မြေဝယ်နိုင်တဲ့သူ ဒီရွာမှာ တစ်ယောက်မှ မရှိဘူး၊ ငါးဖမ်းတဲ့ အလုပ်ကို မလုပ်ချင်ဘူး၊ တစ်ရက် သုံးထောင်ရတဲ့ နေ့ရ၊ တစ်ခါတစ်လေ နှစ်သောင်းလောက်ရတဲ့နေ့ ရပါတယ်။ ဒါပေမယ့် ပျှမ်းမျှတွက်လိုက်ရင် လယ်သမားရတဲ့ ဝင်ငွေကို မမီပါဘူး” ဟု ကိုမျိုးဇော်ဝင်းက ပြောပါသည်။

ns-56.jpg

ဂဏန်းသည် ကာတဲရွာ၏အဓိကဝမ်းကျောင်းလုပ်ငန်းအဖြစ်ကျန်နေသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Swiss Agency for Development and Cooperation (SDC) သည် ၂၀၁၅ ခုနှစ်တွင် ဒေသခံတို့၏ ဘဝအခက်အခဲကို တွေ့မြင်ရသဖြင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ဦးတည်လုပ်ဆောင်ရန် ဒေသတွင်းရှိကျေးရွာ ၈၆ ရွာ အနက် ကျေးရွာ (၃၀) တွင် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် စီမံကိန်းချမှတ် လုပ်ဆောင်ခဲ့သည်။ စီမံကိန်းကို ဆွစ်ဇာလန်အခြေစိုက် NGO Helvetas နှင့် IUCN တို့က မြန်မာ NGO Network Activities Group နှင့်အတူ အစုဖွဲ့ကာ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီရပ်ဝန်းကြီးတစ်ခုလုံးရဲ့ ထူးခြားတဲ့ ဇီဝကွဲပြားခြားနားမှု အထွေထွေကို မပျက်စီးအောင် ထိမ်းသိမ်းထားရင်း ဒေသခံတွေရဲ့ စားဝတ်နေရေး အလုပ်အကိုင်တွေ တိုးတက်ကောင်းမွန်လာဖို့ပါပဲ” ဟု SDC ၏ အစီအစဉ် မန်နေဂျာ Mr Markus Buerli က ပြောပြပါသည်။ 
SDC သည် ဤစီမံကိန်းကို ၂၀၁၅ မှ ၂၀၂၁ အထိ လုပ်ကိုင်ရန် ဒေါ်လာ ၁၂ သန်း နီးပါး လျာထားသည်။ စီမံကိန်းကို ၂၀၂၄ အထိ ဆက်လက်ဆောင်ရွက်ရန် သဘောတူခွင့်ပြုချက်ရပါက နောက်ထပ်ထောက်ပံ့ငွေ ထပ်မံရရှိဦးမည်ဖြစ်သည်။
ဤစီမံကိန်းအောင်မြင်ဖို့ရာ အကြောင်းတရားများစွာအပေါ်မှာ အခြေတည်နေကြောင်း၊ ဒေသတွင်း အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ရှုပ်ထွေးလှသော ဤပင်လယ်ကွေ့၏ သဘာဝဖြစ်စဉ်သံသရာကို ပိုမိုနားလည်သဘောပေါက်သိရှိမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ဝင်ငွေရရှိရာ လမ်းအမျိုးမျိုးတို့အပေါ်မှာ မူတည်နေပါသည်ဟု Buerli က ပြောသည်။ 
စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် စစ်တောင်းမြစ်ဟာ ဘာကြောင့်ရေကြောင်း ပြောင်းရသလဲဆိုသည့် အချက်ကို နားလည်ရန် လေ့လာမှုပြုလုပ်ခဲ့ရာ ယခု ပြီးဆုံးခဲ့ပြီဖြစ်သည်။ မုတ္တမပင်လယ်ကွေ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအတွက် အစိုးရဌာနအသီးသီးအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်အောင်လည်း ကြိုးပမ်းခဲ့ပါသည်။
ဒေသခံများအတွက် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးစေ့ဘဏ်များ ထူထောင်ခြင်း၊ သောက်ရေကန်များ တူးဖော်ပေးခြင်း၊ တားမြစ်ထားသော ငါးဖမ်းပိုက်ကွန်များ အသုံးမပြုရေးကို လိုက်နာကြရန် အစရှိသည့် အကူအညီများကို ဒေသခံလူထုအား ပေးခဲ့ပါသည်။

ns-46.jpg

လမု၊ ကနစိုပင်တွေ ပေါက်ရောက်နေသော မြေဧက (၁၂၀) လောက်ပေါ်တွင် နုန်းတင်မြေများကျနေရာ ဒေသခံရွာသားတွေအတွက် မျှော်လင့်စရာလည်းဖြစ်၊ အငြင်းပွားစရာလည်း ဖြစ်လာသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒီရေက အပေးအယူလုပ်သည်

ဒီလှိုင်းက မြေကြီးကို ဝါးမျိုရုံသာ လုပ်သည် မဟုတ်ပါ။  နုန်းတင်မြေနုတွေအဖြစ် အစားလည်း ပြန်ပေးတတ်ပါသည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ‘ကာတဲရွာ’ တွင် ဒီအတိုင်းဖြစ်နေပါသည်။ ထိုရွာသည် မုတ္တမပင်လယ်ကွေ့နှင့် မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းတွင်ရှိသည်။ “ကျွန်တော့်တစ်သက် ဒီရွာနားမှာ ကမ်းပြိုတာ တစ်ခါမျှ မမြင်ဘူးပါဘူးဗျာ” ဟု အသက် ၄၅ နှစ်အရွယ် ဦးသိန်းဆောင်က ပြောပြသည်။ ဦးသိန်းဆောင်သည် ဂဲကျေးရွာ စည်ပင်ကော်မတီမှ ငွေထုတ်ပေးသူဖြစ်သည်။ လမု၊ ကနစိုပင်တွေ ပေါက်ရောက်နေသော မြေဧက (၁၂၀) လောက်ပေါ်တွင် နုန်းတင်မြေများကျနေရာ ဒေသခံရွာသားတွေအတွက် မျှော်လင့်စရာလည်းဖြစ်၊ အငြင်းပွားစရာလည်း ဖြစ်လာသည်။
ဒေသခံအရာရှိ တစ်ယောက်ကလည်း သူ့ကိုယ်ကျိုးအတွက် မြေနု လေးငါးဟက်တာ သိမ်းယူထားသည်ဟု ဆိုကြသည်။ သူ့လုပ်ပုံကို ရွာသားတွေက မကျေနပ်ကြသော်လည်း ဘာမျှ မတတ်နိုင်ကြချေ။ ထိုသူ့ကို ပြောနေမည့်အစား ကျန်ရှိနေသော ဒီရေတော လမု၊ ကနစိုတောများကို ရွာသုံးတောအဖြစ် မွန်ပြည်နယ်အစိုးရက တရားဝင်သတ်မှတ်ပြီး ထိမ်းသိမ်းကာကွယ်ထားဖို့အရေးကိုသာ ကြိုးပမ်းနေကြသည်။ (ထိုဒေသခံအရာရှိနှင့် ဆက်သွယ်သော်လည်း မအောင်မြင်ခဲ့ပါ။)
ရွာသားများက သူတို့စိတ်ကူးပြောပြသောအခါ Helvetas က တတ်စွမ်းသမျှ ကူညီခဲ့ပါသည်။ 
“မြေနုကျွန်းတွေ အလျင်အမြန်ဖြစ်ပေါ်လာပြီး ဒါတွေကို ကိုင်တွယ်အသုံးချရမယ့် တိကျပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကလည်းမရှိတော့ မြေနဲ့ပတ်သက်ပြီး မကြာခဏ ပဋိပက္ခတွေ ဖြစ်တတ်ကြတယ်။ ဒေသခံတွေ သူတို့ဘာသာ ရေရှည်ခံမယ့်ဖြေရှင်းနည်းတွေ ရှာကြဖို့။ ဥပမာ-ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ကိုယ်စားလှယ်တွေ ရွေးချယ်ခန့်ထားပြီး အာဏာပိုင်တွေထံ တင်ပြနိုင်ကြဖို့ ကူညီခဲ့ပါတယ်။ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကျွန်တော်တို့က အစိုးရကိုတော့ တိုက်ရိုက်ပြောမှာ မဟုတ်ဘူး၊ ကျွန်တော်တို့က နိုင်ငံရေးအကြံပေးအဖွဲ့မှ မဟုတ်တာ။ဒေသခံနဲ့ အစိုးရဌာနတွေအကြား အတူအကွ စီမံလုပ်ဆောင်မှုအပေါ် အခြေခံတဲ့၊ ဒီလို လက်တွေ့ဆန်တဲ့ ချဉ်းကပ်နည်းတွေ ကြောင့်ပဲ စစ်တောင်းမြစ်ဝနားက ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့အတွင်း ဟက်တာ (၄၅,၀၀၀) ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် Ramsar ဒေသအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။” ၎င်းက ပြောသည်။
Ramsar Convention သည် Wetlands များအား စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး ထိမ်းသိမ်းရေးအတွက် နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သည်။  အခြား Ramsar နေရာများမှာ ပဲခူးတိုင်းထဲမှပင် မိုးယွန်းကြီးအင်း Moeyungyi Wetlands Wildlife Sanctuary၊ ကချင်ပြည်နယ်ရှိ Indawgyi Wildlife Sanctuary နှင့် ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်း Wildlife Sanctuary တို့ဖြစ်သည်။
စစ်တောင်းမြစ်ဝကို Ramsar ဒေသအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ထိုဒေသကို စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး ထိမ်းသိမ်းရန် အစိုးရဌာနများတွင် တာဝန်ရှိလာသည်။ ထိုရည်မှန်းချက်အောင်မြင်ရေးအတွက် Helvetas ရေးဆွဲထားသော အစီအစဉ်ကို မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရတို့က သဘောတူလက်မှတ် ထိုးထားကြသည်။
ဤသို့ သတ်မှတ်လိုက်ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အဟန့်အတားမဖြစ်စေပါ။ အထူးသဖြင့် ခရီးသွားလုပ်ငန်းကို အဟန့်အတားမဖြစ်ပါ။ ထိုဒေသကို ဂေဟခရီးသွားလုပ်ငန်း eco-tourism ဒေသအဖြစ် မည်သို့ပြုလုပ်နိုင်မည်ကို Helvetas က မကြာမီကပင် လေ့လာရေးဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်နှင့် နီးသဖြင့် ငှက်ကြည့်သူများနှင့် လှိုင်းစီးသူများပင် လာရောက်အပန်းဖြေသောနေရာ ဖြစ်လာနိုင်ပါသည်။ ဒေသ၏ ထူးခြားသော အသွင်လက္ခဏာများကြောင့် ရွာတစ်ချို့နှင့် သက်မွေးမှုလုပ်ငန်းတစ်ချို့တော့ ပျက်ပြားနိုင်သည်။ သို့သော် စနစ်တကျ ကိုင်တွယ်အသုံးချတတ်လျင် စီးပွားဖြစ်လာနိုင်သော လမ်းစပင်ဖြစ်ပါသည်။

ခေါင်းစီးဓာတ်ပုံ-စစ်တောင်းမြစ်ဘေးက တံတားဦးရွာတွင် ကျန်ခဲ့သော ဘုန်းတော်ကြီးကျောင်းနေရာ။
ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဦးကိုကို ဘာသာပြန်သည်။
 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.