ဒစ်ဂျစ်တယ်ဆုကြေးစား တိုက်ခိုက်ရေးသမားများ

မြန်မာနိုင်ငံတွင် ဗီဒီယိုဂိမ်းပြိုင်ပွဲကို တခမ်းတနား မကျင်းပဖူးသေးသော်လည်း ယှဉ်ပြိုင်မှုပါဝင်သည့် အီးစပို့ထ်စ်ပြိုင်ပွဲမြင်ကွင်းက ပရော်ဖက်ရှင်နယ်အဆင့် ရောက်ရှိရန် လုံးပမ်းနေဆဲဖြစ်သည်ကို ပြသလျက်ရှိသည်။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

မြန်မာနိုင်ငံတွင် ဗီဒီယိုဂိမ်းပြိုင်ပွဲများ ရှိခဲ့ဖူးသည့်တိုင် ယခုကဲ့သို့သောပွဲမျိုး မဟုတ်ပါ။

House of Gamers (HOG) ဂိမ်းစင်တာအတွင်းရှိ ဆိုင်ဘာပန်ု့စတိုင် နှစ်ထပ်ဆောင်ပြိုင်ကွင်းအတွင်း၌ ပြိုင်ပွဲဝင်ထိုင်ခုံများ၊ ပွဲစဉ်ကြေညာသူ၏အခန်း၊ ကြီးမားသောပိတ်ကားကြီးနှင့် ဖောက်ထွင်းမြင်နိုင်သောအခန်း နှစ်ခန်းတို့ပါဝင်ပြီး အခန်းထဲတွင် လေယာဉ်မှူးထိုင်ခုံကဲ့သို့သော ထိုင်ခုံများတွင် နောက်ဆုံးဗိုလ်လုမည့်သူနှစ်ဦး ထိုင်နေသည်။ နိုင်ငံတော်တစ်ခု တည်ထောင်ရေးအတွက် သူတို့၏ ဒစ်ဂျစ်တယ်တစ္ဆေများနှင့် စုန်းများ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေချိန်တွင် ပွဲကြည့်ပရိသတ် ရာပေါင်းများစွာ၏ အော်ဟစ်သံများက လွှမ်းမိုးလျက်ရှိသည်။

ဗီဒီယိုဂိမ်း၏အမည်မှာ ဒိုတာ ၂ Dota 2 ဖြစ်သည်။ စိတ်ကူးယဉ်အကြောင်းအရာကို အခြေခံထားသော မဟာဗျူဟာဂိမ်းဖြစ်ပြီး မြန်မာနိုင်ငံ အီးစပို့ထ်စ်ချန်ပီယံများ ညနေပိုင်းနှင့် နွေရာသီအားလပ်များတွင် ကျက်စားရာ မှိန်ပျပျ ဆိုင်ဘာကဖေးဆိုင်များ၌ ကာလရှည်ကြာစွာ လူကြိုက်များခဲ့သော ဂိမ်းဖြစ်သည်။

သို့ရာတွင် ဇူလိုင်လဆန်းပိုင်းက ကျင်းပသော ပထမဆုံးအကြိမ် HOGCon နှစ်ပတ်လည်ပြိုင်ပွဲ၌ အူရီဒူးက ဆုကြေးငွေ ကျပ် ၂၅ သိန်းကို လက်ငင်းဆုချခဲ့ရာ ဗီဒီယိုဂိမ်းဂုဏ်ဆောင် အနိုင်ရသူများအား နာမည်ကြီး ကုန်အမှတ်တံဆိပ်များက စပွန်ဆာပေး ချီးမြှင့်ထောက်ပံ့တော့မည့်အလားအလာ ဖြစ်သည်။

ဂရပ်ဖစ် စီစဉ်ဆောင်ရွက်ရေးယူနစ်များကို ဒီဇိုင်းရေးဆွဲခဲ့သည့် အမေရိကန် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Nvidia ၏ ရောင်းဝယ်ရေးတာဝန်ခံ မစ္စတာဘာထရန်လင်းက လသာဆောင်ရှိ စားပွဲမှနေ၍ ပြိုင်ပွဲကို စောင့်ကြည့်လေ့လာခဲ့သည်။ ယခုပွဲအတွက် လိုအပ်သောကွန်ပျူတာ၊ ဆာဗာ၊ လေအေးပေးစနစ်များနှင့် အခြားအဆင့်မြင့်နည်းပညာ အခြေခံအဆောက်အအုံများအတွက် သူ့ကုမ္ပဏီက HOG နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို လာရတဲ့ အကြောင်းရင်းကတော့ နောက်ဆုံးတနေ့မှာ ဒီလိုနေရာမျိုး ရရှိထားဖို့ ဖြစ်ပါတယ်” ဟု ကမာရွတ်မြို့နယ် လှည်းတန်းနယ်မြေတွင် ယခင်နှစ်က ဖွင့်လှစ်ခဲ့သည့် HOG နဲ့စပ်လျဉ်း၍ မစ္စတာလင်းက ပြောသည်။

ဤအရွယ်အစားမျိုး ပြိုင်ပွဲဖြစ်လာသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် နောက်ဆုံးတွင် ထုနှင့်ထည်နှင့် ရရှိသောစပွန်ဆာ၊ ဒေါ်လာထောင်သောင်းချီ ဆုကြေးငွေပေးသောပြိုင်ပွဲနှင့် အာရှဒေသတွင် eGG ကွန်ရက်ကဲ့သို့သော ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံသည့် မီဒီယာကုမ္ပဏီများ၊ ၂၀၁၄ ခုနှစ်တွင် အမေဇုန်က အမေရိကန်ဒေါ်လာ သန်း ၉၇၀ ဖြင့် ဝယ်ယူခဲ့သော Twitch ကဲ့သို့သော ဝက်ဘ်ဆိုက်တ့ိုကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့သော အီးစပို့ထ်စ် (ဗီဒီယိုဂိမ်းယှဉ်ပြိုင်မှု) လောက၌ ကျန်အာရှဒေသ အစိတ်အပိုင်းများ စသည်တို့ကို မြန်မာနိုင်ငံက ပခုံးချင်း ယှဉ်လာသည့်သဘောဖြစ်ကြောင်း သူကပြောသည်။

အီးစပို့ထ်စ် အဆင့်မြှင့်တင်ရေး

မြန်မာဂိမ်မာများသည် ဂိမ်းကို ခုံမင်စွဲလမ်းမှု ကြီးမားလှသည်။ မန္တလေးတွင် ပရော်ဖက်ရှင်နယ် အီးစပို့ထ်စ် အဖွဲ့နှစ်ဖွဲ့က ကြီးကြပ်စီစဉ်ပေးထားသော ကျယ်ပြောလှသည့် Speed Gaming ဂိမ်းစင်တာသို့် အမာခံဂိမ်မာများသည် အချိန်အားသည်နှင့် ကီးဘုတ်ရှေ့ ရောက်လာကြသည်။ တခါတရံ သူတို့သည် တကြိမ်လျှင် ရက်များစွာကြာအောင် နေတတ်ကြပြီး စားသောက်ဆိုင်မှ အသင့်စားခေါက်ဆွဲထုတ်ကို မှီဝဲရင်း ဆိုဖာကုလားထိုင်များပေါ် အိပ်စက်ကြသည်။

HOG နှင့် ယခင်နှစ်က ဖွင့်လှစ်ခဲ့သော Speed Gaming တို့ကဲ့သို့သော ၂၄ နာရီဖွင့်သည့်ဆိုင်ကြီးများသည် ယခုအခါ ထင်ရှားသော သွင်ပြင်လက္ခဏာတစ်ရပ်ကဲ့သ့ို ဖြစ်လာသည်။ မကြာသေးမီအထိ မြန်မာ အီးစပို့ထ်စ်ကို စွမ်းရည်နိမ့်ကွန်ပျူတာများနှင့် အင်တာနက် ချိတ်ဆက်အားမကောင်းသော၊ သို့မဟုတ် အင်တာနက် အဆက်အသွယ်မရှိသော ဆိုင်ဘာဆိုင်ကလေးများတွင်သာ ရရှိနိုင်သည်။ မြန်မာဂိမ်းသမား အများစုသည် ဝက်ဘ်ဖြင့်ချိတ်ဆက်ထားခြင်းမဟုတ်ဘဲ ကေဘယ်ကြိုးများဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာများတွင် LAN ဆက်သွယ်မှုကိုသာ အသုံးပြုကစားကြသည်။

dota_2.jpg

မြန်မာအီးဂိမ်မာများအကြား လူကြိုက်အများဆုံးမှာ ဒိုတာ ၂ ဖြစ်သည်။ ဓာတ်ပုံ – တေဇလှိုင်

HOG ကိုပူးတွဲတည်ထောင်သူ ကိုလူမင်းခန့်တစ်ယောက် ဂိမ်းကိုစွဲလမ်းလာခဲ့သည်မှာလည်း ဤကဲ့သို့သော ဆိုင်မျိုးမှဖြစ်သည်။ သို့်သော် အင်တာနက်ချိတ်ဆက်မှုနှင့် ခေတ်မီနည်းပညာ တိုးတက်ကောင်းမွန်လာချိန်၌ မြန်မာဂိမ်မာတို့လည်း အလားတူတိုးတက်လာသည်။

“လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သာမန်ဂိမ်မာအဖွဲ့တွေက ပြည်ပကပရိုဂိမ်မာတွေနဲ့ မယှဉ်နိုင်ခဲ့ပါဘူး။ သူတို့အသာလေးနဲ့ ရှုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့တွေ တော်လာကြပါပြီ။ သူတို့က ပရိုတွေကို အနိုင်ယူနိုင်မယ့် အနေအထားကို ရောက်နေပါပြီ” ဟု ကိုလူမင်းခန့်ကပြောသည်။

ဆုကြေးစားဂိမ်မာများ၊ သို့မဟုတ် “ပရိုဂိမ်းကစားသူများ” နှင့် “မြန်မာဂိမ်းသမားများ” ဟု သူကခွဲ၍ပြောခြင်းမှာ မြန်မာဂိမ်မာများမှာ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ရှိလာကြသော်လည်း သူတို့ထဲတွင် ဂိမ်းကစားရာမှ ဝင်ငွေရသူ မရှိသလောက်ဖြစ်သောကြောင့်ဖြစ်သည်။

မန္တလေးအခြေစိုက် Speed Gaming အဖွဲ့မှာမူ ခြွင်းချက်ဖြစ်သည်။ အလားတူနာမည်ဖြင့် ဆောင်ရွက်နေသော ဂိမ်းစင်တာတစ်ခု၏ ကမကထပြုမှုဖြင့် အဆိုပါအဖွဲ့သည် ထိပ်တန်းအဖွဲ့တစ်ဖွဲ့ ဖြစ်လာပြီး Dota 2 tournament ပြိုင်ပွဲဆုကို ရရှိခဲ့သည်။ Speed Gaming အဖွဲ့ဝင် ကိုကျော်ဇင်ထွန်းကလည်း မြန်မာနိုင်ငံတွင် ပြိုင်ပွဲဝင်ဂိမ်းများမှာ ယခင်ကထက် ပိုမိုခေတ်စားလာသည်ဟူသောအချက်ကို လက်ခံသဘောတူသည်။

“တရားဝင် ဂိမ်းအဖွဲ့အစည်းတွေကနေ ထောက်ပံ့ပေးထားတဲ့ အဖွဲ့တွေ တသီကြီးတွေ့ရတော့မယ်လို့ မျှော်လင့်နေပါတယ်။ ဂိမ်းသမားတွေလည်း နိုင်ငံခြားမှာ ပြိုင်ပွဲဝင်နိုင်တော့မှာပါ” ဟု ကိုကျော်ဇင်ထွန်းက ပြောသည်။

မြန်မာဂိမ်းလောကအတွက် ကိုကျော်ဇင်ထွန်း၏ မျှော်မှန်းချက်မှာ အခြေခံအားဖြင့် ပိုမိုကြီးမားသော ပြိုင်ပွဲများနှင့် ဆုကြေးပေးမည့် အလားအလာ၊ သူတို့ကြိုးပမ်းမှုကြောင့် တစိုက်မတ်မတ် ဆောင်ရွက်နေသည့် ဂိမ်မာများအတွက် ငွေကြေးရနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ အင်တာနက်အမြန်နှုန်းများ မြင့်တက်လာသည့်အတွက် မြန်မာဂိမ်မာများသည် အပြည်ပြည်ဆိုင်ရာ နယ်ပယ်အတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းပြင်လာနိုင်ပြီဖြစ်သည်။

“ကျွန်တော့်တဦးတည်းသဘောကိုပြောရရင် ကျွမ်းကျင်မှုအရ သူတို့တွေက နိုင်ငံခြားကစားသမားတွေနဲ့ ကောင်းကောင်ယှဉ်နိုင်နေပါပြီ” ဟု ကိုလူမင်းခန့်ကပြောသည်။

အမျိုးသမီးဂိမ်မာများ

ပရိုဂိမ်မာတစ်ဦး ဖြစ်လာစေရန် မဝင်းပပအောင်အတွက် လိုအပ်သမျှမှာ နောက်ထပ်အမျိုးသမီး ဂိမ်မာတစ်ဦးကို ရှာရန်ဖြစ်သည်။

သူ ကမကထပြု ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများချည်း ပါဝင်သော Speed Gaming Witches အသင်းမှာ ဆေးကျောင်းတက်ရန် အဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွားချိန်မှစ၍ ရပ်ဆိုင်းထားခဲ့ရသည်။ သူ့အသင်းအတွက် ပဉ္စမမြောက် ကစားသမားကို ရှာဖွေနိုင်ပါက Speed Gaming စာရင်းတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အမျိုးသမီးများသည် အီးစပို့ထ်စ်တွင် လူနည်းစုဖြစ်နေရာ မြန်မာနိုင်ငံတွင်လည်း ခြွင်းချက်မရှိ မှန်ကန်လျက်ရှိသည်။

“Dota 2 ကစားဖို့ ကျွန်မသင်ယူပြီးတဲ့နောက် ဂိမ်းဆိုင်တိုင်းမှာ ကျွန်မဝင်ဆော့တာပဲ။ ဆိုင်တိုင်းမှာ ကျွန်မက တဦးတည်းသော မိန်းကလေးဖြစ်နေတော့ ယောကျ်ားကလေးအားလုံးက ကျွန်မကို ကြည့်ကြတယ်။ ဒါပေမဲ့ ကျင့်သားရသွားပါပြီ” ဟု မဝင်းပပအောင်ကပြောသည်။

Dota 2 ကစားတတ်အောင်သင်ပေးရန် သူ့ယောကျ်ားလေးမိတ်ဆွေများက နောက်ဆုံး သဘောတူ လက်ခံချိန်က ၁၆ နှစ်သာရှိခဲ့သည့် မဝင်းပပအောင်သည် ယခုအခါ အသက် ၂၂ နှစ်ရှိပြီဖြစ်သည်။ ယခုအသက်အရွယ်မှာပင် သူ့ကိုဖက်တူသည်ဟု မယူဆကြသဖြင့် ယောက်ျားကလေးများက သူနှင့်မကစားလိုကြပေ။

“ကျွန်မက သူတို့နဲ့ သိပ်စိမ်းလွန်းနေတယ်။ ကျွန်မ ကောင်းကောင်းမကစားတတ်တော့ ကျွန်မနဲ့ ဘယ်သူမှ တွဲမကစားချင်ကြဘူး” ဟု သူကပြောသည်။

dota_3.jpg

မဝင်းပပအောင်ကို မန္တလေးဂိမ်းစင်တာတွင် သူ့အဖွဲ့သားများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

ခြောက်နှစ်ခန့်လေ့ကျင့်ပြီးနောက် မဝင်းပပအောင်သည် ဂိမ်းဆိုင်များတွင် ပထားခံရသော အမျိုးသမီးတစ်ဦး မဟုတ်တော့ပေ။ သို့သော်လည်း ပရိုဂိမ်မာအဖြစ် ရောက်ရှိသည်အထိ ကစားလိုသည့်တိုင် ပဉ္စမမြောက် အမျိုးသမီးကို ရှာ၍မရနိုင်သေးပေ။

ရွေးစရာကစားသမားကလည်း နည်းလွန်းလှသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်အခြေစိုက် Fairies ဟုခေါ်သော အခြားအမျိုးသမီးအသင်း တစ်သင်းသာရှိပြီး အမျိုးသားဝါသနာရှင်များနှင့်လည်း လက်ရည်စမ်း ကစားကြည့်ရန် အခြားသူများကို သူကြိုးစားစည်းရုံးနေကြောင်း မဝင်းပပအောင်ကပြောသည်။

“ကျွန်မရဲ့မိန်းကလေးသူငယ်ချင်းတွေကို ကစားနည်းတွေသင်ပေးဖို့ ကျွန်မကြိုးစားတယ်။ ဒါပေမဲ့ သူတို့က မသင်ချင်ကြဘူး။ သင်ယူဖို့အရမ်းခက်တော့ မိန်းကလေးတွေက မသင်ချင်ကြတာပါ” ဟု သူကဆိုသည်။

သို့တစေ အီးစပို့ထ်စ်ထဲ ဝင်လိုသော အမျိုးသမီးများအား ဆိုင်ဘာကဖီးများတွင် နေရာပေးသင့်သည်ဟု အယူအဆရှိသူ အမျိုးသားဂိမ်မာများ ပိုမိုများပြားလာသည်။ သူတို့၏ကျားမကွဲပြားမှုကြောင့် သူနှင့်သူ့အဖွဲ့သားများ၏ ကျွမ်းကျင်မှုကို အမျိုးသားများက သံသယဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မဝင်းပပအောင်က ဂရုမစိုက်ပေ။

“ကျွန်မတို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ ကောင်းကောင်းကစားနိုင်လာရင် သူတို့ကျွန်မတို့ကို အလေးထားနေရာပေးလာမှာပါ” ဟု သူကပြောသည်။

ပရိုအဆင့်တက်လှမ်းရေး

အမေရိကန်ပြည်ထောင်စုတွင် အပြည်ပြည်ဆိုင်ရာ ဂိမ်းပြိုင်ပွဲများ စီစဉ်ဆောင်ရွက်ရသောလုပ်ငန်း လုပ်ကိုင်ပြီး သတ်မှတ်ကာလပြည့်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် ကိုစိုးပြည့်အောင်သည် HOG စတင်ဖွင့်လှစ်နိုင်ရေးအတွက် အကူအညီပေးခဲ့သည်။

ပြိုင်ပွဲဝင်ဂိမ်းကစားခြင်းမှာ မြန်မာနိုင်ငံတွင် လူကြိုက်များလာသော်လည်း အပြည်ပြည်ဆိုင်ရာ စင်မြင့်တွင် မြန်မာဂိမ်မာများ ဆုများမရရှိမီ မြန်မာနိုင်ငံ ဂိမ်းလုပ်ငန်း၏ အနေအထားအပေါ် သဘောထားများ ပြောင်းလဲရန်လိုကြောင်း သူကပြောသည်။

ဂိမ်းစတင်ကစားသူများသည် အချိန်ဖြုန်းရန် ဂိမ်းကစားသည်ဆိုသည့်အတွေးမျိုးကို ဖျောက်ပစ်ရန်လိုကြောင်း သူကဆိုသည်။

“အခုအချိန်မှာ ‘ပရိုဂိမ်မာ’ဆိုတာက မြန်မာနိုင်ငံမှာ တကယ့်အသက်မွေးဝမ်းကျောင်းလို မဟုတ်သေးပါဘူး။ သူတို့မိဘတွေဆီက ပိုက်ဆံတောင်းပြီး ဂိမ်းကစားကြတယ်။ သူတို့တွေ အစကတည်းက ဂိမ်းကို အလုပ် တစ်ခုလို သဘောထားပြီးကစားရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ အခုတော့ ဂိမ်းကစားသူတွေက သူငယ်ချင်းတွေစုပြီး အပျော်ကစားသလို ဖြစ်နေတယ်” ဟု ကိုစိုးပြည့်အောင်ကပြောသည်။

dota_4.jpg

မန္တလေးဂိမ်းစင်တာတွင် အမာခံဂိမ်မာများသည် တခါတရံ အသင့်စားခေါက်ဆွဲထုပ်များ စားသောက်၍ ရက်များစွာကြာအောင် နေထိုင်ကစားကြသည်။ ဓာတ်ပုံ – တေဇလှိုင်

အပျော်သဘော ဂိမ်မာဘဝမှ အသက်မွေးဝမ်းကျောင်း ဂိမ်းကစားသမားဘဝကူးပြောင်းရန် ကြိုးစားနေသော ကိုကျော်ဇင်ထွန်းအတွက် ပြဿနာက ကြက်ဥအစရှာရသလို ဖြစ်နေသည်။ ကမကထပြုသူများနှင့် အပြည်ပြည်ဆိုင်ရာ ဂိမ်းအဖွဲ့များက စူးစူးစိုက်စိုက်ဆောင်ရွက်မည့် ဂိမ်းသမားများကိုရှာသည်။ သို့သော်လည်း ဂိမ်မာများကလည်း အသက်မွေးဝမ်းကျောင်း ယှဉ်ပြိုင်မှုအဖြစ် မဆောင်ရွက်မီ ဘဏ္ဍာရေးအရင်းအမြစ်နှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိရန် လိုလားကြသည်။

“ကစားသမားတွေက ဂိမ်းအကြောင်းကလွဲပြီး ဘာကိုမှ ခေါင်းရှုပ်မခံချင်ကြဘူး။ ဂိမ်းကစားတဲ့အကြောင်းပဲ သူတို့စဉ်းစားနေရင် သူတို့တွေမပြိုကွဲဘဲ အသင်းအဖွဲ့တစ်ခုအဖြစ် စည်းလုံးနေကြမှာပါ” ဟု ကိုကျော်ဇင်ထွန်းကပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၏ အီးစပို့ထ်စ်သည် မှန်ကန်သောလမ်းကြောင်းပေါ်၌ လျင်မြန်စွာ ရွေ့ရှားနေကြောင်း အားလုံးလက်ခံသဘောတူကြသည်။ HOGCon ၏ပြိုင်ပွဲနှစ်ခုအတွက် လက်ရည်စမ်းပွဲများတွင် အသင်းပေါင်း ၄၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲကြည့်ပရိသတ်က လက်မှတ်စောင်ရေ ၂,၀၀၀ ကျော် ဝယ်ယူကြည့်ရှုခဲ့သည်။

ရက်သတ္တတစ်ပတ်ကြာ ကျင်းပသောအခမ်းအနားသည် ယေဘုယျအားဖြင့် ရန်ကုန်မှဝါသနာရှင်များအတွက် ပွဲတော်တစ်ခုဖြစ်ခဲ့သည်။ ပြပွဲသို့လာရောက်သူများသည် ကစားစရာ လေသေနတ်များလွယ်လျက် စစ်အင်္ကျီ်များဝတ်ကာ လှည့်လည်ကြည့်ရှုကြသည်။ ဆံပင်အချွန်ပုံစံ အင်နီမေးရှင်းဇာတ်ကောင်များနှင့် အမေရိကန် ကာတွန်းဇာတ်ကောင်များဖြစ်ကြသော သာနိုးစ်Thanos နှင့် ဒက်ပူး Deadpool တို့ပုံစံ ဝတ်ဆင်မှုပြိုင်ပွဲကိုလည်း ကျင်းပပေးသည်။

ကမကထပြု ထောက်ပံ့ခြင်းနှင့် ဆုပေးခြင်းမဟုတ်သော ဤယဉ်ကျေးမှုအလေ့အကျင့်က မြန်မာနိုင်ငံ၌ အီးစပို့ထ်စ်ထွန်းကားရေးအတွက် လျှို့ဝှက်ချက်ဖြစ်ကြောင်း ကိုလူမင်းခန့်ကပြောသည်။

“ခင်ဗျားဘေးက လူတွေအားလုံးက ဂိမ်းသမားတွေချည်းပါ။ သူတို့က ဂိမ်းကစားရတာကို သဘောကျတယ်။ ငါဟာ အပျော်သက်သက် ကစားနေတာပါလားလို့ မခံစားပါနဲ့” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဇူလိုင်လဆန်းပိုင်းက ရန်ကုန်မြို့တွင်ကျင်းပသော ပထမအကြိမ်မြောက် HOGCon နှစ်ပတ်လည် အီး-ဂိမ်းပြိုင်ပွဲတွင် ကျပ် ၂၅ သိန်း ဆုချီးမြှင့်ခဲ့သည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.