ဒင်ဗာမြို့က ပရဟိတသမားကောင်း

တုန်လှုပ်ချောက်ချားဖွယ် မိသားစုအခက်အခဲများက မြန်မာဒုက္ခသည်များအား အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ရမည့် ဘဝသစ်နှင့် နေသားတကျဖြစ်အောင် ကူညီနေသော ကရင်အမျိုးသမီးကြီးတစ်ဦး၏အလုပ်ကို ဟန့်တားနိုင်စွမ်း မရှိခဲ့ပေ။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

အမေရိကန်ပြည်ထောင်စု တောင်ပေါ်ဒေသ ပြည်နယ်တစ်ခုဖြစ်သော ကော်လိုရာဒိုသည် ကရင်ပြည်နယ် တောင်တန်းများမှ အလွန်ဝေးကွာလှပြီး နော်ဒါဒိုမူး Naw Dah Doh Moo နှင့် ၎င်း၏မိသားစုသည် ပထမဆုံးအကြိမ် နှင်းထုနှင့် ထိပ်တိုက်တိုးခဲ့စဉ်က ခြေညှပ်ဖိနပ်များကိုသာ စီးထားခဲ့ကြသည်။

သူတို့အတွက် အစိုးရ ပေးထားသောအခန်းမှာ အော်ရိုရာမြို့တွင်ရှိသည်။ ပြည်နယ်မြို့တော် ဒင်ဗာ၏ ဆင်ခြေဖုံးဒေသဖြစ်ပြီး ဒုက္ခသည်အမျိုးမျိုး နေထိုင်ရာဒေသဖြစ်သဖြင့် ဒေသခံတို့က “ဆော်ဒီ အော်ရိုရာ” Saudi Aurora ဟုခေါ်သောနေရာနှင့် နီးနီးကပ်ကပ်ရှိသည်။ သူတို့၏ လူမှုလုပ်သားက သူတို့အား ထမင်းပေါင်းအိုး၊ ပေါင်မုန့်၊ ဆန်နှင့် အသားအချို့ကိုသာ ပေးသည်။ သို့သော် ဆားကိုမပေးသည့်အတွက် လမ်းဘေးကုန်စုံဆိုင်သို့ သွားဝယ်ရသည့်အလုပ်မှာ ယခင်က သူပုန်ဟောင်း ဖြစ်ခဲ့ဖူးသူအတွက် တောလမ်းကို ချီတက်ရသလောက် ခက်ခဲပင်ပန်းလှသည်။

“အချိန်က စက်တင်ဘာလပါ။ ကျွန်မတို့မှာ ဂျာကင်အင်္ကျီတွေမရှိလို့ ရေချိုးတဘက်တွေ ပတ်ထားရတယ်။ ခြေထောက်တွေထဲ နှင်းတွေက ဝင်နေတယ်။ ကျွန်မတို့ တခုန်တည်း ခုန်နေရတယ်။ ပြီးတော့ နှင်းကျနေတဲ့ဓာတ်ပုံတွေ ရိုက်ကြတယ်။ သိပ်လှတာပဲ” ဟု နော်ဒါဒိုမူးက Frontier ကို ပြောသည်။

၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံမှ ကော်လိုရာဒိုသို့ ရောက်ရှိလာကြသော ဒုက္ခသည် ၂၄ ဦးတွင် နော်ဒါဒိုမူး၊ ၎င်း၏ခင်ပွန်း၊ မိခင်နှင့် သမီးနှစ်ယောက်တို့ ပါဝင်ခဲ့သည်။ နောင် ၁၀ နှစ်ကြာသောအခါ ဒင်ဗာဒေသ တစ်ခုတည်းမှာပင် ကရင်လူဦးရေ ၃,၀၀၀ အထိ ရောက်ရှိခဲ့သည်။ သို့သော်လည်း ဒါဒိုမူးတို့ ရောက်စအချိန်က သူတို့မဖတ်တတ်သော စာသားဖြင့် ဖော်ပြထားသည့် အစားအစာများ၊ တန်ဖိုးမည်မျှရှိမှန်း မသိသော ငွေစက္ကူကို အသုံးပြု၍ ဈေးဝယ်နိုင်ရသည်၊ ရော့ကီးတောင်၏ အအေးဒဏ်ကို ကာကွယ်ရန် ရေချိုးတဘက်တို့ကို အသုံးပြုခဲ့ရသည်၊ အနည်းနှင့်အများ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ရသည်။

“ကျွန်မတို့အတွက် အစားအသောက် လက်မှတ်တွေ ရတယ်။ လူခြောက်ယောက် တစ်ပတ်စာ အမေရိကန်ဒေါ်လာ ၈၀၀ လောက်ရှိမယ်။ ပထမတော့ ကျွန်မတို့က ငွေစုချင်လို့ ဒေါ်လာ ၂၀၀ ပဲ သုံးတယ်။ အစိုးရပိုက်ဆံကို ကျွန်မတို့မဖြုန်းချင်ဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ အားလုံး(ကျန်တဲ့ငွေတွေ) ပျောက်သွားတော့တာပဲ။ နောက်ကျတော့ သူတို့က ကျွန်မတို့ကို ငွေလျှော့ပေးတော့တာပဲ” ဟု ဒါဒိုမူးက ပြောသည်။

အသက် ၅၇ နှစ်ရှိ နော်ဒါဒိုမူးအတွက် အစိုးရထောက်ပံ့သော အစားအစာလက်မှတ်နှင့်ပတ်သက်သော သင်ခန်းစာကို လေ့လာခဲ့ရသည်မှာ အခက်ခဲဆုံးဖြစ်သည်။ သို့သော် ရအောင်သင်ယူနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ၏ ဦးစီးမှုဖြင့်ဆောင်ရွက်သော မြန်မာဒုက္ခသည်များ ပြန်လည်နေရာချထားရေးအစီအစဉ်အရ ကရင်မိသားစုများ ဒင်ဗာသို့ အလုံးအရင်းဖြင့် ပိုမိုဝင်ရောက်လာသောအခါ ၎င်းက သူတို့အား ပြန်လည်သင်ကြားပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာသူမှာ ၂၀၀၇ ခုနှစ်တွင် ၁၉ ဦးရှိခဲ့ရာမှ ယခင်နှစ်က ၃၂၄ ဦးအထိ တဟုန်ထိုး မြင့်တက်လာပြီး ဒုက္ခတွေ့နေသည့် ကူညီရေးလုပ်သားများထံမှ ဖုန်းခေါ်ဆိုမှုများကို နော်ဒါဒိုမူး စတင်လက်ခံရရှိခဲ့သည်။ အစားအစာလက်မှတ်ဖြင့် ကွမ်းသီးဝယ်မရသဖြင့် စောဒကတက်နေသော အမျိုးသမီးကြီးတစ်ဦးအား ရှင်းပြပေးရန် အကူအညီတောင်းခံခြင်း၊ သို့မဟုတ် လိုင်စင်မပါဘဲ ကားမောင်းသည့်အတွက် ဆယ်ကျော်သက် ကရင်ကလေးတစ်ဦးအား ရဲအဖွဲ့က ရပ်တန့်စစ်ဆေးသည်ကို ညှိနှိုင်းပေးရန် စသည့်ကိစ္စများဖြစ်သည်။

“ကျွန်မကိုယ်ကျွန်မ ခေါင်းဆောင်တစ်ယောက်လို့ မယူဆပါဘူး။ အကူအညီပေးသူ တစ်ယောက်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

သိက္ခာတော်ရ ဆရာတော် လာမူမာတင်သည် ဒင်ဗာနှစ်ခြင်းခရစ်ယန်ကျောင်း၏ သင်းအုပ်ဆရာတော်ဖြစ်ပြီး မြန်မာဒုက္ခသည်များကို ထောက်ပံ့ရေးကွန်ရက်ဖြစ်သော Colorado Burma Round Table ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။

“ကရင်လူမျိုးအများစုက အမေရိကန်ပြည်ထောင်စုကို ရောက်စမှာ လျှပ်စစ်စတဲ့ အိမ်သုံးပစ္စည်းတွေ၊ ထမင်းပေါင်းအိုးတွေနဲ့ သန့်စင်ခန်းတွေ ဘယ်လိုသုံးရမယ်ဆိုတာ အတွေ့အကြုံ မရှိကြသေးဘူး။ အင်္ဂလိပ်စာသင်ယူဖို့ သင်တန်းတွေကို သွားကြပေမဲ့ သုံးလ၊ လေးလလောက် ကြာတာနဲ့ အလုပ်စဝင်ကြတာဆိုတော့ တကယ်တန်းကျ မလုံလောက်ပါဘူး” ဟု ဆရာတော် မာတင်က Frontier ကို ပြောသည်။

၂၀၀၀ ပြည့်နှစ်က ဒင်ဗာမြို့ရောက် နော်ဒါဒိုမူးတို့မိသားစုသည် နောက် ၁၀ နှစ်အကြာ၌ ထပ်ရောက်လာသည့် ဒုက္ခသည် ၃,၀၀၀ ကျော်အနက် ပထမဆုံး အခြေချသူများ ဖြစ်တော့သည်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

၂၀၀၀ ပြည့်နှစ်က ဒင်ဗာမြို့ရောက် နော်ဒါဒိုမူးတို့မိသားစုသည် နောက် ၁၀ နှစ်အကြာ၌ ထပ်ရောက်လာသည့် ဒုက္ခသည် ၃,၀၀၀ ကျော်အနက် ပထမဆုံး အခြေချသူများ ဖြစ်တော့သည်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

အမေရိကန်ပြည်ထောင်စုသည် ယခင်ကထက် ကရင်လူမျိုးများကို အရေအတွက်လျှော့၍ လက်ခံခဲ့သည်ဟု ဆိုသည့်တိုင်အောင် ယမန်နှစ်က  မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၂,၃၄၇ ဦးကို လက်ခံခဲ့ရာ ကိုလိုရာဒိုတွင် အခြေချနေထိုင်သူမှာ ၅၂၄ ဦးရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အသစ်ရောက်ရှိလာသူများကို နေသားတကျဖြစ်စေရန် ကော်လိုရာဒိုအစိုးရက အင်န်ဂျီအိုများ၊ ဘာသာရေးအဖွဲ့များ၊ လူမှုဗဟိုဌာနများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း လူမှုရေးလုပ်သား အလုံအလောက် မရှိကြောင်း ဆရာတော် မာတင်က ရှင်းပြသည်။

လျှပ်စစ်ဓာတ်အား တပ်ဆင်ထားသည့်အိမ်တွင် မနေခဲ့ဖူးသော လူသစ်အချို့အဖို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဖြင့် သွားလာရာ၌ ကူကယ်သူမရှိ လမ်းပျောက်ခြင်းမျိုး၊ သို့မဟုတ် အေတီအမ်စက် သုံးရာတွင် အခက်အခဲတွေ့ခြင်းမျိုးများ ရှိခဲ့သည်။

မိခင်တစ်ဦးသည် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးကို သားအကြီးကောင်အား ထိန်းခိုင်းထားခဲ့ရာ ထိုကလေးက လမ်းပေါ်လျှောက်သွားနေသဖြင့် အဖမ်းခံရပုံအကြောင်း ဆရာတော်က ပြောပြသည်။ ကလေး၏အစ်ကိုမှာ ကလေးများ လမ်းပေါ်တွင် လွတ်လပ်စွာ သွားလာနိုင်သော ကျေးလက်လူနေမှုဘဝနှင့် ယဉ်ပါးခဲ့သူဖြစ်သည်။

“အမေဖြစ်သူက ရဲအရာရှိရှေ့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ အဖမ်းခံရပြီး ထောင်ဒဏ်ကျခံရမှာကိုလည်း အရမ်းကြောက်နေတယ်။ ရဲက သူ့ကို ထောင်ဒဏ်အပြစ် မပေးပါဘူး။ ရဲအချုပ်ခန်းမှာ တစ်ညချုပ်ထားဖို့ ဘာဖို့လောက်ပဲ အရေးယူခဲ့ပါတယ်” ဟု ဆရာတော် မာတင်က ပြောသည်။

ဒင်ဘာမှ ကရင်လူမျိုးများသည် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုဖို့ လေ့လာသင်ယူထားကြသည်။ အသစ်ရောက်လာသူများ အသိပညာ ဗဟုသုတရအောင် ဆောင်ရွက်ပေးရန်နှင့် မိမိတို့ အသိုင်းအဝိုင်း၌ ပါဝင်နေသူများထံမှ အထောက်အကူများ ရရှိနိုင်စေရန် ခိုင်မာတောင့်တင်းသော ကွန်ရက်တစ်ခုကိုလည်း ဖွဲ့စည်းထားပြီဖြစ်သည်။ နော်ဒါဒိုမူးသည် ကရင်အသိုင်းအဝိုင်းနှင့် ဒုက္ခသည် ထောက်ပံ့ရေးကွန်ရက်မှာပါ လူသိများသူအဖြစ် ပါဝင်နေဆဲဖြစ်သည်။

“မိသားစုအသစ်တစ်ခု ရောက်လာတယ်လို့ သိတဲ့အခါတိုင်း နော်ဒါဒိုမူးကသွားပြီး ထမင်းပေါင်းအိုးကို ဘယ်လိုသုံးရမယ်၊ အိမ်သာကို ဘယ်လိုသုံးမယ်ဆိုတာတွေ သင်ပေးတယ်။ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ နည်းလမ်းမရှိပါဘူး။ မိသားစုတွေကလည်း ပိုပိုဝင်လာပါတယ်။ ကျွန်တော်တို့မှာ ကရင်အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့မှာ ကရင်မိသားစု ရှိတယ်ပေါ့” ဟု ဆရာတော် မာတင်က ပြောသည်။

‘မစ္စက်ဂျော့ဘ်’ ၏ ဒုက္ခ

၎င်း၏ကရင် “မိသားစု” အတွက် နော်ဒါဒိုမူး ဆောင်ရွက်ရသော လုပ်ငန်းက အများသူငါထက်ပို၍ အဖိုးအခ ကြီးမားခဲ့သည်။ ခရစ်ယန်ကျမ်းတွင် ပါရှိပြီး နာမည်ကြီး နာတာရှည် ရောဂါသည်တစ်ဦးကို အကြောင်းပြု၍ ပေါ်ပေါက်ခဲ့သော နာမည်ကိုအစွဲပြု၍ နော်ဒါဒိုမူး၏တူက ၎င်းအား “မစ္စက် ဂျော့ဘ် Mrs Job” ဟု ခေါ်ခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် တပ်မတော်နှင့် မိုင်းကွင်းထူထပ်သော တောအုပ်အတွင်း၌ တိုက်ပွဲဖြစ်ပွားစဉ် ဒါဒိုမူးသည် ဆေးဝန်ထမ်းအဖြစ် တာဝန်ယူနေသူ  ၎င်း၏ခင်ပွန်းလောင်း စောတာပိုင်နှင့် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးသည် သမီးဦး ကင်ဒီ Candy ကို မွေးဖွားပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်ရသည့်နှစ်များမှာ ခက်ခဲသောနှစ်များ ဖြစ်ခဲ့သည်။ ကင်ဒီသည် ထူးထူးကဲကဲ ဉာဏ်ရည်ချို့တဲ့သော ကလေးအဖြစ် မွေးဖွားခဲ့ခြင်းဖြစ်ပြီး စောတာပိုင်တစ်ယောက် အလုပ်ရှာရန် ရပ်ဝေးသို့ ထွက်သွားနေသည့် လများတွင် ဝမ်းရေးအတွက် အခက်တွေ့ရတတ်သည်။

စခန်းတွင်ရှိနေစဉ် ထာမင်းခေါ် နောက်ထပ်သမီးတစ်ဦး မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုသို့ သူတို့ ပြောင်းရွှေ့ရောက်ရှိပြီးနောက် နိုအာဆိုသည့် သားတစ်ဦးကို ထပ်မံမျက်နှာမြင်ခဲ့သည်။ အလုပ်လုပ်သောစက်ရုံတွင် မတော်တဆမှုကြောင့် စောတာပိုင်၏ဦးနှောက် အကြီးအကျယ် ပျက်စီးသွားသဖြင့် သူ့နေထိုင်ရေးအတွက် အခန်းတစ်ခုထဲမှာ အထောက်အကူပစ္စည်းများ ပေးထားရသည်။ နှစ်နှစ်အကြာတွင် နိုရာမှာ ကားတိုက်ခံရသဖြင့် အကြောများပျက်စီးကာ နားတစ်ဖက်ပါ ပင်းသွားခဲ့သည်။

နော်ဒါဒိုမူးလည်း စိတ်ဓာတ်ကျဆင်းကာ အလုပ်ထဲတွင်သာ စိတ်ကိုနှစ်မြှုပ်ထားခဲ့ပြီး အလုပ်မလုပ်သောအချိန်၊ သို့မဟုတ် ကင်ဒီကို စောင့်ရှောက်ရသည့်အချိန် မဟုတ်လျှင် အခြားဒုက္ခသည်များနှင့်သာ အချိန်ကုန်သဖြင့် ဆယ်ကျော်သက် ထာမင်းနှင့် ကင်းကွာလာသည်။

“အလယ်တန်းကျောင်းရောက်တော့ ကျွန်မ သူ့ကို ကျောင်းမကြိုနိုင်ဘူး။ သူ့ဘာသာသူ လမ်းလျှောက်ပြန်ရတယ်။ ဒါကြောင့် သူ စိတ်နာတယ်။ သူ့စိတ်ထဲမှာ ထိခိုက်နာကျင်ပေမဲ့ ကျွန်မကို ထုတ်မပြောဘူး။ သူက ပြောတယ် ‘အမေက ကျွန်မကျတော့ ဂရုမစိုက်ဘူး၊ အမေ့လူတွေကိုပဲ ဂရုစိုက်တယ်။ ကိုယ့်မိသားစုကို အမေက ဂရုမစိုက်ဘူး’ တဲ့။  ဒါပေမဲ့ ကျွန်မက ‘ငါမှ သူတို့ကို အကူအညီမပေးရင် ဘယ်သူက သူတို့ကို အကူအညီပေးမှာလဲ’ လို့ ပြောခဲ့ပါတယ်” ဟု နော်ဒါဒိုမူးက ပြောသည်။

ရက်စက်လှသည့် ကံကြမ္မာ အလှည့်အပြောင်းတွင် မိသားစုဒုက္ခက ပိုမိုဆိုးရွားလာသည်။ နော်ဒါဒိုမူးကို ဆေးစစ်သောအခါ ရင်သားကင်ဆာ ဖြစ်နေကြောင်းသိရသဖြင့် စိတ်ကျရောဂါ ကုသမှုအပြင် ကင်ဆာဆေးသွင်းမှုကိုပါ ခံယူခဲ့ရသည်။

“ကျွန်မက လူတိုင်းကို ရန်သူလို မြင်နေမိတယ်။ သူတို့က ကျွန်မကို နှစ်သိမ့်ဆွေးနွေးသူနဲ့ တိုင်ပင်ဖို့ပြောတယ်။ အဲဒီလိုအခါမျိုးမှာ ‘ရှင့်မှာ ကျွန်မလို ဦးနှောက်ဒဏ်ရာ ရထားတဲ့ယောက်ျားရှိသလား။ ရှင့်မှာ ကင်ဆာရောဂါ ရထားသလား။  ရှင့်မှာ ကားတိုက်ခံထားရတဲ့သား ရှိသလား။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ သမီးတစ်ယောက်ကော ရှင့်မှာရှိသလား။ ဒီလိုအတွေ့အကြုံမျိုး မရှိရင် ကျွန်မကို လာမပြောနဲ့’ လို့ သူတို့ကို ပြန်ပြောမိတယ်” ဟု ၎င်းက ပြောသည်။

ဤသို့ ဒုက္ခပင်လယ်ဝေနေသော အဖြစ်မျိုးက ရှားကောင်းရှားပါလိမ့်မည်။ သို့ရာတွင် ပြည်ပမှာ နေရသော သူတို့ဘဝသစ်မှာ မြန်မာဒုက္ခသည်များအဖို့ စိတ်ပူပန်မှု၊ စိတ်ကျရောဂါနှင့် အရက်စွဲဝေဒနာ စသည်တို့ကို ခံစားရသည်မှာ အဆန်းမဟုတ်တော့ပေ။ အထောက်အပံ့ရနိုင်ရန် မိသားစုကွန်ရက်၊ ဘုရားကျောင်း စသည့်နေရာတို့တွင် မိမိတို့အချင်းချင်းဘက်သို့ ပြန်လည်ဦးလှည့်လာခဲ့သည်။ သို့မဟုတ် မြို့အရှေ့ပိုင်းဒေသရှိ အာရှသားများအတွက် ဈေးဖြစ်သော Family Asian Market မှ ကွမ်းယာထုပ်ကဲ့သို့ သေးသေးမွှားမွှား အရာမျိုးကိုပင် အဖော်ပြုလာရသည်။

နော်ဒါဒိုမူးသည် ပြိုလဲကျမည့် အဆင့်လောက်အထိ ရောက်ရှိဖူးသော်လည်း ဘုရားသခင်အပေါ် ယုံကြည်မှုက သူ့ကို ထိန်းမတ်ပေးနိုင်ခဲ့သည်။

“ငါ့ကို အလွန်မတန် နာကျင်စေတာ ဘာလဲ၊ ကင်ဆာလား၊ ဆေးဝါးကုသရေးလား၊ မိသားစု ပြဿနာတွေလားလို့ စဉ်းစားမိတယ်။ ဒါနဲ့ပဲ စြင်္ကံမှာထိုင်ပြီး ငိုပြီးရင်း ငိုရင်းနေလိုက်တာ ခေါင်းကိုက်လာတဲ့အထိပါပဲ။ အဲဒီအချိန်မှာပဲ တစုံတယောက်ရဲ့ပြောသံကို ကျွန်မ ကြားလိုက်မိတယ်။ ‘မင်းအလုပ်ကို ဘယ်သူက ဝင်လုပ်ပေးမှာလဲ။ မင်းအသံကို ဘယ်သူကြားမှာလဲ။ မင်းကို ဘယ်သူ အကူအညီ ပေးနိုင်မှာလဲ။ ဒါကြောင့် ထပြီးတော့ ကိုယ့်အလုပ်ကို ကိုယ်ပဲပြီးအောင်လုပ်စမ်း’ တဲ့” ဟု ၎င်းက ပြောသည်။

မွေးရပ်မြေအလွမ်း

နော်ဒါဒိုမူးသည် စိတ်ကျရောဂါ ကုသမှုကို ခံယူနေရဆဲဖြစ်သည်။ လပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ပြီး ကင်ဒီနှင့် စောတာပိုင်တို့ကို ပြုစုနိုင်သည့် အချိန်ကိုပါရအောင် အဆင်ပြေနိုင်မည့်အလုပ်ကို မရနိုင်ဘဲ ဖြစ်နေသည်။ သို့ဖြစ်ရာ ၎င်းမလုပ်ချင်သော အလုပ်ဖြစ်သည့် အစိုးရအထောက်အပံ့ကိုသာ မှီခိုနေရသည်။

“ကျွန်မရဲ့လူမှုကူညီရေး မန်နေဂျာက သူ့ကို အမှန်အတိုင်း ပြောပြစေချင်တယ်။ ဒါကြောင့် (အလုပ်ရှင်တွေ)ကို ကျွန်မရဲ့ ပြဿနာတွေအားလုံး ပြောပြလိုက်ပါတယ်။ သူတို့က ကျွန်မကို ခေါ်မခိုင်းတော့ဘူး” ဟု နော်ဒါဒိုမူးက ပြောသည်။

သို့သော် အားလုံးခြုံကြည့်မည်ဆိုပါက သည်လောက်မဆိုးလှပေ။ နော်ဒါဒိုမူး၏ကင်ဆာ ပျောက်သွားသည်။ ကရင်ကွန်ရက် ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ရောက်ရှိလာသော မိသားစုများအား အခြေတကျဖြစ်အောင် အကူအညီ ပေးမည့်သူများ ပိုများလာသည်။ မြန်မာဒုက္ခသည်များနှင့် ပူးတွဲဆောင်ရွက်နေသော စခန်းလည်းဖြစ်၊ သူ စက်ချုပ်သင်တန်း တက်လျက်ရှိသောစခန်းလည်းဖြစ်သည့် အာဖရိက အသိုက်အဝန်းဗဟိုဌာနတွင် ၎င်းသည် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကောလိပ်ကျောင်းသူအရွယ် ရောက်လာသည့် ထာမင်းနှင့်လည်း တစစ အထိအတွေ့ များလာသည်။ 

၂၀၁၂ ဇန်နဝါရီလအတွင်းက ထိုင်း-မြန်မာနယ်စပ်အနီးရှိ မဲဆောက်မြို့ မယ်လဒုက္ခသည်စခန်းမှ ယာယီတဲတန်းကို ဖြတ်သန်းသွားလာနေသည့် ကရင်ဒုက္ခသည်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၂ ဇန်နဝါရီလအတွင်းက ထိုင်း-မြန်မာနယ်စပ်အနီးရှိ မဲဆောက်မြို့ မယ်လဒုက္ခသည်စခန်းမှ ယာယီတဲတန်းကို ဖြတ်သန်းသွားလာနေသည့် ကရင်ဒုက္ခသည်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

၂၀၁၃ ခုနှစ်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ်ရှိ မွေးရပ်မြေကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အကြမ်းဖက်မှု အနိဋ္ဌာရုံများ မရှိတော့သော်လည်း ဘာမျှပြောင်းလဲမှု မရှိသေးသည်ကို တွေ့ရသည်။

“ကျွန်မရွာက အရမ်းကောင်းတယ်လို့ ထင်ခဲ့မိတယ်။ ကျွန်မမွေးရပ်ရွာ ပြန်ရောက်တော့ အရမ်း အရမ်း ဝမ်းနည်းမိတယ်။ နေရာတိုင်းက ခွေးတွေအူ၊ နွားတွေ ကျွဲတွေအော်၊ တရွာလုံးက အလွန့်အလွန် ဆင်းရဲပြီး ညစ်ပတ်နေတယ်။ ကျွန်မ ထွက်လာခဲ့တာ အနှစ် ၃၀ ရှိပြီ၊ ဘာမှ မပြောင်းလဲသေးဘူး ” ဟု ၎င်းက ပြောသည်။

ပြည်ပမှာ နေထိုင်ရသည့်ဘဝက ခက်ခဲကြမ်းတမ်းသော်လည်း အမေရိကန်ပြည်ထောင်စုရှိ ပြည်ပရောက် ကရင်များက ပြန်လည်ထွက်ခွာရန် ဆန္ဒမရှိကြကြောင်း ဆရာတော် မာတင်က ပြောသည်။

နော်ဒါဒိုမူး၏သမီး ထာမင်းကဲ့သို့သော လူငယ်ပိုင်းက မိမိတို့ကိုယ်ကို ကရင်တိုင်းရင်းသားဆိုသည်ထက် အမေရိကန်အဖြစ် ခံယူထားကြပြီး မြန်မာနိုင်ငံသို့ ပြန်လာတော့မည် မဟုတ်တော့ပေ။ သူတို့မိဘများက မြန်မာနိုင်ငံကို လွမ်းသည်။ သို့ရာတွင် အနည်းစုကသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံကြည်မှုရှိပြီး ပြန်လာလိုစိတ် ရှိကြသည်။ ယခင်က သူတို့မျှော်လင့်ချက်များ မြင့်မားခဲ့သော်လည်း စိတ်ပျက်စရာ ရလဒ်နှင့်သာ အဆုံးသတ်သွားခဲ့တော့သည်။

“ကရင်လူမျိုးတွေက မြန်မာနိုင်ငံကို ချစ်ပါတယ်။ သူတို့က အိမ်ကို တကယ်ပြန်ချင်ကြပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ သူတို့ ပြန်မှာမဟုတ်ဘူး။ သူတို့က အချိန်ကောင်းကို စောင့်နေကြတယ်။ အထူးသဖြင့် လူကြီးပိုင်းက သူတို့မိခင်တိုင်းပြည်ကို လွမ်းကြတယ်” ဟု ဆရာတော် မာတင်က ပြောသည်။

နော်ဒါဒိုမူးသည် သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ပြောခဲသည်။ ဒုက္ခသည်များအပေါ် သူ၏ပြင်းထန်သော ရပ်တည်ချက်ကြောင့် မဟုတ်ဘဲ ထရမ့်၏စစ်ကို လိုလားမှုကြောင့်သာ ဖြစ်သည်။ ထိုစစ်ဆိုတာကြီးကြောင့်ပင် လွတ်ရာလွတ်ကြောင်းအဖြစ် ဒါဒိုမူးတို့ မိခင်နိုင်ငံမှ ပြေးခဲ့ရခြင်းဖြစ်သည်။

“ကျွန်မ ဒီကိုရောက်တော့ ဘုရှ်သမ္မတဖြစ်တဲ့အချိန်ပါ။ ဘုရှ်သမ္မတဖြစ်ချိန်မှာ အီရတ်နဲ့စစ်ဖြစ်တယ်။ ဟော အခု ရီပတ်ဘလီကန် သမ္မတဖြစ်လာပြန်ပြီ။ သူတို့က စစ်ကို ဖန်တီးဦးမှာ။ ရှင့်နိုင်ငံမှာ၊ ရှင့်ဘဝမှာ စစ်ဖြစ်နေမယ်ဆိုရင် ဘာမှကောင်းတာ ရှိတော့မှာ မဟုတ်တော့ဘူး” ၎င်းက ပြောသည်။

မြန်မာနိုင်ငံကို အပြီးပြန်လာရန် နော်ဒါဒိုမူး တကယ်ပင် အိပ်မက်မက်ခဲ့သည်။ ၎င်း၏မိဘပိုင် မြေအချို့ရှိသည်။ ထိုမြေပေါ်တွင် ဆေးပေးခန်းနှင့် ကျမ်းစာသင်ကျောင်း ဆောက်ချင်သည်။ သို့သော် ပထမဆုံး နိုရာတစ်ယောက် အထက်တန်းကျောင်း ပြီးအောင်စောင့်ရမည်။ ကင်ဒီကို ကာလရှည် အစောင့်အရှောက် ပေးနိုင်ဖို့ ပြင်ဆင်ရမည်။ နောက်ပြီး ငွေရအောင် စုရမည်။

ထို့ကြောင့် လောလောဆယ်တွင် နော်ဒါဒိုမူး ကော်လိုရာဒိုမှာပင် ရှိနေသည်။ လူများက ရဲနှင့် စကားပြောရမည့်အချိန်၊ အေတီအမ်စက် သုံးရန်လိုအပ်သည့်အချိန်၊ သို့မဟုတ် ဆားဝယ်ရမည့်နေရာ သိလိုသည့်အချိန်တွင် နော်ဒါဒိုမူးက သူတို့အနားမှာပင် ရှိနေရပါလိမ့်ဦးမည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.