ထွက်ပြေးလာသည်ဆိုသူများအား စိစစ်ကာ ပြန်လည်ခေါ်ဆောင်နိုင်ရေး ဆွေးနွေးရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့်သဘောတူ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးလာကြသည်ဆိုသူများအား စနစ်တကျ စိစစ်အတည်ပြုနိုင်ရေးနှင့် ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ သဘောတူညီခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနှင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီခဲ့ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံခဲ့ရသည့် အောက်တိုဘာလ နောက်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ မူဆလင်များအပေါ်တွင် အနိုင်အထက် ပြုကျင့်မှုများရှိနေသဖြင့် မွတ်ဆလင်ထောင်ပေါင်းများစွာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးလာခဲ့ကြသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂက ပြောကြားထားသည်။

ရိုဟင်ဂျာဟု နိုင်ငံတကာက ခေါ်ဝေါ်ကြသည့် မွတ်ဆလင်အနည်းဆုံး ၆၅,၀၀၀ မှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးလာကြသည်ဟု ၎င်းတို့က ပြောကြားကြသည်။ ထွက်ပြေးလာကြသူများ၏ အဆိုအရ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ရိုက်နှက်ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားကြသည်။

“မကြာသေးခင်က မြန်မာနိုင်ငံသား အမြောက်အများ ရောက်ရှိလာကြတာနဲ့ တရားမဝင် နေထိုင်နေကြတာ ကြာနေပြီဖြစ်တဲ့ မှတ်ပုံမတင်ထားတဲ့ မြန်မာနိုင်ငံသား သုံးသိန်းလောက်က အရေးပါတဲ့ စစ်တကောင်းဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက်ဖြစ်နေတယ်ဆိုတာကို အထူးကိုယ်စားလှယ်အဖွဲ့ကို အသိပေး ပြောကြားခဲ့ပါတယ်” ဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali က သတင်းထောက်များကို ဇန်နဝါရီ ၁၂ ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ဘင်္ဂလားဒေရှ့်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ မဖြစ်ပွားမီကတည်းက ဘင်္ဂလားဒေရှ့်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာဒုက္ခသည် ၃၃,၀၀၀ နှင့် မှတ်ပုံမတင်ထားသူ ၃၀၀,၀၀၀ ရှိနေပြီးဖြစ်သည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ဖို့ ဘင်္ဂလားဒေရှ့်က တောင်းဆိုချင်ပါတယ်။ ဒါမှလဲ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ကို လုံလုံခြုံခြုံနဲ့ အမြန်ပြန်နိုင်ကြပြီး သူတို့ရဲ့သက်မွေးမှုလုပ်ငန်းတွေကို လုံခြုံစွာနဲ့ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု A.H. Mahmood Ali က ပြောကြားသည်။

သို့သော် ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေရှ့်တို့က ပြောကြားသည့် အဆိုပါအရေအတွက်ကို မြန်မာအစိုးရက မေးခွန်းထုတ်ထားပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသူများအားလုံးကို နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်သူ ၂,၄၁၅ ဦးကိုသာ မြန်မာနိုင်ငံက ပြန်လည်လက်ခံနိုင်မည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက ရေးသားထားသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးလာသူများက ပြောကြားသည့် ဇာတ်လမ်းများမှာလည်း လုပ်ကြံပြောဆိုမှုများသာဖြစ်သည်ဟု မြန်မာအစိုးရက ငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်အတွင်း လူမျိုးသုန်း သတ်ဖြတ်မှုများနှင့် ဘာသာရေးအရ နှိပ်ကွပ်မှုများရှိနေသည်ဟူသည့် စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်မှုများရှိနေသည်ဟူသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လုံလောက်သည့် သက်သေအထောက်အထားများ မတွေ့ရှိရဟု ဖော်ပြထားသည်။

မြန်မာအစိုးရကမူ ရိုဟင်ဂျာဟု အသိအမှတ်ပြုထားခြင်းမရှိပဲ တစ်ဖက်နိုင်ငံမှ တရားမဝင်ရောက်ရှိလာကြသည့် ဘင်္ဂါလီများဟုသာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်လည်း ငြင်းဆိုထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.