ထိုင်း-မြန်မာနယ်စပ်က ရောဂါဝန်ထုပ်ဝန်ပိုး

ခြင်ကြောင့်ဖြစ်ရသည့် အားအင်ချည့်နဲ့စေသောရောဂါများက ထိုင်းနိုင်ငံနယ်စပ်တဝိုက်ရှိ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား ခြိမ်းခြောက်မှုမြင့်မားလျက်ရှိသည်။ ပြည်ပအကူအညီ လျော့ပါးလာသည့်တိုင် ယင်းနေရာရှိဆေးခန်းများက လိုအပ်ချက်ကိုဖြည့်ဆည်းရန် ရုန်းကန်နေရသည်။

လောရ်ဆီးဂဲလ် ရေးသားသည်။ ဓာတ်ပုံ – လု(ခ်)

၂၀၀၉ ခုနှစ်က အရှေ့တောင်အာရှက လူ ၁ ဒသမ ၃ သန်းကျော်သည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသည်။ ထပ်တလဲလဲဖြစ်နေသော ယင်းကူးစက်ရောဂါပျံ့နှံ့မှုက ကျန်းမာရေးအခြေခံအဆောက်အအုံ ညံ့ဖျင်းမှု၊ ဝင်ရောက်ကုသမှုကို ကန့်သတ်မှုတို့အပြင် ရာသီဥတုပြောင်းလဲမှု၊ လူနှင့်ကုန်စည်များ၏ ရွေ့လျားမြန်ဆန်မှုတို့ကြောင့် ပို၍ဆိုးလာသည်။

ယင်းသို့အခြေအနေတွင် ထိုင်း-မြန်မာနယ်စပ်တလျှောက်က အစိုးရမဟုတ်သည့်ဆေးခန်းများသည် သွေးလွန်တုပ်ကွေးနှင့် ခြင်ကသယ်ဆောင်သည့်နောက်ထပ်ဗိုင်းရပ်တစ်မျိုးဖြစ်သော ဆင်တုပ်ကွေးဆိုသည့် ချီကွန်ဂွန်ညာ chikungunya တို့ကိုထိန်းချုပ်ရေး ကြိုးပမ်းရာတွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြသည်။ ဆင်တုပ်ကွေးသည် ထိုင်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ပျံ့နှံ့နေခဲ့သည်။

ယင်းရောဂါများသည် အထူးသဖြင့် ဆင်းရဲသည့် ရွှေ့ပြောင်းလုပ်သားများအပေါ် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေသည်။

“ဒီနှစ် ကျွန်တော်ရယ်၊ ကျွန်တော့်ကလေးတွေရယ် လူတိုင်းလိုလို သွေးလွန်တုပ်ကွေး၊ ဒါမှမဟုတ် ဆင်တုပ်ကွေး ကူးစက်ခံနေရတယ်။ တခါတလေ နှစ်မျိုးစလုံးပဲ” ဟု မြန်မာလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ပေးနေသည့် အင်န်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် MAS Foundation ၏ဒါရိုက်တာ မစ္စတာ အေဆာလမ်က ပြောသည်။ ယင်းအဖွဲ့သည် မြန်မာဘက်ခြမ်း မြဝတီနှင့်မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြို့ မဲဆောက်တွင် အခြေစိုက်သည်။

မဲဆောက်သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား သုံး လေးသန်းတို့အတွက် အဓိကဝင်ပေါက်ဖြစ်သည်။ မဲဆောက်တဝိုက် စက်ရုံများနှင့် လယ်ယာစိုက်ခင်းများတွင် ခန့်မှန်းခြေမြန်မာလုပ်သား တစ်သိန်းအနက် ထက်ဝက်ခန့်သည် တရားမဝင်အလုပ်လုပ်နေကြပြီး လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွေးချယ်နိုင်ခွင့်မှာနည်းပါးလျက်ရှိသည်ဟု မစ္စတာဆာလမ်ကပြောသည်။

“အင်န်ဂျီအိုကဖွင့်တဲ့ လက်တစ်ဆုပ်စာလောက်ရှိတဲ့ ဆေးခန်းတွေမှာတော့ အခမဲ့ကုလို့တော့ရပါတယ်။ ဒါပေမဲ့ အခြေခံစောင့်ရှောက်မှုလောက်အတွက်ပဲသင့်တော်ပြီး မြို့လယ်နဲ့လည်းဝေးပါတယ်” ဟု၎င်းကပြောသည်။

“မဲဆောက်ပြည်သူ့ဆေးရုံမှာ ဆရာဝန်နဲ့ပြသစမ်းသပ်ခ ပေးရနိုင်တယ်။ ဒါပေမဲ့ အချိန်ကုန်ခံစောင့်ရပြီး ဘာသာစကား အတားအဆီးကလည်း သူတို့အများစုကို စိတ်ပျက်စေတယ်။ သူတို့က ဝန်ဆောင်မှုမြန်တဲ့ ပုဂ္ဂလိကဆေးခန်းတွေပဲသွားချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပျက်ရက်တွေ ရှောင်လို့ရတယ်။ ဒါမှမဟုတ် ကလေးတွေကို အိမ်မှာအကြာကြီး ပစ်မထားရတော့လို့ပဲ” ဟု၎င်းကပြောသည်။

“သက်ကြီးရွယ်အိုတွေကတော့ ကိုယ်ပိုင်တိုင်းရင်းဆေးလေးတွေ ဖော်စပ်ပြီးသောက်တယ်။ ဒါမှမဟုတ် သေခါနီးရင်တော့ မြန်မာပြည်ဘက်က သူတို့ရွာပြန်ပြီး ခေါင်းချဖို့စဉ်းစားတယ်။ သားသမီးတွေကို အကြွေးတွေနဲ့ မထားခဲ့ချင်ဘူးလေ” ဟု၎င်းကထပ်မံပြောသည်။ လွန်ခဲ့သည့်ဆယ်နှစ်က အသက် ၃၁ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းကြည်သည် မွန်ပြည်နယ်မြို့တော် မော်လမြိုင်နှင့် မဲဆောက်က ဈေးများကြား စတင်ခရီးသွားခဲ့သည်။ မဲဆောက်တွင် သူက တစ်နေ့ ဘတ် ၂၀၀ ခန့်ဖြင့် တရားမဝင်အလုပ်လုပ်နိုင်သည်။ ယင်းငွေထဲမှ အချို့ကို လာဘ်ထိုးရသည်။

“ဥပဒေအရတော့ ထိုင်းမဟုတ်တဲ့လူတွေက ထိုင်းမှာ တိုက်ရိုက်ဈေးရောင်းလို့မရဘူးပေါ့။ ကျွန်မတို့က တစ်ယောက်ယောက်အတွက် တရားဝင်အလုပ်ပါမစ်နဲ့သာ အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် ဈေးထဲမှာလူတိုင်းက အလုပ်လုပ်နိုင်အောင် ရဲနဲ့စည်ပင်အာဏာပိုင်တွေကို ပိုက်ဆံပေးရတယ်” ဟုဒေါ်ငြိမ်းငြိမ်းကြည်ကပြောသည်။ သူသည် ထိုင်းတွင် တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့် ခင်ပွန်းသည်နှင့်အတူ လေးကြိမ်တိုင်တိုင် ဖမ်းဆီးခံရဖူးသည်။ အာမခံရရန်ချေးငှားပေးရသဖြင့် ၎င်းတို့အကြွေးတင်ခဲ့သည်။

ဇွန်လက ဒေါ်ငြိမ်းငြိမ်းကြည်တွင် ဆိုးဆိုးဝါးဝါးခေါင်းကိုက်ပြီး အရိုးများကိုက်ခဲကာ သူ့တွင် ဆင်တုပ်ကွေး ကူးစက်ခံရကြောင်းတွေ့ရှိခဲ့သည်။

“ကျွန်မ မထနိုင်ဘူး ကျွန်မ လန့်သွားတယ်” ဟုသူကပြောသည်။ “ကိုယ်ပိုင်ဆေးခန်းက ဆရာဝန်က ကျွန်မကို ဆေးတွေပေးတယ်။ ဒါပေမဲ့ တကိုယ်လုံးအင်ပြင်တွေပေါ်လာလို့ ဆေးခန်းကို ခဏခဏပြန်သွားရတယ်။ ကုသမှုအားလုံးအတွက် ဘတ် တစ်ထောင့်ငါးရာကျတယ်” ဟုဆိုသည်။

ယင်းနောက် ရက်အနည်းငယ်အကြာတွင် သူ့ကလေးတစ်ယောက်ကလည်း အလားတူဗိုင်းရပ်မိသောအခါ သူ့ခင်ပွန်းဖြစ်သူမှာ အလုပ်နားထားခဲ့ရပြီး သူတို့စုံတွဲမှာ သုံးပတ်ခန့်ဝင်ငွေမရှိခဲ့ပေ။

“ငွေတိုးချေးသူတစ်ယောက်ဆီက ကျွန်မတို့ ဘတ် တစ်သောင်းချေးခဲ့ရတယ်” ဟုဒေါ်ငြိမ်းငြိမ်းကြည်က ပြောသည်။

“အဲဒီကတည်းက ကျွန်မတို့မှာ အတိုးတွေပဲပေးနေရတာ တစ်လကို ဘတ် နှစ်ထောင်။ ကျွန်မ မြန်မာပြည်ကို ပြန်ချင်တယ်။ ဒါပေမဲ့ အရင်ဦးဆုံး အကြေးတွေကျေအောင် ဆပ်ရဦးမယ်။ ဘတ် သုံးသောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးရှင်တွေက နယ်စပ်တစ်ဖက်မှာ ကျွန်မတို့ကိုတွေ့သွားနိုင်တယ်” ဟု သူကပြောသည်။

မယ်ပဆေးခန်းမှ ဆေးဝန်ထမ်း ကင်ဒီဗို (ညာဘက်) က နာမကျန်းဖြစ်နေသည့် မြန်မာကလေးငယ်တစ်ဦးကို စစ်ဆေးကုသပေးနေစဉ်။ ကင်ဒီဗိုကိုယ်တိုင်လည်း မကြာသေးမီက ဆင်တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးမိခဲ့ပြီး နာတာရှည်ရောဂါလက္ခဏာများ ခံစားနေရသည်။ ဓာတ်ပုံ - လု(ခ်) ဒပ်ဂယ်ဘီ

မယ်ပဆေးခန်းမှ ဆေးဝန်ထမ်း ကင်ဒီဗို (ညာဘက်) က နာမကျန်းဖြစ်နေသည့် မြန်မာကလေးငယ်တစ်ဦးကို စစ်ဆေးကုသပေးနေစဉ်။ ကင်ဒီဗိုကိုယ်တိုင်လည်း မကြာသေးမီက ဆင်တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးမိခဲ့ပြီး နာတာရှည်ရောဂါလက္ခဏာများ ခံစားနေရသည်။ ဓာတ်ပုံ – လု(ခ်) ဒပ်ဂယ်ဘီ

မွန်ပြည်နယ်မှပင်ဖြစ်သော အသက် ၃၄ နှစ်အရွယ်ရှိ မလှိုင်လှိုင်လှထွေးသည် မုန်တိုင်းတစ်ခုကြောင့် မိသားစုတဲအိမ်နှင့် စပါးခင်းများပျက်စီးပြီးနောက် အသက် ၁၅ နှစ်ကပင် ထိုင်းသို့ထွက်လာခဲ့သည်။ ဘန်ကောက်တွင် အထောက်အထားမရှိသည့် အိမ်အကူအဖြစ် တစ်လလျှင် ဘတ် ၈၀၀ ဖြင့် စတင်အလုပ်လုပ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးဆယ်နှစ်ကို မဲဆောက်တွင်နေခဲ့ပြီး တစ်နေ့ကို ဘတ် ၃၀၀ ဖြင့် အလုပ်လုပ်ခဲ့သည်။

သို့တစေ သူ့အလုပ်ပါမစ်မှာ တရားမဝင်တော့။ အဘယ့်ကြောင့်ဆိုသော် ယင်းပါမစ်မှာ ယခုအခါ ထောင်ထဲရောက်နေသော အလုပ်ရှင်ဟောင်းအမည်နှင့်ဖြစ်သောကြောင့်ဖြစ်သည်။ သူက ယင်းပါမစ်ကို သက်တမ်းမတိုးနိုင်ပေ။ လွန်ခဲ့သည့်မိုးရာသီအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် စုဆောင်းထားသည်များကို သုံးလိုက်ရသည်။

“ကျွန်မသမီး၊ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ ဇူလိုင်လက ဆင်တုပ်ကွေးမိတယ်။ ၁၀ ရက်လောက် အလုပ်နားလိုက်ရတယ်။ ကျွန်မအတွက်ချည်းပဲ ကိုယ်ပိုင်ဆေးရုံတစ်ရုံမှာ ရောဂါရှာဖို့ ဘတ် ၁,၈၀၀ သုံးခဲ့ရတယ်” ဟု သူကပြောသည်။ တည်ငြိမ်တဲ့အလုပ်တစ်ခု ရှာတွေ့မတွေ့သေချာမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာစီးပွားရေးက လောလောဆယ်မကောင်းဘူး။ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ ပန်းမုန်လာတွေက မဲဆောက်မှာ မရောင်းရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဒါတွေက ဈေးပေါပေါနဲ့ မြန်မာပြည်မှာ ရနေပြီ” ဟု သူကပြောသည်။

သူ့အကြီးဆုံးသမီးရှိနေသည့် သူ့ရွာကို ပြန်ချင်သည်ဟု သူကပြောသည်။ “မြန်မာပြည်ကဆေးရုံတွေမှာ ကုသစရိတ် ပေးရတယ်ဆိုရင်တောင်မှ ဒီမှာထက်တော့ အစစဈေးသက်သာပါတယ်။ ပြီးတော့ အလုပ်တစ်ခု ရှာဖို့လည်းပိုပြီးလွယ်တယ်။ ဒါ့ကြောင့် ကျွန်မတို့ပိုကောင်းအောင်တော့ လုပ်နိုင်မယ်ထင်တယ်” ဟု ဆိုသည်။

မဲဆောက်တဝိုက် အဆိုပါဧရိယာရှိ ကျန်းမာရေးအာမခံချက်ပေးထားသည့် အလုပ်ပါမစ် မရရှိသော ရွှေ့ပြောင်းလုပ်သား အများအပြားသည် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သည့်အခါ မယ်တော်ဆေးခန်းသို့ သွားကြရသည်။

ယင်းဆေးခန်းတည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သော ဒေါက်တာစင်သီယာမောင်သည် ၈၈ အရေးအခင်းအပြီး ထိုင်းဘက်နယ်စပ်သို့ ထွက်ပြေးခဲ့သည့် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာထဲက တစ်ဦးဖြစ်သည်။

စစ်ပွဲကြောင့် ဒဏ်ရာရသူများ၊ ငှက်ဖျားနှင့် တီဘီရောဂါရရှိပြီး တောထဲတွင် ပုန်းနေရသည့် ကျောင်းသား ထောင်ပေါင်းများစွာကို ကုသရန် အခြေခံစောင့်ရှောက်မှုစင်တာတစ်ခုအဖြစ် ၁၉၈၉ တွင် ဆေးခန်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ပြည့်လွန်နှစ်များအစောပိုင်းမှစ၍ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက မယ်တော်ဆေးခန်းဖြစ်လာမည့် ထိုဆေးခန်းသို့  အကူအညီများပေးလာခဲ့သည်။ ထို့ပြင် ယင်းဆေးခန်းအတွင်း ရွှေ့ပြောင်းလုပ်သား ၈၀၀ ၏ကလေးများအတွက် မူလတန်းကျောင်းတစ်ခုကိုလည်း ဆောက်ပေးထားခဲ့သည်။

ဆေးခန်းကလက်ခံကုသသော လူနာအများစုမှာ မြန်မာနိုင်ငံကဖြစ်ပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းတွင် သက်သေခံအထောက်အထားများမရှိပေ။ တစ်နှစ်လျှင် လူနာ ငါးသောင်း၊ မွေးဖွားမှု နှစ်ထောင်နှင့် သွေးသွင်းကုသမှုတစ်ထောင်ကို စီမံနေရသော ဆရာဝန်နှစ်ဦးရှိသည်။ နှစ် ၃၀ အတွင်း ဆေးကျောင်းသား သုံးထောင်ကိုလည်း ယင်းဆေးခန်းတွင် လေ့ကျင့်ပေးခဲ့သည်။ ယင်းကျောင်းသားများက မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားဒေသများတွင် ပြန်၍အလုပ်လုပ်ကြသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲများ စတင်ခဲ့သည့် ၂၀၁၁ ကတည်းက နိုင်ငံတကာအလှူရှင်များသည် မြန်မာအစိုးရနှင့်ပူးပေါင်းကာ ရန်ကုန်မှတဆင့်လမ်းကြောင်းဖော်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အာရုံစိုက်လုပ်ဆောင်ရန် နယ်စပ်ဒေသအကူအညီများကို ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် မယ်တော်ကဲ့သို့ နယ်စပ်ဆေးခန်းများ၏ထောက်ပံ့ကူညီမှုလိုအပ်ချက်များမှာ တိုးသထက်တိုးလာနေသည်။

မွေးရာပါ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်သည့် လေဖြတ်ရောဂါကဲ့သို့ ဖွံ့ဖြိုးမှုနှေးကွေးသော ရောဂါများက နယ်စပ်ရှိ ကရင်ကလေးငယ်များကို ဒုက္ခပေးလျက်ရှိသည်ဟု စင်သီယာမောင်က ပြောသည်။ “ဒါတွေက အာဟာရချိုတဲ့မှု၊ သတ္တုတွင်းတူးရာက စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှု၊ ဒါမှမဟုတ် ခက်ခဲတဲ့မွေးဖွားမှု ဖြစ်စဉ်တွေမှာ အောက်စီဂျင်မလုံလောက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်” ဟု သူကပြောသည်။

“တချို့ကရင်ရွာတွေမှာ ဆောင်းရာသီမှာ သိပ်ကိုအေးတာ။ ဒါပေမဲ့ အခုတော့ ပူလာပါပြီ။ သစ်တောတွေလည်း အများကြီးလျော့သွားပြီ” ဟုသူကဆိုသည်။

“အခုလောလောဆယ် တကယ်စိုးရိမ်တာကတော့ ရေအရည်အသွေး၊ ကလေးတွေရဲ့အာဟာရဓာတ်ကိစ္စနဲ့ မူးယစ်ဆေးပြဿနာပဲ။ မူးယစ်ဆေးသုံးတာက မြန်မာစစ်တပ်နှင့် ကေအင်န်ယူကြား အပစ်ရပ်တဲ့ ၂၀၁၂ ကတည်းက ဒုက္ခပေးနေတာ” ဟုဒေါ်စင်သီယာမောင်ကပြောသည်။

သောင်ရင်း(မိုအီ) မြစ်ကိုဖြတ်မည့်မော်တော်ရှိရာ လျှောက်လှမ်းနေသည့်ဆေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ - လု(ခ်) ဒပ်ဂယ်ဘီ

သောင်ရင်း(မိုအီ) မြစ်ကိုဖြတ်မည့်မော်တော်ရှိရာ လျှောက်လှမ်းနေသည့်ဆေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ – လု(ခ်) ဒပ်ဂယ်ဘီ

မယ်တော်ဆေးခန်းမှာ ၂၀၁၂ မတိုင်က လှူဒါန်းငွေ တစ်နှစ် ဘတ်သန်း ၁၀၀ ဖြင့်လည်ပတ်နေခဲ့သော်လည်း ယင်းနောက်ပိုင်းဘတ်သန်း ၇၀ ဖြင့်သာ လည်ပတ်နေရသည်ဟု သူကဆိုသည်။

“ပြင်ပလူနာ တစ်ယောက်အတွက်ကုန်ကျမှုက ဘတ် ၃၀၀ ဆိုရင် အတွင်းလူနာ တစ်ယောက်အတွက်က ဘတ် သုံးထောင်ပါ။ ဒါ့ကြောင့် လာမယ့်နှစ်အတွက် သူတို့ကုသမှုစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုရရှိဖို့ လှူနိုင်တဲ့သူတွေဆီက ကျွန်မတို့တောင်းခံရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်နှစ်က ကျွန်မတို့ဝန်ထမ်းတွေရဲ့လစာ ဘတ်ခြောက်ထောင်ရဲ့ ၈၅ ရာခိုင်နှုန်းသာ ပေးနိုင်ခဲ့ပါတယ်” ဟုသူကပြောသည်။

“ကျွန်မတို့ နိုင်ငံတကာအကူအညီကို အားထားနေမယ့်အစား မြန်မာနဲ့ထိုင်းက အလှူရှင်တွေဆီကိုပဲ ချဉ်းကပ်ဖို့ စဉ်းစားနေပါတယ်” ဟုလည်းသူကဆိုသည်။

ဘန်ကောက်ရှိ မဟီဒေါတက္ကသိုလ် အပူပိုင်းဆေးပညာမဟာဌာန၏ ကွင်းဆင်းဌာနတစ်ခုဖြစ်သည့် ရှိုကလိုငှက်ဖျားသုတေသနဌာန Shoklo Malaria Research Unit (SMRU) သည် ဓာတ်ခွဲခန်းတစ်ခုနှင့် မဲဆောက်ဝန်းကျင်တွင် ဆေးခန်းသုံးခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အဆိုပါဆေးခန်းသုံးခုက ဆောင်ရွက်ပေးသည့် အခမဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများသာမက နယ်စပ်ဖြတ်ကျော်မိသားစုများလည်း ခံယူကြရသည်။

နယ်စပ်ဒေသကို တောအုပ်ကဖုံးလွှမ်းထားပြီး အပြင်းထန်ဆုံး ငှက်ဖျားပုံစံကိုဖြစ်စေသည့် ကပ်ပါးမျိုးစိတ် Plasmodium falciparum က ဒုက္ခပေးခဲ့သည်ကို SMRU ဒါရိုက်တာ ဒေါက်တာ ဖရောင်ဆွာနို့စတင်န် Dr Francois Nosten က သတိရနေသည်။ ယေဘုယျကျန်းမာရေးအညွှန်းကိန်းများအရ ယနေ့ထက် များစွာဆိုးဝါးသည်ဟု သူကထပ်မံပြောဆိုသည်။

“ကလေးသေနှုန်း၊ မိခင်ကျန်းမာရေးနဲ့ ငှက်ဖျားတိုက်ဖျက်ရေးတို့နဲ့ပတ်သက်လို့ ပြောရရင် ၁၉၈၄ ကျွန်တော်ရောက်တဲ့အချိန်နောက်ပိုင်း ဒီဒေသမှာ အကြီးအကျယ် တိုးတက်လာတာတွေ့ရပါတယ်” ဟု သူကပြောသည်။

“ဒီလူ့အသိုင်းအဝိုင်းတွေက စီးပွားရေးအရ နည်းနည်းတိုးတက်အောင်လုပ်နိုင်နေပါပြီ။ တိုက်ပွဲတွေလည်း အများကြီးနည်းသွားတယ်။ ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် တိုးတက်ဖို့တော့ လိုပါတယ်” ဟု သူကဆိုသည်။

“အခုချိန်ထိ သူတို့ရဲ့အခွင့်အရေးတွေ ပိတ်ပင်ခံနေရတယ်။ အမြတ်ထုတ်ခံနေရတယ်။ သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေ ဖျက်ဆီးခံရတယ်။ သူတို့ရဲ့မြေယာတွေ အသိမ်းခံရတယ်” ဟုလည်း သူကဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ဆယ်ခုတွင် အခြေအနေမှာ ပိုမိုဆိုးဝါးနေပြီး အဖွဲ့အစည်းနှစ်ခုကသာ လူ ၉၇,၀၀၀ ခန့်အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ ၎င်းအဖွဲ့နှစ်ခုမှာ Maris International နှင့် the International Committee of the Red Cross တို့ဖြစ်သည်။

ယင်းနယ်စပ်သို့ အနှောင့်အယှက်ဝင်လာသည်က တပ်မတော်လက်အောက်ရှိ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က အကောင်အထည်ဖော်နေသော ရွှေကုက္ကိုမြို့သစ်စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းကို ဟောင်ကောင်မှတ်ပုံတင် Yatai International Holdings Group နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများအရ မြို့သစ်စီမံကိန်းမှာ မြဝတီမြောက်ဘက် ၁၆ ကီလိုမီအကွာ ကွေ့ကောက်သော သောင်ရင်းမြစ်တလျှောက် ဧကပေါင်း ၁၈၀,၀၀၀ ခန့်ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကုန်ကျမည်ဟုဆိုသည်။ လေဆိပ်တစ်ခု၊ ဇိမ်ခံအိမ်ရာ၊ အခန်း ၁,၂၀၀ ပါ ဟိုတယ်တစ်ခု၊ လောင်းကစားရုံများ၊ စူပါမားကက်များနှင့် စက်မှုဇုန်တစ်ခုတို့နှင့်အတူ အဆင့်မြင့်နည်းပညာဗဟိုချက် တစ်ခုဖြစ်လာရန် စီမံကိန်းများဆွဲထားသည်။

ထိုင်းနှင့်နယ်စပ်ဒေသကို ပုံဖော်နေပြီး နေ့ခင်းဘက် ဖယ်ရီများ တရားမဝင် ဥဒဟိုသွားလာနေသော စီမံကိန်းနေရာမှ မြစ်ကိုဖြတ်လျက် တစ်ဖက်ကမ်းတွင် SMRU စင်တာတစ်ခုဖြစ်သော မယ်ပဆေးခန်းရှိသည်။ ရွှေကုက္ကိုစီမံကိန်းသို့ တရုတ်ဆောက်လုပ်ရေးလုပ်သားများ စီးဝင်ပြည့်လျှံပုံအကြောင်း ယင်းဆေးခန်းတွင် နှစ်နှစ်ကြာအလုပ်လုပ်နေသော ဂျာမန် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာ Tobias Brummaoer ကပြောသည်။

“တရုတ်လုပ်သားတွေ ထပ်ကာထပ်ကာရောက်လာပြီး ကရင်အမျိုးသမီးတွေနဲ့ လက်ထပ်၊ အခြေချပြီး မြေတွေဝယ်ကြတယ်။ သူတို့ဇနီးတွေ ကိုယ်ဝန်ရှိတဲ့အခါ နယ်စပ်ကိုဖြတ်ပြီး ကျွန်တော်တို့ဆေးခန်းကို ရောက်လာတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေက တရုတ်စကားမပြောတတ်တော့ အခက်အခဲဖြစ်တယ်။ ဆေးခန်းက ဆင်းရဲတဲ့၊ မတတ်နိုင်တဲ့ ဒေသခံတွေအတွက်ဆိုတာ ကျွန်တော်တို့က သူတို့ကို ကြိုးစားပြီးရှင်းပြပါတယ်။ ဒါပေမဲ့ မြန်မာဘက်က စီမံကိန်းအတွင်းက ဆေးရုံတစ်ခု ဆောက်မပြီးမချင်းတော့ နောက်ထပ်လာလိမ့်ဦးမယ်ထင်တယ်” ဟုဒေါက်တာကပြောသည်။

မယ်ပဆေးခန်းတွင် စောင့်ဆိုင်းနေသည့် မြန်မာအမျိုးသမီးလူနာတစ်ဦး။ ဓာတ်ပုံ - လု(ခ်) ဒပ်ဂယ်ဘီ

မယ်ပဆေးခန်းတွင် စောင့်ဆိုင်းနေသည့် မြန်မာအမျိုးသမီးလူနာတစ်ဦး။ ဓာတ်ပုံ – လု(ခ်) ဒပ်ဂယ်ဘီ

မယ်ပဆေးခန်းတွင် တစ်နှစ်လျှင် ပျမ်းမျှ တိုင်ပင်ကုသမှုပေါင်း ၁၂,၀၀၀ အတွက် စီမံလုပ်ကိုင်သည့် ဝန်ထမ်း ၁၀၀ ခန့်ရှိသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို စောင့်ကြည့်စစ်ဆေးမှုလည်းပါဝင်သည်။ ယခုရာသီတွင် ဝန်ထမ်း ၆၀ ကိုယ်တိုင် ချိကွန်ဂွန်ညာကူးစက်ခံရသည့်တိုင် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေးလူနာ တစ်ထောင်ခန့်ကို ကုသခဲ့သည်။

အမျိုးမျိုးသော ကူးစက်ရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ လူမှုစီးပွားဖွံ့ဖြိုးမှု အဆင့်နိမ့်သောကြောင့်ဖြစ်သည်ဟု SMRU ဒါရိုက်တာ နို့စတင်န်က ထောက်ပြသည်။

“သွေးသွင်းကုသပေးနိုင်မယ်၊ အကြောဆေးသွင်းနိုင်လို့ကတော့ သွေးလွန်တုပ်ကွေးကြောင့် တစ်ယောက်မှ မသေပါဘူး” ဟုလည်း သူကပြောကြားသည်။

“ကျွန်တော်တို့မှာ အသင့်အတင့်နဲ့ ဈေးသက်သာတဲ့ ကာကွယ်ဆေးရှိနေရင် သွေးလွန်တုပ်ကွေးကို နောက်ထပ် ဆယ်နှစ်လောက်ထိ ကျွန်တော်တို့ကုသနိုင်ပြီး လူတိုင်းကို ဒီဆေးပေးနေရဦးမှာပေါ့” ဟု သူကပြောသည်။ အဲဒီအတွက် ကျွန်တော်တို့ ဆက်သွယ်ရေးကောင်းဖို့၊ လမ်းတွေ၊ လျှပ်စစ်မီးတွေ ကောင်းကောင်းသုံးလို့ရဖို့ လိုအပ်ပါတယ်။ တနည်းအားဖြင့် အရေးကြီးတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးပေါ်လစီ၊ ဒါ့အပြင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ သင့်လျော်တဲ့ ရင်းနှီးမြှုပ်နှံမှုပေါ့။ ဒေသတွင်းနိုင်ငံအများစုမှာ ဒီဟာတွေက ပြဿနာမဟုတ်ကြပါဘူး” ဟု သူကပြောသည်။

“လူတွေဟာ သူတို့နာမကျန်းဖြစ်တဲ့အခါတိုင်း ဆင်းရဲတွင်းသံသရာထဲမှာ ပိတ်မိနေဦးမှာပဲ” ဟုသူကဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်က “ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ခေါင်းဆောင်မှုအောက်တွင် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပေါ်လစီကို အဆင့်သတ်မှတ်ခြင်း၊ တိုးတက်လာသလား ဆုတ်ယုတ်သွားသလား” ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပသောဖိုရမ်တစ်ခုတွင် အလုပ်သမားများ၏ အခွင့်အရေးအဖွဲ့အစည်းများက ဘန်ကောက်တွင် စုစည်းမိခဲ့ကြသည်။ ယင်းဖိုရမ်၌ “ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အာဆီယံအစိုးရတွေဟာ ဒေသဆိုင်ရာ ကျန်းမာရေးရန်ပုံငွေ တစ်ရပ်ထူထောင်ဖို့ လိုပါတယ်” ဟု ထိုင်းနိုင်ငံ၏ World Vision Foundation မှ လုပ်ငန်းမန်နေဂျာ Khun Chuwong Seangkong ကပြောကြားခဲ့သည်။

“မြန်မာက သူတို့ရဲ့ကျန်းမာရေးကုန်ကျစရိတ်အတွက် မထည့်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ထိုင်းမှာအလုပ်လုပ်တာမို့ဆိုပြီးတော့၊ ထိုင်းကလည်း သူတို့ရဲ့လူမှုဖူလုံရေးအတွက် မထည့်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သားအများစုက မြန်မာနိုင်ငံကို ပြန်လိမ့်မယ်ဆိုပြီးတော့ပေါ့” ဟု Chuwong ကပြောသည်။

“သူတို့တာဝန်ဖြစ်သင့်ပါရဲ့နဲ့ ငွေကုန်မခံချင်တဲ့အစိုးရတွေအဖို့ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် အင်န်ဂျီအိုတွေရဲ့ငွေကြေးထောက်ပံ့မှုကို အားကိုးနေတာက နည်းလမ်းတစ်ခုပေါ့” ဟုလည်း သူကပြောသည်။

“ကျန်းမာရေးအာမခံချက်ပေးတယ်ဆိုတာ နိုင်ငံတွင်းက အလုပ်သမားတိုင်းအတွက် နိုင်ငံ့ပေါ်လစီတစ်ရပ် ဖြစ်သင့်ပါတယ်။ အလှူငွေကိုမှီခိုနေရတဲ့ အင်န်ဂျီအိုအစီအစဉ်တစ်ခု မဖြစ်သင့်ပါဘူး။ ဒီအရေးက လူသားချင်းစာနာမှု အကူအညီဆိုင်ရာ နိုင်ငံတကာရန်ပုံငွေတွေအပေါ်မှီခိုဖို့ရာ မဖြစ်နိုင်လို့ပါ” ဟု သူကဆက်ပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မဲဆောက်မြို့အနီးရှိ မယ်ပဆေးခန်း၌ နယ်စပ်ဖြတ်ကျော်မြန်မာမိသားစုမှ နာမကျန်းသူများအား ကုသပေးရန် စောင့်ဆိုင်းနေသည့် ကရင်ဆေးဝန်ထမ်းများ။ ဓာတ်ပုံ – လု(ခ်) ဒပ်ဂယ်ဘီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.