ထိုင်းဘုရင်တစ်ပါး၏ မန္တလေးရှိ အမေ့ခံအုတ်ဂူ

၁၇၉၆ ခုနှစ်က မြှုပ်နှံထားခဲ့သည်ဟု အချို့က ယူဆထားသော ထိုင်းဘုရင်တစ်ပါး၏ အုတ်ဂူကို ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ မရေမရာစီမံကိန်းကြီးမှာ အကြိတ်အနယ် ငြင်းခုံနေမှုကြောင့် မှေးမှိန်စပြုလာသည်။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

ရာစုနှစ်များစွာ ရှည်ကြာခဲ့သော ထိုင်းဘုရင်တစ်ပါး၏ အုတ်ဂူမှာ အမရပူရရှိ ဦးပိန်တံတားမှ မီတာတစ်ရာ နှစ်ရာခန့်သာဝေးသော နေရာတွင်ရှိသည်။ မြင့်မားပြီး အုတ်ပုံအတိပြီးသည့် ထိုနေရာသို့ နိုင်ငံခြားခရီးသည်များ လာလေ့မရှိပေ။ တော်ဝင်ပုဂ္ဂိုလ်တစ်ဦး၏ နောက်ဆုံးခေါင်းချရာ နေရာဖြစ်သည်ကိုပင် သိကြပါလေစ။

သို့ရာတွင် သူတို့၏ ဥပေက္ခာပြုမှုကလည်း ကျိုးကြောင်းခိုင်လုံမှု ရှိသည်ဟုဆိုရမည်။ အဆိုပါဘုရင်ကို ဤနေရာတွင် မြှုပ်နှံထားခြင်းရှိ မရှိမှာ ဖြေကြားသူအပေါ်မူတည်၍ အမျိုးမျိုးရှိနိုင်သည်။

၂၀၁၃ ခုနှစ်တွင် တူးဖော်ရေးအဖွဲ့ တစ်ဖွဲ့သည် အရိုးပြာအိုး တစ်လုံးကို တူးဖော်တွေ့ရှိခဲ့ပြီး ယင်းအိုးထဲရှိ ပြာများမှာ ဘုရင်ဥဒုမ္ဗရ King Udumbara ၊ သို့မဟုတ် ထိုင်းဘာသာစကားဖြင့် ဥသုံဖွန် Uthumphon ဟုခေါ်သော ဘုရင်၏ပြာများဖြစ်မည်ဟု ကောက်ချက်ချခဲ့သည်။ သူသည် လောကီရေးကို စိတ်ကုန်ခန်းနေသူ ထိုင်းဘုရင်တစ်ပါးဖြစ်ပြီး ၁၇၅၈ ခုနှစ်တွင် အယုဒ္ဓယနိုင်ငံကို နှစ်လခန့်အုပ်ချုပ်ပြီးနောက် ထီးနန်းစွန့်ကာ ရဟန်းဝတ်ခဲ့သူဖြစ်သည်။ ဆင်ဖြူရှင်ဘုရင်သည် ၁၇၆၇ ခုနှစ်၌ အယုဒ္ဓယကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သော သုံ့ပန်း ရာပေါင်းများစွာအနက် ဘုရင် ဥဒုမ္ဗရ လည်းပါဝင်ကြောင်း မြန်မာသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။

ဒီအင်န်အေ အထောက်အထားမရှိခြင်းကို အကြောင်းပြု၍လည်းကောင်း၊ ယခုထိအခြေအနေကို ကြည့်ပါက အုတ်ဂူပြုပြင်ရေးအတွက် ပေးအပ်နေသော ထိုင်းဘုရင်ထံမှ အကူအညီရယူရန် အစီအမံ တစ်ရပ်သာ ဖြစ်သည်ဟု ယူဆသည့်အတွက်လည်းကောင်း လေ့လာရေးအဖွဲ့၏ ပြောကြားချက်ကို အချို့က သံသယရှိကြသည်။

သူပြောငါပြောကို အခြေခံကာ ရှုပ်ထွေးနေသော အငြင်းပွားမှုကြောင့် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းမှာ လုံးဝပျက်ပြယ်သွားခြင်းတော့ မရှိပေ။ သို့ရာတွင် ဘုရင်၏အရိုးပြာနှင့် သူ၏အုတ်ဂူဟု ယူဆရသောနေရာမှာ သံဆူးကြိုးကာ၍ “မဝင်ရ” ဟူသော ဆိုင်းဘုတ်ဖြင့် အုပ်ချုပ်ရေးအရ ကန့်သတ်ခံထားရသည်။

နိုဝင်ဘာလအတွင်းက ထိုနေရာသို့ ဖရန်တီယာက သွားရောက်လေ့လာသောအခါ  တရားဝင် မဟုတ်သော်လည်း နေရာကို စောင့်ရှောက်ပေးနေသူ ဦးလင်းလင်းအမရ ဟုခေါ်သော စိတ်အားထက်သန်သူ သမိုင်းပညာရှင်က ထိုင်းနှင့်မြန်မာအဖွဲ့များနှင့် နိုင်ငံခြားသားအချို့ကို ရိုက်ထားသော အရွယ်အစား ကြီးမားသည့် ဗီနိုင်းဓာတ်ပုံကြီးကို ထုတ်ပြသည်။ သူတို့သည် တက်ကြွလှုပ်ရှားမှု အပြည့်ရှိပုံရပြီး တူးဖော်ရင်း ဖုန်များပေကျန်နေသည်ကို တွေ့ရသည်။ ထို့ပြင် အရောင်လက်နေသည့် မှန်စီထားသော ပြာအိုး တစ်လုံး၏ ပုံများကိုလည်း တွေ့ရသည်။ ရာစုနှစ်ချီ ကြာမြင့်ပြီဖြစ်သဖြင့် အနည်းငယ် အရောင်မှိန်နေသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်၌ ဦးမစ်ကီဟတ်က ထိုင်းအဖွဲ့တစ်ဖွဲ့အား လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင် ဥဒုမ္ဗရအုတ်ဂူဖြစ်မည်ဟု ယူဆထားကြသည့်နေရာကို ပြသနေစဉ်။ ဓာတ်ပုံ - တေဇလှိုင်

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်၌ ဦးမစ်ကီဟတ်က ထိုင်းအဖွဲ့တစ်ဖွဲ့အား လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင် ဥဒုမ္ဗရအုတ်ဂူဖြစ်မည်ဟု ယူဆထားကြသည့်နေရာကို ပြသနေစဉ်။ ဓာတ်ပုံ – တေဇလှိုင်

တူးဖော်မှုများ ပြုလုပ်အပြီး ငါးနှစ်အကြာတွင် ပြိုပျက်လျက်ရှိသော အုတ်စေတီ၏ပုံမှာ ပုဂံလွင်ပြင်မှ ထုတ်ယူလာပြီး နေရာလွတ် တစ်ခုတွင် လာရောက်စုပုံထားသကဲ့သ့ို ဖြစ်နေကာ ပုထိုးငယ်ကလေးမှာလည်း ခြုံပုတ်များ အပျက်အစီးပုံများနှင့် ရောထွေးကာ ရုတ်တရက် မမှတ်မိနိုင်အောင် ဖြစ်နေသည်။ ခြွင်းချက်မှာ တော်ဝင်ပုဂ္ဂိုလ်၏ အရိုးပြာတွေ့သည် ဆိုသောနေရာဖြစ်ပြီး အမိုးသေးသေးကလေးဆောက်၍ ကာကွယ်ပေးထားသည်။

အေးဆေးစွာနေတတ်ပြီး ဘာသာတရား ကိုင်းရှိုင်းသော ဥဒုမ္ဗရ၏သမိုင်းမှာ ၁၇၆၇ ခုတွင် သူ့ကိုဖမ်းဆီးပြီး ၁၇၉၆ ခုနှစ်၌ မန္တလေးတောင်ဘက်နားရှိ အသစ်တည်ထောင်ထားသော အမရပူရ မင်းနေပြည်တွင် နတ်ရွာစံပြီးနောက်ပိုင်း မှေးမှိန်သွားတော့သည်။

ဗိသုကာပညာရှင် ဦးဝင်းမောင်က မြန်မာတူးဖော်ရေးအဖွဲ့ကို ဦးဆောင်သည်။ သူ့ပြောစကားအရ ဥဒုမ္ဗရ၏ ထိုင်းဘုန်းတော်ကြီးကျောင်းမှာ ရာစုနှစ်များစွာ ကြာလာသည်နှင့်အမျှ ဗုဒ္ဓဘာသာမဟုတ်သူများ၏ သုသာန်အဖြစ် တဖြည်းဖြည်းပြောင်းသွားကာ လင်းဇင်ကုန်းဟု ခေါ်ကြကြောင်း သိရသည်။ ရှေးဘုရင် တစ်ပါး နတ်ရွာစံမှုနှင့် သြင်္ဂိုဟ်မှု အကြောင်းအရာအသေးစိတ်မှာ ဒေသခံတို့၏ အစဉ်အလာပြောစရာ ရိုးရာပုံပြင်အဖြစ်သာ ကျန်နေရစ်တော့သည်။

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က အသက် ၈၅ နှစ် ၈၆ နှစ်အရွယ် အမျိုးသမီးကြီး တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ ဒီစေတီက ထိုင်းဘုရင်ကို မြှုပ်ထားတဲ့နေရာလို့ သူက ပြောတယ်။ ဘုရင့်နံမည်ကိုတော့ သူမသိဘူးတဲ့” ဟု ဦးဝင်းမောင်က ပြောသည်။

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မန္တလေးနန်းတော် ပုံစံဒီဇိုင်းကို ကူညီရေးဆွဲခဲ့သူ အငြိမ်းစားဗိသုကာ ဦးဝင်းမောင်သည် ရိုးရာဒီဇိုင်းကို အထူးပြုလိုက်စားသူဖြစ်သည်။ သူသည် မြင့်မားလှသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး ဆောက်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်နေရင်း စကားပြောလျက်ရှိရာ တခါတခါ စကားပြောရပ်၍ မျက်လုံးတော်၏ ပုံသဏ္ဍာန်၊ သို့မဟုတ် ဗုဒ္ဓ၏လက်ချောင်း အရှည်နှင့်ပတ်သက်၍ အလုပ်ကြပ်ကို အကြံပေးလမ်းညွှန်လျက်ရှိသည်။

သူ ပထမစတင်ကြားချိန်ကတည်းက ဥဒုမ္ဗရ၏အကြောင်းကို သူ့ခေါင်းထဲတွင် စွဲထင်နေကြောင်း၊ ဤသို့သော ရုပ်ကလာပ်မျိုးက ဤနေရာမျိုးကို မည်သို့ရောက်နေကြောင်းနှင့် လူအများသိနေပါလျက် အဘယ့်ကြောင့် မှန်မှန်ကန်ကန် တူးဖော်ခြင်း မပြုသည့်အကြောင်းတို့ကို မယုံကြည်နိုင်အောင်ဖြစ်ရကြောင်း သူက ပြောသည်။

ထို့နောက် ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လင်းဇင်းသုသာန်ကို ရွှေ့ပြောင်းမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုဆုံးဖြတ်ချက်က ဦးဝင်းမောင်နှင့် ဥဒုမ္ဗရ၏ သမိုင်းကြောင်း အစစ်အမှန်ကို ကြိုးစားဖော်ထုတ်လိုသူများအား အခွင့်အလမ်း အပြည့်အဝ ပေးစွမ်းခဲ့သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ရှေးဟောင်းပညာရှင်တို့သည် ဝင်းအလယ်ရှိ ဘုရားနှင့် ဥဒုမ္ဗရ၏ ကျောင်းနေရာဟောင်း ဖြစ်မည်ဟု ယူဆရသော အခြေခံအုတ်မြစ်များကို တူးဖော်ကြသည်။ သူတို့သည် အလောင်းရုပ်ကြွင်းအများအပြားကို တူးဖော်တွေ့ရှိခဲ့သည်။( အမှန်စင်စစ် ထိုနေရာမှာ သချုႋင်းနေရာဖြစ်သည်။) သို့သော် ထူးထူးခြားခြား တစ်ခုပေါ်ထွက်လာသည်။ ပြာများနှင့်ရော၍ ဘုန်းတော်ကြီး၏ သင်္ကန်းအစအနများ ထည့်ထားသော ထိုင်းစတိုင်သပိတ်ပုံသဏ္ဍာန် ပြာအိုးတစ်လုံးပင်တည်း။

“သပိတ်က မြေသပိတ်ဖြစ်ပြီး ရောင်စုံမှန်စီနဲ့ တန်ဆာဆင်ထားပါတယ်။ မဟာထေရ(အဆင့်မြင့် သက်ကြီးဝါကြီး) ဘုန်းတော်ကြီးတစ်ပါး အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။ မှန်စီလက်ရာတွေက ဘုရင့်သရဖူမှာပါတဲ့ ဂူလာဆိုတဲ့ ပန်းရဲ့ဖွဲ့စည်းပုံမျိုးဖြစ်ပြီး ရေသဖန်းပွင့်နဲ့ တူပါတယ်” ဟု ထိုင်းတူးဖော်ရေးအဖွဲ့ကို ဦးဆောင်သူ ထိုင်းဗိသုကာပညာရှင် မစ္စတာဗီချစ် ချီနာလိုင်က နေးရှင်းသတင်းစာကို ပြောသည်။

အစိမ်းရောင် အထူးစဉ့်အပါအဝင် သပိတ်ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများမှာ ဥဒုမ္ဗရ ကွယ်လွန်ချိန် ခေတ်ကာလနှင့် ကိုက်ညီကြောင်း ဦးဝင်းမောင်က မှတ်ချက်ပေးသည်။

အတွင်းထဲက ရုပ်ကြွင်းအပိုင်းအစများ၏ ပိုင်ရှင်ကိုသက်သေပြရန် ဒီအင်န်အေ အထောက်အထား မရှိသည့်တိုင် သူ့အတွက်အဖြေက ရှင်းနေသည်။ ထိုင်းဘုရင်ပင် ဖြစ်တော့သည်။

“ပြာအိုးက အခုတော့ မန္တလေးမြို့တော်ခန်းမက သေတ္တာထဲကို ရောက်နေပါပြီ။ ဖွင့်ချင်ရင် သော့နှစ်ချောင်း ရှိရပါမယ်။ ထိုင်းတွေဆီမှာတစ်ချောင်း၊ မြန်မာတွေဆီမှာ တစ်ချောင်းပါ” ဟု ဦးဝင်းမောင်က ပြောသည်။

တခမ်းတနား ပြုပြင်ထားခြင်းမရှိသော ခေါင်းတလားမှာ ယာယီသဘောသာ အသုံးပြုထားခြင်းဖြစ်သည်။ အတတ်ပညာပိုင်းဆိုင်ရာနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှုများ မြင့်မားလာချိန်တွင် ဦးဝင်းမောင်၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် ဦးမစ်ကီဟတ်၊ သူ၏လက်ထောက် ဦးလင်းလင်းအမရနှင့် ဆရာဝန် ဒေါက်တာသင်းမောင်ကြီးတို့သည် တော်ဝင်မိသားစု၏ ပိုင်ဆိုင်ပစ္စည်းများကို စီမံကွပ်ကဲရသည့် အဖွဲ့ဖြစ်သော ထိုင်းဘုရင့်အိမ်တော်ထိန်းဗျူရို Crown Property Bureau ၏ ကမကထပြုမှုနှင့် မြန်မာနှင့် ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနများနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ကြီးကြပ်မှုဖြင့် စုပေါင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲခဲ့သည်။

ဦးဝင်းမောင်အဖို့ ယခုလုပ်ငန်းက မန္တလေးနန်းတော် တည်ဆောက်ရေးလုပ်ငန်းနှင့် အလားသဏ္ဍာန်တူသည်။ စုစုပေါင်းဘတ်ဂျက်သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃ သန်းရရှိသည်။ ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းမြေကို  ၁၈ ရာစုနှစ်က ပုံစံအတိုင်း အတတ်နိုင်ဆုံး တူအောင်ပြုလုပ်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများတွင် တော်ဝင်သချုႋင်း၊ အောက်မေ့ဖွယ်မြေနေရာနှင့် ပြတိုက်တို့ပါဝင်သည်။ ဘုရင့်ရုပ်ကြွင်းကို နေရာသစ်တွင် ခမ်းနားစွာ ထားရှိပေးရမည်ဖြစ်သည်။

သို့တစေ စီမံကိန်းက လျင်မြန်စွာ ပျက်ပြားသွားခဲ့သည်။

၂၀၁၃ ခုနှစ်က ပြိုပျက်နေသည့် ဤအုတ်စေတီအတွင်းမှ အရိုးပြာအိုးတစ်လုံး တူးဖော်တွေ့ရှိရာ ထိုင်းဘုရင် ဥဒုမ္ဗရ၏ ရုပ်ကြွင်းများဖြစ်မည်ဟု သုံးသပ်ခန့်မှန်းကြသည်။ ဓာတ်ပုံ - တေဇလှိုင်

၂၀၁၃ ခုနှစ်က ပြိုပျက်နေသည့် ဤအုတ်စေတီအတွင်းမှ အရိုးပြာအိုးတစ်လုံး တူးဖော်တွေ့ရှိရာ ထိုင်းဘုရင် ဥဒုမ္ဗရ၏ ရုပ်ကြွင်းများဖြစ်မည်ဟု သုံးသပ်ခန့်မှန်းကြသည်။ ဓာတ်ပုံ – တေဇလှိုင်

မြန်မာဘက်က အုတ်ဂူနှင့် ဥဒုမ္ဗရ၏ သမိုင်းကြောင်းအသေးစိတ်ကို စစ်ဆေးပေးရန် ကြန့်ကြာနေသဖြင့် ထိုင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ထောက်ပံ့မှုကို ရုပ်သိမ်းကြောင်း ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းစာ The Nation တွင် ဖော်ပြသည်။

သုတေသန ထပ်မံလုပ်ကိုင်ရန် လိုအပ်သည်ဟု မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

“တူးဖော်မှုစီမံကိန်းအားလုံး ယာယီရပ်ဆိုင်းထားဖို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ကျွန်တော်တို့ကို ပြောပါတယ်။ နှစ်နိုင်ငံအစိုးရတွေ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ဦးမစ်ကီဟတ်က ပြောကြောင်း သတင်းတွင် ကိုးကားဖော်ပြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ သဲလွန်စများအားလုံး ရှိနေသော်လည်း ဒီအင်န်အေ  အထောက်အထားက အမြဲတမ်း ကင်းမဲ့နေသည်။

ရုပ်ကြွင်းများကို ဒီအင်န်အေစစ်ဆေးရေးနှင့်ပတ်သက်သော ဦးဝင်းမောင်၏ ရပ်တည်ချက်က ပြောင်းလဲသွားပုံရသည်။ ကနဦးက စစ်ဆေးရေးကိစ္စကို အကောင်းမြင်ဘက်မှရှိသည်။ သို့သော်လည်း  ရာသီဥတုကြောင့် အရိုးပြာများမှာ ပျက်စီးကုန်ပြီဖြစ်သဖြင့် စစ်ဆေးရေးလုပ်ငန်းမှာ “အချိန်ကြာနိုင်” ကြောင်း ၂၀၁၆ ခုနှစ်တွင် သူက ဧရာဝတီသတင်းဌာနကို ပြောသည်။ ဥဒုမ္ဗရမှ တိုက်ရိုက်ဆင်းသက်သူ သက်ရှိထင်ရှား မရှိသည့်အတွက် စစ်ဆေးရေးမှာ မဖြစ်နိုင်ကြောင်း သူက ပြောလာသည်။

စီမံကိန်းအခက်အခဲများနှင့်စပ်လျဉ်း၍ သူ၏ယူဆချက်မှာ ပုဂ္ဂိုလ်ရေး ပိုဆန်နေသည်။ ဦးဝင်းမောင်နှင့် ဦးလင်းလင်းအမရတို့၏ အဆိုအရ ဒေါက်တာသင်းမောင်ကြီးသည် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ စိတ်ထင့်လာကြောင်းနှင့် ထိုင်းအဖွဲ့၏ ဟိုတယ်နှင့် အစားအစာအသုံးစရိတ် များလွန်းသည့်အချက်နှင့် သူငှားပေးထားသော အလုပ်သမားများကို လုပ်ခလျှော့ပေးသည့်အချက်ကို သူက ဝေဖန်ကြောင်း သိရသည်။

နှစ်ဘက်စလုံးတွင် ပါဝင်နေသော စီမံကိန်းခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကို ဦးဝင်းမောင်က မေးခွန်းထုတ်စ ပြုလာသည်။ အုတ်ဂူသည် ဥဒုမ္ဗရ၏ အုတ်ဂူဟုတ် မဟုတ်ဆိုသည်ကိုပင် မေးခွန်းထုတ်လာသည်။ မန္တလေးစည်ပင်သို့ ဝင်ထွက်နိုင်သည်ကို အသုံးပြု၍ ပြုပြင်ထိန်းသိမ်းရေး လှုပ်ရှားမှုတိုင်းကို ပျက်ပြယ်သွားအောင် ဆောင်ရွက်လာသည့်အတွက် စီမံကိန်းကို စိတ်ရောကိုယ်ပါ အဖြစ်ဆုံး သူသည် မကြာမီပင် စီမံကိန်း၏ အဆိုးရွားဆုံး မလိုလားသူ ဖြစ်လာတော့သည်။

စီမံကိန်းကို ၂၀၁၆ ခုနှစ်အထိ ယာယီရပ်ဆိုင်းထားခဲ့သည်။ ထိုနှစ်မှာပင် ဒီအင်န်အေ အထောက်အထားမရှိ၊  သို့မဟုတ် နောက်ထပ် သမိုင်းအထောက်အထား မရှိသည့်တိုင် မြန်မာဘက်မှ ဦးဝင်းမောင်ကို ခေါင်းဆောင်စေပြီး စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန် မန္တလေးစည်ပင်က ခွင့်ပြုကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။

နောက်တဖန် ယင်းကိစ္စကို ကြီးကြပ်လျက်ရှိသော ဆပ်ကော်မတီဥက္ကဋ္ဌ ဦးရဲမွန်၏ ဒီအင်န်အေ အထောက်အထား မရှိသည်ကို အကြောင်းပြုထောက်ပြချက်အရ မန္တလေးမြို့တော်စည်ပင်က ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ပြန်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြသည်။

ဦးလင်းလင်းအမရက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ဆက်လက်၍ အပူကပ်ခဲ့ပြန်သည်။ မြန်မာနှင့် ထိုင်းအစိုးရတို့က ရှေ့ဆက်ရန် သဘောမတူမချင်း ဘာမှဖြစ်မလာနိုင်ကြောင်း သူက ဆိုသည်။ သို့ရာတွင် ထိုင်းဘုရင့်အိမ်တော်ထိန်းဗျူရို Crown Property Bureau ထံမှ ငွေကြေးထောက်ပံ့မှု အပါအဝင် ထိုင်းနိုင်ငံဘက်မှ အားလုံးအသင့်ဖြစ်နေပြီး မန္တလေးစည်ပင်က မီးစိမ်းပြဖို့သာလိုသည်ဟု ပြောကြောင်း ဘန်ကောက်တွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသော သူ၏အလုပ်ရှင် ဦးမစ်ကီဟတ်၏ ပြောကြားချက်ကို ကိုးကား၍ သူက တင်ပြသည်။

ယင်းကိစ္စအတွက် မှတ်ချက်တစုံတရာ ပေးပါရန်တောင်းဆိုခဲ့ရာ မန္တလေးစည်ပင်မှ အရာရှိတစ်ဦးက ဥဒုမ္ဗရကိစ္စနှင့်ပတ်သက်၍ အဖွဲ့၏အတိုင်ပင်ခံ ဦးခင်မောင်ကြီးကိုမေးရန် ဖရန်တီယာကို ညွှန်ပြပေးသည်။ သူကလည်း တရားဝင်ပြောကြားရန် ငြင်းဆိုပြန်သည်။ ထိုင်းဘုရင့်အိမ်တော်ထိန်းဗျူရိုထံ ဆက်သွယ်ရန် ကြိုးပမ်းမှုများမှာလည်း မအောင်မြင်ခဲ့ပေ။

ဤသို့ဖြင့် နတ်ရွာစံခဲ့သူ ဘုရင်တစ်ပါး၏အဖြစ်မှန်၊ သူ့အုတ်ဂူအကြောင်းနှင့် မည်သို့ဆက်ဖြစ်လာမည် ဆိုသောအချက်မှာ သင်တွေ့ဆုံမေးမြန်းသူ၏အပေါ်တွင်သာ မူတည်နေပေလိမ့်မည်။

ဘုရားအိုအရိပ်အောက်၌ အမှိုက်သရိုက်များ သိမ်းဆည်းမီးရှို့သူများနှင့် ကျောင်းဝင်းမြက်ခင်းပြင်တွင် နွားကျောင်းနေကြသူ စသည့် အနီးအနားနေသူများကမူ ပြိုကျနေသော အုတ်ပုံသည် ထိုင်းဘုရင်တစ်ပါး၏ အုတ်ဂူအဖြစ် အမြဲယူဆနေမည်ဖြစ်သည်။ ဘုရင့်အမည်ကိုမူ သူတို့သိချင်မှ သိပေလိမ့်မည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.