ထိပ်သီးစည်းဝေးပွဲက ငြိမ်းချမ်းရေးကို အနှုတ်လက္ခဏာ ဖြစ်စေသလား

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ရရှိဖို့ကြိုးပမ်းတဲ့ ထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုတောင် နောက်ဆုတ်သွားစေနိုင်တဲ့ အရိပ်လက္ခဏာတွေ မြင်တွေ့နေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ထိပ်သီးအစည်းအဝေး တစ်ခု ကျင်းပပါတယ်။

ဒီ့မတိုင်ခင်တုန်းကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဖြေရှင်းရခက်တဲ့ Deadlock ဖြစ်နေတဲ့ ပြဿနာတွေရှိတယ်၊ အဲဒီပြဿနာတွေကို သမားရိုးကျ နည်းတွေအတိုင်း ဆွေးနွေးဖြေရှင်းနေလို့တော့ မရဘူး၊ ဘက် သုံးဖက်စလုံးက အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးမျိုးကသာ အဖြေပေးနိုင်လိမ့်မယ်၊ ဒါကြောင့် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ လိုတယ်ဆိုပြီး ကေအင်န်ယူ ကရင်လက်နက်ကိုင်အဖွဲ့က ကမကထ လုပ်၊ ကြိုးပမ်းရာကနေ ပေါ်ပေါက်လာတဲ့ အစည်းအဝေးကြီးပါ။

တကယ့်လက်တွေ့မှာတော့ အဲဒီအစည်းအဝေးဟာ ထိပ်သီးအစည်းအဝေးလို့လည်း မယ်မယ်ရရ မခေါ်နိုင်၊ ရလဒ်လည်း မယ်မယ်ရရ မရှိရုံမက နောက်ပိုင်း နောက်ဆက်တွဲပြဿနာတွေ အများကြီး ပေါ်ပေါက်စေတာကိုလည်း တွေ့ကြရပါတယ်။ ဘယ်လိုပြဿနာတွေဖြစ်ပြီး ဘယ်လောက်နက်ရှိုင်းသလဲဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

အခုလို ထိပ်သီးအစည်းအဝေး လုပ်မယ်လို့ ကေအင်န်ယူဘက်က ကြိုးစားတော့ အစိုးရနဲ့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်မယ်လို့ ကတိပေးကြပါတယ်။ ဒါပေမဲ့ ကျင်းပမယ့်အချိန်ကိုတော့ အောက်တိုဘာလလယ်ဆိုပြီး နီးကပ်တဲ့ရက်ကို အဆိုပြုပါတယ်။

အဲဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ကေအင်န်ယူ ကရင်လက်နက်ကိုင်အဖွဲ့ထဲက ခေါင်းဆောင်တချို့က သံသယ နည်းနည်းရှိပါတယ်။ ဒါကြောင့် နေပြည်တော် အစည်းအဝေးမတိုင်ခင် ကေအင်န်ယူအဖွဲ့တွင်းမှာ အစည်းအဝေး အရင်လုပ်ပြီး ကျထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း သွားပြီးဆွေးနွေးစေချင်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကပ်နေတော့ အဲလိုမလုပ်နိုင်ခဲ့ဘဲ ဥက္ကဋ္ဌ စောမူတူးစေးဖိုးကို ယုံကြည်စွာနဲ့ သွားရောက်စေခဲ့ပါတယ်။

အလားတူ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့ကလည်း အဖွဲ့တွင်းစည်းဝေးပွဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း စည်းဝေးပွဲတွေ အရင်လုပ်၊ အားလုံးသဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ စုစည်းနိုင်အောင် အရင်လုပ်ချင်ခဲ့ပါတယ်။ ဒါလည်း အဆင်မပြေတော့ နောက်ဆုံး သတ်မှတ်ရက်မှာပဲ နေပြည်တော် အစည်းအဝေးတက်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါက အစိုးရနဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်အဖွဲ့ NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲက အင်အားအရှိဆုံး အဖွဲ့ကြီး နှစ်ဖွဲ့ ကြုံရတဲ့ပြဿနာပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တကယ် အစည်းအဝေးဖြစ်လာတော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဖွင့်မိန့်ခွန်းပြောတာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့နဲ့ သုံးပွင့်ဆိုင်အလွတ်သဘော တွေ့ဆုံကြတာကလွဲပြီး တကယ့်ဆွေးနွေးပွဲထဲကို ဝင်ရောက်ဆွေးနွေးတာမျိုး မလုပ်ပါဘူး။ ဒီအတွက် အဲဒီဆွေးနွေးပွဲကို ထိပ်သီးစည်းဝေးပွဲလို့လည်း သတ်မှတ်ရ ခက်သွားစေပါတယ်။

ဒါ့အပြင် သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ NCA လက်မှတ်ထိုးထားတဲ့ RCSS ရှမ်းလက်နက်ကိုင်အဖွဲ့ကို အပြစ်တင်၊ သတိပေးတာမျိုး ဗြောင်ကျကျ ပြောသလို၊ ခွဲမထွက်ခွင့်ကိစ္စနဲ့ တစ်ခုတည်းသော တပ်မတော်သာ ထားရှိရေး ကိစ္စတွေမှာ သူတို့ရဲ့ရပ်တည်ချက်အကြောင်း တင်းတင်းမာမာ ပြောဆိုခဲ့ပါတယ်။ ပထမ အကျိုးဆက်ကတော့ တပ်ချုပ်မပါတဲ့ စည်းဝေးပွဲကြီးကနေ ဘာရလဒ်မှ မယ်မယ်ရရ ထွက်မလာသလို သုံးရက်ကျင်းပဖို့ လျာထားတဲ့ အစည်းအဝေးတောင် နှစ်ရက်တည်းနဲ့ သိမ်းခဲ့ရပါတယ်။

ဒုတိယအကျိုးဆက်ကတော့ နောက်ပိုင်း လာပါတယ်။ အစည်းအဝေးအပြီး အင်တာဗျူးတွေမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က တပ်ချုပ်ရဲ့ခွဲမထွက်ရစာသား ထည့်သွင်းရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်ပါတယ်။ သူက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းဖို့ သဘောတူထားခဲ့တဲ့အကြောင်း၊ ပင်လုံစာချုပ်ကို အခြေခံတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်ရေးရပြီး နောင် ၁၀ နှစ်ပြည့်ရင် ရှမ်းပြည်နယ်အနေနဲ့ ပြည်ထောင်စုကနေ ခွဲထွက်လိုက ခွဲထွက်ခွင့် ပြဋ္ဌာန်းပေးခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ တပ်မတော်နဲ့အပစ်အခတ်ရပ်စဲ၊ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးတဲ့အခါ အဲဒီခွဲထွက်ခွင့်ဆိုတဲ့ကိစ္စ သူတို့သယ်မလာခဲ့တဲ့အကြောင်း၊ အဲဒီအကြောင်းအရာကို သူတို့ တောင်းလည်း မတောင်းဆို၊ ဆွေးလည်း မဆွေးနွေးခဲ့ကြောင်း၊ တကယ်လို့သာ တပ်မတော်ဘက်က ခွဲမထွက်ရ စာသားထည့်ဖို့ ဆွေးနွေးချင်တယ်ဆိုရင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအထိ ပြန်သွားရမှာဖြစ်ပြီး ရှုပ်ထွေးသွားမှာဖြစ်ကြောင်း၊ သူတို့အဖွဲ့အနေနဲ့ ခွဲမထွက်ခွင့်ပြဿနာမှာ ရှမ်းလူထုရဲ့သဘောထားအတိုင်း ရပ်တည်သွားမှာဖြစ်ပြီး အဲဒီကိစ္စ အဖြေရှာချင်ရင် အရင်ဆုံး ရှမ်းလူထုရဲ့သဘောထား ယူဖို့လိုတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ထိပ်သီးစည်းဝေးပွဲနဲ့ တပ်ချုပ်ရဲ့မိန့်ခွန်းကြောင့် ပိုပြီးလှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာကတော့ ကေအင်န်ယူအဖွဲ့ပါ။ စည်းဝေးပွဲပြီးပြီးချင်း ထုတ်ပြန်ချက်မှာ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဆိုတဲ့ကိစ္စ မူအရ သဘောတူပေမဲ့ ဘယ်လိုတပ်မတော်မျိုး တည်ဆောက်မယ်ဆိုသည်အထိ အသေးစိတ် ဆွေးနွေးသဘောတူညီချက် ရရှိမှသာ အဲဒီတစ်ခုတည်းသော တပ်မတော်ပဲ ထားရှိမယ်ဆိုတဲ့ စာသားထည့်သွင်းဖို့ စဉ်းစားမယ်လို့ဆိုပါတယ်။

တပြိုင်နက်တည်းမှာပဲ အစဉ်အလာအားဖြင့် ကေအင်န်ယူအဖွဲ့ကြီးရဲ့ မူဝါဒလမ်းစဉ်ကို လိုက်နာရတဲ့ ကေအင်န်အယ်လ်အေ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်နဲ့ ဒု စစ်ဦးစီးချုပ်တို့ကလည်း တပ်ချုပ်ရဲ့မိန့်ခွန်းကို တုန့်ပြန်တဲ့ သူတို့သဘောထားတွေကို ပွင်ပွင့်လင်းလင်း ဖော်ထုတ်လာပြန်ပါတယ်။

သူတို့ရဲ့သဘောထား အကြမ်းဖျဉ်းပြောရရင် လက်ရှိမြန်မာ့တပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးတယ်၊ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သူတို့ ကေအင်န်အယ်လ်အေအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပေါင်းစည်းဖို့ မဖြစ်နိုင်သေးဘူး၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရပြီး စစ်ပွဲတွေ မရှိတဲ့အချိန်ကျမှ ဗမာ့တပ်မတော်မဟုတ်၊ ကရင်၊ ကချင်၊ မွန်တပ်မတော်လည်းမဟုတ်တဲ့ ပြည်ထောင်စု တပ်မတော် တည်ဆောက်ရမယ်ဆိုပြီးဖြစ်ပါတယ်။ နောက်ဆုံး ကေအင်န်အယ်လ်အေ ဒုဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ပြောတာက ကရင့်တော်လှန်ရေး မပြီးသေးဘူး၊ ဒါကြောင့် ကေအင်န်အယ်လ်အေ ကရင့်တပ်မတော် ဆက်ရှိနေရဦးမယ်၊ ဒီအတွက် ကေအင်န်အယ်လ်အေနဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ကေအင်န်ယူတို့ဟာ ခေါင်းချင်းဆိုင် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်တွေ ချရမယ်ဆိုပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကေအင်န်ယူအဖွဲ့ဟာ UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူပြီး သူတို့အဖွဲ့တွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးမှုတွေ လုပ်ကြရဦးမယ်၊ အဲဒီလို လုပ်နေစဉ် အတောအတွင်း ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ အစည်းအဝေးတွေတက်ရောက်ဖို့ ဆိုင်းငံ့ထားဦးမယ်ဆိုပြီး စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

ကံမကောင်းအကြောင်းမလှချင်တော့ တဖွဲ့နဲ့တဖွဲ့ အဲလိုပေးပို့တဲ့စာ ပြင်ပပေါက်ကြားသွားပြီး လူမှုကွန်ရက် စာမျက်နှာမှာတောင် ပျံ့နှံ့ခဲ့ပါတယ်။ ဒါကြောင့် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လျှို့ဝှက်သင့် လျှို့ဝှက်အပ်တဲ့စာ ပေါက်ကြားတာဟာ ယုံကြည်မှုနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုတောင် ထိခိုက်နိုင်တယ်ဆိုပြီး ကေအင်န်ယူက ကြေညာချက်ထုတ်၊ သတိပေးရသည်အထိဖြစ်ခဲ့ပါတယ်။

တကယ်တော့ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှာ KNU နဲ့ RCSS/SSA  အဖွဲ့ဟာ အင်အားအရှိဆုံးနဲ့ နိုင်ငံရေးအရလည်း အရေးအပါဆုံးအဖွဲ့တွေ ဖြစ်ကြပါတယ်။ ထိပ်သီးအစည်းအဝေး ပြီးတဲ့နောက် ဒီအဖွဲ့တွေထဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတာကတော့ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

ထိပ်သီးစည်းဝေးပွဲအပြီး အဖွင့်မိန့်ခွန်းကနေစလို့ နောက်ပိုင်း ဝေဖန်ပြောဆိုမှုတွေဟာ NCA စာချုပ် အခန်း(၃) အပိုဒ် (စ) ပါ “အဖွဲ့အစည်းများအကြား ရန်လိုသောဝါဒဖြန့်မှုများ၊ မမှန်မကန်သော၊ သို့မဟုတ် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပြောဆိုမှုများ အသရေဖျက်သည့် ထုတ်ပြန်မှုများကို ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပတွင်သော်လည်းကောင်း မပြုလုပ်ဘဲ ရှောင်ကြဉ်ရန်” ဆိုတဲ့ အချက်နဲ့ငြိစွန်းနေကြပြီလား ဆိုတာကလည်း စိုးရိမ်စရာပါ။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ထိပ်သီးအစည်းအဝေးဟာ Deadlock ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ရုံမက ငြိမ်းချမ်းရေးကိုတောင် နောက်ဆုတ်သွားစေနိုင်တဲ့ အရိပ်လက္ခဏာတွေ မြင်တွေ့နေရပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.