ထိန်ပင်အမှိုက်ပုံက ပတ်ဝန်းကျင်ညစ်ညမ်းမှုပဲ ဖြစ်ပေါ်စေတာ မဟုတ်

ဧပြီနှင့် မေလများအတွင်း ရက်အတန်ကြာ မီးလောင်ကျွမ်းခဲ့သော ထိန်ပင်အမှိုက်ပုံအနီးတွင် နေထိုင်သူများသည် မြေထုနှင့် လေထု ညစ်ညမ်းမှုအပြင် သိမ်းဆည်းခံခဲ့ရသည့် ၎င်းတို့ မြေများအတွက် လျော်ကြေးများ ရရှိရေးအတွက်လည်း စိုးရိမ်ပူပန်နေကြသည်။ 

ကျော်ရဲလင်း ရေးသားသည်။

ရန်ကုန်မြို့စွန်ရှိ ထိန်ပင်အမှိုက်ပုံတွင် လောင်ကျွမ်းခဲ့သော မီးကြောင့် အနီးအနား မြို့နယ်များအထိ အနံ့ဆိုးသော မီးခိုးများ ပျံ့နှံ့သွားခဲ့ရာ ရန်ကုန်မြို့၏ လေထုသန့်စင်မှုနှင့် ပတ်သက်ပြီး ပြည်သူများက အာရုံစိုက်မိခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အနောက်မြောက်ဘက်ရှိ ထိန်ပင်အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်နေ့က စတင် လောင်ကျွမ်းသည့်မီးမှာ  လျင်မြန်စွာ ပျံနှံ့သွားပြီး ၂၄၄ ဧကခန့်ရှိသော အမှိုက်ပုံ၏ ထက်ဝက်ကျော်နီးပါး လောင်ကျွမ်းသွားခဲ့သည်။ 

မီးလောင်ကျွမ်းမှုသည် အမှိုက်များနှင့် ဟင်းသီးဟင်းရွက် အပုပ်များမှ ထွက်ရှိသော မီသိန်းဓါတ်ငွေ့ကြောင့်ဖြစ်ပြီး မေ ၁၄ ရက်နေ့တွင်မှ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးအောင်မြင့်မော်က ပြောကြားသည်။ 

အမှိုက်များက ထုတ်လွှတ်သော မီသိန်းဓါတ်ငွေ့နှင့် လေထုထဲမှ အောက်စီဂျင်တို့ ဓါတ်ပြုပြီး မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဦးအောင်မြင့်မော်က ဆိုသည်။ 

မီးအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့မှ လူအင်အား ၈၀၀ ခန့်ဖြင့် ငြိမ်းသတ်ခဲ့ပြီး ထိုင်းနိုင်ငံမှ မှာယူခဲ့သည့် အထူးမီးသတ်အမြုပ်ဆေး ၁,၈၅၀ ဂါလံအား အသုံးပြုခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောကြားသည်။  

တစ်လခန့်ကြာအောင် လောင်ကျွမ်းခဲ့သော မီးကြောင့် အမှိုက်ပုံ အနီးအနားမှ မြို့နယ်များတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ကလေးများ အပါအဝင် လူဒါဇင်ပေါင်းများစွာမှာ အသက်ရှူလမ်းကြောင်း ပြဿနာများဖြင့် ဆေးရုံတက်ခဲ့ရသည်။ 

မြို့တော်စည်ပင်က ရန်ကုန်မြို့အနှံ့တွင် တပ်ဆင်ထားသော လေထုအရည်အသွေး စောင့်ကြည့်သည့် ကိရိယာက ဖော်ပြချက်အရ ထိန်ပင်အမှိုက်ပုံ အနီးတဝိုက်တွင် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များ ပါဝင်မှု မြင့်မားနေသည်ဟု ဦးအောင်မြင့်မော်က ဆိုသည်။ ရန်ကုန်မြို့လယ်နေရာများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ပမာဏ မြင့်မားနေပြီး စက်မှုဇုန်များအနီးတွင် ဆာလဖာဒိုင်အောက်ဆိုက် ဓါတ်ငွေ့များ မြင့်မားနေသည်ဟု ဆိုသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ များပြားရခြင်းမှာ မော်တော်ယာဉ်များကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

ထိန်ပင်အမှိုက်ပုံတွင် အမှိုက်များ စွန့်ပစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ ဌာနအနေဖြင့် ထိုနေရာတွင် လေထုညစ်ညမ်းမှုအား လျှော့ချရန်မှာ အခက်အခဲ တစ်ခုဖြစ်နေသည်။ ထိုနေရာမှ မြေကြီးနှင့် ရေများပင် ညစ်ညမ်းနေပြီ ဖြစ်သည်။ 

“အမှိုက်စွန့်ပစ်ဖို့အတွက် ကျွန်တော်တို့ ရရှိတဲ့ ဘတ်ဂျက်က အရမ်းနည်းလွန်းနေတယ်” ဟု ဦးအောင်မြင့်မော်က ပြောသည်။

img_5990.jpg

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးအောင်မြင့်မော်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“အမှိုက်သိမ်းခအတွက် ကောက်ခံရရှိတဲ့ ငွေကလည်း ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကာမိပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ အိမ်ထောင်စု ၁၀ သိန်းရှိရင် ၄၈၀,၀၀၀ ကပဲ အမှိုက်ကောက်ခံခကို ပေးသွင်းကြပါတယ်” ဟု ၎င်းက ဆိုသည်။ အမှိုက်စွန့်ပစ်သည့်စနစ်ကြီး တစ်ခုလုံးကို ပြုပြင်ပြောင်းလဲမှသာ ညစ်ညမ်းမှု ပြဿနာကို အတော်အတန် လျှော့ချနိုင်မည်ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ရန်ကုန်မြို့ရှိ အမှိုက်ပုံများတွင် မီသိန်းဓါတ်ငွေ့အား မီးရှို့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများအတွက် တင်ဒါခေါ်ယူရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

ထိန်ပင်အမှိုက်ပုံမှ မီသိန်းဓာတ်ငွေ့များကို အသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန်အတွက် တောင်ကိုရီးယားမှ Chasson International သည် ၂၀၁၂ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် ကောက်ခံမည့် ဈေးနှုန်းများနှင့် ပတ်သက်ပြီး သဘောတူညီမှု မရရှိသဖြင့် ဆက်လက် မလုပ်ဆောင်ခဲ့ပေ။ တောင်ဒဂုံမြို့နယ်ရှိ ချောင်းအမှိုက်ပုံတွင်လည်း ပြည်တွင်းမှ Zeyar & Associates ကုမ္ပဏီက စီစဉ်သော မီသိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းမှာလည်း ထိုကိစ္စကြောင့်ပင် ဆက်လက် မလုပ်ဆောင်ဖြစ်တော့ပေ။ ထိုတင်ဒါ နှစ်ခုလုံးကို မြို့တော်စည်ပင်က ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ 

“အစိုးရက တစ်ယူနစ်ကို ကျပ် ၉၀ သာ ပေးနိုင်တယ်။ ဒါပေမယ့် ကုမ္ပဏီတွေက ကျပ် ၁၅၀ လောက် တောင်းဆိုကြတယ်” ဟု ဦးအောင်မြင့်မော်က ပြောသည်။ 

စီးပွားရေးလုပ်ငန်းများအတွက် သတ်မှတ်ထားသော လျှပ်စစ်ဓါတ်အား ဈေးနှုန်းမှာ ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ ကျပ် ဖြစ်သည်။ ၅၀၁ ယူနစ်မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀ ကောက်ခံကာ ၁၀,၀၀၁ ယူနစ်မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ် ကောက်ခံသည်။ ၅၀,၀၀၁ ယူနစ်မှ ၃၀၀,၀၀၀ ယူနစ်အထိ ကျပ် ၁၅၀ ဖြစ်ကာ ၃၀၀,၀၀၁ ယူနစ်မှ အထက်အတွက် ကျပ် ၁၀၀ ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ချက်အရ အစိုးရအနေဖြင့် နိုင်ငံ၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၃၇ ရာခိုင်နှုန်းအတွက် တစ်နှစ်လျှင် ကျပ် ၃၃၃ ဘီလျံ စိုက်ထုတ်သုံးဆွဲနေရသည်ဟု ဆိုသည်။ 

“အမှိုက်ပုံတွေကနေ မီသိန်းလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ခဲ့ရင် ဒီလို မီးလောင်တာမျိုး ဖြစ်မှာ မဟုတ်ဘူး” ဟု ဦးအောင်မြင့်မော်က ပြောသည်။ 

ယခု ထပ်မံစီစဉ်နေသည့် မီသိန်းဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများကိုမူ အစိုးရက စိုက်ထုတ်ဝယ်ယူမည်ဟု ၎င်းကဆိုသည်။ 

အမှိုက်သိမ်းခ ကောက်ခံတဲ့စနစ်ကို ပြောင်းလဲခြင်းကလည်း အထောက်အကူဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။ 

“အခု လက်ရှိမှာ ကျွန်တော်တို့က လူတွေ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ အလုပ်ချိန်မှာ လိုက်လံကောက်ခံရတယ်။ လူတွေက အွန်လိုင်းကနေ အမှိုက်ကောက်ခံခ ပေးသွင်းနိုင်ရင် ပိုအဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။ 

ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု၊ လေထုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးများကို အစိုးရနှင့် ပြည်သူများက အာရုံစိုက်နေကြသော်လည်း အမှိုက်ပုံအနီးမှ လယ်သမားများအတွက်မူ အခြားသောစိုးရိမ်ပူပန်စရာများ ရှိနေသည်။ ၎င်းတို့၏ နစ်နာခဲ့မှုများကို အစိုးရက အာရုံမစိုက်ကြောင်း လယ်သမားများက ပြောကြားသည်။

လှိုင်သာယာ ကုလားကြီးစုကျေးရွာမှ လယ်သမားများက ၁၉၉၆ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်အစိုးရက သိမ်းယူသွားခဲ့သော ၎င်းတို့၏ လယ်ဧက ၆၈၈ ဧက အတွက် လျော်ကြေးများ မရရှိခဲ့ကြောင်း ပြောကြားကြသည်။ ထိုမြေများကို သုဿန်ပြုလုပ်ရန်နှင့် တခြားသော ကိစ္စများအတွက် မြို့တော်စည်ပင်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံသို့ စစ်အစိုးရက လွှဲပြောင်း ပေးအပ်ခဲ့သည်။ 

2016_1212_22294200.jpg

သုဿန်အတွက် မြို့တော်စည်ပင်က ၎င်းထံမှ သိမ်းယူသွားသည့် မြေကွက်များ၏ မြေပုံကို လယ်သမား ဦးမြင့်ဆွေက ပြသနေစဉ်။ ဓာတ်ပုံ- ကျော်ရဲလင်း

“စစ်အစိုးရက ကမာရွတ်မြို့နယ်မှာရှိတဲ့ ကြံတောသုဿန်ကို ၁၉၉၆ ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီး ရုပ်အလောင်းတွေကို ဒီကို ပြောင်းရွှေ့ထားလိုက်တာ” ဟု ကုလားကြီးစု ရွာသား ဦးမြင့်ဆွေက ထိန်ပင်သုဿန်ကို လက်ညှိုးထိုးပြပြီး ပြောသည်။ 

၎င်း၏ ဖခင်ဖြစ်သူက လယ် ၂၇ ဧက ပိုင်ဆိုင်ခဲ့ပြီး ယောက္ခမဖြစ်သူက ကိုးဧက ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။ ၁၉၉၆ ခုနှစ်တွင် လယ်သိမ်းခံခဲ့ရသည့် လယ်သမား ၉၀ ဦးတွင် ၎င်းတို့လည်း ပါဝင်သည်။ 

“ခင်ဗျားသိတဲ့အတိုင်းပဲ။ စစ်အစိုးရ ခေါင်းဆောင်က တစ်ခုခု လုပ်မယ်ဆိုရင် ဘယ်သူမှ ဘာမှ မတတ်နိုင်ဘူး။ လိုက်လုပ်ရတာပဲလေ” ဟု ဦးမြင့်ဆွေက ပြောသည်။ 

လယ်သမားများသည် သိမ်းဆည်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေများတွင် တစ်ဧကအတွက် ဆန်အိတ် ၂၀ အား မြေငှားခအဖြစ်ပေးပြီး ၂၀၁၂ ခုနှစ်အထိ ဆက်လက် စိုက်ပျိုးခွင့် ရရှိခဲ့ကြသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးသိန်းစိန်အစိုးရ တက်လာသောအခါ သိမ်းထားသော လယ်မြေများအတွက် လျော်ကြေးပေးမည်ဟု ကတိပြုပြီး လယ်ယာမြေဥပဒေကို ပြဌာန်းခဲ့သည်။ 

“အဲဒီ ဥပဒေလည်း ပြဌာန်းပြီးရော ကျွန်တော်တို့ကို လယ်မြေတွေမှာ ဆက်လက်စိုက်ပျိုးခွင့်ကို စည်ပင်က မပေးတော့ဘူး” ဟု ဦးမြင့်ဆွေက ပြောသည်။ 

“လယ်ယာမြေဥပဒေ ပြဌာန်းပြီးတာ ခြောက်နှစ်နီးပါးရှိပြီ။ ဌာနက ကျွန်တော်တို့ကို လျော်ကြေး တစ်ပြားတစ်ချပ်မှ မပေးသေးဘူး” ဟု ၎င်းက ပြောသည်။ 

သိမ်းဆည်းမြေ ၆၂၅ ဧကအတွက် တစ်ဧကလျှင် ကျပ် ၂၅ သိန်းအား ၂၀၁၅ ခုနှစ်တွင် ယခင် တိုင်းဒေသကြီးအစိုးရက လျော်ကြေးပေးခဲ့သော်လည်း လယ်သမားများက လက်မခံခဲ့ပေ။ ဘေးချင်းကပ်နေသော မြေယာများအတွက် မြို့တော်စည်ပင်က ပေးခဲ့သော လျော်ကြေးငွေထက် နည်းနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

“မြို့တော်စည်ပင်ရဲ့ အခွန်ဌာနက ကျွန်တော်ဘေးက မြေဧက ၁၀၀ ကျော်ကို တစ်ဧက ကျပ် ၇၅ သိန်းနဲ့ လျော်ကြေးပေးခဲ့တယ်” ဟု ဒဂုံဧရာ အဝေးပြေးကားဝင်းအား တည်ဆောက်ခဲ့သော မြေနေရာကို ရည်ညွှန်းပြီး ဦးအောင်မြင့်က ပြောသည်။ 

“ဒီလို ခွဲခြားပေးတာတာကို ကျွန်တော်တို့ ဘယ်လို လက်ခံလို့ရမလဲ” ဟု ၎င်းကဆိုသည်။

မြေယာအား အသုံးပြုသည့်ပုံစံ မတူညီသောကြောင့် ပေးအပ်သည့် လျော်ကြေး ကွာခြားသွားရခြင်းဖြစ်သည်ဟု ယခင်အစိုးရက ပြောကြားခဲ့သည်ဟု ထိုမြို့နယ်ကို လက်ရှိကိုယ်စားပြုနေသော လွှတ်တော်အမတ်က ပြောသည်။ အကျိုးအမြတ် ရရှိနေသည့် စီမံကိန်းများ လုပ်နေသည့် မြေနေရာများအား လျော်ကြေးငွေ ပိုမိုပေးအပ်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လှိုင်သာယာမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ် အမတ် ဦးမြတ်မင်းသူက ထိုအချက်ကို အငြင်းပွားခဲ့သည်။ 

“စည်ပင်အခွန်ဌာနက တခြားဝင်ငွေတွေ အများကြီး ရှိပါတယ်။ ဈေးပိုပေးဆိုလည်း ပေးနိုင်ပါတယ်။ လယ်သမားတွေက ဒါကြောင့် အဓိပ္ပါယ် မရှိဘူးလို့ ပြောတာ” ဟု ဦးမြတ်မင်းသူက ပြောသည်။ 

လှိုင်သာယာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီက ထိုကိစ္စကို စစ်ဆေးခဲ့ပြီးနောက် သိမ်းဆည်းခံရသော လယ်ယာမြေ ၆၈၈ ဧက ရှိသည်ဟု အတည်ပြုခဲ့သည်။ ထို့နောက် လျော်ကြေးငွေ ပိုမိုတိုးပေးရန် အစိုးရကို အကြံပြုခဲ့သည်ဟု ကျေးရွာအဆင့် ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် အဆိုပါလွှတ်တော်အမတ်က Frontier ကို ဧပြီ ၁၉ ရက်နေ့တွင် ပြောကြားသည်။ 

“လျော်ကြေးတွေကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ပေးသွားမှာပါ” ဟု ဦးမြတ်မင်းသူက ပြောသည်။ သို့သော် မည်မျှ ပေးမည်ဆိုသည်ကို ပြောကြားခြင်း မရှိပေ။ 

နှုန်းထားကို တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်သွားမည်ဖြစ်ကာ လယ်သမားများကမူ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ အထိ တောင်းဆိုနေသည်ဟု ၎င်းက ပြောသည်။ 

“နှုန်းထားက မမျှတဘူး ဆိုရင်တော့ လျော်ကြေးပေးမယ့် အစီအစဉ်က နှောင့်နှေး ကြန့်ကြာနိုင်ပါတယ်။ ဒါပေမယ့် လျော်ကြေးပေးမယ့် အစီအစဉ်ကတော့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

2016_1119_20301700_0.jpg

လှိုင်သာယာမြို့နယ်ရှိ ၎င်းပိုင်လယ်မြေများ အသိမ်းခံခဲ့ရသည့် လယ်သမား ဦးဖိုးချော၏ သားဖြစ်သူ ဦးဇော်လေး။ ဓာတ်ပုံ-ကျော်ရဲလင်း

ဦးအောင်မြင့်မော်ကမူ လယ်သမားများအား တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ခန့်ပေးလိမ့်မည်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ၂၀၁၅ ခုနှစ်က လယ်သမားများ ငြင်းပယ်ခဲ့သော ပမာဏ၏ လေးဆဖြစ်သည်။ 

“အစိုးရက လယ်သမားတွေကို သူတို့ရဲ့ မြေတွေအတွက် လျော်ကြေးပေးဖို့ သဘောတူထားပါတယ်။ နှုန်းထားကို ညှိနှိုင်းပြီးတာနဲ့ ပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။ 

လယ်သမားများထံမှ သိမ်းယူထားသည့် မြေ ၆၈၈ ဧကပေါ်တွင် သုဿန်ငါးခုကို မြို့တော်စည်ပင်က တည်ဆောက်ပေးခဲ့သည်ဟု ဦးအောင်မြင့်မော်က ပြောသည်။ ခရစ်ယာန်များအတွက် သုံးခု၊ မူဆလင်နှင့် တရုတ်များအတွက် တစ်ခုစီ ဖြစ်သည်။ ထို့ပြင် မွေးမြူရေး သားပေါက်ခြံများနှင့် ထိန်ပင်အမှိုက်ပုံကိုလည်း ထိုမြေပေါ်တွင် ထားရှိခဲ့သည်။ 

ထိန်ပင်သုဿန် အုပ်ချုပ်ရေးမှူး ဦးစောမျိုးညွန့်သိန်းက လယ်သမားများက ၎င်းတို့အား မည်သည့်အနှောက်အယှက်မှ ပေးခြင်းမရှိဟု ပြောကြားသည်။ သို့သော် ယခင်ကမူ ဝင်ရောက်ကျူးကျော်ခြင်းများကို ကြုံတွေ့ခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။  

“သူတို့ လျော်ကြေး မြန်မြန်ရရင်တော့ ကောင်းတာပေါ့” ဟု ၎င်းက Frontier ကို ပြောသည်။ 

သို့သော် လယ်သမားများအား ပေးရမည့် လျော်ကြေးငွေမှာ တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်တွင် ပါဝင်ခြင်းမရှိသေးဟု ဦးမြတ်မင်းသူက မေ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီကိစ္စကို တိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ လယ်သမားတွေရဲ့ လျော်ကြေးငွေ ထည့်သွင်းပေးဖို့ တိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ ဒါမှ လယ်သမားတွေက နောက်နှစ်မှာ ရရှိနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။ 

“လယ်သမားတွေ အများကြီး နစ်နာ ခံစားခဲ့ကြရတယ်။ မြေတွေလည်း အသိမ်းခံရတယ်” ဟု ၎င်းကပြောသည်။ 

ဦးဇော်လေးသည် ကုလားကြီးရွာစု၊ ကန်လှရွာတွင် နေထိုင်သော ဦးဖိုးချော၏ သားဖြစ်သည်။ 

၂၀၀၁ ခုနှစ်က ရာသီမဟုတ် မိုးကြီးခဲ့သဖြင့် ၎င်း၏ ဖခင်ဖြစ်သူနှင့် အခြားလယ်သမားများ၏ သီးနှံများ ပျက်စီးခဲ့ပြီးနောက် လယ်မြေငှားခ မပေးနိုင်သဖြင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဦးဇော်လေးက ပြောသည်။

ထိုစဉ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဗိုလ်မှူးဟောင်းတစ်ဦးက လယ်ငှားခ အချိန်မီမပေးပါက အရှင်လတ်လတ် မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်အဖေက စိတ်ဓါတ်ကြံ့ခိုင်သူ တစ်ဦးပါ။ သူငိုတာကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ဟု ၎င်းကပြောသည်။

“ခြိမ်းခြောက်ခံရပြီး အိမ်ပြန်ရောက်တော့ အဖေက ကလေးတစ်ယောက်လို အော်ငိုတော့တာပဲ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- မီးလောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံအား မီးငြှိမ်းသတ်နေကြသည့် မီးသတ်သမားအားအား ဧပြီ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.