တောင်တန်းများဆီသို့

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူများသည် ချင်းပြည်နယ် မြောက်ပိုင်းသို့ လာရောက်လေ့ မရှိကြပေ။ သို့သော် ချင်းပြည်နယ်မှ ရင်သပ်ရှုမောဖွယ် ရှုခင်းများကို လူပိုမိုသိလာစေရန် မြှင့်တင်လာမှုများကြောင့် ထိုအချက်မှာ ပြောင်းလဲလာနိုင်ပေသည်။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ သင်သွားရောက်လည်ပတ်ပါက သင်တွေ့ရှိနိုင်သော ခရီးသွားအေးဂျင့်သည် ဒေသခံ ခရစ်ယန် တရားဟောဆရာတစ်ယောက် ဖြစ်နိုင်ပေသည်။

တရားဟောဆရာ Thawng Bik သည် ဖလမ်းမြို့ရှိ Baptist ဘုရားရှိခိုးကျောင်းတွင် တရားဟောတာဝန်များ ထမ်းဆောင်နေသည်။ ဘုရားရှိခိုးကျောင်းကို အနီရောင်အုတ်များဖြင့် တည်ဆောက်လုပ်ထားပြီး မြို့၏ အဓိက ရင်ပြင်တွင် တည်ရှိသည်။ ထိုနေရာမှကြည့်ရှုလျှင် မြို့အနှံ ရှုခင်းကို တွေ့မြင်နိုင်သည်။ 

Thawng Bik ကို မေးကြည့်ပါက သူက Lailun လိုဏ်ဂူအကြောင်း ဝေးလံသော Tashon ရွာအကြောင်း Buannel တောင်ထိပ်အကြောင်း လှိုက်လဲစွာ ပြောပြပေလိမ့်မည်။ Lailun လိုဏ်ဂူမှာ ချင်းလူမျိုးများ မွေးဖွားရာ နေရာဖြစ်သည်ဟု ရိုးရာပုံပြင် ရှိထားသည်။ Tashon ရွာသည် ကိုလိုနီ ဆန့်ကျင်ရေးသူရဲကောင်း Con Bik မွေးဖွားရာ နေရာဖြစ်သည်။ Buannel တောင်ထိပ်တွင်မူ နတ်သမီးများ ကျက်စားသည်ဟု အဆိုရှိကြသည်။ 

သို့သော် ထိုနေရာများသည် ခရီးသွားလမ်းညွှန် စာအုပ်များထဲတွင် မပါဝင်ပေ။ မည်သူကမျှ တရားဝင် ခရီးသွား အစီအစဉ်များ လုပ်ဆောင်ထားခြင်းမရှိပေ။ ထိုအတွက် သင်က ဘာသာပြန်တစ်ယောက်၊ သို့မဟုတ် အင်္ဂလိပ်စာ ဆရာတစ်ယောက်၊ သို့မဟုတ် ဒေသခံ NGO ဝန်ထမ်းတစ်ယောက်ကို အကူအညီတောင်းရပေလိမ့်မည်။ ထိုအတွက် ချင်းလူမျိုးများ ကြိုက်နှစ်သက်သည့် ဘီယာ၊ ဝီစကီနှင့် အမဲပေါင်တို့ဖြင့် အလဲအလှယ်ပြုလုပ်ရမည်ဖြစ်သည်။ 

“(ခရီးသွားရတာ) သိပ်တော့ မခက်ပါဘူး။ နေရာတွေကို သင်ရောက်နိုင်မှာပါ။ ဒါပေမယ့် ဒီမှာ ခရီးသွား လုပ်ငန်းတွေတော့ မရှိဘူး” ဟု Thawng Bik ကပြောကြားသည်။

ချင်းပြည်နယ်၊ အထူးသဖြင့် လှပသည့်မြောက်ပိုင်းဒေသသည် ခရီးတစ်ခေါက်သွားရောက်ရန် ထိုက်တန်သည့် ဒေသဖြစ်သည်။ မပျက်စီးသေးသော သဘာဝ အလှအပများ၊ တောင်တန်းများ၊ ပုန်းကွယ်နေသည့် တောင်ကြားဒေသများနှင့် ကျေးရွာများ တည်ရှိနေသည်။ 

သို့သော် ချင်းပြည်နယ်တွင် ဟိုတယ်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ မိုဘိုင်းဖုန်းများကိုလည်း ကောင်းစွာ အသုံးမပြုနိုင်ပေ။ ချင်းပြည်နယ်ရှိ လမ်းများကလည်း ကောင်းမွန်ခြင်း မရှိပေ။ လမ်းများက ကွေ့ကောက်နေပြီး မိုးရာသီတွင် မြေပြိုသည့် အန္တရာယ်ကို စိုးရိမ်နေရသည်။ ချင်းပြည်နယ်နှင့် အနီးဆုံးလေဆိပ်ဖြစ်သော စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေဆိပ်မှ ချင်းပြည်နယ်မြို့တော်၊ ဟားခါးသို့ သွားရသော ကားလမ်းသည် ရာသီဥတု အခြေအနေ ကောင်းလျှင်ပင် ၁၀ နာရီခန့် ကြာမြင့်နိုင်သည်။ မိုးရာသီတွင် ထိုခရီးသည် ရက်အနည်းငယ်အထိ ကြာမြင့်နိုင်ပေသည်။ 

ခရီးသွား အနည်းငယ်မျှကမူ အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကို ဖြတ်ကျော်လာပြီး နာမည်ကြီး ရိဒ်ရေကန်သို့  လာရောက်ကြသည်။ သို့သော် ခရီးသွား အများစု စိတ်ဝင်စားသော နေရာမှာ ဝိတိုရိယတောင်ပေါ်ရှိ သစ်တောများအတွင်း သွားလာရခြင်းပင် ဖြစ်သည်။

ကျန်သော နေရာအများစုမှာမူ လုံးဝ မထိတွေ့ရသေးသည့် ဒေသများဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သော ချင်းပြည်နယ်သို့ ခရီးသွားများ လာရောက်စေရန် တာဝန်မှာ ချင်းပြည်နယ် ဖွံ့ဖြိုးရေးနှင့် ခရီးသွားလာရေးဝန်ကြီး Salai Isaac Khen ပေါ်တွင် ကျရောက်လျှက်ရှိသည်။ 

သူ၏ မဟာဗျူဟာမှာ ချင်းပြည်နယ်၏ စွန့်ပစ်ခံထားရသော သဘာဝရှုခင်းများကို တန်ဖိုးရှိလာအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ 

ဖလမ်းမြို့နယ် လမ်းမကြီးမြင်ကွင်း။ ဓာတ်ပုံ-ဂျာရက်ဒေါင်းနင်း

ဖလမ်းမြို့နယ် လမ်းမကြီးမြင်ကွင်း။ ဓာတ်ပုံ-ဂျာရက်ဒေါင်းနင်း

“ချင်းပြည်နယ်က ပုဂံနဲ့ အင်းလေးတို့လို မဟုတ်ဘူး။ ပုဂံနဲ့ အင်းလေးမှာက ခရီးသွားတွေက ဘုရားတွေကြား လမ်းလျှောက်မယ်။ အင်းထဲမှာ လှေစီးမယ်။ ဒါပဲရှိတယ်။ ချင်းပြည်နယ်မှာက အရမ်းလှတဲ့ တောတွေရှိတယ်။ တောင်တန်းတွေ ရှိတယ်” ဟု သူက ပြောကြားသည်။ 

ချင်းပြည်နယ်၏ တောတောင်များသည် တောင်တက်စက်ဘီးစီးခြင်း၊ တောစခန်းထွက်ခြင်း၊ တောင်တက်ခြင်းနှင့် ကယက်လှေလှော်ခြင်းများအတွက် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ယှဉ်ပြိုင်နိုင်ပေသည်။ ပလက်ဝမြို့နယ် အနီးမှ Mount Kimo နှင့် ကုလားတန်မြစ် အထက်ပိုင်းနေရာများသည် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ စွန့်စားသွားလာအားကစား လုပ်ဆောင်နိုင်သော နေရာများနှင့် နှိုင်းယှဉ်လျှင် နဂိုပကတိအတိုင်း လှပနေသေးသည်ဟု သူကဆိုသည်။ 

ချင်းပြည်နယ်၏ အရည်အသွေး ညံ့ဖျင်းသော လမ်းများနှင့် သက်တောင့်သက်သာ မရှိသော နေထိုင်မှု ပုံစံများက မြို့ပြ အကျပ်အတည်းမှ လွတ်မြောက်လိုသော ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်ပေသည်။ 

ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းကို မြှင့်တင်နေသော အဖွဲ့အစည်းများက ပြည်နယ်တွင်းတွင် တည်ရှိနေသော အရာများကိုသာ အသုံးပြုရန် ကြိုးပမ်းနေကြသည်။ ဥပမာ ခရီးသွားများက ဟိုတယ်တွင် မတည်းပဲ ဒေသခံ မိသားစုများနှင့် တည်းခိုပြီး ဒေသအစားအစာများကိုသာ စားသောက်ရခြင်းဖြင့် ဒေသယဉ်ကျေးမှုကို လေ့လာခြင်းတို့ ဖြစ်သည်။ 

“ဒါကို လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်း၊ သို့မဟုတ် လူ့အဖွဲ့အစည်း ပါဝင်တဲ့ ခရီးသွားလုပ်ငန်းလို့ ခေါ်တယ်။ ဒါက ခရီးသွားတွေက ဒေသခံ ရွာတွေထဲမှာနေပြီး ကျေးရွာ အလှအပကို ခံစားမယ်။ ဒေသခံတွေရဲ့ နေအိမ်တွေမှာ ခရီးသွားတွေက တည်းခိုမယ်။ ဒေသခံ ရိုးရာအကတွေကို ခံစားမယ်။ ဒေသအစားအစာတွေ စားမယ်။ တစ်ဘက်က ကြည့်ရင် ဒေသခံ လူ့အဖွဲ့အစည်းက ခရီးသွားတွေဆီက လေ့လာသင်ယူနိုင်ပါတယ်” ဟု Isaac Khen က ပြောကြားသည်။ 

ကချင်နှင့် ကယားပြည်နယ်တို့တွင်ရှိသော လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းများကို အတုယူကာ သူက လုပ်ဆောင်နေသည်။ သူ၏ အဆိုအရ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ထုံးတမ်းစဉ်လာ ခရီးသွားလုပ်ငန်းကို တိုးတက်စေရုံသာမက ချင်းလူမျိုးများနှင့် ချင်းပြည်နယ်ကိုပါ လူသိများလာစေနိုင်သည်ဟု ဆိုသည်။ 

အစိုးရက စီစဉ်သည့် ပထမဆုံးသော လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းစီမံချက်ကို ကန်ပက်လက် မြို့နယ်ရှိ ဝိတိုရိယရေကန်အနီးတွင် Action Aid Myanmar ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုသို့သော စီမံကိန်းများကို ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်ရှိ ရွာများတွင်လည်း လုပ်ဆောင်ရန် စဉ်းစားနေသည်။ 

ထိုစီမံကိန်းသည် နိုင်ငံခြားသားများကို ဒေသခံ အိမ်ရှင်၏ အိမ်တွင် ပေးအိပ်ခြင်းနှင့် အိပ်ယာနှင့် နံနက်စာသာ စီစဉ်ပေးခြင်းစသော စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေသည်။ နိုင်ငံခြားသားများသည် ထိုအိမ်တွင် တည်းခိုရင်း ဝိတိုရိယတောင်ပေါ်တွင် တောစခန်းထွက်ခြင်း၊ တောင်တက်စက်ဘီးစီးခြင်းကို လုပ်ဆောင်နိုင်သည်။ 

ဒေသခံများအနေဖြင့် ခရီးသွားများကို မည်သို့ ဝန်ဆောင်မှု ပေးရမည်ကို ActionAid က လေ့ကျင့် သင်ကြားပေးနေသည်။ ၎င်းမှာ ထင်ထားသည်ထက် ခက်ခဲရှုပ်ထွေးသော ကြိုးပမ်းအားထုတ်မှု ဖြစ်သည်။

“လူတိုင်းက သီးခြား အမူအကျင့်တွေ ရှိနေကြတယ်။ မမျှော်လင့်ထားတဲ့ အဆင်မပြေမှုတွေလည်း ဖြစ်လာနိုင်တယ်” ဟု Isaac Khen က ဆိုသည်။ 

သို့သော် ခရီးသွားများအနေဖြင့် ဒေသခံများ၏ ယဉ်ကျေးမှုကို နားလည်ရန်ကလည်း အရေးကြီးလှသည်။

“ဘယ်ခရီးသွားတွေကိုမှ တာဝန်သိတဲ့၊ ခရီးသွားကောင်းတွေဖြစ်ဖို့ လေ့ကျင့်ပေးထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ခရီးသွားတွေက မသင့်တော်တဲ့ အပြုအမူတွေ လုပ်ဆောင်တာမျိုးတော့ မကြားရသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက တခြားနေရာတွေမှာ ခရီးသွားတွေက မသင့်တော်တဲ့ အပြုအမူတွေ ပြုမူတာမျိုး တစ်ချို့တော့ ကြားရပါတယ်။ ဒါကလည်း နားလည်ပေးရမယ့် ကိစ္စပဲ။ ခရီးသွားဆိုတာ ခရီးသွားပဲလေ။”

“အစိုးရ တစ်ရပ်အနေနဲ့ရော၊ လူ့အဖွဲ့အစည်းအနေနဲ့ပါ ကျွန်တော်တို့က လုံခြုံဘေးကင်းတဲ့ ခရီးသွား နေရာတစ်ခုကို ဖန်တီးပေးရမှာပါ” ဟု Isaac Khen က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးMr Scott Marciel က ချင်းပြည်နယ်သို့ မကြာသေးမီက သွားရောက်သောအခါ ဟိုတယ်တွင် မတည်းခိုခဲ့ပေ။ အထူးဧည့်သည်များအတွက် ချန်လှပ်ထားသော နိုင်ငံပိုင် ဧည့်ရိပ်သာတွင် တည်းခိုခဲ့သည်ဟု ချင်းပြည်နယ်မှ ဘာသာပြန် ဧည့်လမ်းညွှန် Salai Amen က ပြောသည်။ 

သာမန် ဧည့်သည်များအတွက်မူ ပြည်နယ်မြို့တော် ဟားခါးတွင် တည်းခိုနိုင်သော နေရာမှာ တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၀ ပေးရသော ရေနွေးရေချိုးခန်း ပါဝင်ပြီး သန့်ရှင်းသည့် သာမန်အခန်းတစ်ခုသာ ဖြစ်သည်။ 

ချင်းပြည်နယ် မြောက်ပိုင်းတွင်မူ တည်းခိုခန်းများ ရှိနိုင်ပေသည်။ သို့သော် သီးသန့် ရေချိုးခန်းနှင် ရေနွေးကန်များ မပါဝင်နိုင်ပေ။ ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းအတွက် ကန့်သတ်ချက်များ ရှိနေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ သို့သော် ထိုကန့်သတ်ချက်များမှာ နိုင်ငံရေးနှင့် လုံခြုံရေးတို့ကြောင့် ချမှတ်ထားသည့် ကန့်သတ်ချက်များ မဟုတ်ကြဟု Amen က ပြောသည်။။ ချင်းပြည်နယ်ရှိ တည်းခိုခန်းများက အရည်အသွေး အလွန် ညံ့ဖျင်းလွန်းသောကြောင့်သာ ဖြစ်သည်။ 

“ချင်းပြည်နယ်မှာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်ချင်လို့ တချို့တွေက လာမေးကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ နိုင်ငံခြားသားတွေ နေထိုင်နိုင်တဲ့ နေရာမျိုးမရှိဘူး။ ကြယ်တစ်ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တောင် မရှိပါဘူး” ဟု ၎င်းကပြောသည်။

Amen က ရန်ကုန်မြို့ရှိ Strategy First Institute တွင် ခရီးသွားလာရေးနှင့် ဟိုတယ်စီမံခန့်ခွဲရေး သုံးလသင်တန်း တက်ရောက်ခဲ့သည်။ သို့သော် သူ၏ ဖောက်သည် အများစုမှာ ဖွံ့ဖြိုးရေးလုပ်ဆောင်နေသည့် ဝန်ထမ်းများ၊ သတင်းသမားများနှင့် နိုင်ငံရေးသမားများသာ ဖြစ်သည်။ လာရောက်လည်ပတ်သူများသည် အကုန်အကျ နည်းပါးစွာဖြင့် ပင်ပန်းမှုကို ခံနိုင်ရည်ရှိသူများ ဖြစ်ကြသည်။ 

Isaac Khen ပြောကြားသော ချင်းပြည်နယ်၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် စွန့်စားမှုအခြေခံ ခရီးသွားလုပ်ငန်း၏ အလားအလာကို သူက သဘောတူခဲ့သည်။ လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်းမျိုး ဖြစ်သည်။ သို့သော် တီထွင်ဆန်းသစ်မှုများ၊ မဟာဗျူဟာများ ချမှတ်နေပါက အောင်မြင်မှုတွင် အကန့်အသတ်များ ရှိနိုင်မည်ဟု ဆိုသည်။ ခရီးသွား လုပ်ငန်းအတွက် ရှိပြီးသား ရိုးရာအဆောက်အအုံများနှင့်သာ ပိုမိုဆွဲဆောင်နိုင်မည်ဟု သူက ထင်မြင်ယူဆထားသည်။ 

“ကျွန်တော်တို့ ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေ လိုအပ်နေပါတယ်။ အခု ဟိုတယ်တွေက မနက်စာတောင် မပြင်ဆင်ပေးနိုင်ဘူး” ဟု သူက ပြောသည်။ 

ထိုလိုအပ်ချက်ကို Isaac Khen က မေ့လျော့မထားပေ။ ပိုမိုကောင်းမွန်သော ဟိုတယ်များကို ဆောက်လုပ်နိုင်ရန် ရင်းနှီးမြုပ်နှံမှုများကို ချင်းပြည်နယ်အစိုးရက အားပေးလျှက်ရှိသည်။ ဟားခါးမြို့၊ တီးတိန်မြို့၊ ဖလမ်းမြို့နှင့် ပလက်ဝမြို့များတွင် ဟိုတယ် ၁၂ ခုခန့် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။ အခန်းများမှာ ရိုးရိုးခန်း၊ ဇိမ်ခံအခန်းများအပြင် သီးခြားအိမ်များအထိ စီစဉ်ထားသည်ဟု ဆိုသည်။ 

စီမံကိန်းများက မည်မျှလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။ သို့သော် Amen ကမူ ဟိုတယ်များ ဆောက်လုပ်ခြင်းအပြင် အခြားလိုအပ်ချက်များစွာ ရှိနေသေးသည်ဟု ဆိုသည်။ လျှပ်စစ်မီးများရရှိရန်နှင့် မိုဘိုင်းဖုန်းကွန်ယက် ထိုးဖောက်ဝင်ရောက်လာရန်အပြင် ကောင်းမွန်သောလမ်းများနှင့် အရည်အသွေး ပြည့်ဝသော ဝန်ထမ်းများ လိုအပ်သည်ဟု ဆိုသည်။ 

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ယုံကြည်မှုရှိကြောင်းနှင့် လာမည့်နှစ်အတွင်း ပို့ဆောင်ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်သည်ဟု Isaac Khen က ဆိုသည်။ ချင်းပြည်နယ်သို့ ခရီးသွားများ လာရောက်ရေးအတွက် စွဲဆောင်ရာတွင် ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုမှာ ပြည်နယ်တွင် ရှိနေသောအရာများကို လူများမသိခြင်း ဖြစ်သည်။ 

ပြည်နယ်အစိုးရက ရန်ပုံငွေများ စုဆောင်းပြီး အွန်လိုင်းမှ ဈေးကွက်ရှာဖွေရေးကို လုပ်ဆောင်နေသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့နှင့် ပူးပေါင်းပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဈေးကွက်မြင့်တင်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည်။ 

သို့သော် ချင်းပြည်နယ်တွင် ကြည့်ရှုစရာ၊ လုပ်ဆောင်စရာများ များစွာရှိကြောင်းနှင့် လှပသော တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကြွယ်ဝသော ယဉ်ကျေးမှုများ ရှိနေကြောင်းကို လူအများ သိရှိလာအောင် လုပ်ဆောင်ပေးခြင်းကိုသာ ပိုမိုဆောင်ရွက်ရန် လိုအပ်နေသည်ဟု Khen ကပြောသည်။ 

ပေးလိုသည့် သတင်းစကားမှာ “ချင်းပြည်နယ်တွင် တွေ့ကြုံခံစားစရာများစွာ ရှိနေသည်။ ထိုအရာများကို ပထမဆုံး ထိတွေ့ခံစားမည့်သူများတွင် သင်သည်လည်း အပါအဝင်ဖြစ်နိုင်သည်” ဟူ၍ ဖြစ်သည်။ 

 “ဒီနေရာတွေက မထိတွေ့ရသေးဘူး။ ဒါကြောင့် ချင်းပြည်နယ်က လာမယ့်နှစ် အနည်းငယ်မှာ လူသိများလာနိုင်မယ်လို့ မျှော်လင့်တယ်” ဟု သူကပြောသည်။ 

တစ်ချိန်တည်းမှာပင် သင့်အနေဖြင့် ကုလားတန်မြစ်အတွင်း ကယက်လှေလှော်ခြင်း၊ Mount Zinghmuh တောင်ကို တက်ခြင်းနှင့် တောင်ပေါ်မှ ချင်းရွာများအတွင်း လှည့်လည်သွားလာခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 

အကယ်၍ သင်အကူအညီ လိုအပ်နေပါက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် သွားရောက်မေးမြန်းနိုင်ပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.