တောင်ကျော်ပြေး၊ လှေစီးပြေး ဒုက္ခသည်တွေ တိုးပွားလာဦးမှာလား

လွတ်လပ်စွာသွားလာခွင့်မရှိ၊ အသက်မွေးဝမ်းကျောင်းဖို့ရာ တင်းကျပ်မှုတွေများပြား၊ ဒုက္ခသည်စခန်းတွေမှာ ရပ်တည်ရှင်သန်မှုခက်ခဲလာကြတာကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေဟာ အခွင့်ရတာနဲ့ တခြားနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားနေကြဦးမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်၊ အဲဒါကို မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်း၊ နောက်ဆက်တွဲအဖြစ် ၅-၆ သိန်းရှိမယ့် မူဆလင်ရွာသားတွေ နယ်ခြားဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားခဲ့ကြပါတယ်။

အဲလို ထွက်ပြေးသွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ပြန်လာကြဖို့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပြီဖြစ်ပေမဲ့ ဒီကနေ့အချိန်ထိ တရားဝင်အားဖြင့် တယောက်တလေတောင် ပြန်လာနိုင်ခြင်း မရှိသေးပါဘူး။

ဒီကြားထဲ ရခိုင်ပြည်နယ် စစ်တွေနဲ့ တခြားဒုက္ခသည်စခန်းတွေက မူဆလင်တွေဟာ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး မလေးရှားဘက် ထွက်ပြေးကြဖို့ ကြိုးစားတာတွေ၊ မြန်မာအာဏာပိုင်တွေဘက်က ပြန်ဖမ်းဆီးရမိပြီး နေရပ်ဒုက္ခသည်စခန်းတွေဆီ ပြန်ပို့ရတာတွေ၊ တချို့ရခိုင်ပြည်နယ်ထဲက မူဆလင်တွေကတော့ မကွေးတိုင်း – ပဲခူးတိုင်း – ကရင်ပြည်နယ် လမ်းကြောင်းကနေတဆင့် ထိုင်းနယ်စပ်ဘက် ခိုးထွက်နေကြပြီး အုပ်စုလိုက် မကြာမကြာ ဖမ်းဆီးရမိတဲ့ သတင်းတွေလည်း ထွက်ပေါ်လာလေ့ရှိပါတယ်။

ဖြစ်စဉ်တွေအားလုံးကို ဆက်စပ်ကြည့်လိုက်ရင် ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ ရခိုင်ပြည်နယ် အပြင်ဘက် ထွက်ပြေးနေကြတဲ့ ဖြစ်စဉ်ကြီးတစ်ခုအဖြစ် မြင်တွေ့ကြရမယ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ မူဆလင်တွေအရေး ဖြေရှင်းလို့မပြီးသေးခင် တောင်ကျော်ပြေး၊ လှေစီးပြေး မူဆလင် ဒုက္ခသည်အရေး ထပ်ပြီးပေါ်ပေါက်လာတော့မလားဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မူဆလင်ဒုက္ခသည် ၉၃ ယောက် လိုက်ပါလာတဲ့ လှေတစ်စီးကို မြန်မာ့တပ်မတော် ရေတပ်က ဖမ်းဆီးရမိခဲ့ပြီး ဒေသရဲတပ်ဖွဲ့ကို လွဲှပြောင်းပေးခဲ့ပါတယ်။

အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၃၃ ယောက်၊ ကလေး ၃၂ ယောက် စုစုပေါင်း ၉၃ ယောက် လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားကြသူတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လတ်တလော သူတို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ် စောင့်ရှောက်၊ နောက်ပိုင်း သူတို့မူရင်း ထွက်ခွာလာရာ ဒုက္ခသည်စခန်းတွေကို ပြန်ပို့လိုက်ကြမှာပါ။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်တုန်းကလည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ မူဆလင် ၁၀၆ ယောက်တင်လာတဲ့ စက်လှေတစ်စီးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အဲဒီမူဆလင်တွေကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာ နာဇီ ဒုက္ခသည်စခန်းကဖြစ်ပြီး မလေးရှားကို ခိုးထွက်တဲ့အချိန် ပင်လယ်ပြင်မှာ ထိုင်းရေတပ်နဲ့ ကနဦး တွေ့တယ်လို့ ဆိုပါတယ်။ ထိုင်းရေတပ်က သူ့ရေပိုင်နက်ထဲကနေ ထွက်ခွာခိုင်းခဲ့ပြီးနောက်ပိုင်း ဆီကုန်ကာ မြန်မာရေပိုင်နက်ထဲ ပြန်ရောက်လာပြီး ခုလို ကျောက်တန်းဘက်မှာ အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီမူဆလင်တွေကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ခဏလောက် ထိန်းသိမ်းထားပြီးနောက်ပိုင်း ရေတပ်အစောင့်အရှောက်နဲ့ စစ်တွေ ဒုက္ခသည်စခန်းတွေဆီ၊ တချို့ သူတို့နေထိုင်ရာ ပေါက်တောဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ ဒါကလှေစီးပြေးတွေပါ။

တချို့ကတော့ ကုန်းလမ်းကနေ ရခိုင်ကထွက်ခွာဖို့ ကြိုးစားစဉ် အဖမ်းခံကြရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မူဆလင်တွေ ရခိုင်ကထွက်ခွာစဉ် ဖမ်းမိတဲ့ဖြစ်စဉ်တချို့ကိုကြည့်ရင် ဇန်နဝါရီ ၁၈ ရက်က မင်းဘူးမှာ ၁၁ ယောက်၊ ဖေဖော်ဝါရီ ၃ ရက်က ဧရာဝတီတိုင်း ညောင်တုန်းမှာ ၂၁ ယောက်၊ ဖေဖော်ဝါရီ ၉ ရက်ကပဲ ဧရာဝတီတိုင်း ညောင်တုန်းမှာ နောက်ထပ် ၉ ယောက်၊ ဖေဖော်ဝါရီ ၁၀ ရက်က ရခိုင်ပြည်နယ် ဓညဝတီမှာ ၃ ယောက်၊ မတ်လ ၁၀ ရက်က ရခိုင်ပြည်နယ် အမ်းမြို့မှာ ၁၂ ယောက်၊ ဧပြီလ ၇ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၆ ယောက်၊ နိုဝင်ဘာ ၂၄ ရက်က မကွေးတိုင်း မင်းဘူးမှာ ၆ ယောက် စသဖြင့် စသဖြင့် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် အလားတူ ဖြစ်စဉ်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အဲလိုအစုအဖွဲ့ငယ်လေးတွေနဲ့ ထွက်ပြေးကြတဲ့သူတွေကတော့ လဝက ဥပဒေ နယ်ကျော်မှုပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူခံကြရပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ်ထဲက မူဆလင်အများစုဟာ နိုင်ငံသားမဖြစ်၊ နိုင်ငံသား စိစစ်ရေးကဒ် မရှိတာကြောင့် ကိုယ်နေထိုင်ရာ မြို့နယ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့် မရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ထွက်ခွာရင် ခုလို လဝကဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူ ထောင်ချခံနေကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဘက်က မူဆလင်တွေ ခုလိုပြင်ပထွက်ပြေးတာမျိုး အရင်ကတည်းက ရှိခဲ့ပေမဲ့ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်အပြီး အဲလိုထွက်ပြေးတာ ပိုများလာတာ တွေ့မြင်ကြရပါတယ်။ အကြောင်းကတော့ ၂၀၁၆ အောက်တိုဘာ မူဆလင်ကျေးရွာသားတွေကနေ ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဌာနချုပ်နဲ့ တခြားစခန်း နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်မှုအပြီး တပ်မတော်ဘက်က အဲဒီအကြမ်းဖက်သမားတွေကို တန်ပြန်ချေမှုန်းမှု လုပ်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ခဲ့သလို၊ တနေရာကနေ တနေရာ သွားလာတာတွေကိုလည်း တင်းတင်းကျပ်ကျပ် စိစစ်ပါတယ်။ တပြိုင်နက်တည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေ အဓိကသက်မွေးဝမ်းကျောင်းပြုရာ ရေလုပ်ငန်းကိုလည်း တင်းကျပ်လိုက်ပါတယ်။ လှေနဲ့ ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းချင်သူတွေ၊ ငါးဖမ်းသင်္ဘောမှာ အလုပ်လုပ်ချင်သူတွေအနေနဲ့ NVC လို့ ခေါ်တဲ့ သက်သေခံကတ်ပြားရှိမှ လုပ်နိုင်မယ်ဆိုပြီး တင်းကျပ်လိုက်တာကြောင့် NVC ကတ်မရှိတဲ့၊ လုပ်လည်းမလုပ်ချင်တဲ့ မူဆလင်တွေ ရေလုပ်ငန်းလုပ်ကိုင်ခွင့် ဆုံးရှုံးပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်က အတော်အသင့်ကြီးမားတဲ့ ရေလုပ်ငန်းကြီး တစ်ခုလုံး ရပ်ဆိုင်းသွားပါတယ်။ ၂၀၁၇ သြဂုတ်နောက်ပိုင်း စစ်တွေတဖက်ကမ်း အငူမော်ကနေ မောင်တောမြို့နယ်သွားတဲ့ ပင်လယ်ကမ်းစပ် ကားလမ်းတလျောက်က မူဆလင်ကျေးရွာအားလုံး မီးလောင်ပြာကျသွားပြီးနောက်ပိုင်း မူဆလင်တွေအားထားရာ ရေလုပ်ငန်းကြီး တစ်ခုလုံး လုံး၀ ပျက်စီးသွားတာ တွေ့မြင်ရပါတယ်။

အခြားတစ်ဖက်မှာတော့ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၂ ကြိမ်ခံလိုက်ရတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ မူဆလင်တွေရဲ့ သွားရေးလာရေးကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။ နဂိုက သွားနေ လာနေကျ တောစပ်၊ တောင်စပ်တွေလည်း မသွားရဲကြတော့ပါဘူး။ မြို့နယ်ကျော် သွားလာမှုတွေလည်း ပိုခက်ခဲလာပြီး တပိုင်တနိုင် မွေးမြူရေး၊ ကုန်ရောင်းကုန်ဝယ် လုပ်ငန်းတွေပါ ထိခိုက်ကုန်ပြီး ဝမ်းစာရှာစားရ ပိုလို့ခက်ခဲလာခဲ့ပါတယ်။

နဂိုက ကိုယ့်ဖာသာကိုယ် ရှာဖွေ စားသောက်နိုင်ရာကနေ နောက်ပိုင်း အင်န်ဂျီအိုတွေရဲ့ ကူညီထောက်ပံ့မှုကို မှီခိုရတဲ့အခြေအနေ ရောက်လာပါတယ်။ စစ်တွေနဲ့ တခြားမြို့နယ် တချို့မှာရှိနေတဲ့ ဒုက္ခသည်စခန်းက တစ်သိန်းဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ မူဆလင်တွေ အခြေအနေကတော့ ပိုဆိုးပါတယ်။ စခန်းတွေထဲမှာ အကျယ်ချုပ်အနေနဲ့ နေကြရတာ ၆ နှစ်ဝန်းကျင် ရှိလာတဲ့တိုင် အကူအညီပေးမှုတွေကိုပဲ မှီခိုနေကြရတာပါ။

အခြေအနေအားလုံးကို ခြုံငုံကြည့်လိုက်ရင် ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ ရခိုင်ပြည်နယ် ပြင်ပ၊ အဲဒီကနေ တဆင့် ထိုင်း – မလေးရှားဘက် ထွက်ပြေးဖို့ ကြိုးစားကြတာ ဘာမှဆန်းကြယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီအတွက် အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မူဆလင်တွေကို ပြန်လက်ခံဖို့၊ ပြန်နေရာချဖို့ လုပ်ကိုင်နေတဲ့ တချိန်တည်းမှာ ထွက်မပြေးဘဲ ကျန်နေတဲ့မူဆလင်တွေ သူတို့နေထိုင်ရာ ဒေသတွေမှာ သူတို့ဖာသာသူတို့ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် ဖန်တီးပေးဖို့ လိုအပ်နေပါတယ်။

အလားတူ အကျယ်ချုပ်လိုဖြစ်နေတဲ့ သိန်းဂဏန်းနီးပါးရှိတဲ့ မူဆလင်တွေကို ဒုက္ခသည်စခန်းတွေကနေ ပြန်လည်နေရာချထားရေး လုပ်ပေးဖို့လိုပါတယ်။ ဒီလိုမှ လုပ်မပေးနိုင်ရင်တော့ တောင်ကျော်ပြေး၊ လှေစီးပြေး ဒုက္ခသည်ပြဿနာတွေ ဆက်တိုက်ပေါ်ပေါက်လာနိုင်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဖိအား လျော့ကျအောင် လုပ်ကိုင်ရာမှာလည်း အခက်အခဲတွေ ဆက်တွေ့နေဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.